၂၄ နှစ်နဲ့ ပါရဂူဘွဲ့ရသူ ဒေါက်တာထင်အောင်

burma ဓာတ်ပုံ မူပိုင် Thierry Falise
Image caption အနှစ်တရာပြည့်တော့မယ့် ရန်ကုန်တက္ကသိုလ်က မျိုးဆက်သစ်တွေ

အရှေ့တောင်အာရှ တက္ကသိုလ်များအသင်းကို ၁၉၅၆ ခုနှစ်က ဘန်ကောက်မြို့မှာ ဖွဲ့စည်းစဉ်က တည်ထောင်သူ ရှစ်ယောက် ရှိပါတယ်။ ဒီထဲက မြန်မာလူမျိုး အနေနဲ့ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ထင်အောင် ပါသလို အဲဒီအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ ဖြစ်ပါတယ်။ သီဟိုဠ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးယား၊ ဟောင်ကောင် ၊ တောင်ဗီယက်နမ်နဲ့ ဖိလစ်ပိုင်က တက္ကသိုလ်ဆရာကြီးတွေ နဲ့ ဖွဲ့ခဲ့တဲ့ အဖွဲ့ ပါ။ နောက် အိန္ဒိယတက္ကသိုလ်များ ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့ နိုင်ငံတကာတက္ကသိုလ်များ ဘုတ်မှာ အမှုဆောင်လူကြီးတာဝန်လည်း ဒေါက်တာထင်အောင် ယူခဲ့ပါတယ်။

ဒေါက်တာထင်အောင်ကို နိုင်ငံတကာကဘွဲ့တွေ အများကြီး ရတဲ့ ပညာရှင်၊ မြန်မာ့ရိုးရာပုံပြင်တွေနဲ့ သမိုင်းပြုစုသူ ပုဂ္ဂိုလ်ကြီးတယောက် အဖြစ် လူသိများပါတယ်။ နောက် နာမည်ကြီး ပညာရှင် ညီအစ်ကို မောင်နှမတွေထဲက တယောက်လို့ မှတ်မိကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကို စစ်ပြီးစ ပြာပုံထဲက ပြန်ပြီး ထူထောင်ခဲ့သူ ဆိုတဲ့ သူ့ရဲ့ ဂုဏ်ပုဒ်ကိုတော့ သတိပြုမိသူ နည်းပါလိမ့်မယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption သခင်မြ၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗစိန်တို့နဲ့အတူ လန်ဒန်မှာ တွေ့ရတဲ့ ဦးတင်ထွဋ်

ချင်းမြို့စားမျိုးရိုး

ရခိုင်ရိုးမက တောင်စဉ်ခုနစ်ခရိုင်ကို စားတဲ့ ချင်းမြို့စားမျိုးရိုးက ဆင်းသက်လာတဲ့ ဒေါက်တာထင်အောင်ဟာ ဗြိတိသျှခေတ် အရေးပိုင်သား ဖြစ်ပါတယ်။ သူ့အစ်ကိုအကြီးဆုံးကလည်း ဗိုလ်ချုပ် အောင်ဆန်း အစိုးရမှာ ပါဝင်ခဲ့တဲ့ အိုင်စီအက် ဦးတင်ထွဋ် ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံး မြန်မာလူမျိုးထဲက အဓိပတိဖြစ်ခဲ့ပါတယ်။ နောက် အစ်ကို နှစ်ယောက်ကလည်း လွတ်လပ်ပြီးခေတ်မှာ တရားလွှတ်တော်ချုပ် တရားဝန်ကြီးနဲ့ တရားဝန်ကြီးချုပ်၊ ဥပဒေ မဟာဌာနမှူး စတဲ့ ရာထူးကြီးတွေ ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ တခါ ပထမဆုံး မြန်မာစာ ပါမောက္ခ ဦးဧမောင်က သူ့ယောက်ဖ ဖြစ်သလို သူ့နှမ ဒေါ်ခင်စောမူကလည်း ခေတ်စမ်းစာဆိုတယောက် ဖြစ်ပြီး မင်းသုဝဏ်ရဲ့ အချစ်ဦးလို့ လူသိများပါတယ်။

ဒါကြောင့် စစ်မဖြစ်ခင်က ရန်ကုန်တက္ကသိုလ်မှာ ဒေါက်တာဘဟန် အုပ်စုနဲ့ ဦးတင်ထွဋ်အုပ်စု ဆိုတဲ့ ပညာတတ် အုပ်စုကြီး နှစ်စု ရှိခဲ့တယ်လို့ တော်လှန်ရေးကောင်စီဝင်ဟောင်း ဦးဘငြိမ်က သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။

ဒီလို နာမည်ကြီး မိသားစုက ဆင်းသက်လာပေမယ့် ဒေါက်တာထင်အောင်ဟာ သူ့ပင်ကိုအရည်အချင်းနဲ့ ကျန်တဲ့ မောင်နှမတွေထက် ပိုပြီး ထင်ရှားတဲ့ ဘဝကို ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Mywaddy

မြန်မာလူမျိုးထဲက တက္ကသိုလ်ထိ ပညာသင်နိုင်သူ ရှားတဲ့ခေတ်မှာ ဒေါက်တာထင်အောင်တို့ ညီအစ်ကိုတွေက ဗြိတိန်မှာ ပညာသင်ပြီး ဘွဲ့တွေ ရခဲ့ကြပါတယ်။ သူ့အလှည့် ရောက်တဲ့အခါမှာတော့ အစ်ကိုကြီး တွေထက် သာလွန်ပြီး ပါရဂူဘွဲ့ပါ ဆွတ်ခူးခဲ့ပါတယ်။ ဗြိတိသျှတက္ကသိုလ်တခုက ပထမဆုံးပါရဂူဘွဲ့ရတဲ့ မြန်မာလို့လည်း ထင်ရှားပြီး ၁၉၃၃ မှာ ဒဗ္ဗလင်တက္ကသိုလ်က ဒေါက်တာဘွဲ့ရစဉ်က အသက် ၂၄ နှစ်သာ ရှိပါတယ်။ သူ့ဘဝမှာ အိုင်ယာလန်၊ အမေရိကန်နဲ့ သီဟိုဠ်တက္ကသိုလ်တွေက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေလည်း ရခဲ့ဖူးပါတယ်။ ဒေါက်တာထင်အောင် ဥရောပတက္ကသိုလ် တွေက ရခဲ့တဲ့ ဘွဲ့အရေအတွက် အမျိုးအစားကလည်း ထွေပြားပါတယ်။

ဒဗ္ဗလင်မှာ စာသင်စဉ် အိုင်အာရ်အေခေါ် အိုင်းရစ်သူပုန်အဖွဲ့ကို ဝင်ဖို့ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်လို့ အဖမ်းခံခဲ့ရဖူးသလို ပိတ်ရက်မှာ နွားတင်းကုပ် သန့်ရှင်းရေး ဝင်လုပ်ပြီး အပိုဝင်ငွေ ရှာခဲ့ပါတယ်။

သူဌေးဖြစ်မယ့်လမ်းကို မရွေးခဲ့

မြန်မာပြည် ပြန်ရောက်တဲ့အခါ ဝတ်လုံအဖြစ် အသက်မွေးဖို့ အစ်ကိုကြီးတွေက တိုက်တွန်းပါတယ်။ ဒါပေမဲ့ ဒေါက်တာထင်အောင်က ဝင်ငွေနည်းတဲ့ တက္ကသိုလ်ကထိက ဘဝကို ရွေးခဲ့ပါတယ်။ ဗြိတိသျှ လက်အောက်မှာ ကထိကတောင် ချက်ချင်း ဖြစ်ခဲ့တာ မဟုတ်ဘဲ သူ့အပေါ်မှာ ပါရဂူဘွဲ့မရတဲ့ အင်္ဂလိပ်လူမျိုးကို အင်္ဂလိပ်စာကထိက ရာထူးပေးခဲ့တာကိုလည်း ကြုံခဲ့ရပါတယ်။

တဘက်ကလည်း နိုင်ငံရေး အကွဲအပြားတွေကြား အရှိန်ကျဆင်းနေတဲ့ အမျိုးသားပညာရေးကောင်စီမှာ ဦးဖိုးကျားတို့နဲ့အတူ ပါဝင်ဆောင်ရွက်ရင်း အတွင်းရေးမှူး တာဝန်ယူခဲ့ပါတယ်။ ဗြိတိသျှအစိုးရ ပညာရေး ဌာနကို အာခံပြီး အမျိုးသားကျောင်းတွေ သက်ဆိုးရှည်ဖို့ ဒေါက်တာထင်အောင်တို့ ကြိုးစားခဲ့ကြတာလို့ တက္ကသိုလ်ခင်မောင်ဇော်က ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Devi Taryar
Image caption အင်္ဂလိပ်စာရေးဆရာကြီး အိပ်ဂျီဝဲလ် ညာဘက်က ဒေါက်တာထင်အောင်

ဒေါက်တာထင်အောင်ရဲ့ မြန်မာပြဇာတ် အကြောင်း ဘွဲ့ယူစာတမ်းဟာ အောက်စဖို့ဒ်တက္ကသိုလ်မှာ ၁၉၃၇ ကစပြီး ၃၁ ကြိမ်မက ရိုက်နှိပ်ခဲ့ရတဲ့ စာအုပ် တအုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ စာမူကို ပေါင်တရာနဲ့ အပြတ်ရောင်းပြီး သူငယ်ချင်း တွေကို အရက်တိုက်ခဲ့တဲ့အတွက် အဲဒီစာအုပ်ရဲ့ အသီးအပွင့်တွေကို သူမခံစားခဲ့ရဘဲ အရက်မူးပြီး ရန်ဖြစ်လို့ အချုပ်ခန်းထဲမှာ အိပ်ခဲ့ရပါတယ်။

ဒီစာအုပ်ကြောင့်ပဲ ဂျပန်ခေတ်မှာ ကင်ပေတိုင် စစ်ပုလိပ်ရန်က အသက်မသေ လွတ်လာခဲ့တယ်လို့လည်း ပြောစမှတ် ရှိပါတယ်။ ကင်ပေတိုင် ဗိုလ်မှူးကြီးကလည်း အမေရိကန်က ပါရဂူဘွဲ့ရ ဗြိတိသျှပြဇာတ် ကျွမ်းကျင်သူ ဖြစ်နေလို့ သူနဲ့အဆင်ပြေသွားကြတာ ဖြစ်ပါတယ်။

နောက် စစ်ပြီးခေတ်မှာတော့ သူ့ရဲ့ မြန်မာ့ရိုးရာပုံပြင် စာအုပ်တွေ ထွက်လာခဲ့ပါတယ်။ သုဓမ္မစာရီဖြတ်ထုံးလာ ဥပဒေပုံပြင်များ၊ ဘာသာရေးနဲ့နွယ်တဲ့ ပုံပြင်များ၊ ကျေးလက်ပုံပြင်များကို အင်္ဂလိပ်စာဖတ် ပရိသတ်တွေနဲ့ သူမိတ်ဆက်ပေးခဲ့တာကလည်း မြန်မာပြဇာတ် စာအုပ်လိုပဲ အောင်မြင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံနေတဲ့ လော့မောင့်ဘက်တန်

စစ်ပြီးစမှာတော့ တက္ကသိုလ်အုပ်ချုပ်ရေးမှူး အယ်လ်ထင်းစီကို ကူဖို့သွားရင်း ဒေါက်တာထင်အောင် တက္ကသိုလ်လောကကို ပြန်ရောက်သွားပါတယ်။ အယ်လ်ထင်းစီ ကျန်းမာရေး မကောင်းချိန်မှာတော့ ဒေါက်တာထင်အောင်၊ ဂျပ်ဆင် ကောလိပ်က ဒေါက်တာလှဘူးနဲ့ ပညာရေးကောလိပ်က ဦးဘတို့ကို တက္ကသိုလ်အုပ်ချုပ်ရေးမှူးတွေ အဖြစ် ပူးတွဲခန့်အပ်ပါတယ်။ နောက် သူတယောက်တည်းကိုပဲ တက္ကသိုလ်တခုလုံးရဲ့ အုပ်ချုပ်ရေးမှူး ခန့်ပါတယ်။ အသက် ၄ဝ မပြည့်ခင်မှာ ဆေး၊ စက်မှုနဲ့ စိုက်ပျိုးရေးအပါအဝင် တက္ကသိုလ်ကောလိပ်အားလုံးကို အုပ်ချုပ်ရတဲ့အတွက် အသက်ငယ်တယ် ဆိုပြီး တက္ကသိုလ် ကောင်စီ က သူ့ကိုကန့်ကွက်သလို နိုင်ငံရေး အတက်ကြွဆုံးအချိန်ကို ရောက်နေတဲ့ ကျောင်းသားတွေကိုလည်း သူထိန်းချုပ်ရပါတယ်။

သူ့ခေတ်မှာ ဗြိတိသျှခေတ်ကလို တက္ကသိုလ်သပိတ်တွေ မဖြစ်အောင် ကြိုးစားညှိနှိုင်းခဲ့ပေမယ့် အောက်တိုဘာ ကျောင်းတလပိတ် အရေးအခင်းဖြစ်ပြီး ကျောင်းထဲကို ရဲက ကျောင်းဆောင်တွေထဲ ပစ်ခတ် လူစုခွဲတာ ကြုံခဲ့ရပါတယ်။ သူ့လက်ထက်မှာ မန္တလေးသီးခြားတက္ကသိုလ် ပေါ်ပေါက်လာသလို မော်လမြိုင်၊ ကျောက်ဖြူ၊ မကွေးနဲ့ ပုသိမ်မှာ ဥပစာကောလိပ်တွေ ပေါ်ပေါက်လာပါတယ်။ နောက် စစ်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်က ဘွဲ့ပေးဖို့ စီစဉ်ရာမှာလည်း သူနဲ့ စစ်ပညာပါမောက္ခ ဗိုလ်မှူးချုပ်မောင်မောင်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ မနုဿဗေဒဘာသာရပ်ကို အစပျိုးနိုင်အောင်လည်း သူလမ်းဖွင့်သင်ကြားပေးခဲ့ပါတယ်။

သံအမတ် သမိုင်းဆရာ

၁၉၅၉ မှာ ရန်ကုန်တက္ကသိုလ် ဒုတိယအဓိပတိ အရွေးခံရပြီးနောက် သီဟိုဠ်သံအမတ်အဖြစ် အပို့ခံရပါတယ်။ သီဟိုဠ်မှာ သံအမတ်သက်တမ်းစေ့ပြီးနောက် အမေရိကန် တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခ တာဝန်ယူခဲ့သလို အောက်စဖို့ဒ် စိန့်အန်ထော်နီကောလိပ်မှာလည်း သုတေသီလုပ်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့ မြန်မာသမိုင်းစာအုပ်တွေ ထွက်လာပါတယ်။ ၁၉၆၇ ခုနှစ်မှာ ကိုလံဘီယာတက္ကသိုလ်ကထုတ်တဲ့ မြန်မာနိုင်ငံသမိုင်း စာအုပ်ဟာ မြန်မာသမိုင်းရေးတဲ့ နိုင်ငံခြားသားတွေအမြင်ကို စပြီး အင်္ဂလိပ်ဘာသာနဲ့ ချေဖျက်တဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။ နောက် ကုန်းဘောင်ခေတ်ကနေ လွတ်လပ်ချိန်ထိ အင်္ဂလိပ် မြန်မာဆက်ဆံရေးလော့ရန်းဒေါ့ဖ်ချာချီနဲ့ ကနေတဲ့ဥဒေါင်းပုဂံမပျက်မီက မြန်မာသမိုင်း စတဲ့ မြန်မာသမိုင်း စာအုပ်တွေ ပြည်ပ တက္ကသိုလ်တွေနဲ့ စာအုပ်တိုက်တွေကနေ ထွက်လာခဲ့ပါတယ်။

ဒီစာအုပ်တွေဟာ မြန်မာသမိုင်းကို ရိုးရာအမြင်နဲ့ ရေးတဲ့ စာအုပ်တွေဘက်က ခုခံချက်၊ မျိုးချစ်ပညာရှင်တယောက်ရဲ့လက်ရာလို့ စာအုပ်ဝေဖန်သူတွေက ဆိုကြပါတယ်။ ဒီထဲမှာ ထူးခြားချက်ကတော့ ပါမောက္ခကေဒီရဲ့ ဝေဖန်ချက် ဖြစ်ပါတယ်။ ဒေါက်တာထင်အောင်ဟာ မြန်မာသမိုင်းရေးရာမှာ ၁၉၆၂ လွတ်လပ်ပြီး နောက်ပိုင်းခေတ်အထိ ရေးပြီး ဇာတ်ကောင်အားလုံးကို သူရဲကောင်း ဖြစ်အောင် ရေးတယ်လို့ အဲဒီ အမေရိကန် ပါမောက္ခက မှတ်ချက်ချပါတယ်။ ဦးနုကိုလည်း နိုင်ငံရေးက ငြီးငွေ့လို့ ဘေးထွက်သွားတဲ့ လူကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း မြန်မာနည်းနဲ့ မြန်မာ့အနာဂတ်ကို သွားမယ့်သူဆိုပြီး ပုံဖော်ထားတယ်၊ အစဉ်အလာ ရာဇဝင်တွေမှာ တွေ့ရတဲ့ ဘုရားပွင့်ရာ ဗောဓိပင်ဟာ ဒေါက်တာထင်အောင် စာအုပ်မှာ ဂေါက်ကွင်းဖြစ်နေတယ် ဆိုပြီး သရော်တဲ့သဘော ဝေဖန်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းကို အကောင်းဘက်ကရေးလို့ ဒေါက်တာထင်အောင် မြန်မာပြည် ပြန်ခွင့်ရတယ် ဆိုတဲ့ စကားတခွန်းလည်း ပညာရှင်အသိုင်းအဝိုင်းမှာ ရှိခဲ့ပါတယ်။

၁၉၇၈ မှာ အနောက်ဂျာမနီမှာ သုတေသီအဖြစ် သွားရောက်ထမ်းဆောင်ဖို့ ပြင်ဆင်ရင်း ဒေါက်တာထင်အောင် ကွယ်လွန်ခဲ့ပါတယ်။

သူကွယ်လွန်ချိန်မှာ မြန်မာအစိုးရ သတင်းစာတွေက အရေးတယူဖော်ပြတာ မရှိခဲ့ဘဲ စစ်တပ်ကထွက်တဲ့ သည်းထိတ်ရင်ဖို စာရေးဆရာတယောက်ရဲ့ နာရေးကိုသာ ဖော်ပြတယ်လို့ စာရေးဆရာ ဝင်းအောင်ကြီး က ရေးပါတယ်။

တချိန်က ရန်ကင်းကောလိပ်မှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ အပြင်က ကျောင်းသားတွေ ရန်ဖြစ်ကြချိန်မှာ သွားထိန်းပေးဖို့ ဒေါက်တာထင်အောင်က ဝင်းအောင်ကြီးကို အကူအညီတောင်းတယ်လို့လည်း ဆိုပါတယ်။ မတတ်သာလို့ လူများလို့ ကျောင်းသားတွေကို ခွဲထားရတယ်၊ ကျောင်းသားချင်း ရန်ဖြစ်ရင် ကျောင်းသားပဲ နာတယ်၊ ကျောင်းသားဆိုတာ လူကြီးလူကောင်းတွေ ဆိုတဲ့ စကားမျိုး ဒေါက်တာ ထင်အောင် ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် တက္ကသိုလ်ကျောင်းနှစ်လည်မဂ္ဂဇင်းတစောင်မှာ တက္ကသိုလ်ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ ကျောင်းသားတွေကို သည်းခံနိုင်မှုစိတ်ဓာတ်၊ တရားမျှတမှု သဘောထားနဲ့ အားကုန်ကြိုးပမ်းနိုင်မှု ဆန္ဒတွေ သွတ်သွင်းပေးဖို့ ဖြစ်တယ်၊ စာစစ်ပွဲတွေနဲ့ ဘွဲ့ဂုဏ်ထူးတွေ မဟုတ်ဘူးလို့ ဒေါက်တာထင်အောင်က ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် JBRS