ဗစ်တိုးရီးယားအမှု ဒုတိယအကြိမ် ရုံးတင်စစ်ဆေးမှုအပြီးမှာ ဆရာမနှင်းနုကို ဒုတိယတရားခံအဖြစ် ဦးတိုက်လျှောက်

မူကြိုကျောင်းက ဆရာမ နှင်းနုကိုပါ တရားခံ အဖြစ် ဗစ်တိုးရီးယား မိခင်က တရားရုံးမှာ လျှောက်ထားခဲ့ ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မူကြိုကျောင်းက ဆရာမ နှင်းနုကိုပါ တရားခံ အဖြစ် ဗစ်တိုးရီးယား မိခင်က တရားရုံးမှာ လျှောက်ထားခဲ့

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယားအမှုရဲ့ ဇူလိုင် ၂၄ ရက်နေ့ ဒုတိယအကြိမ် ရုံးချိန်းမှာတော့ တရားလို မိခင်ကိုယ်တိုင်က ကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူရဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ တရားခွင်မှာ ထွက်ဆိုချက်ပေးခဲ့တာ ဖြစ်ပါတယ်။

တရားခွင်ပြီးပြီးချင်းမှာပဲ ဒီအမှုမှာ Wisdom Hill မူကြိုကျောင်းက ဆရာမနှင်းနုကို ဒုတိယ တရားခံအဖြစ် တရားစွဲဖို့ ကလေးရဲ့ မိခင်ဖြစ်သူက ဒက္ခိဏခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တယ်လို့ တရားခွင်ကြားနာမှုကို ဝင်ရောက်နားထောင်ပြီး သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဗစ်တိုးရီးယားအမှုမှာ ဆရာမ နှင်းနုဟာ သတင်းအချက်အလက် ထိမ်ချန်ခဲ့တယ်ဆိုပြီး တရားစွဲဖို့ ကလေးရဲ့ မိခင်ဖြစ်သူက တရားရုံးတော်ရှေ့မှာ တိုက်ရိုက်လျှောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Sai Aung MAIN / AFP
Image caption ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိရေး ရန်ကုန်က ဆန္ဒပြပွဲတစ်ခု

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ကလေးကို မေးခဲ့တာတွေကို မိခင်ဖြစ်သူက တရားခွင်မှာ ပြန်ပြောရာမှာတော့ "ဘယ်သူလုပ်တာလဲ မေးတဲ့အခါမှာ ကိုကိုလုပ်တာလို့ ပြောတဲ့အကြောင်း၊ ကိုကို ဘယ်နှစ်ယောက်လဲဆိုတော့ ၂ ယောက်လို့ ပြောကြောင်းနဲ့ သူ့ကို ဒီလိုလုပ်တာကိုလည်း တီချယ် နှင်းနုက သိတယ်" ဆိုတာတွေကို ထွက်ဆိုချက်ပေးခဲ့ပါတယ်။

"ဒါ့အပြင် သမီးဖြစ်သူက သူ့ကို အဲ့လိုလုပ်ခဲ့တဲ့ ကိုကိုက ကျောင်းကို ခဏခဏလာတယ်၊ သူနဲ့ ဆော့တယ်၊ ပြီးတော့ ချိုချဉ်ကျွေးတယ် ဆိုတာတွေကို ပြောပြခဲ့တယ်" လို့ မိခင်ဖြစ်သူက တရားခွင်မှာ ဆက်ပြောပြခဲ့ပါတယ်။

၄ နာရီကျော်ကြာ ထွက်ချက်ပေးနေရင်း မိခင်ဖြစ်သူက ပြောရင်းနဲ့ မျက်ရည်တွေ ကျလာခဲ့တယ်လို့လည်း တရားခွင်ထဲ ဝင်ရောက်နားထောင်ပြီး သတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

တရားခွင်ကို တရားသူကြီး ၂ ယောက်ထိုင် စစ်ဆေးခဲ့တာပါ။

ဆရာမနှင်းနုကို ဒုတိယ တရားခံအဖြစ် တရားစွဲဖို့ လျှောက်ထားမှုကိုတော့ ရုံးတော်က လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးဖို့တင်ပြထားပြီး ဒါကို ဥပဒေအရာရှိရုံးက တရားဝင် ဆက်လက်လျှောက်ပေးမယ့်အချိန်ကို စောင့်ရမှာ ဖြစ်တယ်လို့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မူကြိုကျောင်းက ဆရာမ နှင်းနု နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း

နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ကလေးငယ် ဗစ်တိုးရီးယား (နာမည်ရင်းမဟုတ်)ကို တစုံတယောက်က မုဒိမ်းပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျောင်းရဲ့ ယာဉ်မောင်းဖြစ်သူ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုထားပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဇူလိုင် ၁၅ရက်နေ့ စတင်စစ်ဆေးခဲ့ပါတယ်။

ဒုတိယအကြိမ် တရားခွင်မှာ သမီးဖြစ်သူရဲ့ ဖြစ်စဉ်အသေးစိတ်ကို မိခင်က ထွက်ချက်ပေးခဲ့တာဖြစ်ပြီး "ညနေပိုင်း ကျောင်းကနေ ကလေးက ပြန်လာပြီးနောက် နာတယ်ပြောလို့ ကြည့်ပေးတဲ့အခါမှာ မိန်းမကိုယ်မှာ သွေးထွက်နေတာကို မြင်ခဲ့ရပြီး ဆေးရုံကို သွားခဲ့ရကြောင်း၊ ဒီနောက် မြို့မရဲစခန်းမှာ ချက်ချင်း အမှုဖွင့်ခဲ့တဲ့အကြောင်းနဲ့ စစချင်းမှာ အချက်အလက်မခိုင်လို့ စခန်းက အမှုမဖွင့်ပေးခဲ့ကြောင်း" စတာတွေကို ထည့်သွင်းပြောခဲ့ပါတယ်။

"ဒါ့အပြင် စီစီတီဗွီမှတ်တမ်းကို ချက်ချင်းကြည့်ချင်တယ်လို့ တောင်းဆိုတဲ့အခါမှာလည်း ရဲဘက်က ဒီကျောင်းက စည်းနဲ့ ကမ်းနဲ့ ကျောင်းမို့လို့ ဝင်ချင်တိုင်း ဝင်လို့မရဘူးလို့ ပြောခဲ့တာတွေရှိကြောင်း၊ ကျောင်းအုပ်ကြီးက လည်း ရဲဝန်ထမ်းတွေကို ယူနီဖောင်းနဲ့ ဝင်လို့မရဘူးလို့ ပြောတာတွေ ရှိခဲ့ကြောင်း" တွေကို ကလေးရဲ့ မိခင်က တရားခွင်မှာ ထွက်ချက်ပေးခဲ့ပါတယ်။

နောက်ထပ် ရုံးချိန်းကိုတော့ သြဂုတ်လ ၁ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး အဲ့ဒီမှာ သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေက ကလေးငယ်ရဲ့မိခင်ဖြစ်သူကို ပြန်လှန်မေးခွန်းတွေနဲ့ စစ်မေးတာလုပ်ဖို့ရှိတယ်လို့လည်း ဘီဘီစီသတင်းထောက်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘီဘီစီ သီးသန့်ရတဲ့ ဗစ်တိုးရီးယား အမှု စီစီတီဗီ မှတ်တမ်း

ဒီသတင်းနဲ့ပတ်သက်သမျှ