ဘေပုရှိန် အင်္ဂလန်ခရီး အနှစ်တရာပြည့်ချိန်နဲ့ မြန်မာ့နိုင်ငံရေး

uk ဓာတ်ပုံ မူပိုင် Science & Society Picture Library
Image caption လန်ဒန်ပါလီမန်မှာ မြန်မာပြည်အရေး ပထမဆုံးလာတောင်းဆို

လန်ဒန်သွား ဒယ်လီဂိတ်လို့ သိကြတဲ့ ဘေပုရှိန် ကိုယ်စားလှယ်အဖွဲ့ ဗြိတိန်ကို သွားတာဟာ ၂ဝ၁၉ ခုနှစ် ဇူလိုင်လမှာ အနှစ်တရာ ပြည့်ခဲ့ပါပြီ။

မြန်မာနိုင်ငံကို အိန္ဒိယနဲ့ တန်းတူ အုပ်ချုပ်ရေး တိုးမပေးဘဲ တဆင့်နိမ့်တဲ့ အုပ်ချုပ်ရေး ပေးဖို့ ဗြိတိသျှ အစိုးရက ကြိုးစားလို့ ဒီလို ကိုယ်စားလှယ်အဖွဲ့ကို လွှတ်ပြီး အရေးဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအရေးဆိုမှု နောက်ဆက်တွဲ အကျိုးဆက် အဖြစ် မြန်မာပြည်ကို ဒိုင်အာခီ အုပ်ချုပ်ရေး တိုးပေးတာနဲ့ အတူ ဟုမ္မရူးခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေး တောင်းတာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တမ်း ဒီအုပ်ချုပ်ရေး တိုးမြှင့်ဖို့အတွက် တကြိမ်မက သုံးကြိမ်ထိ မြန်မာပြည် အပြင်ထွက်ပြီး အရေးဆိုခဲ့ရသလို အသစ်ပေါ်လာတဲ့ အုပ်ချုပ်ရေးကို လက်ခံသင့်မခံသင့် အငြင်းပွားရာကနေ မြန်မာပြည် နိုင်ငံရေး စည်းလုံးမှု ပြိုကွဲခဲ့ပါတယ်။ မြန်မာပြည်မှာ အနှစ်တထောင်နီးပါး ရှိခဲ့တဲ့ ပဒေသရာဇ်ခေတ်နဲ့ အနှစ် တရာနီးပါး အုပ်စိုးခဲ့တဲ့ ဗြိတိသျှ ဗျူရိုကရက်ခေတ်တွေ နေရာမှာ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတွေ ပေါ်ဖို့ လမ်းစခင်း ပေးခဲ့တဲ့အတွက် ဘေပုရှိန် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံရေး ရှေ့ဆောင်သူတွေအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ဝိုင်အမ်ဘီအေအသင်းခွဲအမှတ်၅၈ရွှေကျင်မြို့

ဝိုင်အမ်ဘီအေက အစ

၁၉ဝ၆ ခုနှစ်က တည်ထောင်ခဲ့တဲ့ ဝိုင်အမ်ဘီအေ အသင်းကို မြန်မာ့နိုင်ငံရေး နိုးကြားမှုမှာ အရေးကြီးတဲ့ မှတ်တိုင်အဖြစ် လက်ခံထားကြပါတယ်။ ဒီအသင်းဟာ အင်ဒိုနီးရှားမှာ ပေါ်တဲ့ ဆာရေကတ် အစ္စလာမ်အသင်း၊ အိန္ဒိယက ဟိန္ဒူမဟာဆဗ္ဗ အသင်းကြီးတွေလိုပဲ နိုင်ငံရေးကို ဘာသာရေးနဲ့ စခဲ့တဲ့ အသင်းအဖွဲ့တခု ဖြစ်ပါတယ်။ နောက် တူရကီကနေ အရှေ့အလယ်ပိုင်းကို ဖြတ်ပြီး ၂ဝ ရာစုဆန်းမှာ ပေါ်ပေါက်ခဲ့တဲ့ အစ္စလာမ်ဘာသာရေး ဆန်းသစ်မှုနဲ့ မြန်မာ၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ကိုလိုနီစနစ် ခြိမ်းခြောက်မှုကို ကြုံရပြီး နောက်ပိုင်း ပေါ်လာတဲ့ ဗုဒ္ဓဘာသာနိုးကြားမှုတွေရဲ့ အကျိုးဆက်အဖြစ် ဒီလို ဘာသာရေးဆန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဝိုင်အမ်ဘီအေကို ဦးဘဘေ၊ ဦးမောင်ကြီးနဲ့ ဒေါက်တာဘရင်တို့ တည်ထောင်ပြီးနောက် အသင်းမှာ ပါလာတဲ့ လူကြီးပိုင်း အရာရှိဟောင်းတွေနဲ့ ချမ်းသာသူတွေကို ကျော်လွှားပြီး နိုင်ငံရေးဆန်တဲ့ အသင်း ဖြစ်လာအောင် လူငယ်ပညာတတ်တွေ ကြိုးပမ်းခဲ့ကြ ပါတယ်။ ဒီအသင်းဟာ မြန်မာ ဗုဒ္ဓဘာသာ လူများစုရဲ့ အခွင့်အရေးတွေ ဖိနှိပ်ခံရတာတွေကို ဗြိတိသျှ အုပ်စိုးသူတွေဆီက ရအောင် ညှိနှိုင်းတောင်းဆို ခဲ့တဲ့ အသင်းကြီးဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးနဲ့ နိုင်ငံရေးမှာ တိုင်းရင်းသားတွေ နောက်တန်းရောက်နေတာနဲ့ လက်ထပ်ထိမ်းမြားရေးမှာ ဗုဒ္ဓဘာသာအမျိုးသမီးတွေ နစ်နာတာ၊ ဘုရားပေါ် အနောက်နိုင်ငံသားတွေ ဘုရားမစီးဖို့ တောင်းဆိုတာ စတဲ့ ကိစ္စတွေမှာ ဝိုင်အမ်ဘီအေက ခေါင်းဆောင် တောင်းဆို ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Phyo Wai

၁၉၁၁ မှာ ဦးဘဘေနဲ့ ဦးလှဖေတို့ တည်ထောင်တဲ့ သူရိယသတင်းစာကလည်း ဝိုင်အမ်ဘီအေဝါဒတွေ ဖြန့်ဖြူးဖို့ အရေးပါတဲ့ သတင်းစာဖြစ်လာသလို မြန်မာပြည်မှာ ပထမဆုံး နိုင်ငံရေးသတင်းစာကြီး အဖြစ် သူရိယနဲ့ မြန်မာ့အလင်းတို့က လမ်းဖောက် ခဲ့ကြပါတယ်။ သူဌေးဆာ ဦးသွင်နဲ့ ရှယ်ယာရှင်တွေ အားပေးမှုကြောင့်လည်း သူရိယဟာ ထိပ်တန်းသတင်းစာကြီးတစောင်အဖြစ် ဒုတိယကမ္ဘာစစ် ပြီးတဲ့ခေတ်အထိ တည်မြဲခဲ့ပါတယ်။

ကမ္ဘာစစ်ရဲ့အသီးအပွင့်

၁၉၁၇ မှာ ပထမကမ္ဘာစစ်အတွင်း အိန္ဒိယနဲ့ ကိုလိုနီနယ်တွေရဲ့ စစ်သားနဲ့ ငွေချေးစာချုပ် ကူညီမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အုပ်ချုပ်ရေး တိုးပေးဖို့ ဗြိတိန်က စဉ်းစားလာပါတယ်။ အဓိက အရေးကြီးတဲ့ အိန္ဒိယမှာ နိုင်ငံရေး နိုးကြားမှု၊ ပညာတတ်မြောက်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု များတဲ့အတွက် မြန်မာထက် ပိုပြီး အုပ်ချုပ်ရေး တိုးပေးဖို့ ဗြိတိသျှဘက်က စဉ်းစားပါတယ်။

ဒါကို မြန်မာပြည်က နိုင်ငံရေးနိုးကြားတဲ့ ဝိုင်အမ်ဘီအေလူငယ်ပိုင်းက မကျေနပ်ပါဘူး။ မြန်မာပြည်ကို အိန္ဒိယထဲ ထည့်ထားပြီး အိန္ဒိယနဲ့ အတူ အုပ်ချုပ်ရေးတိုးမပေးလို့ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၁၇ မှာ အိန္ဒိယရေးရာဝန်ကြီး မွန်တေဂူနဲ့ တွေ့ဖို့ ဝိုင်အမ်ဘီအေ၊ ကရင်အဖွဲ့နဲ့ တခြားအဖွဲ့တွေကို ဖိတ်တဲ့အခါမှာ မြန်မာပြည်ကို အိန္ဒိယကခွဲထုတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ ဝိုင်အမ်ဘီအေက စတင် တောင်းဆို ပါတယ်။ ဒါပေမဲ့ ဒါကို လက်မခံဘဲ မြန်မာကိစ္စကို သီးခြားစဉ်းစားမယ် ဆိုပြီး ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်ပြီးတဲ့နှစ်မှာထုတ်တဲ့ မွန်တေဂူအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Christian Gilberti/ British Library
Image caption စစ်စာချုပ်ရောင်းရထား ဖြူးမြို့ရောက်စဉ်

နောက် ဒါတင်မကဘဲ မြန်မာပြည်အတွက် အုပ်ချုပ်ရေးစီမံကိန်းကို ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်ကို ရေးဆွဲစေပါတယ်။ ကရက်ဒေါက်စီမံကိန်းမှာ သူကြီးတွေကို အမတ်ဖြစ်အောင်လုပ်ပြီး လက်ညှိုးထောင် ခေါင်းညိတ်ရုံ သက်သက် ရုပ်သေးလွှတ်တော်ဖွဲ့ အုပ်ချုပ်ဖို့ ပါလာတဲ့အတွက် ဝိုင်အမ်ဘီအေအဖွဲ့တွေက ကန့်ကွက်ပါတယ်။ မြန်မာပြည်မှာ ၁၈၉၇ ခုနှစ်ကတည်းက ဘုရင်ခံရဲ့ အတိုင်ပင်ခံ ဥပဒေပြုကောင်စီ ရှိပေမယ့် အကြံပေးရုံသက်သက်ပဲ ဖြစ်ပါတယ်။ ဘုရင်ခံက တိုက်ရိုက်ရွေးတဲ့အမတ်တွေနဲ့ပဲ ဖွဲ့ထားပြီး လွှတ်တော် ရွေးကောက်ပွဲလည်း မရှိသေးပါဘူး။

ဒီမိုကရေစီခေတ်ရောက်ဖို့

ဒါကြောင့် ဗျူရိုကရက်အရာရှိတွေ ကြီးစိုးပြီး ဖိနှိပ်တဲ့ခေတ်က လွန်မြောက်ဖို့ ဝိုင်အမ်ဘီအေက အုပ်ချုပ်ရေးတိုးတောင်းဖို့ ကြံစည်ပါတယ်။ ဘိလပ်ခေါ် ဗြိတိန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး မြန်မာပြည် အုပ်ချုပ်ရေးကို အိန္ဒိယနဲ့တန်းတူ တိုးမြှင့်ပေးဖို့ တောင်းဆိုမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဝိုင်အမ်ဘီအေ လူငယ်ပိုင်းက သူရိယဦးဘဘေ၊ ဝတ်လုံ ဦးပုနဲ့ မန္တလေး ဗုဒ္ဓဘာသာအထက်တန်း ကျောင်းအုပ်ကြီး ဦးထွန်းရှိန်တို့ကို ရွေးချယ်ပြီး ကိုယ်စားလှယ်အဖြစ် ဝိုင်အမ်ဘီအေက စေလွှတ်ခဲ့လို့ ဘေပုရှိန် ခရီးဆိုပြီး ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Hla Kunt
Image caption ဦးထွန်းရှိန်၊ ဦးဘဘေနဲ့ ဦးပု

ဘေပုရှိန် ကိုယ်စားလှယ်အဖွဲ့ဟာ ၁၉၁၉ ဇူလိုင်လ ၇ ရက်မှာ ရန်ကုန်ကနေ သင်္ဘောနဲ့ လန်ဒန်ကို ထွက်လာခဲ့ပြီး လန်ဒန်မှာ ငါးလ ကြာအောင် နေကာ မြန်မာပြည်အုပ်ချုပ်ရေး ပြုပြင်ဖို့အတွက် ဗြိတိသျှ ပါလီမန်အမတ်တွေနဲ့ အစိုးရအရာရှိတွေနဲ့ တွေ့ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာပြည်က တရားဝင်လွှတ်တဲ့အဖွဲ့မဟုတ်တဲ့အတွက် သူတို့တွေ့ဆုံဖို့ ကြိုးစားမှုတွေဟာ ချက်ချင်း အကောင်အထည် မဖော်ခဲ့ပါဘူး။ ပထမကမ္ဘာစစ်ပြီးစ ဗြိတိန်နိုင်ငံမှာ ဆိုဗီယက်ရုရှားနဲ့ စစ်ဖြစ်မှာကို လူတွေက စိုးရိမ်နေကြတဲ့အပြင် အိုင်ယာလန်၊ အီဂျစ်နဲ့ အိန္ဒိယ အရေးက မြန်မာအရေးထက် ပိုပြီး အရေးကြီးနေပါတယ်။ ဒါပေမဲ့လည်း ဘေပုရှိန်အဖွဲ့ မဆုတ်မနစ် ဆက်လက်ကြိုးစားခဲ့တဲ့အတွက် နောက်ဆုံးမှာ အိန္ဒိယရေးရာဝန်ကြီး လော့ဒ်မွန်တေဂူနဲ့ သူတို့တွေ့ခွင့်ရသလို ပါလီမန်ထဲမှာလည်း မြန်မာပြည်အရေး ဆွေးနွေးမှုတွေ ဖြစ်လာ ခဲ့ပါတယ်။ မြန်မာပြည် အုပ်ချုပ်ရေး ကိစ္စအပြင် စပါးကို ဗြိတိသျှအစိုးရက သိမ်းပြီး ရောင်းချမှု၊ ရွှေတိဂုံအနောက်မုခ်မှာ ဗြိတိသျှခံတပ်စွဲထားမှု၊ တက္ကသိုလ်ကျောင်းဖွင့်ရေးကိစ္စတွေကို ဗြိတိသျှပါလီမန်မှာ ဆွေးနွေးခွင့် ရခဲ့ပါတယ်။

ဒါပေမဲ့လည်း မြန်မာပြည်ကိစ္စ သီးခြားစဉ်းစားမယ် ဆိုတဲ့ အဖြေကလွဲပြီး ဗြိတိန်ကနေ ဘာမှ ရေရာတဲ့ကတိမရဘဲ ပြန်ခဲ့ရပါတယ်။ ကိုယ်စားလှယ်အဖွဲ့ ပြန်အရောက်မှာ ရန်ကုန်မြို့လူထုက ခမ်းခမ်းနားနား ကြိုခဲ့ကြပြီး ဒီအခမ်းအနားကို အမျိုးသားပညာဝန် ဦးဖိုးကျား ဖြစ်လာမယ့် ကောလိပ်ကျောင်းသား မောင်ဖိုးကျားက ကဗျာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

ချစ်တဲ့သူငယ်လေ၊ မြန်မာပြည်သား လူအများတို့လေ။

ကိုယ်စားလှယ်သုံးဖြာရောက်သည့်ခါကဧရာမြစ်ဆိပ် ကမ်းနားထိပ်မှာ၊ ပရိသတ်နှင့် ရထားနှင့်။

မြေ၌စီရင်၊ ရထားယာဉ်မှာ၊ မိန်းမများနှင့် ယောက်ျားနှင့်။

လမ်းစဉ်တလျှောက်ဘုရားရောက်အောင်လူအပြည့်နှင့်အကျွေးနှင့်။

ဘုရားကပ်ချဉ်းခြေတော်ရင်းမှာလူတင်းကျမ်းနှင့်အတီးနှင့်။ ...

ဓာတ်ပုံ မူပိုင် Hulton Archive
Image caption အုပ်ချုပ်ရေး တိုးပေးဖို့ လော့ဒ်မွန်တေဂူနဲ့ အဓိက ညှိနှိုင်းခဲ့ရ

ဘေပုမောင်

၁၉၂ဝ မှာတော့ မြန်မာတွေ မကြိုက်တဲ့ ကရက်ဒေါက်စီမံကိန်းကို အနည်းငယ်ပြုပြင်ထားတဲ့ စီမံကိန်းသစ် မြန်မာပြည်ကို ရောက်လာပါတယ်။ ဒါကြောင့် ဝိုင်အမ်ဘီအေက ကြီးမှူးပြီး လူတသောင်းကျော် တက်တဲ့ ပြည်လုံးကျွတ်အစည်းအဝေးကြီး ရန်ကုန်မြို့ ဂျူဗလီဟောမှာ ကျင်းပပါတယ်။ အဲဒီမှာထပ်ပြီး ဗြိတိန်ကို ကိုယ်စားလှယ်အဖွဲ့လွှတ်ဖို့ ဆုံးဖြတ်ရာကနေ ဘေပုမောင် ကိုယ်စားလှယ်အဖွဲ့ ဖြစ်လာပါတယ်။ ပထမတခေါက်မှာ ပါတဲ့ ဦးထွန်းရှိန် မကျန်းမာတဲ့အတွက် ပြည်က ဝတ်လုံဦးသိမ်းမောင်ကို အစားထိုးရတာပါ။ လွတ်လပ်ရေးရပြီးခေတ်မှာ ပြည်ထောင်စု တရားဝန်ကြီးချုပ် ဒေါက်တာသိမ်းမောင်လို့ ထင်ရှားလာသူဖြစ်ပါတယ်။

Image caption တရားဝန်ကြီးချုပ်ဟောင်း ဒေါက်တာသိမ်းမောင်

ဒီတခါလည်း ဗြိတိန်မှာ ခြောက်လကြာအောင် သူတို့ နေထိုင် ကြိုးပမ်းခဲ့ကြပါတယ်။ ဒီခရီးရလဒ်အဖြစ် ၁၉၁၉ အိန္ဒိယအက်ဥပဒေဟာ မြန်မာပြည်အတွက်ပါ သက်ဆိုင်သင့်တယ်ဆိုပြီး ဗြိတိသျှ အစိုးရဘက်က သဘောတူ လာအောင် ဘေပုမောင်အဖွဲ့ ကြိုးပမ်းနိုင်ခဲ့ပါတယ်။ ၁၉၁၇ က စပြီး ကြိုးစားခဲ့တဲ့ ဝိုင်အမ်ဘီအေရဲ့ အားထုတ်မှုဟာ လေးနှစ်ကြာမှ အထမြောက်တာ ဖြစ်ပါတယ်။

ဘေပုမောင်တို့ အသွားအပြန် သင်္ဘောခရီးက တလစီကြာလို့ အားလုံးပေါင်း ရှစ်လကြာမှ မြန်မာပြည်ပြန်ရောက်ပါတယ်။ ၁၉၂၁ သူတို့ပြန်ရောက်ချိန်မှာတော့ မြန်မာပြည်နိုင်ငံရေးက ပြောင်းနေပါပြီ။ ဗြိတိသျှပေးတဲ့ ဒိုင်အာခီခေါ် ပူးတွဲအုပ်ချုပ်ရေးကို မယူဘဲ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ တောင်းဆိုမှုတွေဟာ အိန္ဒိယကနေ မြန်မာပြည်ကို ပြန့်လာသလို ၁၉၂ဝ ပထမတက္ကသိုလ် ကျောင်းသား သပိတ်ကြောင့် နိုင်ငံရေးအရှိန်တွေလည်း တက်နေပါတယ်။ နောက် သပိတ်မတိုင်ခင် ပြည်မြို့မှာ ကျင်းပတဲ့ ဝိုင်အမ်ဘီအေရဲ့ အဋ္ဌမကွန်ဖရင့်ကနေ ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်း ခဲ့ပါတယ်။

ဒါကြောင့် ဘေပုမောင်အဖွဲ့ ပြန်လာချိန်မှာ သူတို့ကြိုးပမ်းလာခဲ့တဲ့ ဒိုင်အာခီကို လက်မခံဖို့ ဂျီစီဘီအေထဲက ခေါင်းဆောင်ပိုင်းတချို့က ကြိုးစားရာကနေ မြန်မာပြည် နိုင်ငံရေး အကွဲအပြဲတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Hla Kunt
Image caption နန်းရင်းဝန်ဦးပုနဲ့ ဝန်ကြီးချုပ် ဦးသာယာဝတီမောင်မောင်

ဝံသာနုနဲ့ ၂၁ ဦး

ဘေပုရှိန်၊ ဘေပုမောင် အဖွဲ့ဝင်တွေထဲက ဦးထွန်းရှိန်ကွယ်လွန်သွားပြီးနောက် ကျန်ခဲ့တဲ့ ဦးဘဘေ၊ ဦးပုနဲ့ ဦးသိမ်းမောင်တို့ အပါအဝင် ခေါင်းဆောင် ၂၁ ယောက် ပါတဲ့ အဖွဲ့ကို ၂၁ ဦးအဖွဲ့အဖြစ် မြန်မာပြည် နိုင်ငံရေးမှာ လူသိများခဲ့သလို ဂျီစီဘီအေ ပထမဆုံး ဥက္ကဋ္ဌ ဦးချစ်လှိုင်နဲ့ တခြားခေါင်းဆောင်တွေပါတဲ့ အဖွဲ့ကိုတော့ ဝံသာနုဂျီစီဘီအေအဖြစ် ခေါ်ဆိုပါတယ်။ အဓိကအားဖြင့် မြို့ပြပညာတတ်နဲ့ လူလတ်တန်းစား အားပြုတဲ့ ၂၁ ဦးနဲ့ ကျေးလက်လယ်သမားနဲ့ ဘုန်းတော်ကြီးတွေအားပေးကြတဲ့ ဝံသာနုတွေ ကွဲကြတာပါ။

၂၁ ဦးတွေက ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံပြီး ဗြိတိသျှအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှာ ပူးပေါင်းဆောင်ရွက်ချိန်မှာ ဝံသာနုတွေကတော့ အခွန်မပေးရေး ဘူးအသင်းတွေနဲ့ ဟုမ္မရူးရဖို့ တောင်းဆိုတာတွေ လုပ်ပါတယ်။ ဝံသာနုတွေရဲ့ ဆော်သြမှုကြောင့် ၁၉၂၂ မှာကျင်းပတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး လွှတ်တော်ရွေးကောက်ပွဲမှာ မဲပေးသူ ခုနစ်ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့ပါတယ်။ အရွေးခံတဲ့ နယ်မြေ ၈ဝ မှာ ၂၄ ခုအတွက် ဝင်ပြိုင်သူ မရှိဖြစ်ခဲ့တာပါ။ ဦးဘဘေရဲ့ ၂၁ ဦးအဖွဲ့က အမတ်နေရာအများဆုံး ရပေမယ့် ဗြိတိသျှဘက်တော်သား ဆာဂျေအေမောင်ကြီးရဲ့ ရွှေတောင်ကြားပါတီနဲ့အတူ ဝန်ကြီးချုပ် တနေရာစီပဲ ရခဲ့ပါတယ်။ ဗြိတိသျှဘုရင်ခံက သီးခြား ရွေးတဲ့ဝန်ကြီးချုပ် နှစ်ယောက်ကလည်း ရှိပါသေးတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ဦးပု သစ်တောရေးဝန်ကြီးချုပ်ဘဝက ဆွဲခံရတဲ့ကာတွန်း

၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်လိုက်ချိန်အထိ ၂၁ ဦးအဖွဲ့ဝင်တွေဟာ နေရှင်နယ်လစ်ပါတီ၊ ပြည်သူပြည်သားပါတီ စတဲ့ နာမည်တွေနဲ့ မြန်မာပြည်နိုင်ငံရေးမှာ ပါဝင်ခဲ့ကြသလို တောင်ကျရေ နွားနှစ်ကောင်မဝသလိုပ၊ မောင်ဘဘေ ငါးထောင်မရသော်ကြောင့် စတဲ့ မစ္စတာမောင်မှိုင်းရဲ့ စာချိုးတွေနဲ့လည်း ၂၁ ဦးတွေရဲ့ အာဏာနိုင်ငံရေးကို ရှုတ်ချခံခဲ့ရပါတယ်။ တခြားဘက်မှာလည်း ဝံသာနု ဂျီစီဘီအေအဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံတဲ့ သံဃသာမဂ္ဂီတွေ၊ အမျိုးသမီးကုမ္မာရီအဖွဲ့တွေ အကွဲအပြဲတွေ ဆက်တိုက်ဖြစ်ခဲ့သလို ငွေကြေးအရှုပ်အရှင်းတွေလည်း ရှိခဲ့ပါတယ်။ ၁၉၂ဝ ကျောင်းသားသပိတ် အပြီးမှာ ထောင်ခဲ့တဲ့ အမျိုးသားကျောင်း တချို့ဟာလည်း အစိုးရ အထောက်အပံ့မယူရေး ဝံသာနုတွေရဲ့ တိုက်တွန်းမှုကြောင့် ဘဏ္ဍာငွေအခက်အခဲနဲ့တွေ့ပြီး ပိတ်ခဲ့ရသလို ဘေပုရှိန်အဖွဲ့ ခေါင်းဆောင် ဦးပုကိုယ်တိုင် ကျောင်းအုပ်ကြီးလုပ်ခဲ့တဲ့ အမျိုးသားကောလိပ်လည်း ဂျီစီဘီအေအကွဲမှာ ပိတ်သိမ်းခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Ju Juu Min Shein
Image caption ဒေါက်တာဘမော် အစိုးရအဖွဲ့ထဲက ဦးပု

သပြေအိုနဲ့ ကုသိုလ်တပဲ

တချိန်က သပြေနုချိန်တင်ရန် ပန်းတွေကလည်း များလိုက်ပါဘိသနှင့် လို့ အမွှမ်းတင်စာချိုးခံခဲ့ရတဲ့ ဘေပုရှိန်အဖွဲ့ဝင်တွေဟာ အနှစ် ၂ဝကျော် ၄ဝ နီးပါး နိုင်ငံရေးလောက၊ အုပ်ချုပ်ရေးလောကမှာ ကျင်လည်ခဲ့ကြပြီးနောက် လောကဓံအစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဦးဘဘေဟာ ဗြိတိသျှခေတ်ကနေ ဗိုလ်ချုပ်အောင်ဆန်းခေတ်အထိ အစိုးရနှစ်ဆက်သုံးဆက် ဝန်ကြီးလည်းဖြစ်ခဲ့ဖူးသလို လာဘ်စားမှုနဲ့ လည်း ရာထူးက ပြုတ်ခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်နေဝင်းကို အာဏာသိမ်းဖို့ တိုက်တွန်းတာရဲ့ နောက်ဆက်တွဲ နိုင်ငံတော်သစ္စာဖောက်မှုနဲ့လည်း အသက် ၇ဝ ကျော်မှ ထောင်ကျ ခဲ့ရပါတယ်။ ဦးပုကတော့ မြန်မာထဲက ပထမဆုံး လွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သလို ၁၃ဝဝ ပြည့် အရေးတော်ပုံအပြီးမှာ နန်းရင်းဝန်ကြီးလည်း ဖြစ်ခဲ့ပါတယ်။ သေခါနီးမှရိက္ခာယူ၊ အဘိဇ္စျာထူတာ ငပုငပု ဆိုပြီး သပိတ်သမားတွေရဲ့ စာချိုးနဲ့ပြောင်လှောင်တာ ခံခဲ့ရသလို ၁၉၄၆ မှာ ဘုရင်ခံခန့်တဲ့ အစိုးရထဲကို ဗိုလ်ချုပ်အောင်ဆန်းတို့ မပါဘဲ ဝင်ခဲ့တဲ့အတွက် နိုင်ငံရေးမလှဖြစ်ခဲ့ရပါတယ်။ ၁၉၅၈ မှာတော့ ဗုဒ္ဓဒီမိုကရက်တစ်ပါတီ၊ ဗုဒ္ဓပြည်သူ့ဆန္ဒပါတီ ဆိုပြီး စိန်ဘရားသားကုန်တိုက်ပိုင်ရှင် ဦးထွန်းစိန်၊ ညီဝမ်းကွဲ ဆာမောင်ကြီး တို့နဲ့အတူ ဦးပုပါဝင်ခဲ့ပါတယ်။

ဦးသိမ်းမောင်ကတော့ ၁၉၃၇ ကတည်းက နိုင်ငံရေးဆိုတာ ကုသိုလ်တပဲ ငရဲတပိဿာ ဆိုပြီး အစိုးရရှေ့နေချုပ်ရာထူးယူကာ နိုင်ငံရေးက နားသွားခဲ့ပါတယ်။ စစ်ပြီးခေတ်မှာတော့ တရားလွှတ်တော်ချုပ် တရားဝန်ကြီး၊ တရားဝန်ကြီးချုပ် စတဲ့ရာထူးတွေနဲ့အတူ ဆဋ္ဌသင်္ဂါယနာကိစ္စ၊ ဗုဒ္ဓသာသနာပြုကိစ္စတွေကိုပဲ အဓိကလုပ်ခဲ့ပါတယ်။ ၁၉၅၈ မှာ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ် အဖြစ် တခြား အရာရှိဟောင်းတွေ နဲ့အတူ ဦးသိမ်းမောင် ပါဝင်ခဲ့ပြီး ၁၉၆၁ မှာတော့ ဦးနုအစိုးရရဲ့ အကြံပေး အဖြစ် သမ္မတဟောင်း ဒေါက်တာဘဦးနဲ့ အတူ ဦးသိမ်းမောင်၊ တရားဝန်ကြီးဟောင်း ဦးအုန်းဖေ စတဲ့သူတွေ ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption လယ်လုပ်သူ လယ်ပိုင်ရေးနဲ့ လက်ဝဲဝါဒလူကြိုက်များခဲ့

လက်ဝဲလက်ယာ ရေစီးနှစ်ဖြာ

၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဂဠုန်ဦးစော၊ ဒေါက်တာဘမော်၊ သခင်ဗစိန်တို့ရဲ့ စောစိန်မော် လက်ယာအုပ်စု အရေးနိမ့်လာခဲ့ပြီး မြန်မာပြည်မှာ လက်ဝဲနိုင်ငံရေးက ရှေ့ရောက် လာပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြေယာတွေကို အစိုးရသိမ်းပြီး လယ်သမားတွေကို ဝေတာတွေ ဖြစ်လာသလို ၁၉၆၂ ခုနှစ်မှာ တပ်က အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုပြီး လက်ဝဲမူတွေနဲ့ နိုင်ငံမှာ ပြည်သူပိုင်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီလက်ဝဲမူတွေကြောင့် ဘေပုမောင် လက်ဟောင်းတွေရဲ့ နိုင်ငံရေးကွန်ရက်ဖြစ်တဲ့ မြေရှင်နဲ့ ဘူဇွာလူတန်းစားရဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်သလို သူတို့ကိုယ်တိုင်လည်း မြေသိမ်းခံရတာတွေ ကြုံခဲ့တယ်လို့ နန်းရင်းဝန်ဦးပုရဲ့ မြေး ဒေါက်တာ ဂျင်နီကိုကြီးက ပြောပြပါတယ်။ ဒါကြောင့် တချိန်က ဦးပုသား မင်္ဂလာဆောင်မှာ လက်ဖွဲ့စာရင်း ကို သတင်းစာမှာ ရက်ဆက်ဖော်ပြတာ၊ မင်္ဂလာပွဲကို ဘုရင်ခံကြွလာတာမျိုး အရှိန်အဝါရှိခဲ့ပေမယ့် စစ်အရာရှိကြီးတွေနဲ့ လက်နက်ချကွန်မြူနစ်ဟောင်းတွေ ကြိုးကိုင်တဲ့ လမ်းစဉ်ပါတီခေတ်မှာတော့ အမျိုးသားနေ့ ရွှေရတုလို ပွဲမျိုးတွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ဘေပုရှိန်တွေ မေ့ပျောက်ခံခဲ့ရပါတယ်။

ခေတ်အခြေအနေအရလည်း အလုပ်သမား၊ လယ်သမားနဲ့ တပ်မတော်သားတွေ ပါဝင်တဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံ၊ ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့ သမိုင်းတွေက ဘေပုရှိန်တွေရဲ့ ပြုပြင်ရေးလမ်းကြောင်း၊ ပါလီမန်လမ်းကြောင်းနဲ့သွားတဲ့ နိုင်ငံရေးထက်ပိုပြီး ရင်ခုန်စရာ ဖြစ်ခဲ့ပါတယ်။ နောက် ၁၉၆၂ နောက်ပိုင်း မြန်မာပြည်မှာ ပါလီမန်နဲ့ ပါတီစုံဆိုတဲ့ စကားလုံးတွေဟာ နိုင်ငံရေးအရ မမှန်ကန်တဲ့အဓိပ္ပာယ်မျိုး ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ROMEO GACAD
Image caption အနှစ် ၅ဝ ကျော်မှာ ပြန်တွေ့ရတဲ့ ပါလီမန်အမတ်များ

ဒါပေမဲ့ ၁၉၇၁ ဘကြီးဘဘေခေါ် ဦးဘဘေ ကွယ်လွန်ခါနီးမှာ တို့ခေတ် မကုန်သေးပါဘူး လို့ ပြောကြားသွားခဲ့တဲ့အတိုင်း တကယ်လည်း သူတို့ခေတ် မကုန်သေးတာကို တွေ့ရပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ တပ်ရဲ့ကဏ္ဍ ဆက်ရှိနေပေမယ့် အရင်းရှင် လမ်းကြောင်းနဲ့ နိုင်ငံကို ပြန်မောင်းနှင်နေတာကတော့ အနှစ် ၃ဝ ကျော်နေပြီ ဖြစ်ပါတယ်။ ဆိုရှယ်လစ်၊ ကွန်မြူနစ်ဆိုတဲ့ စကားတွေနေရာမှာလည်း လစ်ဘရယ်၊ စျေးကွက်စီးပွားရေး စတဲ့ စကားတွေက ပိုပြီးနေရာယူလာသလို ဝံသာနုခေတ်ကလိုပဲ အမျိုး ဘာသာ သာသနာဆိုတဲ့ စကားသံတွေ ပြန်ထွက်လာတာ တွေ့ရပါတယ်။ ပြုပြင်ရေးလမ်းကြောင်းနဲ့ ၂ဝဝ၈ အခြေခံဥပဒေကို လက်ခံတဲ့ ပါတီတွေနဲ့ လက်မခံတဲ့ အမာလိုင်းအုပ်စုတွေကြား ယှဉ်ပြိုင်မှုကလည်း ဒိုင်အာခီခေတ်က ၂၁ ဦးနဲ့ ဝံသာနုတွေလိုပဲ ကြီးမားတာကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၄၇ က လန်ဒန်ရောက် ဘကြီးဘဘေ (ဝဲစွန်က)