မြောက်ဦးက ရင်ဘတ်ကျည်ထိသူ အန်ဂျီအို ဝန်ထမ်းကို အကြမ်းဖက် ဥပဒေနဲ့ အရေးယူ

ဆိုင်ကယ်ရပ်မပေးလို့ ဟန့်တားပစ်ခတ်ရာက ကျည်ဆန်ထိတာလို့ တပ်မတော်ဘက်ကပြော
Image caption ဆိုင်ကယ်ရပ်မပေးလို့ ဟန့်တားပစ်ခတ်ရာက ကျည်ဆန်ထိတာလို့ တပ်မတော်ဘက်ကပြော

ရခိုင်ပြည်နယ် မြောက်ဦးမှာ ဇူလိုင်လ ၂၈ ရက် ညပိုင်းမှာ လုံခြုံရေးတာဝန်ယူထားတဲ့ တပ်က သေနတ်နဲ့ ပစ်ခတ်ခံရလို့ ရင်ဘတ် ကျည်ဆန်ထိခဲ့သူ ကိုရဲလင်းနိုင်ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အ ရေးယူထားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုအချိန်မှာ သူ့ကို မြောက်ဦးဆေးရုံကနေ စစ်တွေဆေးရုံကို လွှဲပြောင်းထားပြီး ရဲအစောင့်အရှောက်နဲ့ ထားရှိပါတယ်။

ကိုရဲလင်းနိုင် စီးလာတဲ့ မော်တော်ဆိုင်ကယ်ဟာ လိုင်စင်မဲ့ ဆိုင်ကယ်ဖြစ်ပြီး သူရဲ့ ဆိုင်ကယ် tool box ထဲမှာ လက်ပစ်ဗုံး တစ်လုံးပါလို့ အခုလို အရေးယူထားတာလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

ကိုရဲလင်းနိုင်ဟာ ဇူလိုင်လ ၃၀ ရက်မှာ စကားအနည်းငယ် ပြောဆိုနိုင်တဲ့အခြေအနေရှိပြီး အသက်အန္တရာယ် လွတ်မြောက်ပြီလို့ တစ်ထစ်ချ ပြောနိုင်တဲ့ အခြေအနေတော့ မရောက်သေးဘူးလို့ သူရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ဒေသခံ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

"ကျွန်တော့်ဆီမှာပါလာတာကတော့ မိုးကာအင်္ကျီတစ်ထည်ပဲပါပါတယ်။ အဲ့ဒီအင်္ကျီကလဲ အိပ်နဲ့ထည့်ပြီးတော့ အသေအချာ ဇစ်နဲ့ပိတ်ထားတာပါ။ သူတို့လုပ်ကြံတယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော်အဲ့ဒီနေ့က ကားဂိတ်ကိုသွားတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့တယ်။ ပြီးတော့ ပြန်လာတာပါ" လို့ ကိုရဲလင်းနိုင်က ဇူလိုင်လ ၃၀ ရက်မနက်မှာ ဆေးရုံမှာ ပြောပါတယ်။

သူဟာ Plan International အဖွဲ့က ဝန်ထမ်းတစ်ဦးဖြစ်ပြီး မြောက်ဦးမြို့ပေါ် ကျောက်ရာဇ်ကေ ရပ်ကွက်မှာ ည ၈ နာရီလောက်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

"သူတို့က ကျွန်တော်ကို ရပ်ခိုင်းတယ်။ ရပ်ပါတယ်။ ဆိုင်ကယ်က အရှိန်နဲ့ဆိုတော့ ချက်ချင်းရပ်လို့မရဘူး။ မှောက်သွားမှာစိုးတဲ့အတွက် အရှိန်လျှော့လိုက်တယ်။ အဲ့ဒီမှာ "ဖောင်းဖောင်းဖောင်း"ဆိုတဲ့ သေနတ်ပစ်သံကိုတော့ ကြားလိုက်တယ်။ ဆိုင်ကယ်ရပ်သွားတဲ့အချိန်မှာ ကျွန်တော့်ခန္စာကိုယ်ကို ဖောက်သွားတာကို သိလိုက်ရပါတယ်။ ဆိုင်ကယ်ရော လူရော လဲသွားတယ်။ တခြားဘာမှမသိတော့ဘူး" လို့ သူ ပစ်ခတ်ခံရတဲ့ အကြောင်းကို ပြောပါတယ်။

"ကျွန်တော်မှာ ကျောပိုးအိတ်တစ်လုံးပါတယ်။ အဲ့ဒီမှာ ဖုန်းပါတယ်။ ပိုက်ဆံအိတ်ပါတယ်။ အဲ့ဒါတွေ ဘယ်နားရောက်နေလဲ ကျွန်တော်မသိလိုက်တော့ဘူး။ သူတို့လက်ထဲမှာပဲရှိလိမ့်မယ်။ ကျွန်တော်ဘာမှ မသိခဲ့တော့ဘူး" လို့ မင်းပြားမြို့နယ် ရွှေတမာ ကျေးရွာသား အသက် ၂၅ နှစ်အရွယ် ကို ရဲလင်းနိုင်က ဆက်ပြောပါတယ်။

Image caption မြောက်ဦးကနေ စစ်တွေဆေးရုံကို ယူလာခဲ့ပြီး ကုသမှုခံယူနေရ

သူရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး "ဒီနေ့မနက်ပိုင်းက သူ့ကိုတွန်းလှည်းနဲ့ တွန်းပြီးတော့ ခေါ်သွားတယ်။ မခံနိုင်လို့ အောက်ဆီဂျင်ပြန်ရှုပြီးတော့ ယူရတယ်။ အဲ့ဒီကိုရောက်တော့ ဓါတ်မှန်ရိုက်တယ်။ စီတီစကန်ရိုက်တယ်။ အာထရာဆောင်းရိုက်တယ်။ အဲ့ဒီမှာ သူအဆင်မပြေနိုင်လို့ အောက်ဆီဂျင်ရှုပြီးတော့ အခန်းထဲကိုပြန်ယူလာရတယ်။ အခန်းထဲကိုပြန်ရောက်တာနဲ့ အောင့်တယ်။ အသက်ရှုမဝဘူး။ နပ်စ်မတွေကိုခေါ်ပြောတော့ ဆေးထိုးရတယ်။ ချောင်းဟန့်လိုက်တာနဲ့ ပါးစပ်ကသွေးထွက်လာတယ်" လို့ ကိုရဲလင်းနိုင်ရဲ့ အခြေအနေကို သူ့ရဲ့ အစ်မ ဖြစ်သူ ဒေါ်ရီရီမြင့်က ပြောပါတယ်။

အခုလို ပစ်ခတ်ခံရတာကို ကိုရဲလင်းနိုင်က ဆိုင်ကယ်နဲ့ လာခဲ့တဲ့အချိန် ဆိုင်ကယ်ရပ်ခိုင်းတာ ချက်ချင်းရပ်လို့ မရခဲ့ဘဲ အပစ်ခံရတာလို့ ပြောပြီး တပ်မတော်ဘက်ကတော့ မြင်းခုန်တန်းဘုန်းတော်ကြီးကျောင်းကို ဝင်ရောက်စစ်ဆေးနေလို့ တပ်က လုံခြုံရေးယူထားစဉ်မှာ စစ်ဆေးဖို့ ရပ်ခိုင်းတာကို မောင်းပြေးလို့ မသင်္ကာတဲ့ အတွက် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။