၂၀၀၈ အခြေခံဥပဒေ ပျက်ပြယ်ကြောင်း စိန်ခေါ်ချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်လက်ခံ

၁၉၉၀ အနိုင်ရ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ဓာတ်ပုံ မူပိုင် David Hla Myint fb
Image caption ၁၉၉၀ အနိုင်ရ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့

၂၀၀၈ အခြေခံဥပဒေဟာ တရားမဝင် ပျက်ပြယ်ကြောင်း တရားစွဲဆို စာချွန်လွှာ တက်ထားတဲ့ အမှုတွဲကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဇူလိုင်လ ၁၁ ရက်မှာ လက်ခံလိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်တွေက အမှုကို စွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေဖြစ်တဲ့ ဦးနိုင်းနိုင်း၊ ဦးဒေးဗစ်လှမြင့်တို့က ဦးဆောင် ကြပါတယ်။

ဘာ့ကြောင့်ပျက်ပြယ်တယ်လို့စွပ်စွဲသလဲ

၂၀၀၈ အခြေခံဥပဒေဟာ မှားယွင်း အတည်ပြုထားတဲ့ ပဋိညာဉ်ဖြစ်တဲ့ အတွက် အလိုအလျောက် ပျက်ပြယ်ကြောင်း ပဋိညာဉ်ဥပဒေကို ကိုးကားပြီး သူတို့က တရားစွဲဆိုတာပါ။

အခြေခံဥပဒေဟာ လူမှုပဋိညာဉ် social contract တခုအဖြစ် ဥပဒေ ပ ညာရှင်တွေက အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိပါတယ်။ အစိုးရနဲ့ အများပြည်သူအကြား သဘောတူချုပ်ဆိုထားတဲ့ ကတိကဝတ် သို့မဟုတ် ပဋိညာဉ်ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူ ကတိကဝတ်ပြုတာ ဖြစ်တဲ့အတွက် ပြည်သူအများရဲ့ သဘောတူထောက်ခံမှုရှိမှသာ ပဋိညာဉ်ဟာ အတည်ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရတာပါ။

ပဋိညာဉ်တခုဟာ လွတ်လပ်တဲ့ သဘောဆန္ဒအပေါ်အခြေခံပြီး ဘက်နှစ်ဘက် သဘောတူညီချက်နဲ့ ချုပ်ဆိုရပါတယ်။ ပဋိညာဉ်ချုပ်ဆိုရာမှ ၁။ အနိုင်အထက် ချုပ်ဆိုခဲ့ရင် ၂။ မတော်သြဇာလွှမ်းမိုး ချုပ်ဆိုခဲ့ရင် ၃။ လိမ်လည်ချုပ်ဆိုခဲ့ရင် ၄။ အလွဲပြောချုပ်ဆိုခဲ့ရင် ၅။ မှားယွင်းတဲ့ အထောက်အထား အချက်အလက်တွေ အပေါ်အခြေခံချုပ်ဆိုခဲ့ရင် အဲဒီပဋိညာဉ်ဟာ ချုပ်ဆိုစဉ်ကာလမှာကတည်းက အလိုအလျောက် ပျက်ပြယ်တယ်လို့ ပဋိညာဉ် ဥပဒေမှာ ဖော်ပြထားပါတယ်။

၂၀၀၈ အခြေခံဥပဒေကို အတည်ပြုတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ပြည်ထောင်စု တဝန်းလုံးရဲ့ လူဦးရေ ၅၇.၃၇ သန်းကျော် သတ်မှတ်အခြေခံပြီး အတည်ပြုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ လူဦးရေ သန်းခေါင်စာရင်းကို အမှန်တကယ် ကောက်ယူတဲ့အခါ လူဦးရေဟာ ၅၁.၃ သန်းသာရှိပါတယ်။ ၆ နှစ်ကျော်မှာ လူဦးရေဟာ ဖြစ်မြဲဓမ္မတာအတိုင်း တိုးပွားလာရမယ့်အစား ၆ သန်းကျော် လျော့နည်းသွားတဲ့ အတွက် ၂၀၀၈ ခုနှစ်တုံးက အခြေခံတဲ့ လူဦးရေ စာရင်းဟာ မှားယွင်းတယ်လို့ ယူဆကြောင်း ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သလို တရားလွှတ်တော်ရှေ့နေလည်း ဖြစ်တဲ့ ဦးအောင်သူရက ဘီဘီစီကို ပြောပါတယ်။

အဲသလို မှားယွင်းတဲ့ အချက်အလက်အပေါ်မှာ အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပဋိညာဉ်ချုပ်ဆိုခဲ့တဲ့ အတွက် အဲဒီဥပဒေဟာ အတည်ပြုစဉ်ကာလကတည်းက အလိုအလျောက် ပျက်ပြယ်တယ်လို့ စွပ်စွဲပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ၂၅ ရာနှုန်းပါဝင်နေတဲ့အချက်ဟာ အငြင်းပွားမှု အများဆုံးဖြစ်နေ

လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စွဲဆိုခဲ့

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာကတည်းက ၂၀၀၈ အခြေခံဥပဒေဟာ ပျက်ပြယ်ကြောင်း နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ အမှုကို စတင်စွဲဆိုခဲ့ပါတယ်။ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ အပါအဝင် သူတို့ရဲ့ မိတ်ဖက် လူမှုရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာပါဝင်တဲ့ ပုဂ္ဂိုလ်တွေက စွဲဆိုခဲ့ကြတာပါ။ ဒါပေမယ့် ဒက္ခိဏခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ အဲဒီနောက် မန္တလေးတိုင်း တရားလွှတ်တော်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ထပ်မံ လျှောက်ထားစွဲဆိုရာမှာလည်း ပယ်ချခဲ့ပါတယ်။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ သူတို့မှာ စီရင်ပိုင်ခွင့် မရှိဘူးလို့ အကြောင်းပြ ပယ်ချခဲ့တာဖြစ်ပါတယ်။

ဒါကို မကျေနပ်တဲ့အတွက် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ စာချွန်တော်တက်ခဲ့တာဖြစ်ပါတယ်။ အောက်ဘက် တရားရုံးတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို ပြည့်ပြည့်ဝဝ မဆောင်ရွက်ခဲ့ရင်၊ ဒါမှမဟုတ် အောက်ဘက်တရားရုံးတွေဟာ သူတို့မှာရှိတဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ဆောင်ရွက်ခဲ့ရင် စာချွန်လွှာတက်ခွင့်ရှိပါတယ်။

စာချွန်လွှာတက်တာဟာ အကျိုးအကြောင်း ဆီလျော်မှုရှိမရှိ၊ အထောက်အထား ပြည့်စုံမှုရှိမရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စိစစ်ပြီးနောက်မှ တင်သွင်းတဲ့ စာချွန်လွှာကို လက်ခံခဲ့တာလို့ ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး တရားလွှတ်တော် ရှေ့နေ ဦးအောင်သူရက ဘီဘီစီကို ပြောပါတယ်။

အခြေခံဥပဒေ ပြင်မှ ငြိမ်းချမ်းရေးရမယ်လို့ ဦးခွန်ထွန်းဦးပြော

လွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေးမအောင်မြင်နိုင်လို့ SNLDပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖွဲ့စည်းပုံအခြေခံဥပဒေ တရားမဝင်ကြောင်း ဥပဒေဆိုင်ရာ စိန်ခေါ်ချက်ကို တပ်ကရော အစိုးရကပါ လိုလားဖွယ်ရာမရှိ

ဘာဆက်ဖြစ်မလဲ

စာချွန်လွှာကို လက်ခံပြီး ဖြစ်တဲ့ အတွက် သူတို့ရဲ့ စွပ်စွဲချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကြားနာမှာ ဖြစ်ပါတယ်။ တရားသူကြီး တပါးထိုင် သို့မဟုတ် နှစ်ပါးထိုင် ခုံရုံးရှေ့မှာ စွဲဆိုချက်ကို ပထမအဆင့်ကြားနာရမှာ ဖြစ်ပါတယ်။ ကြားနာမယ့် ရက်ကိုတော့ အခုထိ တရားဝင် မသိရသေးပါဘူး။ တရားရုံးမှာ စာကပ်ပြီး ကြေညာလိမ့်မယ်လို့ ရှေ့နေဦးအောင်သူရက ပြောပါတယ်။

အဲဒီအဆင့်မှာပဲ စွဲဆိုချက်ကို ပယ်ချနိုင်ပါတယ်။ တကယ်လို့ မပယ်ချခဲ့ရင် တရားသူကြီး ၃ ဦးထိုင်ခုံရုံးနဲ့လည်း ဆက်လက်ကြားနာကောင်း ကြားနာနိုင်ပါတယ်။

စာချွန်လွှာကို လက်ခံပြီး ဖြစ်တဲ့အတွက် မကြားနာဘဲ နေတာမျိုးတော့ မဖြစ်နိုင်တော့ဘူးလို့ ဦးအောင်သူရက ဆိုပါတယ်။

ပျက်ပြယ်တယ်လို့ ဆုံးဖြတ်ရင်

၉၀ အမတ်များရဲ့ တရားစွဲဆိုမှု အောင်မြင်လို့ ၂၀၀၈ အခြေခံဥပဒေ ပျက်ပြယ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင် အဲဒီအခြေခံဥပဒေနဲ့အညီ ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ အစိုးရတို့ကလည်း ပျက်ပြယ်မှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ အဲဒီရွေးကောက်ပွဲတွေက ရွေးကောက်ထားတဲ့ လွှတ်တော်အမတ်တွေလည်း ပျက်ပြယ်မှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရက ဆိုပါတယ်။

ဒါ့ကြောင့် အခြေခံဥပဒေအသစ်ပြန်လည် ရေးဆွဲရေး အခွင့်အာဏာဟာ ၁၉၉၀ ခုနှစ်က ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်တွေမှာ တာဝန်ရှိလာမှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ အခြေခံဥပဒေပျက်ပြယ်ခဲ့ရင် အစိုးရနဲ့ လွှတ်တော်ကို ဆက်လက်ထားရှိပြီး အဲဒီအစိုးရနဲ့ လွှတ်တော်က အခြေခံဥပဒေသစ်ကို တာဝန်ခံရေးဆွဲတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအချက်ဟာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက် အပေါ်မူတည်နိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခြေခံဥပဒေပျက်ပြယ်ရင် လွှတ်တော်နဲ့ အစိုးရပါပျက်ပြယ်နိုင်

ပဋိညာဉ်ပျက်ပြယ်မှုနဲ့ ပတ်သက်ပြီး ဦးကြီးမြင့်က ပြောရာမှာတော့ စစ်အစိုးရတုန်းက ထုတ်ပြန်ခဲ့ဖူးတဲ့ ဥပဒေပုဒ်မ ၅/၉၆ ကိုပါထောက်ပြပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ၁၄ နှစ်ကြာ ရေးဆွဲခဲ့စဉ်က ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ဖြစ်ပါတယ်။ အဲဒီပုဒ်မအရ အခြေခံဥပဒေရေးဆွဲတာကို နှောင့်ယှက်ရင်၊ ဝေဖန်ရင်၊ စာရွက်စာတမ်းဖြန့်ဝေရင်၊ အခြေခံဥပဒေ အတည်မပြုနိုင်အောင် ကြိုးစားဆောင်ရွက်ရင် ထောင်ဒဏ် ၅ နှစ်ကနေ အနှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားကြောင်း ဦးကြီးမြင့်က ပြောပါတယ်။ အဲဒီပုဒ်မနဲ့ ဒေါက်တာအောင်ခင်ဆင့်ကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ဖူးပါတယ်။ အဲဒီဥပဒေဟာ အတင်းအကျပ် အနိုင်အထက် ပဋိညာဉ်ပြုခြင်း၊ မတရားသြဇာသုံးခြင်း ဖြစ်တဲ့ အတွက် အဲဒါဟာလည်း ပဋိညာဉ်ကို ပျက်ပြယ်စေတဲ့ အကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

တရားရုံးဆုံးဖြတ်ချက် အလားအလာ

"တရားသူကြီးချုပ်ကလည်း စစ်ဗိုလ်ပဲ။ ဒုဗိုလ်မှူးကြီးဟောင်းကိုးဗျ။ ရှေ့နေချုပ်ကလည်း စစ်ဗိုလ်ပဲ။ ဗိုလ်ချုပ်ပဲ။ ဒါဒေါ်အောင်ဆန်းစုကြည်ခန့်တာ။ စစ်ဗိုလ်တွေက ဘယ်လိုမှတ်ချက်ပေးမလဲတော့ မသိဘူး။ စစ်ဗိုလ် ၂ ယောက်ရဲ့ရုံးမှာ ဘယ်လောက်အောင်မြင်မလဲဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့ဗျာ" လို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ဆိုပါတယ်။

"တရားဥပဒေကြောင်းအရတော့ အောင်မြင်သင့်တယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီမိုကရေစီ စစ်စစ်မရသေးဘဲ ၂၀၀၈ အောက်မှာ စစ်တပ်နဲ့ ခွဲဝေအာဏာကျင့်သုံးနေရတဲ့အခါ၊ တရားသူကြီးချုပ်တွေကလည်း ဟိုအရင် ဦးသန်းရွှေခန့်ခဲ့တဲ့ တရားသူကြီးချုပ်တွေ၊ ထားပစ်ခဲ့တဲ့လူတွေ၊ အဲဒီလူတွေက ဒါတွေကို ကာကွယ်ဖို့ထားပစ်ခဲ့တာပဲ။ ဒါ့ကြောင့်မို့လို့ ဥပဒေအရ ဘယ်လိုပဲဆိုဆို၊ ဘယ်လောက်ပဲ ပဋိညာဉ်ကပျက်ပျက် နိုင်ငံရေးအရ အောင်မြင်ဖို့တော့ နည်းပါးလိမ့်မယ်လို့ ယူဆရတယ်။ သို့သော် တကယ်ကျတော့ အဲသလို မဖြစ်သင့်ဘူးလို့ ထပ်ဆင့် မှတ်ချက်ပေးချင်ပါတယ်ဗျာ။" လို့လည်း ဦးကြီးမြင့်က ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တပ်နဲ့ ပြည်ခိုင်ဖြိုး ပါဝင်လာ

ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲခံရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာ့နိုင်ငံရေးမှာ အခြေခံဥပဒေဟာ အငြင်းအပွားဆုံး အကြောင်းအရာတခုဖြစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးနန္ဒာလှမြင့်ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"ငါနဲ့ မတူငါ့ရန်သူပုံစံနဲ့ သွားနေမယ့်အစား ရှိနေတဲ့ ပကတိအခြေအနေပေါ်မှာ အကောင်းဆုံးနဲ့ ပြည်သူမနစ်နာအောင် တိုင်းပြည်မနစ်နာအောင် ပူးပေါင်းပြီးတော့မှ အားလုံးအတွက် တန်ဖိုးရှိတဲ့ ရလဒ်တခုထွက်လာအောင် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ ချဉ်းကပ်မှုမျိုးကိုပဲ မြင်ချင်ပါတယ်။ လက်ရှိအရှိတရားကို ပစ်ပယ်လိုက်လို့တော့ မရဘူးလို့ ကျွန်တော်ထင်တယ်။ ရှိနေတဲ့ အရှိတရားအပေါ်မှာ အကောင်းဆုံး ကျွန်တော်တို့ ဘယ်လိုပူးပေါင်းပြီးတော့မှ ရလဒ်ကောင်းထွက်အောင် ကြိုးစားကြမလဲပေါ့နော်။" လို့ဆိုပါတယ်။

အခုလို တရားစွဲဆိုမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အပေါ်မှာ အနှောင့်အယှက်ဖြစ်မှာကို မစိုးရိမ်ဘူးလားလို့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့ ဥက္ကဋ္ဌဦးစောနိုင်းနိုင်းကို မေးရာမှာတော့ "သူတို့သွားနေတဲ့ လမ်းကြောင်းက မဖြစ်နိုင်တဲ့ လမ်းကြောင်းကိုသွားနေတာ။ ဘာဖြစ်လို့လဲဆိုရင် ဒီအခြေခံဥပဒေကို ဖျက်ဖို့ဆိုရင် တနိုင်ငံလုံးရှိ မဲပေးပိုင်ခွင့်ရှိသူများ၏၅၀ ရာနှုန်းကျော်၊ လွှတ်တော်မှာ ဥပဒေအဆိုတင်ဖို့ဆိုရင်လည်း ၇၅ ရာနှုန်းကျော်ဆိုတော့ ဒီဟာတွေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒီဥပဒေက ဘယ်လိုမှ ပြင်လို့ မရအောင် လုပ်ထားပြီးသား ဥစ္စာကြီးဗျ။ ကျွန်တော်တို့က ပြင်ဆင်ချက်ကို မဖြစ်နိုင်မှန်းသိလို့ ပျက်ပြယ်ခြင်းဆိုတာကို ထောက်ပြတာ။ NLD ကလုပ်နေတဲ့ဟာကို ကျွန်တော်တို့က လုံးဝ အယုံအကြည်မရှိပါဘူး။ ဥပဒေအရ သူတို့မမြင်တဲ့ဟာကို ကျွန်တော်တို့က မီးမောင်းထိုးပြလိုက်တာပါ" လို့ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ