ခွေးသတ်ဗိုလ်တွေ ထားတဲ့ခေတ်နဲ့ ခွေးကို ဓာတ်ငွေ့ပေးသတ်ဖို့ကြံခဲ့စဉ်က

dog ဓာတ်ပုံ မူပိုင် AFP
Image caption ခွေးဖမ်းတဲ့ စည်ပင်လုပ်သား

ခွေးရူးပြန်ကာကွယ်ဆေး ဝယ်ရတဲ့အတွက် မြန်မာအစိုးရမှာ သုံးနှစ်အတွင်း ကျပ် ၁၅ ဘီလျံဖိုး သုံးစွဲပြီးပြီလို့ ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ ၁၈ ရက်က ဖြေကြား ရှင်းပြသွားခဲ့ပါတယ်။ ခွေးရူးပြန်လို့ သေဆုံးမှုကိုလည်း လျော့ကျအောင် ထိန်းချုပ်လာနိုင်တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ လူ ၂၄ဝ ကျော် ခွေးရူးကြောင့် သေဆုံးခဲ့ ပေမယ့် မနှစ်က ၇၁ ယောက်ပဲ သေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ခွေးကိုက်ခံရသူ ဦးရေကတော့ ဒီနှစ်ထဲမှာ တလကို လူ ၁၂ဝဝဝ ကျော်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ခွေးကိစ္စ လတ်တလောမှာ လူပြောများနေပေမယ့် မြန်မာနိုင်ငံမှာ ခွေးလေခွေးလွင့် ပြဿနာဟာ အရင်ကတည်းက ရှိခဲ့ပါတယ်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် အမရပူရမြို့တော်မှာ ခွေးလေခွေးလွင့်တွေ များလွန်းလို့ စစ်ကိုင်းဘက်ကို ပို့ပစ်တယ်လို့ သိရပါတယ်။ ဒါကို ဖိုးသူတော်ဦးမင်းက ခွေးကဗျာတပုဒ် စပ်ခဲ့ပါတယ်။

သည်နှစ်တွင် ကြုံပြန်ရ၊ ကျားမနှင့် ဂမ္ဘီ

မောင်ကြီး ကြိုးတွေ သိုင်းပါလို့

စစ်ကိုင်းဆို ဇေယျာမြို့

ကူးပို့ပြန်ပြီ။ ။

ဓာတ်ပုံ မူပိုင် Jeremy Horner
Image caption အမရပူရဆိပ်ကမ်းကနေ ခွေးတွေဖမ်းပို့ခဲ့

ယင်းရဲဆို ကျောက်တောင်ဆိပ်ဆီက

လွမ်းစိတ်နဲ့ မယ်တို့ဆီ

မျှော်ပြီကွယ် ဝူး။

မောင်နဲ့တူပင်၊ မကြီး လှေဝယ်တင်တော့

ကူးပြန်လျှင် မနေစိမ့်ပါနဲ့

သောတာပန်ဆိုတဲ့ ဆိပ်ဆီက

လှိုင်းတိတ်မှ ကူး ဝူး ဝူး ။

ဒီကဗျာနဲ့ အယူခံကောင်းမှုကြောင့် ခွေးတွေကို စစ်ကိုင်းကနေ ပြန်ခေါ်တယ်လို့လည်း ရေးတာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/ BBC Burmese
Image caption လှေသင်းအတွင်းဝန် ဦးရွှေမောင်

ပါတော်မူပြီးစမှာလည်း မြန်မာပြည်က နာမည်ကြီး စစ်ဗိုလ်ချုပ်ဟောင်းတယောက် ခွေးရူးကြောင့် အသက်ဆုံးခဲ့ပါတယ်။ သီပေါမင်းခေတ်မှာ ရေကြောင်း သေနာပတိ ဖြစ်ခဲ့တဲ့ လှေသင်းအတွင်းဝန်ဟာ အဆိပ်ရှိတဲ့ သတ္တဝါကြောင့် အသက်အန္တရာယ်ရှိနိုင်တယ် ဆိုပြီး ဗေဒင် အဟောရှိတဲ့အတွက် မန္တလေး မဟာမုနိဘုရားနားက တက်သေးအင်းထဲမှာ ခပ်ချိုဖောင်ကြီးဖွဲ့ပြီး ဖောင်ပေါ်မှာ အိမ်ဆောက် နေခဲ့ပါတယ်။ ညဆိုရင်လည်း ဖောင်ပေါ်တက်တဲ့ ဆွဲတံတားကို တင်ပြီးမှ အိပ်တာပါ။ ဒါပေမဲ့ ကြမ္မာငင်ချင်တော့လည်း ၁၉၁၁ ခုနှစ် ဆောင်းဦးတညမှာ တံတားကို ဆွဲတင်မထားမိတဲ့အတွက် အိမ်မှာ ကူညီလုပ်နေတဲ့ အမျိုးသမီး တယောက်ကို ခွေးက ဝင်ဆွဲပါတယ်။ ဒါကို ဝင်တားတဲ့ အတွင်းဝန်ကို ခွေးက ဆက်ကိုက်ပါတယ်။ မြန်မာ အင်္ဂလိပ် သမားတော်တွေနဲ့ ကုပေမယ့် မရဘဲ ဒီရောဂါနဲ့ပဲ လှေသင်းအတွင်းဝန် ကွယ်လွန် ခဲ့ပါတယ်။ နောက် အီတလီ၊ စပိန်နဲ့ ပေါ်တူဂီကို သံတော်ကြီးအဖြစ် သွားခဲ့ရတဲ့ နိုင်ငံခြားဝန်ထောက် ဦးခြိမ့်လည်း ခွေးရူးရောဂါနဲ့ပဲ ကွယ်လွန်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Archive
Image caption တိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေတဲ့ မြန်မာတွေ

ခွေးကို ဓာတ်ငွေ့ပေးသတ်ဖို့ကြံ

ဗြိတိသျှခေတ်မှာလည်း ခွေးလေခွေးလွင့်ပြဿနာနဲ့ ဆက်ရင်ဆိုင်ရပါတယ်။ မြန်မာ ဗုဒ္ဓဘာသာဝင်တွေက ခွေးသတ်တာကို အားမပေးတဲ့အတွက် နှိမ်နင်းရတာ အခက်အခဲ ရှိတယ်လို့လည်း ဆိုပါတယ်။ ခွေးသတ်ချင်တဲ့သူ ရှားတဲ့အတွက် ထောင်သားတွေကို ထုတ်ပြီး ခွေးသတ်ခိုင်းဖို့ အကျဉ်းထောင်မင်းကြီးက ၁၈၆၇ ခုနှစ်မှာ စဉ်းစားခဲ့ဖူးတယ်လို့လည်း လိဒ်တက္ကသိုလ်က တွဲဘက်သမိုင်းပါမောက္ခ ဒေါက်တာ ဂျော်နသန်ဆာဟာက ရေးခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်၊ တနင်္သာရီနဲ့ ပဲခူး သုံးနိုင်ငံကို အုပ်ချုပ်တဲ့ မဟာဝန်ရှင်တော်မင်းကြီးက သဘောမတူလို့ ခွေးတွေ ကံကောင်းသွားတယ်လို့လည်း သိရပါတယ်။

ပုံမှန်အားဖြင့် လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တာနဲ့ ရိုက်သတ်တာတွေ ရှိခဲ့ပါတယ်။ ခွေးကျွေးတဲ့ အဆိပ်ပါတဲ့အသားတွေကို ကလေးတွေ ယူစားလို့ သေတာတွေ မဒရပ်မှာ ဖြစ်ခဲ့သလို ဒီလိုနည်း တွေနဲ့ သတ်တာက ခွေးတွေအပေါ် ရက်စက်ရာကျတယ်ဆိုပြီး ဓာတ်ငွေ့ပေးသတ်ဖို့ ၁၉၁၅ ခုနှစ်မှာ ဗြိတိသျှအစိုးရ စဉ်းစား ခဲ့ပါတယ်။ အဆိပ်စျေးကြီးလို့လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဓာတ်ငွေ့ မပေးခင် ခွေးတွေဖမ်းရာမှာ ဒေသခံမပါဘဲ ဖမ်းဖို့ ခက်ခဲမယ်၊ ဒေသခံ မြန်မာတွေကလည်း ဒါမျိုး လုပ်ချင်မှာ မဟုတ်ဘူးဆိုပြီး ဒီအကြံကို လက်လျှော့ခဲ့တယ်လို့ ဒေါက်တာဆာဟာက ရေးပါတယ်။

မြန်မာတွေဟာ တိရစ္ဆာန်နဲ့ ကလေးသူငယ်တွေအပေါ် ညှာတာသနားစိတ်ကြီးတဲ့ လူမျိုးဖြစ်တယ်၊ ဒါပေမဲ့ ဒီစိတ်ကြောင့်ပဲ သူတို့အသက်ကို ရန်ရှာမယ့် ခွေးလေခွေးလွင့်တွေကို မနှိမ်နင်းနိုင် ဖြစ်ရတယ် လို့လည်း ဧရာဝတီတိုင်းက အရေးပိုင်တယောက်က ၁၉၁ဝ မှာ ရေးခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် National Health Laboratory
Image caption ပါးစတားဆေးရုံဖြစ်ခဲ့တဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန

ခွေးရူးပြန်နဲ့ တခြားကူးစက်ရောဂါတွေကို ကာကွယ်ကုသဖို့ ပါးစတားဆေးရုံခေါ်တဲ့ ဆေးရုံတခုကို ၁၉ဝ၄ ခုနှစ်ကတည်းက အခု မော်ကွန်းတိုက်လမ်းဖြစ်နေတဲ့ ရန်ကုန် စတီးဝပ်လမ်းမှာ ဖွင့်လှစ် ခဲ့ပါတယ်။ ၁၉၆ဝ ပြည့်လွန်နှစ် တွေမှာ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း ဖြစ်လာခဲ့တဲ့ ဒီဆေးရုံက ခွေးရူးပြန် ကာကွယ်ဆေးထိုးတာတွေ လုပ်ပေးခဲ့ပါတယ်။ ပြင်သစ်က ခွေးရူးပြန် ကာကွယ်ဆေး တီထွင်ခဲ့တဲ့ လူဝီပါစတာကို အစွဲပြုပြီး ဒီဆေးရုံတွေ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခွေးရူးကိုက်ရင် ဗိုက်ကို အကြိမ်ကြိမ် ဆေးထိုးရတဲ့ ဒုက္ခကို လူတွေက ကြောက်ကြပါတယ်။ ခွေးရူးဆေးထိုးရတာ အင်မတန် ပင်ပန်းတယ်လို့လည်း သိရပါတယ်။ ပါးစတား ကုထုံးမပေါ်ခင်က ခွေးရူးကိုက်ခံရသူကို အနာကို လှီးဖြတ်ပစ်တာ၊ အနာနေရာကို သံပူမီးပူထိုးတာ စတဲ့ နည်းတွေနဲ့ ကုခဲ့တယ်လို့ မြန်မာ့ စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။

ခွေးသတ်ဗိုလ်

ဒါပေမဲ့လည်း ခွေးလေခွေးလွင့် အန္တရာယ်က မြန်မာပြည်မှာ တောက်လျှောက်ရှိနေခဲ့ပါတယ်။ ၁၉၃ဝ ကျော်က ရန်ကုန်တက္ကသိုလ်တဝိုက်မှာ ခွေးရူးပေါလို့ နေ့တိုင်းလိုလို အကိုက်ခံရသူတွေ ရှိတယ် လို့ သိရပါတယ်။ ကျောင်းဆောင်တွေမှာ အပြင်သွားရင် ခွေးရူးသတိထားဖို့ သတိပေးစာတွေ ကပ်ထားတယ်လို့ စာရေးဆရာမြကေတုခေါ် မြန်မာစာပါမောက္ခ ဦးချမ်းမြက ရေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption ရန်ကုန်တက္ကသိုလ်နယ်မြေက အဆောင်တခု

ဒါကြောင့် ဗြိတိသျှအစိုးရက ခွေးသတ်ဗိုလ်ခေါ် သေနတ်သမားတွေ ထားပြီး ခွေးတွေကို သတ်ခိုင်းတာတွေ ရှိခဲ့တယ်လို့လည်း သူကရေးခဲ့ပါတယ်။ ကျောင်းသားတွေ ထမင်းစားဆောင်နားမှာ သူတို့ သတ်ထားတဲ့ ခွေးသေတွေကို တွေ့ရရင် ကျောင်းသားတွေ ထမင်းမစားနိုင် ဖြစ်ရတယ် လို့လည်း ဆိုပါတယ်။ ရန်ကုန် စည်ပင်နယ်နိမိတ်ထဲမှာ အဲဒီခေတ်က ခွေးသတ်ဗိုလ် ၁ဝ ယောက်လောက် ရှိတယ်လို့ သိရပါတယ်။

လူကို ဒုက္ခပေးတဲ့ လမ်းဘေးခွေးတွေကို ရှင်းပေးပေမယ့် လူတွေက ဒီခွေးသတ်ဗိုလ်တွေကို မကြိုက်ကြပါဘူး။ ရူးမှ ပစ်သတ်ဖို့ ကောင်းတယ်၊ မရူးခင် လမ်းဘေးမှာ ရှာစားရတဲ့ခွေးတွေကို မသတ်သင့်ဘူး ဆိုပြီး စာနယ်ဇင်းတွေမှာ ရေးသူတွေလည်း ရှိခဲ့ပါတယ်။ ဒီထဲက ဒီးဒုတ်ဦးဘချို ရေးတဲ့ ခွေးနတ်သံ ကဗျာက ထင်ရှားပါတယ်။ ကလေးတွေအတွက် အစာရှာသွားတုန်း ခွေးသတ်ဗိုလ်နဲ့ တွေ့လို့ သေသွားတဲ့ ခွေးမကြီးက နတ်ဖြစ်ပြီး နတ်သံနှောပြောငိုတဲ့အကြောင်း ကဗျာပါ။ ဒီကဗျာကိုဖတ်ပြီး လူတွေက သနားကြပေမယ့် စည်ပင်ကတော့ ခွေးတွေကို ဆက်သတ်ပါတယ်။

ဒီခွေးသတ်ဗိုလ်တွေဟာ တရက်ကို ခွေးအကောင် ၃ဝ လောက် ရအောင်သတ်ရပြီး သတ်ထားတဲ့ ခွေးတွေကို အမြီးဖြတ်ပြပြီး တကောင် တကျပ်နှုန်းနဲ့ ပိုက်ဆံထုတ်ရတယ်လို့ ဆိုပါတယ်။ ခွေးတွေက ခွေးသတ်ဗိုလ်တွေကို မြင်ရင် ဟောင်ကြတာပါ။

ကုန်းဘောင်ခေတ်က ခွေးကဗျာတွေလိုပဲ ဗြိတိသျှခေတ် တက္ကသိုလ်မှာလည်း ရည်းစားဆီ ခွေးကိုစေတမန်လွှတ်တဲ့ ခွေးစေရတုရေးတဲ့သူ ရှိခဲ့ပါတယ်။ စာရေးဆရာကုသ အဖြစ် ထင်ရှားတဲ့ မော်လမြိုင် ကောလိပ်ကျောင်းအုပ်ကြီး ဦးတိုးအောင်ရဲ့ ကဗျာ ပါ။ အောင်နက်နတ်သံ ဆိုပြီး ခွေးသတ်ဗိုလ်လက်ချက်နဲ့ အသက်ထွက်ရတဲ့ ခွေးအကြောင်း ကဗျာကိုလည်း မြကေတုက ရေးပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption မှော်ဘီခွေးခြံကို ခွေးတွေပို့

ဘေးမဲ့ပေးမလား ရှင်းမလား

ခွေးဘေးမဲ့ခြံတွေဆောက်ပြီး ခွေးတွေထားဖို့ စိတ်ကူးကလည်း ဦးနုခေတ်ကတည်းက ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ ပုပ္ပါးမှာ ဒီလိုခြံဆောက်ထားဖို့ စိတ်ကူးပေမယ့် စရိတ်ကြောင့် မအောင်မြင်ခဲ့ဘူး ဆိုပါတယ်။ ဒီလိုနဲ့ ခွေးတွေကို စည်ပင်က ရှင်းပေမယ့် သူတို့ကို ထမင်းကျွေး ကုသိုလ်လုပ်သူတွေကြောင့် လမ်းဘေးခွေး သုတ်သင်ရေးက အမြစ်မပြတ် ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် တရုတ်ပြည်ကို မြန်မာစာရေးဆရာတွေ သွားတဲ့အခါမှာ လူတွေအတွက် စားနပ်ရိက္ခာဖူလုံဖို့ စာကလေး၊ ခွေးစတဲ့ တိရစ္ဆာန်တွေကို ရှင်းပစ်တာ တွေ့ခဲ့ကြောင်း ပြန်ရေးကြ ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ၁၉၆၂ အာဏာမသိမ်းခင်အထိ ဝန်ကြီးချုပ် ဦးနုက တိရစ္ဆာန် အကောင် ၆ဝဝ ကျော်ကို ရဲစခန်းနားမှာ ဘေးမဲ့ပေးတာမျိုးတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် leminhkhai.wordpress.com
Image caption တိရစ္ဆာန် ဘေးမဲ့ပေးနေတဲ့ ဦးနု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂ဝ၃ဝ ပြည့်နှစ်မှာ လူကို ခွေးရူးပြန်ရောဂါကူးစက်တာ မရှိအောင် တားဆီးကာကွယ်မယ်လို့ ရည်မှန်းထားပါတယ်။ မြန်မာနိုင်ငံက လမ်းဘေးခွေးနှိမ်နင်းရေး အားထုတ်မှုနဲ့ အဲဒီ ရည်ရွယ်ချက် အောင်မြင်ဖို့ ခက်နိုင်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးမှု အရေအတွက် ကျလာပေမယ့် ခွေးရူးနဲ့ သေသူက ငှက်ဖျားထက် များလာတာကို ၂ဝ၁၄ နောက်ပိုင်း နှစ်တွေမှာ ကြုံနေရတယ်လို့ ဒေါက်တာ တင့်တင့်ကြည်၊ ပါမောက္ခ ဒေါက်တာချစ်စိုး စတဲ့ မြန်မာ ဆေးပညာရှင်တွေက အမေရိကန် အပူပိုင်းဆေးပညာဂျာနယ်မှာ စာတမ်းရေးသား ထောက်ပြပါတယ်။ ခွေးတွေကို ကာကွယ်ဆေး ထိုးဖို့ကလည်း နိုင်ငံမှာ ပိုင်ရှင်ရှိ ခွေးလေးသန်း၊ ပိုင်ရှင်မဲ့က နှစ်သန်း ရှိနေပြီး ခွေးပေါက်ပွားနှုန်း က အချိန်ကိုက်ဗုံးကြီးလို ဖြစ်နေတယ်လို့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေး ထားပါတယ်။ ဒါကြောင့် ခွေးတွေကို သားကြောဖြတ်ဖို့က ပိုပြီး စရိတ် အကုန်အကျ နည်းတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption ကာကွယ်ဆေးထိုးပေးထားတဲ့ခွေး

တခြားဘက်ကလည်း ခွေးရူးရောဂါဟာ အစိုးရ စောင့်ကြည့်တဲ့ ရောဂါ ၁၇ မျိုးမှာ ပါပေမယ့် တခြားကူးစက်ရောဂါတွေလို ကျန်းမာရေးဌာနမှာ သတိပေးအကြောင်းကြားရတဲ့ ရောဂါမဟုတ်တာ၊ ဆေးရုံမလာဘဲ အိမ်မှာကုလို့ အသက်ဆုံးတာ၊ နောက်ပြီး ချင်းပြည်နယ်လို တောင်ထူထပ်တဲ့ဒေသတွေမှာ ခွေးရူးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ၁ဝ နှစ်လောက်မကောက်နိုင်တာ စတဲ့ အားနည်းချက် တွေ ရှိနေသေးတဲ့အတွက် ခွေးရူးရဲ့ ပြန့်နှံ့မှုကို သေချာ သိဖို့လည်း ဒီထက်အရေးကြီးနေပါတယ်။

ခွေးရူးရောဂါဗိုင်းရပ်ပိုးကို စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းကလည်း ရန်ကုန်မှာသာရှိပြီး ရောဂါရှိမရှိ ရောဂါလက္ခဏာကြည့်စစ်ဆေးနည်းနဲ့သာ ဆုံးဖြတ်ကြတာမို့ လွတ်သွားနိုင်တဲ့ ရောဂါရှင်တွေလည်း ရှိနိုင်ပါတယ်။ ပြီးတော့ ခွေးရူးပြန် ကာကွယ်ဆေးကို အအေးခံထားရတဲ့အတွက် မြွေဆိပ်ဖြေဆေးလိုလည်း တိုက်နယ်ဆေးရုံတွေအထိ မပေးနိုင်သေးပါဘူး။ မြို့နယ် ၃၃ဝ စလုံးကို ရောက်အောင်တော့ ပို့ထားတယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက လွှတ်တော်မှာ ပြောကြားပါတယ်။

ခွေးချစ်သူတွေကို ပညာပေးဟောပြောစည်းရုံးတာတွေ လုပ်နိုင်မှ၊ ခွေးမွေးခွင့်လိုင်စင်ကို ကာကွယ်ဆေးထိုးမှုနဲ့တွဲပြီး ကြပ်မတ်ပေးနိုင်မှ ၊ လမ်းဘေးခွေးနှိမ်နင်းရေးကို စနစ်တကျ ဆောင်ရွက်နိုင်မှသာ ခွေးရူးပေါတဲ့ အခြေအနေကို ပြန်ပြီး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို စည်းကမ်းမဲ့ ခွေးပေါက်ပွားမှုနဲ့ ခွေးရူးရောဂါကို ထိန်းမှသာ ခွေးရူးအတွက် သုံးနေရတဲ့ ကျန်းမာရေးဘက်ဂျက်ကို ကျပ်သုံးဘီလျံထိ လျှော့ချနိုင်မယ်လို့လည်း ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ခွေးကိုဖမ်းပြီး စခန်းပို့