၁၉၈၉၊ ရန်ကုန်မြို့က လမ်း ၂ဝဝ ကို နာမည်ပြောင်းတဲ့နှစ်

burma ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ရန်ကုန်မြို့လယ်က ဆူးလေစေတီ

ရန်ကုန်မြို့ကို ဒုတိယအင်္ဂလိပ်မြန်မာစစ်အပြီး ၁၈၅၃ မှာ ဗြိတိသျှအစိုးရက ပြန်ပြီးတည်ထောင်ပါတယ်။ မြန်မာဘုရင်တွေ ဆောက်ခဲ့တဲ့ ကျဉ်းမြောင်းတဲ့ တပ်မြို့ဟောင်းဟာ စစ်ဒဏ်ခံလိုက် ရတဲ့အတွက် ဒါကို ဖျက်ပြီး ကုန်သွယ်ရေးအတွက် အဆင်ပြေမယ့် ဖြောင့်တန်းတဲ့ လမ်းမကြီးတွေနဲ့ ခေတ်မီမြို့သစ်တည်ဆောက်တာ ဖြစ်ပါတယ်။

ဗြိတိသျှတွေ ဆောက်တဲ့မြို့တော်ဖြစ်လို့ မွန်မြန်မာဘုရင်တွေတည်ခဲ့တဲ့ တခြားမြို့တော်တွေနဲ့ မြို့ကွက်ချပုံ၊ အဆောက်အအုံပုံစံကအစ ကွာခြားပြီး လမ်းနာမည်ပေးရာမှာလည်း အင်္ဂလိပ်နာမည်နဲ့ အိန္ဒိယ တရုတ်အမည်တွေ ပါတာ တွေ့ရပါတယ်။

ညစာစားပွဲမှာ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက သူနဲ့ခင်တဲ့သူတွေကို အရက်သောက်ရင်း ဂုဏ်ပြုမှည့်ခေါ်ခဲ့တာလို့ သတင်းစာဆရာ ဦးသိမ်းမောင်ရဲ့ ရန်ကုန်ရာဇဝင်သမိုင်း မှာ ဖော်ပြပါတယ်။

လွစ္စလမ်းနဲ့ဘားလမ်းအစ

အရှေ့အိန္ဒိယကုမ္ပဏီ စစ်သင်္ဘော ကပ္ပတိန် ဘရုတ်ကင်း၊ ရန်ကုန်အရေးပိုင် ကပ္ပတိန် စပတ်၊ ဆိပ်ကမ်းအရာရှိ ဟာရိုးလူးဝစ်၊ ပဲခူးဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ယာ၊ မော်လမြိုင်စစ်ကဲဟောင်း ဂျီအီးဘား၊ အကောက်ဝန် ရောဘတ် အက်ဒွပ် စတဲ့ ဒီအရာရှိတွေ နာမည်နဲ့ မြို့သစ် လမ်းတွေကို မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ မြို့ကွက်ကို ရေးဆွဲခဲ့တဲ့ မောင်ဂိုမာရီ၊ ဖရေဇာနဲ့ လော့ဒ်ဒါလဟိုဇီတို့ နာမည်တွေ ကိုလည်း မြို့လယ်က လမ်းမကြီးတွေမှာ မှည့်ခေါ်ခဲ့ပါတယ်။

နောက် ဗြိတိသျှနဲ့ နီးစပ်တဲ့ မြန်မာအရာရှိတွေ၊ မြို့မှာ ချမ်းသာတဲ့ အိန္ဒိယ၊ တရုတ်နဲ့ မြန်မာကုန်သည်တွေ စတဲ့သူတွေရဲ့ နာမည်နဲ့ လမ်းတွေ ရှိသလို မြန်မာနဲ့ အာရှပုံစံ သက်မွေးဝမ်းကျောင်းပညာအလိုက် စာဆိုတန်း၊ ပန်းဆိုးတန်း၊ လှည်းတန်း စတဲ့ နာမည်နဲ့လမ်းတွေလည်း ရှိပါတယ်။ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ပုဇွန်တောင် စတဲ့ မြန်မာရပ်ကွက်တွေမှာတော့ အုန်းပင်လမ်း၊ ဆီဆုံလမ်း၊ လိပ်ကန် စတဲ့ မြန်မာနာမည်နဲ့ လမ်းတွေ နေရာတွေ ရှိကြပါတယ်။

ဒါပေမဲ့ ဒီနာမည်တွေကို မြန်မာဆန်တဲ့ မြန်မာနာမည်တွေ ပေးဖို့ တောင်းဆိုမှုတွေဟာ ဗြိတိသျှလက်အောက်မှာ ကတည်းက ရှိခဲ့ပါတယ်။ အထူးသဖြင့် ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲပြီးနောက် မြန်မာအမျိုးသားရေးစိတ်တွေ ပိုတက်ကြွလာပြီး မြို့လယ်က ဖိုက်စကွဲ ပန်းခြံကို မဟာဗန္ဓုလပန်းခြံအဖြစ် အမည်ပြောင်းဖို့နဲ့ ဗန္ဓုလကြေးရုပ်ထားဖို့ လွှတ်တော်အမတ်တချို့က တောင်းဆိုတာတွေ ဖြစ်လာပါတယ်။

၁၉၂၉ မှာ အစာငတ်ခံဆန္ဒပြရင်း ပျံလွန်တဲ့ ရဟန်းတော် ဦးဝိစာရအထိမ်းအမှတ် တိုက်ဂါးအယ်လီလမ်းခေါ် ဗွိုင်းလမ်းကို ဦးဝိစာရလမ်းအဖြစ် အမည်ပြောင်းတာလည်း ၁၉၄ဝ မှာ ရှိလာပါတယ်။ ဦးဝိစာရအထိမ်းအမှတ် ကြေးရုပ်လည်း နောက်ပိုင်းမှာ စိုက်ထူပါတယ်။

ဓာတ်ပုံ မူပိုင် NICOLAS ASFOURI
Image caption မြန်မာခြင်္သေ့ရုပ်နဲ့ ဘွဲ့နှင်းသဘင်

နောက် ၁၉၃ဝ ကျော်မှာပဲ ရန်ကုန်မြို့တော်ခန်းမနဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အအုံတွေမှာ မြန်မာပုံစံ ပြာသာဒ်နဲ့ အထွတ်တင်တာ၊ အမွမ်းအမံ ခြယ်တာတွေ ဖြစ်လာပါတယ်။ ဒါကလည်း ဦးဘဘေစတဲ့ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေရဲ့ တိုက်တွန်းမှုနဲ့ ဗိသုကာဦးတင်လို ပြည်ပမှာ ပညာသင်ခဲ့တဲ့ မြန်မာဗိသုကာတွေ ပေါ်လာလို့ ဖြစ်ပါတယ်။

မေမြို့နဲ့ အာလံကို ပြင်ဦးလွင်နဲ့ မြေထဲလို့ခေါ်စေ

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၃ မှာ ဂျပန်ဆီက လွတ်လပ်ရေး ရပြီးနောက် ဒေါက်တာဘမော်ရဲ့ မြန်မာအစိုးရသစ်က မြို့နာမည်တချို့ကို မြန်မာနာမည်ပြောင်းတာနဲ့ လမ်းနာမည်ပြောင်းတာတွေ လုပ်ခဲ့ ပါတယ်။ ဒီထဲမှာ ဗြိတိသျှ စစ်အရာရှိတွေတည်တဲ့ မေမြို့နဲ့ အာလံမြို့တွေကို ပြင်ဦးလွင်နဲ့ မြေထဲလို့ ပြောင်းတာပါပါတယ်။ ရန်ကုန်တင်မက မော်လမြိုင်၊ ပုသိမ်၊ သံတွဲ၊သရက်၊ ထားဝယ်၊ ညောင်တုန်း၊ မအူပင်၊ ဟင်္သာတ၊ ရွှေဘို၊ ကျောက်ဆည်၊ ပခုက္ကူ၊ သထုံ မြို့တွေမှာလည်း လမ်းနာမည်တွေကို မြန်မာနာမည်ပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် John S Lander
Image caption စကော့၊ ရန်နိုင်နဲ့ ဗိုလ်ချုပ်စျေးလို့ သုံးမည်ရခဲ့တဲ့စျေး

ဒီမှာ စိတ်ဝင်စားစရာ ကောင်းတာက ရန်ကုန်မြို့လယ်က ကော်မရှင်နာလမ်းနဲ့ မောင်ဂိုမာရီလမ်းတွေကို ဒေါက်တာဘမော်ရဲ့ သမက် ဗိုလ်ရန်နိုင်ကို အစွဲပြုပြီး ရန်နိုင်လမ်းလို့ နာမည်မှည့်တာပါ။ စကော့စျေးကိုလည်း ရန်နိုင်စျေးလို့ ခေါ်ပါတယ်။ ၁၉၄၈ ဗြိတိသျှဆီက လွတ်လပ်ရေး ရပြီးနောက်မှာတော့ ဒီလမ်းနဲ့ ဒီစျေးတွေကို ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဗိုလ်ချုပ်စျေးလို့ မှည့်ခေါ်ခဲ့ကြပါတယ်။

ဒါလဟိုဇီလမ်း၊ မားချင့်လမ်းနဲ့ စထရင်းလမ်းတွေကို ဗန္ဓုလလမ်း၊ ကုန်သည်လမ်းနဲ့ ကမ်းနားလမ်းလို့ ပြောင်းလဲခေါ်ဆိုတာလည်း ၁၉၄၃ ကတည်းက ဖြစ်ပါတယ်။ ဖရေဇာနဲ့ ဆက်သွားတဲ့ ကင်နယ်နဲ့ ဘီဂင်ဒက်လမ်းတွေကို ဥက္ကလာပလမ်းလို့ ခေါ်ပြီး လွတ်လပ်ပြီးနောက် အနော်ရထာလမ်း ဖြစ်လာပါတယ်။

မြို့ထဲက ဆူးလေပဂိုးဒါးလမ်း၊ ဖယ်ယာလမ်း၊ ဂျူဒါအီဇီကယ်နဲ့ စတော့ကိတ်လမ်းတွေကိုလည်း အဲဒီကတည်းက ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်းနဲ့ သိမ်ဖြူလမ်းလို့ ပြောင်းခဲ့သလိုပဲ မြို့စွန်က ဝင်ဒါမီယာ၊ ဂွဒ်လစ်ဖ်၊ ဂိုလ်ဒင်ဘယ်လီ၊ ယူနီဘာစီတီအဗင်း နယူးလမ်းတွေကိုလည်း ဗောဓိကုန်း၊ လွတ်လပ်ရေး၊ရွှေတောင်ကြား၊ တက္ကသိုလ်လမ်းဆိုတဲ့ အမည်တွေ ပြောင်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် DEA / G. WRIGHT
Image caption ဟိုက်ကုတ်ရုံးလို့သိခဲ့တဲ့ ရန်ကုန်တိုင်းတရားလွှတ်တော်

နောက်ပိုင်း အလံပြဘုရားလမ်း ဖြစ်လာမယ့် ဆစ်နယ်ပဂိုးဒါးလမ်းကို တပ်မတော်လမ်းလို့ မှည့်ခဲ့တာကလည်း ထူးခြားသလို ရှင်စောပုနဲ့ သရစိမ်းမိဘုရားတွေ စံနေခဲ့တဲ့ ဝင်ဆာလမ်းနဲ့ လန်ကတ်စတာ လမ်းတွေကိုလည်း သူတို့အမည်တွေနဲ့ မှည့်ခေါ်စေခဲ့ပါတယ်။ ဦးဖိုးကျားရဲ့ ပုံနှိပ်တိုက်ရှိတဲ့ ကာလပတ်လမ်းကိုလည်း မြန်မာ့ဂုဏ်ရည်လမ်းလို့ အဲဒီကတည်းက ပြောင်းလဲခဲ့ပါတယ်။ လွတ်လပ်ပြီးနောက် ဗိုလ်အောင်ကျော်လမ်း ဖြစ်မယ့် စပတ်လမ်းကိုတော့ ဇေယျလမ်းလို့ ပြောင်းခဲ့ပါတယ်။

တခြား ထူးခြားတဲ့ ဂျပန်ခေတ် နာမည်ပြောင်းလမ်းတွေကတော့ သရက်က မင်းကြီးစွာစော်ကဲလမ်းနဲ့ စောဥမ္မာလမ်း၊ ရေနံချောင်းက ဒို့ဗမာလမ်းနဲ့ ရွှေရည်လမ်း၊ ရွှေဘိုက ရန်ကြီးအောင်လမ်းနဲ့ ရတနာသိင်္ဃလမ်း၊ ထားဝယ်က ဦးကျော်ရင်လမ်းနဲ့ ရွှေတောင်စားလမ်း၊ အစည်းအရုံးလမ်းတွေ ဖြစ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Harvey Meston
Image caption ဗန္ဓုလပန်းခြံထဲမှာ လွတ်လပ်ရေးကျောက်တိုင်စိုက်

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဗန္ဓုလပန်းခြံထဲမှာ လွတ်လပ်ရေးကျောက်တိုင်စိုက်တာအပြင် ဒါလဟိုဇီပန်းခြံ၊ အလုံပန်းခြံနဲ့ ကန်တော်မင်ပန်းခြံတွေကို ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၊ သခင်မြပန်းခြံနဲ့ ဦးဥတ္တမပန်းခြံလို့ ခေါ်ဆိုတာတွေ လုပ်ပါတယ်။ မြို့လယ်က လမ်းမကြီးတွေကိုလည်း ဂျပန်ခေတ်ကလိုပဲ မြန်မာနာမည်တွေ ပြန်မှည့်ပါတယ်။ ဘီအေအေကွင်းကို အောင်ဆန်းကွင်း ပြောင်းတာလည်း ဖဆပလခေတ်မှာ ဖြစ်ပါတယ်။

ဘားမားကနေ မြန်မာပြောင်း

ဒါပေမဲ့ ၁၉၈၉ ခုနှစ်မှာ နိုင်ငံနာမည်ကို အင်္ဂလိပ်လို ဘားမားကနေ မြန်မာပြောင်းတဲ့အချိန်၊ ပြည်နယ်နဲ့တိုင်းနာမည်တွေနဲ့ မြို့တော် နာမည်တွေ၊ မြစ်ကြီးတွေရဲ့နာမည်တွေ အင်္ဂလိပ်စာလုံးပေါင်းတွေကို ပြင်ချိန်မှာပဲ ရန်ကုန်လမ်းနာမည် နှစ်ရာနီးပါးကို မြန်မာအမည်ပြောင်း တာတွေ လုပ်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရန်ကုန်မြို့က သက်ကြီး နေ့ဂေဟာ

ဒီတခါပြောင်းရာမှာ ထူးခြားချက်က ဗြိတိသျှခေတ်က ဗြိတိသျှဘက်သားလို့ ယူဆခံရတဲ့ မြန်မာအရာရှိနဲ့ လူပုဂ္ဂိုလ်တချို့ နာမည်နဲ့လမ်းတွေကို နာမည်ပြောင်းတာပါ။ ရန်ကုန်မြို့လယ်က မောင်ထော်လေး လမ်း၊ မောင်ခိုင်လမ်းနဲ့ ဦးအုန်းခိုင်လမ်းတွေကို ဗိုလ်ဆွန်ပက်လမ်း၊ ဗိုလ်ရွဲလမ်းနဲ့ ဗိုလ်မင်းရောင်လမ်းလို့ ပြောင်းပစ်ပါတယ်။ ၁၉၈၉ မတ်လ ၂၇ ရက်က ဆင်းဒဝစ်လမ်းကနေ နတ်ရှင်နောင်လမ်းလို့ ပြောင်းခဲ့တဲ့လမ်းကိုလည်း ဗိုလ်ရာညွန့်လမ်းလို့ အဲဒီနှစ် ဇူလိုင်လ ၁၉ ရက်မှာပဲ ပြန်ပြောင်းပါတယ်။

ဘောက်ထော်က ဒီမိုကရေစီလမ်းကိုလည်း စော်လှဘော်လမ်းလို့ ပြောင်းပါတယ်။ ဝန်ကြီးအိမ်တွေ ရှိတဲ့ ဝင်ဒါမီယာထဲက ဝင်ဒါမီယာလမ်း၊ ဝင်ဒါမီယာအောက်လမ်း၊ ဝင်ဒါမီယာကုတ်၊ ဝင်ဒါမီယာဂါးဒင်း၊ ဝင်ဒါမီယာပတ်ခ်၊ ဝင်ဒါမီယာခရဲဆင့်လမ်းတွေကိုလည်း သံလွင်လမ်း၊ ချင်းတွင်းလမ်း၊ ရွှေလီလမ်း၊ ဥယျာဉ်လမ်း၊ ဇော်ဂျီလမ်း၊ ပန်းဝါလမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ သမ္မတဟောင်း ဦးနေဝင်းရဲ့အိမ်ရှိတဲ့ အေဒီလမ်းကို မေခလမ်းလို့ပြောင်းပါတယ်။

ဘီပီအိုင်၊ ဂျမား၊ အဇစ်ခြံ၊ ဆူပါပင်၊ အီတာလျံ၊ ဘော်ဂါ၊ ဝှိုက်တော၊ ယောက်လမ်း၊ အာရကန်၊ ခြေလိမ်၊ စက်ဆန်းနာနာဘိုင် စတဲ့ ရပ်ကွက်နာမည်တွေကို ဗိုလ်ရန်ပြေ၊ ဗိုလ်ချို၊ ဆရာစံ၊ စောရန်ပိုင်၊ ဗိုလ်ထွန်းဇံ၊ ဘောဂ၊ သီတာ၊ ယောမင်းကြီး၊ သင်္ဘောကျင်း၊ ယမုံနာ ၁ နဲ့ ၂ ဆိုပြီး ပြောင်းပစ်သလိုပဲ ကနေဒီကျွန်းကိုလည်း လွတ်လပ်ရေးကျွန်းလို့ အမည်သစ်ပေးခဲ့ပါတယ်။ မိုင်ဒါနဲ့ ရဲဒီးယားကွင်း တွေကိုလည်း မြို့မကွင်းနဲ့ ရန်ကြီးအောင်ကွင်းအဖြစ် ပြောင်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Pierre Barbier
Image caption ရန်ကုန်တရုတ်တန်းမြင်ကွင်း

ဘယ်လိုပဲ နာမည်တွေပြောင်းပြောင်း ယောက်လမ်းကို ရန်ကုန်ကလူတွေက ယောက်လမ်းလို့ ဆက်ခေါ်ကြသလိုပဲ ဝင်ဒါမီယာ၊ ဘားလမ်း၊ ဂျင်မခါနာ စတဲ့နေရာတွေကိုလည်း အရင်လို မှတ်သား ခေါ်ဆိုကြသူတွေ ရှိနေဆဲပါ။

ကိုလိုနီရောင်ကို မျိုးချစ်ရောင်ပြောင်းသုတ်

ဗြိတိသျှခေတ်က လမ်းနာမည်တွေမှာ အင်္ဂလိပ်နာမည်တွေများလို မြို့လယ် ပန်းခြံတွေမှာလည်း သူတို့ ဘုရင်၊ ဘုရင်မပုံတူရုပ်တုတွေနဲ့ တက္ကသိုလ်ထဲမှာလည်း တည်ထောင်သူ ဆာဟာကုတ်ဘတ္တလာ ပုံတူရုပ်တုတွေ ထားရှိခဲ့ပါတယ်။ ဒီအရုပ်တွေကို စစ်အတွင်း ဂျပန်လက်ထက်မှာ အကုန်ဖြိုပစ်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်မှာတော့ လွတ်လပ်ရေးကျောက်တိုင်နဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေက သူတို့နေရာ ယူခဲ့ပါတယ်။ ဗြိတိသျှပုံစံ ရုံးကြီးတွေနဲ့ အိမ်တော်တွေကို ဆက်လက်အသုံးပြုခဲ့ပေမယ့် ခြောက်ထပ်ရုံး၊ လိပ်ခုံးနဲ့ ပျားအုံ၊ ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူနဲ့ ဗုဒ္ဓစာကြည့်တိုက်၊ ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ အင်းယားလိပ်ဟိုတယ်၊ သမ္မတရုံ စတဲ့ ခေတ်မီဗိသုကာအဆောက်အအုံသစ်တွေလည်း တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့လယ်လမ်းကြီးတွေကလွဲပြီး ကျန်တဲ့လမ်းနာမည်တွေကို အင်္ဂလိပ်၊ အိန္ဒိယနဲ့ တရုတ်နာမည်တွေ ဆက်ပေးထားဆဲ ဖြစ်ပါတယ်။

နဝတအစိုးရလက်ထက် နောက်ဆုံးတခေါက်ပြောင်းချိန်မှာ ဗိုလ်နာမည်ပါတဲ့လမ်းနာမည် ၁၄ ခုလောက်ရှိခဲ့သလို ဗြိတိသျှကို အစောဆုံး ခုခံခဲ့တဲ့ လူမျိုးစုခေါင်းဆောင်တွေ နာမည်ကိုလည်း လမ်းနာမည် မှည့်ခဲ့တာ တွေ့ရပါတယ်။ တရုတ်သူဌေး ချန်းမာဖီနာမည်နဲ့လမ်းကို နှင်းဆီလမ်းလို့ ပြောင်းခဲ့သလို ဖဆပလခေတ်မှာ ကမ္ဘောဇနန်းတော်ဖြစ်လာတဲ့ ချင်းချောင်းပဲလေ့စ်နားက လမ်းကလည်း ကမ္ဘောဇလမ်း အဖြစ် ပြောင်းခဲ့ပါတယ်။ ကြည့်မြင်တိုင်က ချင်းချောင်းလမ်းတွေကိုတော့ ဒေါနလမ်းတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ စမ်းချောင်းက ဂုရုလမ်းကို သုခမိန်လမ်းပြောင်းခဲ့သလို ဟာဂျီလမ်း၊ လက်ချမီလမ်း၊ မူလာအိစမန်လမ်း၊ ဇဖားရှား စတဲ့ အိန္ဒိယနာမည်နဲ့လမ်းတွေကိုလည်း မြန်မာနဲ့ ပါဠိအမည်တွေ ပြောင်းခဲ့ပါတယ်။

ဂျပန်ခေတ်က ရွှေဘိုက သယ်လာတဲ့အောင်မြေရှိတဲ့ ကန်တော်ကြီးပတ်လမ်းကို အောင်မြေလမ်းလို့ မှည့်ခေါ်သလိုပဲ တခြားလူမျိုးနာမည်နဲ့ လမ်းနာမည်၊ ရပ်ကွက်နာမည်နဲ့ ပန်းခြံ၊ ကစားကွင်းအမည် တွေကို မြန်မာနာမည်တွေ ပြောင်းတာ၊ ဘာသာပြန်ပြီး ခေါ်တာတွေကလည်း နိုင်ငံရေးအရ ပြောင်းတာတွေ ဖြစ်ပါတယ်။ ၁၉၃၁ သန်းခေါင်စာရင်းမှာ ရန်ကုန်လူဦးရေ လေးသိန်းမှာ ထက်ဝက်နီးပါးက အိန္ဒိယ နွယ်ဖွားတွေ ဖြစ်ပြီး မြန်မာနဲ့ တိုင်းရင်းသားတွေက တသိန်းကျော်ပဲ ရှိခဲ့ပါတယ်။ ဒီခေတ်က မှည့်ခဲ့တဲ့နာမည်တွေကို မြန်မာအများစု ပြန်ဖြစ်တဲ့ခေတ်မှာ ဖျောက်ဖို့ကြိုးစားတာက ခေတ်နဲ့နိုင်ငံရေးရဲ့ ထင်ဟပ်မှုပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Print Collector
Image caption မဂိုလမ်းက စူရတီဗလီကြီး

တခါ ၂ဝ ရာစုဆန်းစက ရန်ကုန်မြို့မှာ မြေတွေ အများကြီးပိုင်ခဲ့တဲ့ ဝင်ဒါမီယာ ကုမ္ပဏီ၊ ရွှေတောင်ကြား ၊ အလုံနဲ့ ဟံသာဝတီ စတဲ့ ကုမ္ပဏီကြီးတွေက ရှယ်ယာရှင် အေဒီ၊ ဒူးဘန်း၊ မာတင်၊ ဆာဂျမား၊ ချင်းချောင်းတဲ့ သူဌေးကြီးတွေရဲ့ နာမည်နဲ့ မှည့်ခဲ့တဲ့လမ်းတွေနေရာမှာ ခေတ်ပေါ် မြန်မာသူဌေးတွေရဲ့ နာမည်တွေနဲ့ မြန်မာခေါင်းဆောင်သစ်တွေရဲ့ နာမည်တွေလည်း နိုင်ငံရေးလိုအပ်ချက်အရပဲ မှည့်လာ နိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း တောင်နဲ့ အရှေ့အာရှက နိုင်ငံတွေမှာလည်း မြန်မာနဲ့ အလားတူ ကိုလိုနီခေတ်က နာမည်တွေကို ပြောင်းတာတွေ ခေတ်စားခဲ့ပါတယ်။ ဒီထဲက သီဟိုဠ်က သီရိလင်္ကာ ဖြစ်သလို မဒရပ်နဲ့ ဘုံဘေက ချနိုင်နဲ့ မွမ်ဘိုင်ဖြစ်လာပါတယ်။ ပီကင်းနဲ့ နန်ကင်းက ဘေဂျင်းနဲ့ နန်ဂျင်း၊ ကန်တုံက ဂွမ်ဂျိုး ပြောင်းတာလည်း ဒီပဋိကိုလိုနီပြုမှု အကျိုးဆက်ဖြစ်ပါတယ်။

မြန်မာမှာတော့ ၁၉၈၉ နောက်ပိုင်းမှာ ပြည်၊ ပုဂံ၊ ပဲခူး၊ မော်လမြိုင်၊ သံတွဲ၊ မြိတ်၊ ကျိုက္ခမီ စတဲ့မြို့တွေရဲ့ အင်္ဂလိပ်လိုအမည်တွေကို ပြောင်းခဲ့ပေမယ့် ကပ္ပလီပင်လယ်ထဲက ကိုကိုးကျွန်း၊ မိုးကုတ်နားက ဘားနတ်မြို့ဟောင်းနဲ့ မြိတ်ကျွန်းစုထဲက ခရစ္စတီး၊ လော့ဒ်လပ်ဘရာ၊ စတီးဝပ်၊ ဟေးစတင်း၊ ကလယ်ရာ၊ အိုဝင်စတဲ့ ကျွန်းတချို့နာမည်တွေကတော့ အရင်အတိုင်း ကျန်ရှိနေတာ တွေ့ရ ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရန်ကုန် ကုန်တိုက်ကြီးတွေက ခရစ္စမတ်ဂီတ