မြေပေါ်ပြန်မရောက်တဲ့ ဗကပ၊ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အနှစ် ၈ဝ

burma ဓာတ်ပုံ မူပိုင် CPB Archives/Bertil Lintner
Image caption ၁၉၇၉ က ဗကပ ခေါင်းဆောင်များ

ဗကပလို့ အတိုကောက်ခေါ်ကြတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပြည်တွင်းမှာ အခြေမစိုက်နိုင်တာ နှစ် ၃ဝ ရှိပြီ ဖြစ်ပေမယ့် မြန်မာပြည် နိုင်ငံရေးလောကမှာတော့ တမျိုးတဖုံ ရိုက်ခတ်မှု ရှိနေဆဲ ဖြစ်ပါတယ်။

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း သခင်ဘဝက ပါခဲ့တဲ့ ဒီပါတီကို ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရန်ကုန်မြို့မှာ ဖွဲ့ခဲ့တယ် ဆိုပေမယ့် တရားဝင် ရပ်တည်နိုင်ခဲ့တဲ့ ကာလကတော့ ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီးစကနေ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ပုန်ကန်မှု မဖြစ်ခင်ထိ သုံးနှစ်ပဲ ရှိခဲ့ပါတယ်။

ရှေးဦးလက်ဝဲများ

၁၉၂ဝ ကျော် ဂျာမနီမှာ ဂျီစီဘီအေသမ္မတဖြစ်လာမယ့် ဦးစုတို့ ပညာသင်ကတည်းက ဗြိတိန်က မြန်မာကျောင်းသားတချို့နဲ့ လက်ဝဲဝါဒ ဆွေးနွေးတာတွေ စာပေးစာယူတွေ ရှိခဲ့ပါတယ်။ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ မီးတုတ်သခင်သိန်းမောင်ကြီး ဖြစ်လာမယ့် ကိုသိန်းမောင် လန်ဒန်မှာ စာအုပ်ပညာသင်စဉ်ကလည်း တိုးတက်တဲ့ ကျောင်းသားအုပ်စုတွေနဲ့ ပတ်သက်ခဲ့ဖူးပါတယ်။

ပြည်တွင်းမှာလည်း ဆရာစံအထိမ်းအမှတ် စာကြည့်တိုက်မှာ ထားတဲ့ လက်ဝဲစာအုပ်တွေကို သခင်စိုးနဲ့ လက်ဝဲခေါင်းဆောင် ဖြစ်လာ မယ့်သူတွေ လေ့လာခဲ့တာ ရှိသလို ရန်ကုန်တက္ကသိုလ်မှာ ဒေါက်တာ ဘဟန်လို ပညာတတ်တွေကလည်း ဆိုဗီယက်အကြောင်း ဟောပြောတာတွေ စစ်ကြီးမဖြစ်ခင်ကတည်းက ရှိခဲ့တယ်လို့ သခင်ကျော်စိန်စတဲ့ လက်ဝဲသမားတွေက ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာပြည် မှာ ကွန်မြူနစ်နာမည်ခံပြီး စုစည်းထူထောင်နိုင်တာကတော့ ၁၉၃၉ ကမှ ဖြစ်ပါတယ်။

ဒီပါတီကို တို့ဗမာအစည်းအရုံးက သခင်ခေါင်းဆောင်တချို့နဲ့ အိန္ဒိယကွန်မြူနစ်ပါတီက ကိုယ်စားလှယ်တွေ စတင်တည်ထောင်ခဲ့ပေမယ့် ကလာပ်စည်းသာသာပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ဂျပန်ကို ရဲဘော်သုံးကျိပ် လွှတ်တဲ့ကိစ္စ စတာတွေမှာ ဆိုရှယ်လစ်ဖြစ်လာမယ့် အရေးတော်ပုံ ပါတီအုပ်စုက ပိုပြီး တွင်ကျယ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် CPB Archives/Bertil Lintner
Image caption စစ်ပြီးစက ကွန်မြူနစ်လယ်သမားချီတက်ပွဲ

တည်ထောင်သူ ခုနစ်ယောက်

သခင်စိုး၊ သခင်သန်းထွန်းစတဲ့ ကွန်မြူနစ် ခေါင်းဆောင်တချို့ စစ်မဖြစ်ခင် ထိန်းသိမ်း ခံရစဉ်မှာ ရေးတဲ့ အင်းစိန်စစ်တမ်းမှာတော့ ဗြိတိသျှ၊ ဆိုဗီယက်တို့ပါတဲ့ မဟာမိတ်ဖွဲ့ပြီး ဖက်ဆစ်စနစ်ကို တိုက်ဖို့ တောင်းဆို ထားပါတယ်။ စစ်အတွင်းမှာ သခင်စိုးက မြစ်ဝကျွန်းပေါ်မှာ တိမ်းရှောင်ပြီး ကွန်မြူနစ်သင်တန်းတွေပေးသလို တော်လှန်ရေးအတွက် လူစုခဲ့ပါတယ်။ သခင်သန်းထွန်းကတော့ ဂျပန်အောက်မှာ ဝန်ကြီး ဖြစ်ခဲ့ပြီး သခင်ဗဟိန်းက အတွင်းဝန်ဖြစ်လာပါတယ်။ နောက် ဖက်ဆစ်တော်လှန်ရေးမှာ သူတို့ ပါဝင်ခဲ့ကြပါ တယ်။

သခင်အောင်ဆန်းနဲ့ ဗိုလ်လက်ျာဖြစ်လာမယ့် သခင်လှဖေတို့ကတော့ ဂျပန်ကို စစ်ပညာသွားသင်ပြီး ပြန်လာပြီးနောက်မှာတော့ တပ်ဘက်ကို ရောက်သွားကြပါတယ်။ စစ်အတွင်း ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့ရာမှာ တပ်၊ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် သုံးဖွဲ့လုံးပါဖို့ သဘောတူခဲ့ကြပြီး စစ်ပြီးမှာ ဗြိတိသျှဆီက လွတ်လပ်ရေးဆက်တောင်းကြပါတယ်။ လွတ်လပ်ရေးရပြီးနောက် တောခိုသွားတဲ့ ကွန်မြူနစ်နဲ့ အစိုးရ စေ့စပ်ရေးမှာ ဗိုလ်လက်ျာ ကူညီခဲ့ပါတယ်။

စဖွဲ့ကတည်းက ပါတဲ့ သခင်ဗိုလ်ကတော့ ဂျပန်အောက်ကနေ ခိုးထွက်ပြီး အိန္ဒိယမှာ လေထီးသင်တန်းတက်ခဲ့သလို သခင်သိန်းဖေခေါ် သိန်းဖေမြင့်ရဲ့ ဘုံရိပ်သာမှာ လက်ဝဲစာပေတွေ လေ့လာခဲ့ပါတယ်။ နောက် မြန်မာပြည် ပြန်အလာမှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန် ပါတယ်။ ဂိုရှယ်နဲ့ ဒေါက်တာနတ်ဆိုတဲ့ ဘင်္ဂါလီရဲဘော်တွေကတော့ အိန္ဒိယကို တိမ်းရှောင်ခဲ့ကြပြီး စစ်ပြီးမှ ပြန်ရောက် လာပါတယ်။

Image caption ကျောင်းသားကနေ ကွန်မြူနစ်ဖြစ်လာတဲ့ သခင်ဗဟိန်း

အလံနီ အလံဖြူ

ဒီပါတီဟာ ဒုတိယကမ္ဘာစစ်အတွင်းကမှ ပါတီဝင်တိုးပွားလာပြီး စစ်တပ်အတွင်းမှာ သဘောတရားသင်တန်းပေးတာမျိုးထိ ရှိလာခဲ့ပါ တယ်။ စစ်အတွင်း ဂျပန်ဖိနှိပ်မှုကို မခံနိုင်တဲ့၊ ကျောင်းတွေပိတ်လို့ ပညာရေး ပျက်ပြားပြီး အလုပ်အကိုင်မရေမရာဖြစ်နေတဲ့ လူငယ် အမျိုးသား အမျိုးသမီးတွေကိုလည်း စည်းရုံးနိုင်ခဲ့ပါတယ်။ စစ်ပြီးခေတ် ဖဆပလအဖွဲ့ထဲမှာ လက်ဝဲမဟုတ်သူတွေနဲ့ ကွန်မြူနစ်တွေ ပြိုင်ဆိုင်မှုတွေ ဖြစ်လာပြီးနောက် ကွန်မြူနစ်ပါတီ ထုတ်ပယ်ခံရသလို ကွန်မြူနစ် နှစ်အုပ်စုကွဲပြီး အလံနီနဲ့ အလံဖြူလို့ ဖြစ်လာပါတယ်။ သခင်စိုး ခေါင်းဆောင်တဲ့ အလံနီနဲ့ ရခိုင်ကွန်မြူနစ်တွေရဲ့ ပုန်ကန်မှုတွေလည်း လွတ်လပ်ရေး မရခင်ကတည်းက ပေါ်ပေါက်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ကွန်မြူနစ်နဲ့ ဖဆပလ ပိုမိုကွာဟလာပြီး ၁၉၄၈ မတ်လမှာ အလံဖြူခေါ် မြေပေါ်မှာ ကျန်နေတဲ့ ကွန်မြူနစ်တွေကို ဖမ်းဖို့ ဖဆပလအစိုးရက ကြိုးစားခဲ့ပါတယ်။ ဖဆပလ ရထားတဲ့ ဂိုရှယ်ရေးတဲ့ စစ်တမ်းတစောင်အရ ကွန်မြူနစ် သူပုန်ထဖို့ စီစဉ်နေလို့ ဖမ်းတာလို့ ဖဆပလက အကြောင်းပြပေမယ့် ဒီစစ်တမ်း တကယ်မရှိဘူးလို့ ကွန်မြူနစ်ဘက်က ငြင်းဆိုပါတယ်။

ပါတီဌာနချုပ်ကို ဝင်ဖမ်းချိန်မှာ ခေါင်းဆောင်တွေ လွတ်သွားပြီးနောက် ၁၉၄၈ ခုနှစ် ဧပြီလ ၂ ရက်မှာ ပဲခူးခရိုင် ပေါက်ကုန်းကြီးမှာ တိုက်ပွဲစဖြစ်တယ်၊ ဒါဟာ ပြည်တွင်းစစ်ရဲ့အစလို့ ဘာတီးလ်လစ်တနာ က ရေးပါတယ်။

ဓာတ်ပုံ မူပိုင် Bert Hardy
Image caption ပြည်တွင်းစစ်အစမှာ ဖမ်းထားတဲ့ ကွန်မြူနစ်တွေ

အဲဒီအချိန်က အရှေ့ဥရောပနဲ့ အာရှတွင်း နိုင်ငံတွေမှာ ကွန်မြူနစ်ပါတီတွေက လက်နက်နဲ့ အာဏာယူဖို့ ကြံစည်တဲ့လှုပ်ရှားမှုတွေ ဖြစ်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ ကူမင်တန်အစိုးရကြား ပြည်တွင်းစစ်ကြီး ဖြစ်နေချိန်ပါ။ မြန်မာကွန်မြူနစ်တွေရဲ့ ပုန်ကန်လှုပ်ရှားမှုဟာ စွပ်စွဲကြသလို ဆိုဗီယက်နဲ့ အိန္ဒိယကွန်မြူနစ်တွေရဲ့ ညွှန်ကြားချက်ကြောင့်ဖြစ်ဖြစ်၊ ဖဆပလရဲ့ ဖမ်းဆီးမှုကြောင့်ဖြစ်ဖြစ် ပုန်ကန်မှုက ကွန်မြူနစ် ပြိုကွဲချိန်အထိ အနှစ် ၄ဝ ကျော် သက်တမ်းရှိခဲ့ပါတယ်။ အဲဒီအချိန်က ဖာနီဗယ်နဲ့ တခြားအနောက်တိုင်းပညာရှင်တွေက ဒီပုန်ကန်မှုဟာ စစ်ပြီးစ အလုပ်အကိုင်ရှားပါးမှုကြောင့် ဖြစ်တယ်လို့ ယူဆခဲ့ကြပေမယ့် ဖဆပလခေတ်မှာ စီးပွားရေး တိုးတက်လာမှုကြောင့်လည်း ဒီပုန်ကန်မှုက ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ မြို့ပေါ်က တက္ကသိုလ်ကျောင်းသားတွေအထိ ဒီပုန်ကန်မှုကို အားပေး ပါဝင်သူတွေ ရှိလာခဲ့ပါတယ်။

ကွန်မြူနစ်ပုန်ကန်မှုဟာ နိုင်ငံကို ထိန်းချုပ်နိုင်တဲ့အဆင့် မရောက်ခဲ့ပေမယ့် ဧရိယာတချို့မှာတော့ ခြေကုပ်ယူနိုင်ခဲ့ပါတယ်။ ဒီပုန်ကန်မှုကြောင့် ရဲဘော်ဖြူတွေနဲ့ တပ်မတော်တပ်ရင်းတချို့ တောခိုသလို ကရင်နဲ့ တခြား လူမျိုးစု ပုန်ကန်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါ တယ်။ ဖဆပလအစိုးရထဲက ဆိုရှယ်လစ်တွေကို ထုတ်ပယ်ပြီး လက်ယာသမားအစိုးရ ဖွဲ့ဖို့ ကြံစည်မှု ဖြစ်ခဲ့ပေမယ့် ဒီအကြံပျက်ပြီး ကရင်ပုန်ကန်မှု ဖြစ်ခဲ့တာပါ။

စီအိုင်အေမှတ်တမ်း

၁၉၄၉ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်လာပြီးနောက် တရုတ်ဘက်က အကူအညီတွေ မြန်မာကွန်မြူနစ်တွေဆီ ရောက်မှာကို အမေရိကန်နဲ့ အနောက်အုပ်စုအပြင် ဖဆပလအစိုးရကပါ စိုးရိမ်ခဲ့ပါတယ်။ စီအိုင်အေ အမေရိကန် ထောက်လှမ်းရေး မှတ်တမ်းတွေအရ လားရှိုးနဲ့ တန့်ယန်းမှာ ရှိတဲ့ ဘုံကျောင်းတချို့ဟာ တရုတ်ကွန်မြူနစ်စုရပ်တွေ ဖြစ်ပြီး ရန်ကုန်နဲ့ နယ်တွေမှာ ရှိတဲ့ အလုပ်သမား သမဂ္ဂဝင်တွေ၊ ကျောင်းသားလှုပ်ရှားသူတွေနဲ့ ဘုန်းတော်ကြီးတချို့ပါ မြန်မာကွန်မြူနစ်တွေရဲ့ ဆက်သားတွေ ဖြစ်နေတယ်ဆိုပြီး အမည်တွေနဲ့တကွ ဖော်ပြတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption ဗြိတိသျှသံရုံးရှေ့ ဆန္ဒပြတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ

ဒိုမီနိုသီအိုရီခေါ် တနိုင်ငံကွန်မြူနစ်ဖြစ်ရင် ဘေးကနိုင်ငံတွေပါ ကွန်မြူနစ်ဖြစ်ကုန်တယ် ဆိုတဲ့ အမေရိကန်မှာ ကွန်မြူနစ် တစ္ဆေခြောက်ချိန်မို့ လာအိုနဲ့ ဗီယက်နမ်မှာ ကွန်မြူနစ်တွေနဲ့ ပြင်သစ်တပ်တွေ တိုက်နေချိန်မှာ အဲဒီစစ်မီးက မြန်မာပြည်က ပြည်တွင်းစစ်နဲ့ပါ ပေါင်းမိမှာကို မြန်မာအစိုးရကော အမေရိကန်ကပါ စိုးရိမ်ပါတယ်။ ပြီးတော့ မြန်မာပြည်က ကွန်မြူနစ်တွေ တရုတ်ပြည်မှာ သင်တန်း တက်တာ၊ ဆေးကုတာတွေ လုပ်နေတာကိုလည်း အမေရိကန်က သိပါတယ်။ ဒါကြောင့် ဆိုရှယ်လစ်တွေ ကြီးစိုးတဲ့ ဖဆပလအစိုးရကို အမေရိကန်က ကွန်မြူနစ်အန္တရာယ်ပြပြီး စည်းရုံးပေမယ့် တရုတ်နဲ့ အိမ်နီးချင်းဖြစ်နေတဲ့ မြန်မာပြည်အတွက် အမေရိကန်နဲ့ ပေါင်းလို့မရ ဖြစ်ခဲ့ပါတယ်။

နောက် တရုတ်ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ ကူမင်တန်တပ်တွေကို လာအိုနဲ့ ထိုင်းဘက်ကနေ အမေရိကန်ထောက်ပံ့နေတယ်လို့လည်း မြန်မာအစိုးရက စွပ်စွဲပါတယ်။ ဒီတပ်တွေကို တရုတ်ပြည်က ဝင်တိုက်တာတွေ ရှိလာတဲ့အတွက်လည်း ကူမင်တန်တွေ အမြန်ဆုတ်ခွာဖို့ ကုလသမဂ္ဂမှာ တိုင်ကြားခဲ့ရပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံခြားရေးဝါဒကိုလည်း ကြားနေရေးဝါဒအဖြစ် ကြေညာခဲ့ရသလို ဆိုရှယ်လစ်ဆန်တဲ့ စီးပွားရေး ပြုပြင်မှုတွေလုပ်ဖို့ ဖဆပလအစိုးရက ကြိုးစားခဲ့ပါတယ်။ တပ်မတော်ထဲမှာလည်း ဆိုရှယ်လစ်ဝါဒကို မြန်မာပြည်နဲ့ ကိုက်ညီအောင် လက်ခံဖို့ ကြိုးစားတာတွေ ရှိခဲ့ပြီး ၁၉၆၂ မှာ အာဏာသိမ်းဖို့ထိ ဖန်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Roland Neveu
Image caption မော်စီတုန်းရဲ့ စာအုပ်နီကြောင့် တရုတ်အရေးအခင်းစ

အာဏာသိမ်းပြီးနောက် တောထဲက လက်နက်ချလာတဲ့ ကွန်မြူနစ်နဲ့ ရဲဘော်ဖြူတချို့ လမ်းစဉ်ပါတီမှာ ပါဝင်ခဲ့ကြပေမယ့် ကွန်မြူနစ်နဲ့ တပ်မတော် သင့်မြတ်ရေးက မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ ၁၉၆၇ တရုတ် ဗမာ အရေးအခင်းနောက်ပိုင်း တရုတ်ပြည်ရဲ့ လက်နက် ထောက်ပံ့မှုကြောင့် မြန်မာကွန်မြူနစ်တွေ အင်အားအင်မတန်ကြီးလာခဲ့ပြီး သံလွင်မြစ်အရှေ့ခြမ်းကို အနှစ် ၂ဝ လောက် ကြီးစိုးခဲ့ပါတယ်။ ပဲခူးရိုးမက ကွန်မြူနစ်ဌာနချုပ်ကိုတော့ တပ်ရဲ့ဖြတ်လေးဖြတ် ချေမှုန်းမှုကြောင့် လက်လွတ်ခဲ့ရသလို ပါတီဥက္ကဋ္ဌ နှစ်ယောက်လည်း ကျဆုံးခဲ့ရပါတယ်။

ရှစ်လေးလုံးနဲ့ ၄၈၂၈

၁၉၇ဝ ကျော်မှာပဲ အလံနီကွန်မြူနစ်ပါတီနဲ့ ၁၉၈ဝ မှာ ရခိုင်က ဗိုလ်သက်ထွန်းရဲ့ ကွန်မြူနစ်အဖွဲ့တွေ လက်နက်ချခဲ့ပါတယ်။ ဗကပနဲ့ မဆလတို့ ပြန်လည်စေ့စပ်ဖို့ တရုတ်အစိုးရက ကြိုးစားခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။ ၁၉၈၅ ပါတီကွန်ဂရက်မှာတော့ ပြည်တွင်းမှာ ပါတီစုံစနစ် ပေါ်လာဖို့ ဗကပက စီမံချက်ချခဲ့ပါတယ်။ ၄၈၂၈ လှုပ်ရှားမှုကြောင့် ရှစ်လေးလုံးအရေးအခင်းဖြစ်တယ်လို့ ၁၉၈၈ နောက်ပိုင်းမှာ အာဏာသိမ်း နဝတအစိုးရက စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ဗကပအောက်က ခွဲထွက်ခဲ့တဲ့ ဝတပ်သားတွေ

တကယ်ကတော့ မြို့ပေါ်မှာ ရှိတဲ့ ကွန်မြူနစ်လိုလားတဲ့ တက်ကြွသူတွေနဲ့ နိုင်ငံရေးသမားအများအပြား စစ်အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ တဘက်မှာတော့ ကိုးကန့်နဲ့ ဝပုန်ကန်မှုကြောင့် ဗကပ ပြိုကွဲပြီး လက်နက်ကိုင် လှုပ်ရှားမှု အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်ဝါဒနဲ့ စာပေတွေ ဖတ်ရှုထုတ်ဝေမှုတွေကို မြန်မာပြည်တွင်းမှာ စစ်အစိုးရခေတ်တလျှောက် ပိတ်ပင်ထားခဲ့ပါတယ်။

၂ဝ၁၆ ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာပြီးနောက်ပိုင်းမှာလည်း ကွန်မြူနစ်ပါတီ ပြည်တွင်းအခြေချဖို့နဲ့ စေ့စပ်ဖို့ လမ်းစမရှိဖြစ်နေခဲ့ ပါတယ်။ ဒါကလည်း တပ်မတော် လွှမ်းမိုးမှု မကင်းတဲ့ မြန်မာ့ နိုင်ငံရေးမှာ ကွန်မြူနစ်ဆန့်ကျင်ရေးက ၁၉၅ဝ ကျော်ကလို ဆက်ပြီး ရှိနေ သေးတဲ့အကျိုးဆက်လို့လည်း ဆိုပါတယ်။ စတာလင်ပုံစံ ဗကပရဲ့ နိုင်ငံရေးကဏ္ဍက မြန်မာပြည်မှာ ပြန်ခေါင်းထူလာမလား ဆိုတာ ကလည်း မှန်းရခက်တဲ့အနေမှာ ရှိနေပါတယ်။

ပြည်တွင်းမှာ အလုပ်သမား လယ်သမားနဲ့ ကျောင်းသား ဆန္ဒပြတာတွေမှာ ကွန်မြူနစ် လွှမ်းမိုးမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေကလည်း လွတ်လပ်ရေးရပြီးစကနေ ခုထိရှိနေတာကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Kaung Thar
Image caption ကွန်မြူနစ်ဆန့်ကျင်ရေး စာတပုဒ်

ဆက်စပ် အကြောင်းအရာများ