တစ်နိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်ရေးပုံစံကို တိမ်းညွတ်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေ

ဝခေါင်းဆာင်နဲ့တွေ့ဆုံခဲ့တဲ့ တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဝခေါင်းဆာင်နဲ့တွေ့ဆုံခဲ့တဲ့ တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်း

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဲန်အယ်ဒီအစိုးရ အာဏာရလာချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲတွေ ရပ်တန့်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဦးစားပေးလုပ်ငန်းစဉ် အဖြစ် ချမှတ်ခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံဆိုတဲ့ ဆွေးနွေးပွဲ လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ မတွေ့ရပဲ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား ထိတွေ့တိုက်ပွဲတွေ နေရာတော်တော်များများမှာ ဖြစ်လာခဲ့ပါတယ်။

တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ပြည်ထောင်စုမူကို ကိုင်စွဲလို့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတွေကို ပိုပြီး တောင်းဆိုလာခဲ့ပါတယ်။

အဲန်အယ်ဒီအစိုးရနဲ့ တပ်မတော်တို့နဲ့ ဆွေးနွေးမှုတွေမှာ တိုးတက်မှု မတွေ့ရဘူးဆိုပြီး တိုင်းရင်းသားအဖွဲ့တချို့က တစ်နိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်မှု ပုံစံကို လိုလားတိမ်းညွတ်လာခဲ့တာ ကိုလည်း တွေ့ရပါတယ်။

အဲဒီ ပုံစံကို စတင် အကြံပြုခဲ့သူက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စိတ်ဝင်တစား ပါဝင် ပတ်သက်လာနေတဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ ဖြစ်လို့ နေပါတယ်။

(က ) လွတ်လပ်တဲ့ ကိုယ့်နယ်မြေကို ပြန်ယူကြစို့ ဆိုတဲ့ ကိုးကန့်ခေါင်းဆောင်

မျိုးဆက်သစ်တွေ အနေနဲ့ ကိုယ့်နယ်မြေကို ပြန်ရရေးအတွက် သမိုင်းပေး တာဝန်ကို လက်ဆင့်ကမ်း ရယူထမ်းဆောင်ဖို့ ဆိုပြီး ဝါရင့် ကိုးကန့် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖုန်ကြားရှင်က ပြီးခဲ့တဲ့ မတ်လတုန်းက သူ့တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာ-တရုတ် နယ်စပ် တနေရာ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ ကျင်းပတဲ့ MNDAA မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ထူထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားမှာ တိုက်တွန်းခဲ့တာပါ။

တရုတ်လို (Guo- Ming) ဆိုတဲ့ လွတ်လပ်တဲ့ နယ်မြေ သို့မဟုတ် နိုင်ငံ သဘော အသုံးအနှုန်းကို သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာကြည့်ရင် ဗမာပြည်ကွန်မြူနစ်ပါတီခေတ်ကတည်းက တော်လှန်ရေးထဲ ပါဝင်လာခဲ့တဲ့ ကိုးကန့်ခေါင်းဆောင်အနေနဲ့ အသက်အရွယ်ကြီးမြင့်တဲ့အထိ ကိုးကန့်ဒေသကို ပြန်လည်ထိန်းချုပ်ခွင့်ဆိုတဲ့ ကိစ္စအပေါ် အားမလျှော့သေးတဲ့ သဘောဆောင်နေတာတော့ အသေချာပါပဲ။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption ဝနဲ့ MNDAA ခေါင်းဆောင်တွေတွေ့

သူတို့ နယ်မြေဆိုတာ ဖက်ဒရယ် ဒီမိုကရေစီ စနစ်အရ သွားမယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် နယ်မြေလား၊ ဒေသ အကြီးအကဲတွေကပဲ အစဉ်အလာအရ ဆက်အုပ်ချုပ်မယ့် နယ်မြေလားဆိုတာတော့ အဲဒီ အခမ်းအနားမှာ ပြောမသွားပါဘူး။

ဖုန်ကြားရှင်နဲ့ နီးစပ်ခင်မင်ဖူးတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီဝင်ဟောင်းတဦးကတော့ ဖုန်ညီအစ်ကိုတွေအနေနဲ့ ကွန်မြူနစ် စနစ်နဲ့သာ ရင်းနှီးခဲ့တာဖြစ်တဲ့အတွက် ပါတီကိုလည်း တရုတ်ကွန်မြူနစ်ပုံစံသာ တည်ဆောက်လေ့ရှိတယ်။ ဒီမိုကရေစီတွေ၊ ဖက်ဒရယ်တွေ တခါမှ ပြောသံမကြားဖူးဘူးလို့ မှတ်ချက်ပြုပါတယ်။

တကယ်တော့ ကိုးကန့် နယ်မြေဟာ အင်္ဂလိပ်နဲ့ တရုတ် ၁၈၉၅ ခုနှစ် စာချုပ်အရ လက်ရှိ မြန်မာပြည်မြေပုံ နယ်နိမိတ်ထဲပါလာခဲ့ပေမယ့် ဗမာပြည်မ လက်အောက်ထဲ တိုက်ရိုက်ပါခဲ့တာ မဟုတ်ပါဘူး။

ရှမ်းစော်ဘွား ကောင်စီ အုပ်ချုပ်တဲ့ Federated Shan State အောက်က သိန္ဒီစော်ဘွားအောက် အစောပိုင်း စော်ဘွားငယ်အုပ်ချုပ်တဲ့ ဒေသအဖြစ် ကိုးကန့် ဒေသဟာ ပါလာခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်းက ကိုးကန့် စော်ဘွားတပ်တွေဟာ ဂျပန်ကို တိုက်ပေးခဲ့တဲ့အတွက် စစ်အပြီးမှာ ကိုးကန့်နယ်ကို စော်ဘွားအဆင့်အဖြစ် အင်္ဂလိပ်က အသိအမှတ်ပြု တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး ကာလတလျှောက် ကိုးကန့်ဒေသဟာ အုပ်ချုပ်သူအမျိုးမျိုးနဲ့ ကြုံခဲ့ရပေမယ့် ၂၀၀၉ ခုနှစ် ကိုးကန့် ဒေသကို အစိုးရတပ်တွေ ဝင်မတိုက်ခင်ကာလအထိတော့ သူတို့ရဲ့ အစဉ်အဆက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ ပုံစံတမျိုးနဲ့ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဖုန်ကြားရှင်က'ဒီဒေသမှာ ငါတို့ဟာ အစဉ်အဆက် နေလာခဲ့သူတွေ ဖြစ်တယ်။ လွတ်လပ်တဲ့ ကိုယ့်နယ်မြေပြန်ရဖို့ ဆိုတဲ့ ကိစ္စကို မျိုးဆက်သစ်တွေအနေနဲ့ လက်ဆင့်ကမ်း တာဝန်ယူသွားကြရမှာဖြစ်တယ်။' လို့ ၂၀၁၉ မတ်လ အတွင်းက ကျင်းပခဲ့တဲ့ MNDAA ထူထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

(ခ) UWSA ဝ နိုင်ငံရေး ဦးဆောင်မှုအောက်ကို လိုက်မယ်ဆိုတဲ့ TNLA တအာန်းပလောင်

မြန်မာ့အရေးလေ့လာသူတွေရဲ့ အဆိုအရတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု မဟာမိတ် သမိုင်းတလျှောက် နိုင်ငံရေးအရ ဦးဆောင်မှု အားအနည်းဆုံး အဖွဲ့က UWSA ဝ ဦးဆောင်တဲ့ FPNCC အဖွဲ့လို့ ဆိုပါတယ်။ ဒီအဖွဲ့မှာ အဖွဲ့ဝင် ၇ ဖွဲ့ ပါပြီး တစ်ဖွဲ့ချင်းစီမှာ သီးခြားနိုင်ငံရေး အရ ရပ်တည်ချက်၊ လိုလားချက်တွေရှိနေခဲ့ပြီး အားလုံးစုပေါင်း ဘုံရပ်တည်ချက်မျိုး ချပြ ထုတ်ပြနိုင်ခဲ့တာမျိုး မတွေ့ရသလောက် ဖြစ်ပါတယ်။

နောက်ပိုင်းနှစ်တွေအတွင်း အင်အားကြီးလာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် TNLA / PSLF တအာန်းပလောင် လွတ်မြောက်ရေး တပ်ဖွဲ့/ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက အဲဒီ FPNCC အဖွဲ့ထဲပါသလို ဝ တပ်ဖွဲ့နဲ့လည်း နီးစပ်မှု ရှိတဲ့အဖွဲ့ပါ။

မျိုးနွယ်စုအရလည်း မွန် ခမာ အနွယ်ချင်းနီးစပ်မှု ရှိပါတယ်။ ဝ တပ်ဖွဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်အတွက် တအာန်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီလတုန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မွန် ခမာ အနွယ်ချင်း အတူတူဖြစ်တဲ့အတွက် UWSA ဝ ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုအောက်ကို လေးနက်တည်ကြည်စွာ လိုက်ပါ ဆောင်ရွက်သွားမှာ ဖြစ်ပြီး မွန် ခမာအနွယ် အချင်းချင်း ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အတူလက်တွဲ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption ပန်ဆန်းညီလာခံတက်ခဲ့တဲ့ တအာင်းကိုယ်စားလှယ်တွေ

'ဝ ၊ မွန် ၊ နဲ့ တအာန်း လူမျိုးတွေဟာ သမိုင်းနောက်ခံ ခိုင်မာတဲ့ မွန်ခမာ အနွယ်တွေဖြစ်ပြီး စစ်ရှုံးနိမ့်မှုတွေကြောင့် တိုင်းပြည် ပျက်စီးခဲ့ရတယ်။ လက်ရှိအချိန်မှာ ခမာလူမျိုးတွေကသာ ကမ္ဘောဒီးယားနိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေပြီး ဝ၊ မွန်၊ တအာန်းလူမျိုးတွေဟာ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ရုန်းကန် တိုက်ပွဲဝင်နေရပြီး ဝ ခေါင်းဆောင်တွေရဲ့ လက်ထက်မှာ အခုလို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ခိုင်မာတောင့်တင်းလာမှုတွေဟာ မွန်၊ ခမာတွေရဲ့ အောင်မြင်မှု အဖြစ် မှတ်ယူရမှာဖြစ်တယ်' လို့ ဧပြီလ ၁၇ ရက် ရက်စွဲနဲ့ UWSA ထံ TNLA/PSLF က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အဲဒီ သဝဏ်လွှာမှာ ဖော်ပြထားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ အင်ဒိုနီးရှားကနေ တီမော ခွဲထွက်သွားသလို External ကိုယ်ပိုင်ပြဌာန်းခွင့်လား၊ အာချေးပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသလို Internal ကိုယ်ပိုင်ပြဌာန်းခွင့်လားဆိုတဲ့ ဧပြီလတုန်းက အဲဒီသဝဏ်လွှာနဲ့ ပတ်သက်တဲ့ မေးခွန်းကို TNLA/PSLF တာဝန်ရှိသူတွေက တိတိပပ ဖြေဆိုခဲ့တာ မရှိဘဲ 'စောင့်ကြည့်ပါ' လို့သာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

(ဂ) ကေအိုင်အိုဆီတောင် မလာနိုင်တော့တဲ့ မဟာမိတ်တွေတွေ

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်မှုတွေ မဖြစ်ပေါ်မီ ကာလမှာ မြောက်ပိုင်းက အန်စီအေ လက်မှတ်ရေးထိုးဖို့ နဲ့ တဖွဲ့ချင်း အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးဖို့ ကျန်တဲ့ အဖွဲ့ ၄ ဖွဲ့ဖြစ်တဲ့ ကေအိုင်အို (ကချင်)၊ TNLA/PSLF (တအာန်းပလောင်)၊ ကိုးကန့် MNDAA ၊ AA ( ရက္ခိုင့်တပ်မတော် ) တို့ စုပြီး မိုင်ဂျာယန်မှာ တွေ့ဆုံရအောင် ဆိုပြီး ကေအိုင်အိုက ဖိတ်ကြားခဲ့ပါတယ်။

အစိုးရနဲ့ တွေ့ရင် နယ်မြေချင်းဆက်စပ်နေတဲ့ အဖွဲ့တွေအနေနဲ့ ဘာတွေ ဆွေးနွေးကြမလဲဆိုတာ ကြိုတင်ညှိနှိုင်းထားဖို့ ဖြစ်တယ် ဆိုပြီး ကေအိုင်အိုဘက်က အကြောင်းပြချက် ပေးခဲ့ပါတယ်။

ဒါပေမယ့် ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ တအာန်းပလောင် TNLA ၊ ကိုးကန့် MNDAA ၊ အေအေ တို့က အဲဒီအစည်းအဝေးကို လာရောက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက ပြန်ပြောပြပါတယ်။

ထူးခြားချက်ကတော့ အေအေ ဆိုတဲ့ ရခိုင်အဖွဲ့ဆိုတာ လိုင်ဇာမှာ ကေအိုင်အေ က မွေးဖွားပေးခဲ့တဲ့ အဖွဲ့ဖြစ်သလို TNLA ဆိုတာကလည်း ရပ်တည်နိုင်အောင် ကေအိုင်အေက ထောက်ပံ့ကူညီပေးခဲ့တဲ့ အဖွဲ့ ဖြစ်ပေမယ့် အခုတော့ ကေအိုင်အိုရဲ့ ဖိတ်ကြားချက်ကို သူတို့က ငြင်းဆန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကေအိုင်အေ ဖိတ်ခေါ်မှုကို ညီနောင်သုံးဖွဲ့ ငြင်းခဲ့တယ်လို့ ကေအိုင်အေဘက်ကပြော

တရုတ် မြန်မာ နယ်စပ်အရေး လေ့လာသူတဦးကတော့ ဒီမက်ဆေ့ချ်ဟာ သူတို့သုံးဖွဲ့အနေနဲ့ ကေအိုင်အိုနဲ့တွဲ လှုပ်ရှားဖို့ထက် UWSA ဝ ဦးဆောင်မှု အောက်မှာ ဖြစ်ဖြစ် ၊ ဝ နောက်ခံနဲ့ အစိုးရ နဲ့ ဆွေးနွေးဖို့ဆိုတဲ့ ကိစ္စလို အရေးမျိုးကိုပဲ ပိုပြီး အာရုံစိုက်တော့မယ့် သဘောဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

တကယ်တော့ အဲဒီ ၃ ဖွဲ့ဟာ အရင်က ကေအိုင်အို ဦးဆောင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှာ အဖွဲ့ဝင်တွေဖြစ်သလို တကျော့ပြန် ကိုးကန့် တိုက်ပွဲ (၂၀၁၅ ခုနှစ်) နှောင်းပိုင်းမှာတော့ UNFC ထက် ဝ တပ်ဖွဲ့နဲ့ ပိုမိုနီးစပ်လာခဲ့တာပါ။ ကေအိုင်အိုဟာ နှစ်ပေါင်းများစွာ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဖက်ဒရယ်မူကို အစဉ်တစိုက်နီးပါး ကိုင်စွဲခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

( ဃ) ဝ တပ်ဖွဲ့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံကို သဘောကျတဲ့ အေအေ ခေါင်းဆောင်

အေအေ ရခိုင့်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ ဝ တပ်ဖွဲ့ ရထားတဲ့ အနေအထားမျိုးကို ကွန်ဖက်ဒရိတ် အဆင့်အဖြစ်သတ်မှတ်ပြီး သဘောကျတယ်။ အဲဒီလို နယ်မြေမျိုးရချင်တယ်လို့ ပထမဆုံး အကြိမ် ပြောခဲ့တာ အေအေ နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်လာတဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းမှတော့ မဟုတ်ပါဘူး။ ပထမအကြိမ် ပန်ဆန်း ညီလာခံကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ယူနန်ပြည်နယ် အစိုးရ အကြံပေးတချို့ လေ့လာသူအဖြစ် တက်ရောက်ပြီး ကိုးကန့် ဒေသ တိုက်ပွဲပြင်းထန်နေချိန်မှာ ကျင်းပတဲ့ ပန်ဆန်းညီလာခံမှာ ဝ ခေါင်းဆောင် ပေါက်ယိုချန်းဟာ ကိုးကန့် တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ဖြစ်တဲ့ AA ၊ TNLA ၊ MNDAA တို့ကို သတင်းမီဒီယာတွေရှေ့မှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ စာရေးသူလည်း သတင်းရယူခဲ့ပြီး အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဝ ဒေသအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ နီးပါး ရထားတဲ့အတွက် ဝ ဒေသဟာ အထူးစည်ပင် ဖွံ့ဖြိုးနေကြောင်း၊ သူ့ အနေနဲ့ ဝ ဒေသရဲ့ အနေအထားကို အထူးအားကျမိတဲ့အကြောင်း မီဒီယာတွေ ရှေ့မှာ ဝ ခေါင်းဆောင် ပေါက်ယိုချန်းနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ ပါတယ်။ သဘောကတော့ ဗဟိုအစိုးရ အုပ်ချုပ်ရေး လုံးဝ နီးပါး မရှိတဲ့ အခြေအနေကို အားကျတဲ့ သဘောပါ။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin
Image caption ဝ ကိုအားကျတယ်လို့ဆိုတဲ့ အေအေ စစ်ဦးစီးချုပ်

၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ဝ လို ကွန်ဖက်ဒရေးရှင်း သဘော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ရချင်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထပ်ပြောလာခဲ့ပါတယ်။ အဲဒီ ပြောဆိုချက်ကို ဝေဖန်မှုတွေ ထွက်လာခဲ့ပြီး နောက်တကြိမ်မှာမှ ဆိုရှယ်ဒီမိုကရက်စနစ်ကို သွားဖို့ ရည်ရွယ်တာလို့ သူက ပြောခဲ့တာပါ။

ဒါပေမယ့် အေအေ ရဲ့ ရခိုင်ပြည်နယ်ကို ဆိုရှယ်ဒီမိုကရက်တစ်ပုံစံနဲ့ ဘယ်လို တည်ဆောက်ဖို့ ရည်ရွယ်တယ်ဆိုတဲ့ မူဝါဒ ဆိုင်ရာ တိတိလင်းလင်း ကြေညာချက်မျိုးကတော့ အခုအချိန်ထိ ထွက်ပေါ်လာတာ မတွေ့ရပါဘူး။

(င) မြန်မာ့ငြိမ်းချမ်းရေးအတွက် တနိုင်ငံ စနစ် နှစ်မျိုးကျင့်သုံးဖို့ အဆိုပြုခဲ့တဲ့ တရုတ်သံတမန်

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြားဝင်ဆောင်ရွက်ပေးနေခဲ့တဲ့ တရုတ် အထူးသံတမန် ဆွန်းကော့ရှန်က မြန်မာ့ငြိမ်းချမ်းရေးရဖို့ ဆိုရင် တရုတ်နိုင်ငံက ကျင့်သုံးနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေ ၊ တနိုင်ငံစနစ် နှစ်မျိုးကျင့်သုံးမှုပုံစံတွေ ကျင့်သုံးသင့်ကြောင်း အန်အယ်လ်ဒီ အစိုးရ တက်စ ပထမ နှစ်နှစ်လောက် ဆက်တိုက်ဆိုသလို မြန်မာအစိုးရဘက်ကို အကြံပြုခဲ့တာတွေ ရှိခဲ့တဲ့ အကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေက ပြောပြကြပါတယ်။

တရုတ်မှာ ရှိတဲ့ မြန်မာပြည်က တိုင်းရင်းသားတွေနဲ့ လူမျိုးစုချင်းတူတဲ့ Dai (ရှမ်း) ၊ ဂျိန်းဖော (ကချင်) ၊ အာခါ ၊ ဝ ၊ လားဟူ ဒေသတွေလို ကိုယ်ပိုင် အုပ်ချုပ်ခွင့် နယ်မြေတွေ သတ်မှတ်ပေးမလား ( ဒါမှမဟုတ် ) တနိုင်ငံ စနစ်နှစ်မျိုးဖြစ်တဲ့ တရုတ်ပြည်မ နဲ့ ဟောင်ကောင်၊ မကာအို အုပ်ချုပ်ရေးလို အုပ်ချုပ်ရေး စနစ်နှစ်မျိုးနဲ့ ကျင့်သုံးမလားဆိုတဲ့ အချက်ကို အမြဲ အဆိုပြု ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images

'အထူးသဖြင့် ပြည်မ နဲ့ ဟောင်ကောင်၊ မကာအိုတို့လို တနိုင်ငံ စနစ်နှစ်မျိုးနဲ့ သွားသင့်တဲ့ သဘော သူက အစောပိုင်းမှာ တောက်လျှောက်ပြောခဲ့တယ်။' လို့ အစိုးရဘက်က အမည်မဖော်လိုတဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦး ကလည်း ပြောပါတယ်။

ဒါပေမယ့် မြန်မာအစိုးရဘက်က အကြောင်းပြချက်ကတော့ ဝ ၊ မိုင်းလား လို ဒေသတွေမှာ ရွေးကောက်ပွဲ တကြိမ်မှ ကျင်းပနိုင်ခဲ့တာမရှိဘူး။ အနိမ့်ဆုံး ရွေးကောက်ပွဲကို ကျင်းပဖြစ်အောင်လုပ်ပေး ပြည်မက ပါတီတွေ မပါရင်တောင် အဲဒီ ဒေသက တိုင်းရင်းသား တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေက ပါတီအဖြစ် မှတ်ပုံတင်ပြီး သူတို့ပြိုင် သူတို့ပဲနိုင်ဆိုတဲ့ ပုံစံနဲ့ လွှတ်တော်တက်၊ နောက်ပိုင်းမှာမှ အစိုးရဘက်က ဒီမိုကရေစီ ဖက်ဒရယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဖြည်းဖြည်းချင်းပါဝင်ဆိုတဲ့ သဘောနဲ့ ပြန်ကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်က မဖြစ်ခဲ့ပါဘူး။

(စ) တရုတ်ရဲ့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ

တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အပစ်ရပ်စဲရေး လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ပေးခဲ့တာ အခုမှတော့ မဟုတ်ပါဘူး။ ၁၉၈၀ ပြည့်လွန် နှစ်တွေကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) က ထိပ်သီးခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ သခင်ဗသိန်းတင်နဲ့ ဦးနေဝင်းကို တရုတ်ပြည်မှာ တွေ့ဆုံစေခဲ့တာကနေ အစပြုခဲ့တာလို့ဆိုရမှာပါ။

ဗကပ ပြိုကွဲပြီးနောက်ပိုင်း စစ်အစိုးရနဲ့ မြန်မာမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုမှုတွေမှာလည်း တရုတ်က ကြားဝင် ပံ့ပိုးကူညီပေးခဲ့တာတွေ ရှိပါတယ်။

အရင်က ဗမာပြည်ကွန်မြူနစ် ပါတီလို အဖွဲ့ကို ကြားခံဇုန်အဖြစ် စစ်အေးခေတ်မှာ တရုတ်က ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကြားခံဇုန်အဖြစ် ထားလိုတဲ့ အစီအစဉ် တရုတ်မှာ မရှိတော့ဘူးလို့ ယူနန်တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ လီချန်းယန် ရေးတဲ့ Myanmar Reintegrating into International Community (2015) ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် တရုတ်နယ်စပ်က UWSA ဝ တပ်တွေ ထိုင်းမြန်မာ နယ်စပ်မှာ အခြေချမှုလိုကိစ္စတွေက စစ်အစိုးရလက်ထက်မှာ တရုတ်က ခွင့်ပြုခဲ့သလား၊ မပြုခဲ့သလားဆိုတာ ဒွိဟဖြစ်စရာ ကိစ္စတွေဖြစ်တယ်လို့ အကဲခတ်အချို့က ဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗမာပြည်ကွန်မြူနစ် ပါတီလို အဖွဲ့ကို ကြားခံဇုန်အဖြစ် တရုတ်က ထားခဲ့ပေမယ့် နောက်ပိုင်း ကြားခံဇုန် အစီအစဉ် တရုတ်မှာ မရှိတော့ဘူးလို့ဆို

၂၀၁၁ ခုနှစ် နယ်ခြားစောင့်၊ ပြည်သူ့စစ် အသွင်မပြောင်းလိုမှုကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ ကေအိုင်အို ၊ SSPP တို့နဲ့ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာနေစဉ်ကာလအတွင်းမှာပဲ တရုတ်အကူအညီနဲ့ ဝ ၊ မိုင်းလားတို့ဟာ စစ်အစိုးရလက်ထက်က ပြုလုပ်ထားတဲ့ တစ်ဖွဲ့ချင်း အပစ်ရပ်စဲရေးကို သက်တမ်းတိုးတာတွေ လုပ်ခဲ့ပါတယ်။

တရုတ် အနေနဲ့ နယ်စပ်တည်ငြိမ်မှု လိုလားတာကို ပြတဲ့ အနေနဲ့ မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲတွေ အကြားတင်မကပဲ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ UWSA နဲ့ RCSS ၊ TNLA နဲ့ RCSS အကြား တိုက်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ဆွေးနွေးမှုတွေကို တရုတ်နယ်နိမိတ်အတွင်းမှာ လက်ခံကျင်းပပေးခဲ့ပါတယ်။

တရုတ်ပြည်မ အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒကို ကြည့်မယ်ဆိုရင်တော့ တိန့်ရှောင်ဖိန် လက်ထက်က စလို့ အင်အားကြီးနိုင်ငံများ ( Great Powers ) ( Daguo )၊ တရုတ်ပြည်အစွန်အဖျား ထိစပ် အိမ်နီးချင်း နိုင်ငံများ (Zhoubian) ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ(Fazhan Zhong de Guojia) လို့ ခွဲခြား သတ်မှတ်ခဲ့ပါတယ်။

အင်အားကြီးထဲပါတာကတော့ အမေရိကန်နဲ့ အနောက်အုပ်စုပါ။ မြန်မာကတော့ အစွန်အဖျား အိမ်နီးချင်း စာရင်းမှာပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

၂၀၀၂ ခုနှစ်မှာတော့ Multilateral Organizations ဆိုတဲ့ အမျိုးအစားက နိုင်ငံခြားရေး မူဝါဒမှာ ပါလာသလို အဲဒီအမျိုးအစားက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ၊ ကုလသမဂ္ဂတို့လို အဖွဲ့တွေအတွက် ရည်ရွယ်ပါတယ်။

ဟူဂျင်တောင်း လက်ထက်မှာတော့ Lingyu ဆိုတဲ့ ပြည်သူ့ သံတမန်ရေး ဆိုတာကို ထပ်ဖြည့်ခဲ့ပြီး ရှီကျင့်ဖျင်တက်ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာတော့ အစွန်အဖျားအိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ ဆိုတဲ့အချက်ကို ထပ်ဖြည့်ခဲ့ပါတယ်။

အဲဒီကာလမှာပဲ တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း BRI ဆိုတဲ့ မဟာစီမံကိန်းလည်း ပေါ်လာတာဖြစ်ပါတယ်။

ယူနန်တက္ကသိုလ်က ဒေါက်တာ လီချန်ယန်းရေးတဲ့ စာအုပ်တအုပ်မှာတော့ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းဖို့ဆိုရာမှာ လက်ရှိ မြန်မာပြည်နိုင်ငံရေးစနစ်နဲ့ မလုံလောက်ဘဲ အနည်းဆုံးအဆင့် ကတော့ တရုတ်ပြည်က ရှမ်း Dai ၊ ကချင် Jingpaw ၊ ဝ တိုင်းရင်းသားတွေ ရနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လောက်အဆင့်တော့ ပေးသင့်တယ်ဆိုတဲ့ အမြင်ရှိကြောင်း ရေးသားထားပါတယ်။

သူ့အဆိုအရတော့ မြန်မာဘက်မှာ နိုင်ငံရေးမတည်ငြိမ်မချင်း ၊ လူမျိုးစုဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိမချင်း သူ့နယ်စပ်တလျှောက်က လူမျိုးစု လက်နက်ကိုင် ခေါင်းဆောင်တွေကို တရုတ်အနေနဲ့ လူမျိုးစုခေါင်းဆောင်အဖြစ် သတ်မှတ်ဆက်ဆံမှာ ဖြစ်တဲ့အကြောင်း ရေးသားထားပါတယ်။

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin

ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ တရုတ်နိုင်ငံ ယူနန်ခရီးစဉ်မှာလည်း တရုတ်အာဏာပိုင်တွေက လူမျိုးစု ပြည်နယ်အဆင့်ခေါင်းဆောင်အနေနဲ့ လက်ခံကြိုဆို ဆက်ဆံခဲ့တယ်လို့ RCSS ဘက်က တာဝန်ရှိသူက ပြောပါ တယ်။

ရှန်းဟွာ (Tsin Hua) တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ တဦးကတော့ 'ရှင်းရှင်းပြောရရင် တရုတ် က မြန်မာအကြောင်း သိပ်မပြောပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက တရုတ်အပေါ် လုံခြုံရေးဘက်မှာ ခြိမ်းခြောက်မှု သိပ်မရှိပါဘူးလို့ ပြောလို့ရတယ်။ အခုအခြေအနေမှာ အရေးအကြီးဆုံးက ကုန်သွယ်ရေးစစ်ပွဲဖြစ်နေတဲ့အတွက် အမေရိကန်-တရုတ် ဆက်ဆံရေးက ပိုအရေးကြီးတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင် အရှေ့တောင်အာရှအကြောင်းတရုတ်က သိပ်မပြောပါဘူး။ နေ့တိုင်း တရုတ်ပြည်မရဲ့ သတင်းတွေမှာ ကြည့်ပါ။ အရှေ့တောင်အာရှ အပါအဝင် မြန်မာနဲ့ ပတ်သက်တဲ့ သတင်းက အရမ်းရှားပါတယ်။' လို့ မှတ်ချက်ပြု ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၇ နောက်ပိုင်း မြန်မာအစိုးရက တရုတ်ကို ပိုမိုအားကိုးလာရတဲ့အချိန်အထိ တရုတ်စီမံကိန်းတွေအပေါ် မြန်မာအစိုးရက တော်တော်များများ လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ အနေအထားအပေါ် ဂလိုဘယ်တိုင်မ်းလို တရုတ်သတင်းဌာနတွေမှာ မကြာခဏဆိုသလို ဝေဖန်ချက် ဆောင်းပါးတွေ မြင်တွေ့နေရဆဲဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

နိုင်ငံတကာက လေ့လာသူတချို့ကတော့ စူပါပါဝါ တရုတ်အနေနဲ့ Sharp Power ကို နိုင်ငံတကာ နဲ့ ပတ်သက်တဲ့ သူ့ရဲ့ အကျိုးစီးပွားဖော်ဆောင်မှု တွေမှာ သုံးလာတာတွေ့ရတယ်လို့ ဆိုတာပါ။

Hard Power လို အမာလိုင်း သက်သက်မဟုတ်တဲ့ Sharp Power ဟာ မြန်မာလို ပြောရရင် အနုနည်းနဲ့ ချော့တာတွေပါသလို သူ့အကျိုးစီးပွား အတွက် အုပ်စုတွေပေါင်း စုဖွဲ့ သဘောထားဖော်ထုတ်ပြ အကျပ်ကိုင်တာ၊ အကျိုးစီးပွားအသာရရေးအတွက် အပျော့လိုင်း Soft Power ကိုပါသုံးပြီး ကျွမ်းကျင်စွာ တဘက်ကို ခြယ်လှယ်စိုးမိုးနိုင်အောင် လုပ်တဲ့ မူဝါဒလို့ ပြောရမှာဖြစ်ပါတယ်။

(ဆ) အစိုးရရဲ့ မရှင်းလင်းတဲ့ ဖက်ဒရယ်မူဝါဒနဲ့ တနိုင်ငံ စနစ်နှစ်မျိုး တိမ်းညွတ်မှု

လက်ရှိ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ပဋိပက္ခဖြေရှင်းရေး ဖက်ဒရယ်စနစ် အခြေပြု ဖြေရှင်းရေး ရှုထောင့်ကို ပြန်ကြည့်ရင် ဗဟိုပါဝါ ကိုင်စွဲသူ နှစ်စုဖြစ်တဲ့ အန်အယ်လ်ဒီ အစိုးရကော စစ်တပ်က သူတို့ရဲ့ ဖက်ဒရယ်ဆိုင်ရာ မူဝါဒနဲ့ အဲဒါကို ဘယ်လို အကောင်အထည်ဖော်သွားမလဲ ဆိုတာတွေကို ရှင်းရှင်းလင်းလင်းချပြတာမျိုး သိပ်မတွေ့ရပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေဟာ ဖက်ဒရယ်စနစ်လို့ ဆိုထားသလို အန်အယ်လ်ဒီပါတီရဲ့ ၂၀၀၈ အခြေခံ ဥပဒေပြင်ရေး အဆိုပြုချက်တွေကိုကြည့်ရင်လည်း ဖက်ဒရယ် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ ဖက်ဒရယ်တရားစီရင်ရေးကို ဦးတည်တဲ့အထိ အပြောင်းအလဲတွေ ဖြစ်လာမယ့် အခြေအနေမျိုးမှာ ရှိမနေပါဘူး။

တဘက်ကပြန်ကြည့်ရင် ရှမ်း ၊ ကချင် ၊ ချင်း ၊ ကရင်နီ ၊ မွန် စတဲ့ လူမျိုးစုအမည်နာမနဲ့ ပြည်နယ်ရှိပြီးသား တိုင်းရင်းသားတွေကတော့ ဖက်ဒရယ်စနစ်ကို ကာလတာရှည် ကိုင်စွဲတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption တပ်မတော်နဲ့ အစိုးရက ဖက်ဒရယ်စနစ်ကိုသွားမယ့် အကြောင်း ရှင်းလင်းတဲ့ မူဝါဒပြထားသင့်တယ်လို့ဆို

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်တဲ့ တရုတ်သံတမန်အနေနဲ့ တနိုင်ငံ စနစ်နှစ်မျိုးကို ၂၀၁၈ ခုနှစ်လောက်မှာ ဆက်လက် ပြောဆိုတာ မရှိတော့ပေမယ့် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့လောက်ဟာ အဲဒီစနစ်ကို အနည်းနဲ့ အများဆိုသလို တိမ်းညွတ်ကာ တရုတ် လှိုင်းစီးဖို့ ကြိုးစားနေခဲ့ကြပြီးဖြစ်ပါတယ်။

အထူးသဖြင့် UWSA ဝ ၊ ကိုးကန့် MNDAA ၊ TNLA တအာန်းပလောင် ၊ အေအေ ရခိုင့်တပ်မတော် တို့လို အဖွဲ့တွေက ဒီလို တိမ်းညွတ်မှုကို ပိုပြခဲ့ကြပြီး မိုင်းလား NDAA လို အဖွဲ့ကလည်း တရုတ်နိုင်ငံအတွင်းက ပူးတွဲကိုယ်ပိုင်အုပ်ချုပ်ခွင့်လို စနစ်တွေကို တိမ်းညွတ်နေပါတယ်။

'ဖက်ဒရယ်ကို တကယ် ခိုင်ခိုင်မြဲမြဲစွဲကိုင်လာတဲ့ တိုင်းရင်းသားတွေ ရှိနေသလို တချိန်တည်းမှာလည်း တပ်မတော်၊ အန်အယ်လ်ဒီ အစိုးရ တို့အနေနဲ့လည်း ချက်ခြင်း ဖက်ဒရယ် မသွားနိုင်သေးရင်တောင် နောက်လာမယ့် ၅ နှစ် ၁၀ ဆိုရင် ဖက်ဒရယ်စနစ်ကိုသွားမယ့် အကြောင်း ရှင်းလင်းတဲ့ မူဝါဒ အရိပ်အယောင်တွေကို ပြထားဖို့လိုတယ်။ နို့မို့ဆိုလို့ရှိရင် အစဉ်အဆက် ဖက်ဒရယ်ကိုင်စွဲတဲ့ တိုင်းရင်းသားတွေကလည်း စိတ်ပျက်လာတာ၊ အန်စီအေ ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေလည်း မတိုးတက်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိတ်ပျက်လာပြီး တနိုင်ငံ စနစ်နှစ်မျိုးဆိုတဲ့ အယူအဆ အပေါ် တိမ်းညွှတ်မှု ပိုအားကောင်း လာနိုင်တယ်။' လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်က ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၃၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ မျက်မှောက်နိုင်ငံရေးဆိုင်ရာ ဆွေးနွေးခန်း တခုမှာ သုံးသပ်ထားပါတယ်။