စစ်သားတွေလူသတ်ရဲအောင် ဖြစ်လာစေခဲ့တဲ့ စစ်ကြီး

အမေရိကန်တပ်သားတွေ ဓာတ်ပုံ မူပိုင် Getty Images

ကမ္ဘာ့သမိုင်းမှာ လူအသေအပျောက် အများဆုံး စစ်ပွဲကြီး တစ်ခုဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာပဲ အမေရိကန်စစ်ဘက်အရာရှိကြီးတွေက ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး ကောက်ချက်ချတာ တစ်ခု ထွက်လာပါတယ်။ အဲဒီ ကောက်ချက်က အံ့အားသင့်စရာပါ။ လူပေါင်း သန်း ၇၀ လောက် အသက်ဆုံးခဲ့ရတဲ့ ဒီစစ်ကြီးမှာ စစ်ဘက်က လူသတ်တာ နည်းခဲ့ပါတယ်။

တစ်နည်းပြောရရင်တော့ အမေရိကန်စစ်သားတွေ သတ်ဖြတ်မှု နည်းခဲ့ပါတယ်တဲ့။ ပျမ်းမျှခြင်းအားဖြင့် လူ ၁၀ ယောက်ရှိတဲ့ တပ်စိတ်မှာ သုံးယောက်လောက်ကပဲ သူတို့မှာပါလာတဲ့ သေနတ်နဲ့ ပစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါဟာ စစ်ပွဲကြီး တစ်ခုလုံးမှာ ဖြစ်တာပါ။ အဲဒီလို ဖြစ်ရတာဟာ စစ်သားတွေရဲ့ အတွေ့အကြုံရှိခြင်း မရှိခြင်းနဲ့လည်း မဆိုင်၊ ရန်သူက သူတို့ အသက်အန္တရာယ်ကို ဘယ်လောက် ခြိမ်းခြောက်မှု ပြုနေသလဲဆိုတာနဲ့လည်း မဆိုင်ပါဘူးတဲ့။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန်စစ်သားတွေ သတ်ဖြတ်မှု နည်းခဲ့တယ်လို့ဆို

အဲဒီ တွေ့ရှိ အကဲဖြတ်ချက်ကို လုပ်ခဲ့သူက အမေရိကန် စစ်သမိုင်းပညာရှင်နဲ့ လေ့လာသုံးသပ်သူ ဗိုလ်မှူးချုပ်ဆမ်မြူရယ် လင်းမန်း အက်ဒ်ဝုဒ်မာရှယ်ပါ။ သူ့ကို အတိုကောက်အားဖြင့် ဆလမ်းလို့ အသိများပါတယ်။ သူက ဒီတွေ့ရှိချက်ကို စစ်ဘက်ဆိုင်ရာ ဂျာနယ်အတော်များများမှာ ဆောင်းပါးအဖြစ်ရေးခဲ့ပြီး နောက်ပိုင်း အဲဒီဆောင်းပါးတွေကို စုစည်းလို့ Men Against Fire မပစ်ချင်သူများဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရေးသားချက်တွေကို ဝေဖန်သူတွေအများအပြားရှိခဲ့ပါတယ်။ သူဟာ အချက်အလက်တွေကို ဖုံးကွယ်လိမ်လည်ခဲ့တယ်ဆိုပြီး စွပ်စွဲမှုတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ စာတွေကြောင့်ပဲ အမေရိကန်စစ်တပ်အတွင်း လေ့ကျင့်သင်ကြားမှုတွေအများကြီး ပြောင်းလဲသွားခဲ့ရပါတယ်။

လူသတ်မှု အချိုးအစား

ခြေလျင်တပ်ဖွဲ့တစ်ခုမှာ တပ်မှူးအနေနဲ့ ရန်သူကို ရင်ဆိုင်ရချိန်မှာ သူ့တပ်ဖွဲ့ထဲက လေးပုံတစ်ပုံလောက်ကပဲ ပြန်ပစ်လိမ့်မယ်ဆိုတာကို သိထားဖို့လိုတယ် လို့ မာရှယ်က ရေးခဲ့ပါတယ်။

အဲဒီလို ၂၅ ရာခိုင်နှုန်းကပဲ ပစ်လိမ့်မယ်ဆိုတာ အသေအချာ လေ့ကျင့်ပြီးသား စစ်ပွဲအတွေ့အကြုံရှိပြီးသား တပ်ဖွဲ့တွေမှာတောင် ဖြစ်လေ့ရှိပါတယ်လို့ သူကရေးပါတယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းက လုံးလုံး မပစ်တာဖြစ်ဖြစ်၊ ရန်သူကို ဆက်တိုက် မပစ်တာပဲဖြစ်ဖြစ် လုပ်တတ်ကြတယ်။ ကိုယ့်မှာ အန္တရာယ်ရှိနိုင်တာတောင် သူတို့က တိုက်ဖို့ ဝန်လေးကြတယ်လို့ သူက ဆိုပါတယ်။ မာရှယ်က အဲဒီလို မပစ်ကြသူ ရာခိုင်နှုန်းဟာ ၇၅ ရာခိုင်နှုန်းမကပဲ ၈၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့တောင် နောက်ပိုင်းမှာ ပြင်ဆင်ခဲ့ပါသေးတယ်။

ဒါဆို ကိုယ့်အသက်အန္တရာယ်ရှိလာနိုင်ချိန်မျိုးမှာတောင် ဥရောပနဲ့ အရှေ့ဖျား ပစိဖိတ် စစ်မြေပြင်တွေမှာ အမေရိကန် စစ်သားတွေက ပစ်ဖို့ ခတ်ဖို့ ဘာကြောင့် နောက်တွန့်ဝန်လေးနေကြရတာပါလဲ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၄၀ ခုနှစ်က အမေရိကန်တပ်သားတွေ

မာရှယ်ကတော့ အကြောင်း နှစ်ချက်ရှိမယ်လို့ ယူဆပါတယ်။ တစ်ခုကတော့ အဖွဲ့တစ်ခုမှာ အနည်းစုက လုပ်စရာရှိတာ အကုန်လုပ်သွားလိမ့်မယ်လို့ ကျန်တဲ့ လူအများစုက ယူဆကြတာရယ်၊ နောက်တစ်ချက်ကတော့ အမေရိကန်မှာ အရပ်သားတွေက စစ်သားတွေဆိုတာ ကြမ်းတမ်းတဲ့ ရန်လိုတဲ့လူတွေလို့ သတ်မှတ်ယူဆကြ၊ ရွံကြောက်ကြတဲ့ အချက်ကလည်း စစ်သားတွေတိုက်ပွဲမှာ မတိုက်ချင်စေတဲ့ အကြောင်းတစ်ခုလို့ သူက ကောက်ချက်ချပါတယ်။

ဒါကြောင့် စစ်သားတွေဟာ တိုက်ပွဲအတွင်းမှာ တွေဝေစဉ်းစားနေတာ၊ ကိုယ့်စိတ်ခံစားချက်ကို တွေးနေတာမျိုးမဖြစ်ပဲ အလိုအလျောက် တုံ့ပြန် ပစ်ခတ်တတ်အောင် လေ့ကျင့် သင်ကြားပေးရမယ်လို့ သူက ယူဆပါတယ်။

အမေရိကန်ဟာ ပင်ကိုယ်သဘာဝအားဖြင့် သိပ်ကို အေးချမ်းကြတယ်ဆိုတဲ့ သူ့ကောက်ချက်ကြောင့်ပဲ စစ်ပွဲတွေမှာ တိုက်ရဲ သတ်ရဲတဲ့ စစ်သားတွေဖြစ်လာအောင်၊ တစ်နည်းအားဖြင့် သတ်ဖြတ်ခြင်းကို အလိုအလျောက်လုပ်တတ်လာအောင် လေ့ကျင့်သင်ကြားမှုနည်းလမ်းတွေရှာလာကြပါတယ်။ စစ်သားတွေရဲ့ အသိစိတ်ထဲက သနားတတ် ကြင်နာတတ်တဲ့ စိတ်တွေကို ဖယ်ထုတ်ပစ်လိုက်ကြတာပါ။

နာမည်ကျော် ဗြိတိသျှ စစ်သမိုင်းပညာရှင် ဆာဂျွန်ကီးဂန်းကလည်း မာရှယ်အခုလို ရေးသားထုတ်ဝေခဲ့တာဟာ သူသိမြင်ယူဆချက်တွေကို လေ့လာသုံးသပ်ပြချင်ရုံသက်သက်မဟုတ်ပဲ အမေရိကန်စစ်တပ်ကို သူတို့ စစ်တိုက်ပုံတွေဟာ မှားယွင်းနေတယ်လို့ ပြောပြပြောင်းလဲစေချင်ပုံရတယ်လို့ ဆိုပါတယ်။

"သူ့တင်ပြချက်တွေဟာ ထိရောက်ခဲ့တယ်။ ထူးခြားချက်တစ်ခုကတော့ မာရှယ်ဟာ သမိုင်းပညာရှင်တစ်ယောက်အနေနဲ့ သူ့ သုံးသပ်ချက်တွေကို သူ အသက်ရှင်နေစဉ်မှာပဲ လက်ခံကြတာကို တွေ့ခဲ့ရရုံမက လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးတာကိုတောင် တွေ့သွားရတာပါပဲ" လို့ ဆာကီးဂန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်တပ်သားတွေ ဒုတိယကမ္ဘာစစ်မှာထက် လက်နက်ပိုသုံးခဲ့တယ်လို့ စာတမ်းကဆို

မာရှယ်ကိုယ်တိုင်ကလည်း သူ့ သုတေသနပြုတွေ့ရှိချက်တွေကို စစ်တပ်က ထိထိရောက်ရောက်တုံ့ပြန်ခဲ့ပြီး စစ်ပွဲတွေမှာ "ပစ်ခတ်နှုန်း" က တိုးတက်လာတယ်လို့ ပြောခဲ့ပါတယ်။

ကိုရီးယားစစ်ပွဲကိုလည်း သူက ဆက်လေ့လာခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ပစ်ခတ်နှုန်းက ၅၅ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်စစ်ပွဲမှာတော့ ပစ်ခတ်နှုန်းက အများကြီးပိုတိုးလာခဲ့ပါပြီ။ လေ့လာချက်တစ်ခုအရဆိုရင် အမေရိကန် စစ်သား ၉၀ ရာခိုင်နှုန်းက ဒီစစ်ပွဲမှာ တစ်ဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လေ့လာပုံနည်းစနစ်

မာရှယ်ကတော့ သူ့လေ့လာနည်းစနစ်ကို တိုက်ပွဲအပြီး တပ်ဖွဲ့ကိုမေးမြန်းခြင်း လို့အမည်ပေးထားပါတယ်။

သူက ရှေ့တန်းစစ်မြေပြင်က တပ်ဖွဲ့တွေဆီကို သွားပါတယ်။ တိုက်ပွဲတစ်ခုပြီးပြီးချင်း အဲဒီတိုက်ပွဲထဲမှာ ပါခဲ့တဲ့ စစ်သားတွေကို သူတွေ့ဆုံမေးမြန်းခဲ့တာ အဲဒီလို စစ်သား ၄၀၀ ကျော်ကို သူတွေ့ဆုံခဲ့ပါတယ်လို့ မာရှယ်က ဆိုပါတယ်။

စစ်သားတွေက အဲဒီတိုက်ပွဲမှာ သူတို့နဲ့ သူတို့ရဲဘော်တွေဘာလုပ်ခဲ့သလဲဆိုတာ ပြောပြတယ်၊ သူတို့ အမည်တွေပြောစရာမလိုပဲ မာရှယ်က မှတ်စုတွေရေးမှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မာရှယ်ကို ဝေဖန်သူတွေကတော့ သူပြောတဲ့ မှတ်စုတွေဆိုတာ တကယ်တော့ နည်းနည်းလေးပဲ ရှိခဲ့တယ်လို့ ထောက်ပြကြပါတယ်။

တခါ မာရှယ်ဟာ ဒဏ်ရာရတဲ့သူ၊ သေဆုံးတဲ့သူတွေရှိတဲ့ တပ်တွေကိုတော့ တစ်ခါမှ မေးထားတာ မတွေ့ရဘူးလို့လဲ သူတို့က ပြောကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်သားတွေက သေရမှာကို ကြောက်ကြတာမဟုတ်ပဲ သတ်ရမှာကို ကြောက်နေခဲ့ကြတာလို့ဆို

မာရှယ်ကတော့ အဲဒီလို ရှေ့တန်းစစ်မြေမြင်မှာ သူတွေ့ဆုံမေးမြန်းမှုတွေကနေသူ့ရဲ့ သီအိုရီကို ထုတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကောက်ချက်ကတော့ ဂျာမန်နဲ့ ဂျပန်တွေကို တိုက်ခဲ့တဲ့ အမေရိကန် စစ်သားတွေဟာ ရန်သူတွေကို ပစ်ခတ်ဖို့ အတော်ကြီးကို ကြောက်ရွံ့နေခဲ့ကြပါတယ်တဲ့။

သူတို့ဟာ သေရမှာကို ကြောက်ကြတာမဟုတ်ပဲ သတ်ရမှာကို ကြောက်နေခဲ့ကြတာလို့ သူကဆိုပါတယ်။

သူ့ရဲ့ ကောက်ချက်တွေကို ဝါရှင်တန်မှာ ရှိနေကြတဲ့ ဗိုလ်ချုပ်ကြီးတွေက အလေးအနက်ထားခဲ့ကြပါတယ်။

လေ့ကျင့်ရေး နည်းစနစ်များ

ဒါပေမယ့် အဲဒီလို လေ့ကျင့်ခန်းဟာ တကယ့်စစ်မြေပြင်မှာ ပစ်ရပုံမျိုးနဲ့ အခြအနေချင်း မတူပါဘူး၊ နောက်တစ်ခါ ပစ်မှတ်ကလည်း တကယ့်လူပုံစံမဟုတ်တဲ့အတွက် စစ်မြေပြင်မှာ တစ်ဘက်က ရန်သူကို ပစ်တတ် ပစ်နိုင်အောင် စစ်သားတွေကို လေ့ကျင့်ပေးမထားနိုင်ခဲ့ပါဘူး။

အမေရိကန်စစ်တပ်မှာ အစောပိုင်းတုန်းက သေနတ်ပစ်လေ့ကျင့်ခန်းဆိုတာ အဝေးက ပစ်မှတ်ကို သေနတ်က ချိန်သားအပေါက်ကကြည့်ပြီး ပစ်ရတာမျိုးပါ။

ဒါပေမယ့် အဲဒီလို လေ့ကျင့်ခန်းဟာ တကယ့်စစ်မြေပြင်မှာ ပစ်ရပုံမျိုးနဲ့ အခြအနေချင်း မတူပါဘူး၊ နောက်တစ်ခါ ပစ်မှတ်ကလည်း တကယ့်လူပုံစံမဟုတ်တဲ့အတွက် စစ်မြေပြင်မှာ တစ်ဘက်က ရန်သူကို ပစ်တတ် ပစ်နိုင်အောင် စစ်သားတွေကို လေ့ကျင့်ပေးမထားနိုင်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်မြေပြင်မှာ တစ်ဘက်က ရန်သူကို ပစ်နိုင်အောင် စစ်သားတွေကို လက်တွေ့ လေ့ကျင့်ပေးမထားနိုင်ခဲ့ဘူးလို့ဆို

ဒါကြောင့်ပဲ ဒုတိယကမ္ဘာစစ်အပြီးမှ အမေရိကန် စစ်တပ်က လူသားပုံ ပစ်မှတ်တွေကို စပြီး အသုံးပြုလာပါတယ်။ ဒီ လေ့ကျင့်ခန်းမျိုးက စစ်သားတွေကို ကြမ်းတမ်းရမှာကို စိုးရွံ့စိတ်ဖျောက်စေနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

အခုဆို ပစ်မှတ်တွေဟာ အကွာအဝေးမျိုးစုံ နေရာစုံက ရုတ်တရက်ပေါ်လာတဲ့ လူပုံ အရုပ်တွေဖြစ်ကြပြီး စစ်သားတွေကို အလျင်အမြန် ပစ်ခတ်နိုင်အောင် လေ့ကျင့်ပေးတာဖြစ်ပါတယ်။ လက်တွေ့တိုက်ပွဲ ဖြစ်စဉ်မှာ အလျင်အမြန် တုံ့ပြန်တတ်စေဖို့ဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲဖြစ်ချိန်အထိ အနီးကပ် လက်တစ်ကမ်းတိုက်ပွဲမျိုးက အတော်ကြီးကို ရှားပါတယ်။ ဒါပေမယ့် ဘက်နက်နဲ့တက်ထိုးရတဲ့ လေ့ကျင့်ခန်းတွေကတော့ စစ်သားတွေဆက်လုပ်ကြရပါတယ်။ ဒါကလည်း စစ်မြေပြင်မှာ တကယ်တန်းကြုံရနိုင်မှာကို မျှော်လင့်ပြင်ဆင်တာမျိုးထက် စစ်သားတွေစိတ်ထဲ ရန်သူအပေါ် ခက်ထန်ကြမ်းတမ်းစိတ်မျိုးတွေပိုပြီး မွေးမြူလာနိုင်စေအောင်ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘက်နက်ထိုးလေ့ကျင့်ခန်း

ဒီနည်းလမ်းတွေအားလုံးဟာ လူတစ်ယောက်ကို သတ်ဖြတ်ဖို့အရေးမှာ စိတ်ခံစားချက်တွေနည်းသွားအောင်လုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အမေရိကန်စစ်တပ် လေ့ကျင့်ရေးနဲ့ ဝါဒဖြန့်ချိရေးတပ်က ဗိုလ်မှူး အက်ဖ်ဒီဂျီ ဝီလျံက အခုလိုရေးခဲ့ဖူးပါတယ်။

"မာရှယ်ရဲ့ သဘောတရားအယူအဆတွေကို လူတွေသတိထားမိ လိုက်နာမိလိုက်ကြပါသေးတယ်။ ပြီးတော့ မှေးမှိန်သွားတယ်။ ဒါပေမယ့် မာရှယ်ရဲ့ တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကတော့ တိုးတက်မှုတွေအများကြီး ဖြစ်စေခဲ့ပါတယ်။"

အငြင်းပွားစရာများ

စစ်တပ်တိုင်းကတော့ မာရှယ်ရဲ့ အကြံပြုချက်တွေကို လိုက်နာလုပ်ဆောင်ကြတာမဟုတ်ပါဘူး။ နောက်ပိုင်းမှာ သူ့အကြံပြုချက်တွေကနေဆိုးကျိုးတွေဖြစ်လာတော့ သူ့နာမည်တောင် ထိခိုက်ဖို့ ဖြစ်လာခဲ့ပါတယ်။

သူမှတ်စုတွေယူထားခဲ့ပါတယ်ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာတွေရှိခဲ့သလိုပဲ သူက တွေ့ဆုံမေးမြန်းခဲ့ပါတယ်ဆိုတဲ့ စစ်သားတွေကလည်း သူတို့ကို မာရှယ်က တိုက်ပွဲအတိုင်း သေနတ်ပစ်ခဲ့သလားဆိုတဲ့ မေးခွန်မျိုး မေးမြန်းခဲ့တာလုံးဝမရှိပါဘူးလို့ နောက်ပိုင်းမှာ ပြန်ပြောခဲ့ကြပါတယ်။

တစ်ခါ မာရှယ်ကိုယ်တိုင်ကလည်း သူပြောခဲ့တဲ့ ကိန်းဂဏန်း စာရင်းဇယား ရာခိုင်နှုန်းတွေရအောင် ဘယ်လို သုံးသပ်တွက်ချက် အဖြေထုတ်ခဲ့ပါတယ်ဆိုတာကို တစ်ခါမှ ရှင်းပြခဲ့တာမျိုး မရှိပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မာရှယ့် သုတေသန တင်ပြချက်တွေကို သဘောမတူသူတွေရှိ

ကနေဒါစာရေးဆရာ ရောဘတ်အန်ဂန်က - "မာရှယ်တင်ပြခဲ့တဲ့ နာမည်ကျော် ပစ်ခတ်မှုအချိုးအစား ကိန်းဂဏန်းတွေဆိုတာ သူကိုယ်တိုင်က တိုက်ပွဲမှာ ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး ကြိုတင်ခံယူပိုင်းဖြတ်ထားချက်အပေါ် အခြေပြုလို့ လုပ်ကြံဖန်တီးထားတာမျိုး ဖြစ်နိုင်ခြေအများကြီး ရှိပါတယ်။"

"သူ့ရဲ့ သမိုင်းဆိုင်ရာ လေ့လာတင်ပြချက်တွေမှာ ကောင်းတာတွေအများကြီးပါပါတယ်။ ဒါပေမယ့်မာရှယ်ဟာ တစ်ဖက်ပိတ်ပညာရှင်ဖြစ်သွားခဲ့တယ်။ သူမြင်ချင်တာကိုပဲ ရွေးပြီးမြင်တတ်သူတစ်ယောက်ဖြစ်သွားခဲ့တယ်။"

ဒါပေမယ့် ပိုပြီး အရေးပါတဲ့အချက်တစ်ခုကတော့ မာရှယ်ပြောခဲ့တဲ့ တခြားအချက်တချို့ဟာလည်း မမှန်ဘူးဆိုတာ သိလာရတာပါ။ သူက ပထမကမ္ဘာစစ်တုန်းက သူကိုယ်တိုင် စစ်သားတွေကို ဦးစီးပြီး တိုက်ခဲ့တယ်ဆိုတာရယ်၊ သူဟာ ပြင်သစ်စစ်မြေပြင်မှာ တပ်ချခဲ့တဲ့ အမေရိကန်တပ်ဖွဲ့တွေအားလုံးထဲမှာ အသက်အငယ်ဆုံးအရာရှိဆိုတာတွေကလည်း မမှန်ပါဘူး။

သူဟာ ၁၉၁၉ခုနှစ်မှ အရာရှိဖြစ်လာတာပါ။ ဥရောပစစ်မြေပြင်မှာ သူပါခဲ့တယ်ဆိုတာကလည်း စစ်ကြီးပြီးလို့အတော်ကြာမှ အိမ်ပြန်လာတဲ့ စစ်သားတွေကို သွားခေါ်ခဲ့တာမျိုးပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပထမ ကမ္ဘာစစ်က အမေရိကန် စစ်သား သုံးယောက်

သူရဲ့ ကောက်ချက်ချ ပြောဆိုမှုတွေကို စစ်သားဟောင်းကြီးတွေကလည်း သူတို့ရဲ့ ဂုဏ်သိက္ခာထိခိုက်တယ်ဆိုပြီး မကျေနပ်ကြပါဘူး။

တပ်ကြပ်ကြီးဟောင်းတစ်ယောက်ကတော့ မာရှယ်ရဲ့ သီအိုရီနဲ့ပတ်သက်ပြီး အခုလို မေးခွန်းထုတ်ပါတယ်။ "ကျုပ်တို့က ဂျာမန်တွေကို တင်းပုတ်နဲ့ထုသတ်ခဲ့တယ်လို့များ အဲဒီကောင်ကြီး ထင်နေတာလား။"

မာရှယ်ပြောခဲ့တဲ့ စစ်သား ၁၅ ရာခိုင်နှုန်းက ၂၀ ရာခိုင်နှုန်းပဲ တိုက်ပွဲမှာ ပစ်ကြတယ်ဆိုတဲ့ ကိန်းဂဏန်းရဲ့ မှန်ကန်မှုကို ငြင်းချက်ထုတ်သူတွေရှိကြပေမယ့် အခုအထိ အဲဒီ ဂဏန်းကို လေးစားလောက်တဲ့အဖွဲ့အစည်းတွေကိုယ်တိုင် မကြာမကြာ ကိုးကားတာမျိုး ရှိနေဆဲပါ။

ဘာပဲပြောပြော မာရှယ်ရဲ့ သီအိုရီက ပေးသွားတဲ့ သြဇာကတော့ အခိုင်အမာကြီး ရှိခဲ့ပါပြီ။ သူ့ ကောက်ချက်က ထွက်ပေါ်လာတဲ့ အကျိုးဆက်တွေကပဲ ကမ္ဘာတဝန်းက စစ်သားတွေကို ပိုပြီး ကျွမ်းကျင်လက်ယဉ်တဲ့ လူသတ်စက်တွေအဖြစ် အသွင်ပြောင်းပေးခဲ့တာဖြစ်ပါတော့တယ်။

ဆက်စပ် အကြောင်းအရာများ