ဟောင်ကောင်ဆန္ဒပြပွဲ - သေနတ်ဖောက်ခဲ့ရတဲ့ ည

သေနတ်ထုတ်ချိန်လာတဲ့ ရဲတွေ ဓာတ်ပုံ မူပိုင် Reuters

ဟောင်ကောင်ရဲ့ နိုင်ငံရေးအကျပ်အတည်းကနေ နေရာအနှံ့ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့တာ လနဲ့ ချီနေပါပြီ။ မြို့လယ်ကွက်ကွက်လေး ရှိခဲ့တဲ့ ဆန္ဒပြမှုတွေကတော့ အခုဆို မြို့ပြင်၊ မြို့စွန် ဆင်ခြေဖုံးတွေ အပါအဝင် စျေးဆိုင်တန်းတွေရှိရာ နေရာတွေမှာပါ နေ့စဉ်လို တွေ့လာနေရပါတယ်။ အဲဒီဆန္ဒပြပွဲတွေဟာ တခါတလေ အကြမ်းဖက်မှုတွေ အဖြစ်လည်း အသွင်ပြောင်းသွားတတ်ပါတယ်။

ဇွန်လကတည်းက စပြီးဖြစ်လာခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အေးချမ်းတာဆိုလို့ ကြိုကြားကြိုကြား ရက်ပိုင်းလောက်ပဲ ရှိခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက် တနင်္ဂနွေနေ့က ဟောင်ကောင်ရဲ့ အလုပ်သမားအများစု နေထိုင်ရာ ဆုအင်ဝမ်အရပ်မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာတော့ အကြမ်းဖက်မှုတွေက အရင်ကထက်တောင်ပိုပြီး ကြမ်းတမ်းခဲ့ပါတယ်။ ဒီ့မတိုင်ခင် တစ်ပတ်က တော်တော်လေး အေးအေးချမ်းချမ်း ရှိခဲ့လို့ အကြမ်းဖက်မှုတွေတော့ ပြီးသွားလောက်ပြီလို့ လူထုအကြား မျှော်လင့်ခဲ့ကြပေမယ့် အဲဒီ အထင် မမှန်ခဲ့ပါဘူး။

အဲဒီနေ့မှာ ရဲအရာရှိတစ်ယောက်က သေနတ် တစ်ချက်ပစ်ဖောက်ပြီး သတိပေးခဲ့ရပါတယ်။ ဒါဟာ ဟောင်ကောင် ဆန္ဒပြပွဲတွေအတွင်း ပထမဆုံးအကြိမ် ကျည်အစစ်နဲ့ သေနတ်ပစ်ဖောက်ခဲ့တာပါ။ တစ်ခါ မီးသတ်ပိုက်တွေအဆင်သင့်နဲ့ ကားတွေလည်း ဆန္ဒပြသူတွေအနား ပထမဆုံးအကြိမ် တွေ့ရပါတယ်။ ၁၂ နှစ်သားလေး တစ်ယောက်လည်း အဲဒီနေ့က အဖမ်းခံရပါတယ်။ ဒါ အဖမ်းခံရသူတွေထဲမှာ အသက်အငယ်ဆုံးပါ။ ဒါတွေအားလုံးက ရှေ့မှာ အဆိုးကြီးတွေ တွေ့လာရတော့မလားဆိုတဲ့ စိတ်မသက်မသာမှုတွေ လူထုကြားထဲ ဖြစ်လာစေပါတယ်။

ဟောင်ကောင်က တစ်ညနေ

အခု ဖြစ်ရပ်ကတော့ ဟောင်ကောင်မှာ တစ်ညနေခင်း ကြုံခဲ့ရတဲ့ ဖြစ်စဉ်ပါ။ ဆုအင်ဝမ်အရပ်မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေက ဟောင်ကောင်က တခြားအရပ်တွေမှာ ကြုံခဲ့ရသလိုပါပဲ။ တစ်မြို့လုံးက လူတွေ သူတို့ မကျေနပ်ချက်တွေကို ထုတ်ပြနေကြတာကို ဆုအင်ဝမ်အရပ်က လူတွေကလည်း သူတို့ နေရပ်မှာ ထုတ်ပြဖို့ ကြိုးပမ်းချက်အဖြစ်တွေ့ရပါတယ်။

အဲဒီလို ဖြစ်ဖို့ဆိုတာကလည်း တခြားနေရာတွေမှာ ဖြစ်ခဲ့သလိုပါပဲ၊ ဟောင်ကောင်က ဆန္ဒပြပွဲတွေကို ဆက်ပြီး အားကောင်းနေစေချင်တဲ့၊ အရှိန်မသေစေချင်တဲ့ အုပ်စုတွေက သူတို့ ဆုံနေကြ အွန်လိုင်းက ချက်ဂရု တယ်လီဂရမ်မှာ လျှို့ဝှက်သတင်းစကားတွေ ဖလှယ်ခဲ့ကြပါတယ်။ သူတို့တွေက ဆန္ဒပြပွဲတွေကို စနစ်တကျစုဖွဲ့လှုပ်ရှားပြီး ထောက်ပံ့မှုတွေ ကောင်းကောင်းလည်း မပြတ်လပ်သွားရအောင် ကြိုးစားနေကြသူတွေပါ။

အဖွဲ့ဝင် ထောင်သောင်းချီရှိကြတဲ့ အဲဒီ အုပ်စုလေးတွေဟာ ဘယ်လို လုပ်ကြမယ်ဆိုတာကို ဆွေးနွေးကြပါတယ်။ တချို့က ဆန္ဒပြပွဲတွေကို ဘယ်လို စီစဉ်မယ်၊ ဘယ်လမ်းက ဘယ်လိုသွားမယ်ဆိုတာကို စဉ်းစားကြပြီး ချီတက်ဆန္ဒပြတဲ့ နောက်ဆုံးအခြေအနေတွေကို တိုက်ရိုက် သတင်းပို့ပေးကြပါတယ်။ တချို့ကတော့ ဆန္ဒပြသူတွေအတွက် လိုအပ်မယ့် ပစ္စည်းတွေကို စုဆောင်းရှာဖွေပေးကြပြီး တချို့ကတော့ ကိုင်ဆောင်ရမယ့် ပိုစတာတွေ လုပ်ပေးကြပါတယ်။

တယ်လီဂရမ်ချက်ဂရုပေါ်မှာပဲ ကွေချွန်းနဲ့ ဆုအင်ဝမ်းအရပ်တွေက အရင်က တစ်ဦးနဲ့တစ်ဦး မသိခဲ့သူတွေ ဆုံမိကြပြီး သြဂုတ်လ ၂၅ ရက်နေ့မှာ ဆန္ဒပြပွဲတွေ လုပ်ဖို့ တိုင်ပင်မိကြတာပါ။ အဲဒါက ဇွန်လထဲမှာပါ။ သူတို့အထဲက တစ်ယောက်ကတော့ အသက် ၂၆ နှစ်အရွယ် ပေါ်တာပါ။

Image caption ပေါ်တာ

သူတို့ စပြီး စုစည်းမိခဲ့လို့ ရက်ပိုင်းပဲ ရှိသေးတယ်၊ အဲဒီ တယ်လီဂရမ်က စုပေးလိုက်တဲ့အုပ်စုတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုကို လူသိများအောင်လုပ်သူတွေ၊ ဆေးဝါးအစောင့်အရှောက်ပေးတဲ့ လုပ်အားပေးတွေ၊ လိုအပ်တဲ့ အသုံးအဆောင် ဝယ်ယူစုဆောင်းသူတွေနဲ့ ယာဉ်မောင်းသူတွေအဖြစ် ဆုအင်ဝမ်းမှာ လုပ်မယ့် ဆန္ဒပြပွဲတွေအတွက် စတင်လှုပ်ရှားကြပါတော့တယ်။ ချီတက်ဆန္ဒပြဖို့ ရဲဆီက ခွင့်ပြုချက်ရအောင် ဘယ်လို ညှိနှိုင်းရမယ်ဆိုတဲ့ အကြံပြုချက်တွေတောင် တယ်လီဂရမ် ချက်ဂရုထဲမှာ တင်ပေးကြပါတယ်။

သြဂုတ် ၂၅ - ချီတက်ကြဖို့ ပြင်ဆင်ပြီ

ထောက်ပံ့ရေး ပစ္စည်း စုဆောင်းရေးအဖွဲ့က သောက်ရေ၊ ပတ်တီးနဲ့ တခြားလိုအပ်တာတွေ ပါတဲ့ ပစ္စည်း အိတ်ကြီး ၁၀ အိတ်ကို ပြင်ဆင်ထားပါတယ်။ ဒီအထဲက ပစ္စည်းအများစုက သူတို့ကို ထောက်ခံသူ စာနာသူတွေက လှူဒါန်းထားတာတွေပါ။

လမ်းမှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ နေရာတချို့ကို ချီတက်ပွဲမစခင်မှာကတည်းက လိုက်ကြည့်ထားပြီး အဲဒီနေရာတွေအနားမှာ လူသုံး ပစ္စည်းတွေ၊ လူကို အကာအကွယ်ပေးမယ့် ပစ္စည်းတွေကို အသင့်ကြိုပြီးချထားတယ်လို့ လုပ်အားပေးတစ်ယောက်ဖြစ်တဲ့ ဗီတာက ပြောပါတယ်။

အခု လှုပ်ရှားမှုက ဒီလောက်ကြီး ကြီးထွားလာတာက လူတိုင်းက သူတို့တတ်နိုင်တဲ့ ပုံစံအနေအထားနဲ့ ထောက်ပံ့ကူညီ ပါဝင်ခဲ့ကြလို့ပါလို့ ပေါ်တာက ဆိုပါတယ်။

ဒါပေမယ့် ဒီဆန္ဒပြပွဲတွေကို သူက ဦးဆောင်တာ မဟုတ်ပါဘူးလို့ သူက အခိုင်အမာပြောပါတယ်။ တကယ်တမ်းတော့လည်း အခု ဆန္ဒပြပွဲတွေကို ဦးဆောင်သူလို့ တစ်ယောက်ကိုမှ မပြောနိုင်ပါဘူး။ ဒီလှုပ်ရှားမှုရဲ့ ဦးစီးဦးဆောင်အဖြစ် တစ်ယောက်ယောက် သတ်သတ်မှတ်မှတ် ရှိမထားတာက အာဏာပိုင်တွေက ဒီလှုပ်ရှားမှုကြီးကို ဖြိုခွဲဖို့ ပိုပြီး အခက်အခဲရှိစေလိမ့်မယ်လို့ ဆန္ဒပြသူတွေက သိထားကြပါတယ်။

ဒါပေမယ့် သူတို့အတွက် နမူနာယူစရာ ကနဦး လှုပ်ရှားမှုတစ်ခုတော့ ရှိပါတယ်။ အဲဒါက လူတိုင်းဆန္ဒမဲပေးခွင့်ရရှိရေး လှုပ်ရှားတောင်းဆိုခဲ့ကြတဲ့ ၂၀၁၄ ခုနှစ်က ထီးလှုပ်ရှားမှုပါ။ အဲဒီတုန်းက ဟောင်ကောင်မြို့လယ်ကို ၇၉ ရက်ကြာ သိမ်းပိုက်ထားခဲ့ကြပေမယ့် အစိုးရဘက်က လိုက်လျောချက်တစ်ခုမှ မရခဲ့ဘဲ ခေါင်းဆောင်တွေပဲ ထောင်ချခံလိုက်ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

အခုတစ်ကြိမ်မှာတော့ ဟောင်ကောင်မှာ လူသုံးများတဲ့ မက်ဆေ့ချ်ပို့ကြတဲ့ ဖိုရမ် LIHKG ကနေ လှုပ်ရှားမှုကို ဘယ်ပုံဆောင်ရွက်ကြမယ်ဆိုတာကို ဆုံးဖြတ်ကြပါတယ်။ တစ်ခုခုအဆုံးအဖြတ်လုပ်ဖို့ ရှိရင် အဲဒီမှာ တင်လိုက်ပြီး လူ ထောင်သောင်းချီပြီး ဆန္ဒမဲပေးကြပါတယ်။ မဲအများဆုံးရတဲ့ လုပ်ငန်းစဉ်ကို လူတွေက လိုက်နာပြီး အကောင်အထည်ဖော်ကြပါတယ်။

ပေါ်တာက ချီတက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် စီစဉ်နေချိန်မှာ ဆန္ဒပြသူအများစုကတော့ ဒီပွဲမှာ အကြမ်းဖက်မှုတွေ ဖြစ်လာဦးမှာပဲဆိုတာ သိထားကြပါတယ်။ အရင်တုန်းက လူထု စုဝေးပွဲတွေမှာလည်း ဒီလိုပဲ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့တဲ့ အစဉ်အလာမျိုးက ရှိပြီးသားမို့ဖြစ်ပါတယ်။

ရှေ့ဆုံးတန်းက ချီတက်ကြသူ ရဲနဲ့ မျက်ရည်ယိုဗုံးတွေကို ရှေ့က ရင်ဆိုင်ကြသူ သဘောထားတင်းမာသူ အုပ်စုတွေမှာတော့ လူ အများကြီး မပါကြပါဘူး။ သူတို့ရဲ့ တယ်လီဂရမ်မှာ ရေးကြတဲ့ မက်ဆေ့ချ်တွေကလည်း အပြင်လူတွေ အသိမခံပါဘူး။ မြေလှန်သူ ဆိုတဲ့ နာမည်ဝှက်နဲ့ ချီတက်ဆန္ဒပြသူ တစ်ယောက်ကတော့ သူ့ အုပ်စုဟာ ရှေ့မှာ ဘာလုပ်မယ်ဆိုတာ အစောကြီး ကြိုတင်ပြင်ဆင် အစီအစဉ်ချလေ့မရှိဘူးလို့ ပြောပါတယ်။

"ဆန္ဒပြပွဲတွေပြီးလို့ ထိပ်တိုက်ရင်ဆိုင်ရတာတွေ ရှိလာတိုင်း ကျွန်တော်တို့ အုပ်စုကတော့ ချမှာပါပဲ။ ဒီအစိုးရက သူတို့ သြဇာကို ထိန်းဖို့ ရဲတွေကို သုံးတယ်။ ဒီတော့ ကျွန်တော်တို့က ရဲတွေကို နှိပ်ကွပ်နိုင်ရင် အစိုးရက ကျွန်တော်တို့နဲ့ စကားမပြောပဲ ရှောင်နေလို့ မရတော့ဘူးပေါ့" လို့ ပြောပါတယ်။

အကြမ်းမဖက်ဆန္ဒပြသူတွေနဲ့ ပိုပြီးသဘောထားတင်းမာ ထိပ်တိုက်ရင်ဆိုင်သူ အုပ်စု နှစ်စုကြားမှာလည်း ထုတ်မပြောကြပေမယ့် နားလည်မှုတစ်ခု တော့ ရှိကြပါတယ်လို့ သူက ဆိုပါတယ်။ "သူတို့ကလည်း ဆန္ဒလာပြချိန်မှာ တစ်ခုခုတော့ ဖြစ်လာလိမ့်မယ်ဆိုတာ သိကြပါတယ်။"

၁၅:၀၀ - ဆန္ဒပြပွဲတွေ စပြီ

ထောင်ပေါင်းများစွာသော လူတန်းကြီးဟာ ရွာချနေတဲ့ မိုးရေတွေအောက်မှာ ငြိမ်ငြိမ်သက်သက်ပဲ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆုအင်ဝမ်းရပ်ကို ချီတက်လာနေခဲ့ပါတယ်။

သူတို့ဟာ "ဟောင်ကောင်လူထုတို့ ဆီကို ဖြန်းကြ" လို့ အဓိပ္ပါယ်ရတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်လာကြပါတယ်။ ဆိုလိုတာကတော့ ဆက်လုပ်ကြဆိုပြီး အားပေးတဲ့ သဘောပါ။ အဲဒီ ကြွေးကြော်သံဟာ ဟောင်ကောင် ဆန္ဒပြပွဲတွေရဲ့ ပင်တိုင်ဟစ်ကြွေးသံတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကလေးငယ်လေးတွေပါပါတဲ့ မိသားစုတွေ၊ လူကြီးတွေ လူရွယ်တွေအားလုံး ဒီလူတန်းကြီးထဲမှာ စုဝေးမိကြပါတယ်။ အဲဒီအချိန်မှာ ရဲတစ်ယောက်ကိုမှတော့ အနားလာတာမမြင်ရသေးပါဘူး။ အရင်ဆန္ဒပြပွဲတွေတုန်းကလိုပဲ ဒီနေရာဟာ အကြမ်းဖက်မှုတွေ ဖြစ်လာမယ့် နေရာမဟုတ်ဘူးဆိုတာ သူတို့ သိထားလို့လည်း ဖြစ်နိုင်ပါတယ်။

လူငယ်တစ်စုက ကားလမ်းတစ်ခြမ်းကို ပိတ်ဖို့ အရံအတားတွေချပါတယ်။ သူတို့ လုပ်နေတာ အပျော်သဘောမျိုး လုပ်နေကြသလိုပါပဲ၊ သူတို့အထဲက တစ်ယောက်က အသက် ၁၅ နှစ်လောက်ပဲ ရှိပါဦးမယ်။

သူတို့အားလုံး မျက်နှာတွေကို မမြင်ရ မမှတ်မိအောင်လည်း ဖုံးထားကြပါတယ်။

အခု ဆန္ဒပြ လှုပ်ရှားမှုတွေ စဖြစ်လာကတည်းက ဆန္ဒပြသူတွေကလည်း သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ မသိရအောင် ဖုံးကွယ်ထားကြပါတယ်။

သူတို့ဟာ မက်ဆေ့ချ်တွေ ပို့ကြရာမှာလည်း သင်္ကေတတွေနဲ့ အလွယ်တကူ ကြားဖြတ်ဖတ်လို့မရအောင် လုပ်ကြသလိုပဲ သတင်းထောက်တွေနဲ့ စကားပြောတဲ့အခါမှာလည်း သူတို့ ဘယ်သူ ဘယ်ဝါဆိုတာကို ထုတ်ပြောလေ့ သိပ်မရှိပါဘူး၊ ပြီးတော့ ဟောင်ကောင်မှာ သုံးကြတဲ့ ကိုယ်ပိုင် ခရီးသွားလက်မှတ်တွေကိုလည်း မသုံးကြပါဘူး၊ အာဏာပိုင်တွေက နောက်ယောင်ခံလိုက်ပြီး သိသွားမှာ စိုးကြလို့ပါ။

ချီတက်ရာ လမ်းတစ်နေရာမှာတော့ အသက် သုံးနှစ်နဲ့ ခြောက်နှစ်စီ ရှိကြတဲ့ ကလေးနှစ်ယောက်ပါတဲ့ မိသားစုတစ်စုက အိမ်လုပ် ထမင်းလုံးတွေကို ဝေငှပေးနေကြပါတယ်။

လူတန်းကြီးက သတ်မှတ်ထားတဲ့ လမ်းအဆုံးဖြစ်တဲ့ ဆုအင်ဝမ်းပန်းခြံကို ရောက်တဲ့အချိန်မှာတော့ ဆန္ဒပြပွဲဟာ အဲဒီနေရာမှာ ပြီးမသွားဘူးဆိုတာ သူတို့ စိတ်ထဲမှာ သိနေကြပါတယ်။ ဒါပေမယ့် ရှေ့ကို ဘာဆက်လုပ်ကြရမယ်ဆိုတာကို သိသူ မရှိဖြစ်နေပါတယ်။ တယ်လဂရမ်ချက်ဂရုထဲက နောက်ဆုံးဖြစ်စဉ်တွေကို ကြည့်နေတဲ့ တစ်ကိုယ်လုံး အမဲရောင် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ဟောင်ကောင်ဟာ အခု အရေးကြီးလှတဲ့ အချိန်ကို ရောက်နေပြီလို့ ပြောပါတယ်။

လမ်းမပေါ် မိုးထွက်နေတဲ့ အိမ်တံစက်မြိတ်တစ်ခုရဲ့အောက်မှာတော့ ဆေးဖက်လုပ်အားပေး လူငယ်တွေက အခြအနေတစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်လာရင် အသင့် ကူညီနိုင်အောင် ပြင်ဆင်နေကြပါတယ်။

"အရေးပေါ်အခြေအနေဖြစ်လာရင် လှည့်ပြီး အကူအညီပေးရမယ့် အဖွဲ့တွေကို ဘယ်နေရာတွေကို လွှတ်ရမလဲဆိုတာ ကျွန်တော်တို့ အခုဆုံးဖြတ်နေပါတယ်" လို့ ဆေးကျောင်းသား ဂျိုနသန်က ပြောပါတယ်။ သူက ဆန္ဒပြသူတွေကို ကူညီဖို့ ရောက်နေတဲ့ ရှေးဦးသူနာပြုအကူ ၈၀ လောက်ထဲက တစ်ယောက်ပါ။

အဲဒီအချိန်မှာပဲ မီတာ ၃၀၀ လောက်ဝေးတဲ့ ယွန်အုတ်လမ်းမှာတော့ အရံအတားတွေကို စချနေပါပြီ။ အဲဒီလမ်းဟာ စက်ရုံတွေရှိရာ ရပ်ကွက်ထဲက အဓိက လမ်းသွယ်ကြီးတစ်ခုပါ။ အဲဒီနေရာကို အမဲရောင်ဝတ်စုံတွေဝတ်ထားပြီး ခေါင်းမှာ ခမောက်အမာ အဝါရောင်တွေ ဝတ်ထားတဲ့ သဘောထားတင်းမာတဲ့ ဆန္ဒပြသူအုပ်စုကလည်း ရာနဲ့ချီပြီး လာစုဝေးမိနေကြပါပြီ။ သူတို့ထဲက တချို့ကတော့ စောစောက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြရာမှာ ပါခဲ့ပြီး အခု ဒီဘက်ကို လာပူးပေါင်းကြသူတွေပါ။

Image caption ဆေးဘက်အကူတွေ

တင်းမာသူတွေကတော့ ရဲတွေကို ဆွပေးပြီး တုံ့ပြန်လာအောင်လုပ်၊ ဆန္ဒပြပွဲတွေကို အရှိန်မြှင့်ပြီး ကျယ်ပြန့်သွားအောင် လုပ်ခြင်းနည်းကသာ အစိုးရရဲ့ အရေးယူဆောင်ရွက်မှုတွေ ရလာနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ သူတို့ဟာ မျက်ရည်ယိုဗုံးနဲ့ ရော်ဘာကျည်ဆံတွေကို ရင်ဆိုင်ဖို့ အသင့်ပြင်လာကြပါတယ်။ လမ်းဘေး ပလက်ဖောင်းက ကျောက်ခဲတွေကို တူးယူပြီး ရဲတွေကို ပစ်ပေါက်ဖို့ အသင့်ပြင်နေကြသလို၊ သံပန်းတံခါးတွေ၊ ဝါးလုံးတန်းတွေကို စုစည်းပြီး အရံအတားတွေကို ခိုင်မာအောင်လည်း လုပ်နေကြပါတယ်။ ဒီလို မြင်ကွင်းတွေဟာ ဟောင်ကောင်မှာ တွေ့နေကျဖြစ်လာနေပြီလို့ ဆိုနိုင်ပေမယ့် တင်းမာသူ အုပ်စုတွေကလည်း ပိုပြီး ရဲတင်း အကြမ်းဖက်လာကြပါတယ်။ အပတ်တိုင်း သူတို့က ပိုပြီး တိုးလုပ်လာကြတာ တချို့အပတ်တွေမှာတော့ သူတို့ဟာ ဓာတ်ဆီဗုံးတွေကိုပါ ယူလာခဲ့ကြပါပြီ။

၁၆:၅၀ - လုံထိန်းရဲတွေ ရောက်လာပြီ

ဆန္ဒပြသူ အုပ်စုရဲ့ တယ်လီဂရမ် မက်ဆင်ဂျာထဲကို နောက်ဆုံးအခြေအနေ သတင်းပို့ချက်ရောက်လာပါပြီ။

၁၆:၅၀ လုံထိန်းရဲတွေ ရှေ့ကို တိုးလာပြီ တဲ့။

အားလုံးက တိုင်ပင်ထားတဲ့အလား ယွန်အုတ်လမ်းဖက်ကို လူအုပ်ကြီးက ချီတက်ခဲ့ကြပါတယ်။ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေသူတွေကို အားပေးဖို့နဲ့ ဖြစ်လာမယ့် အခြအနေတွေကို စောင့်ကြည့်ဖို့ပါ။

သူတို့ရောက်သွားတဲ့အချိန်မှာ ရဲတွေက လမ်းရဲ့ တဖက်မှာ တန်းစီပြီး ရပ်နေကြပါတယ်။ သူတို့ ယူလာတဲ့ ကိုယ်လုံးပြည့်ဒိုင်းတွေကို ရှေ့မှာကိုင်ထားတော့ ကြည့်ရတာ ကျည်ကာမှန်တံတိုင်းအကြည်ကြီးတစ်ခု ချထားသလိုပါပဲ။ ဆန္ဒပြသူတွေထဲက ရှေ့ဆုံးတန်းမှာ ရပ်နေသူတွေ၊ ဘေးက ရပ်ကြည့်နေသူတွေနဲ့ အနားက ခုံးကျော်တံတားတွေပေါ်မှာ စုဝေးကြည့်နေကြသူတွေ အကြား ဒေါသငွေ့တွေ တရိပ်ရိပ်တက်လာကြပါတယ်။

ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေအတွက်တော့ ရဲတွေဟာ မုန်းတီးစရာ လူတွေ ဖြစ်လာခဲ့ပါတယ်။ ရဲတွေကို အော်ဟစ်ဆဲဆိုတာတွေ လုပ်ကြပြီး ဆန္ဒပြသူတွေဘက်က ပြန်ထိုးတဲ့ နီယွန်မီးတန်း အပြာရောင်တွေဟာ ရဲတွေခန္ဓာကိုယ်ပေါ်ကို ဖြာကျနေခဲ့ပါတယ်။ ဒါကလည်း ဆန္ဒပြသူတွေက ရဲတွေကို ရန်စဖို့နဲ့ သူတို့တတွေ စိတ်မတည်ငြိမ်အောင်လုပ်ဖို့ သုံးတဲ့ နည်းလမ်းတစ်ခုပါ။

"ဟောင်ကောင်ရဲတွေက သိသိကြီးနဲ့ ဥပဒေချိုးဖောက်နေကြတယ်" လို့ တစ်ယောက်က လှမ်းအော်ပါတယ်။

"ဆီလောင်းကြ" ဆိုတဲ့ ဟစ်ကြွေးသံတွေနဲ့အတူ လူတွေက သူတို့မှာ ပါလာတဲ့ ထီးတွေကို ရရာ နေရာမှာ ခေါက်ကြ ရိုက်ကြတဲ့ အသံကြီးဟာလည်း နားပွင့်မတတ်ထွက်ပေါ်လာပါတယ်။

ရုတ်တရက်ပဲ ဆန္ဒပြသူတွေက သူတို့ကိုင်ထားတဲ့ အရံအတားတွေကို ကိုင်ပြီး ရှေ့ကို တိုးခဲ့ပါတယ်။ ရဲတွေ စီတန်းထားတဲ့ လိုင်းနဲ့ မီတာ ၅၀ လောက်အထိ နီးကပ်သွားခဲ့ပါတယ်။ ထီးတွေကို ဖွင့်ကိုင်ပြီး ရေတွေဖြည့်ထားတဲ့ ပလတ်စတစ်ပုံးတွေနောက်မှာ သူတို့ ထိုင်ချလိုက်ပါတယ်။ သူတို့ လက်ထဲမှာတော့ အုတ်ခဲတွေနဲ့ သံချောင်းတွေကိုလည်း ကိုင်ထားကြပါတယ်။

တချို့က ရဲတွေကို ကြက်ဥတွေနဲ့ ပစ်ပေါက်ကြပါတယ်။ တချို့ကလည်း လမ်းပေါ်ကို ဆပ်ပြာတွေနဲ့ ဘက်ထရီတွေချထားကြပါတယ်။ ရဲတွေ ရှေ့ကို တက်မလာနိုင်အောင် ဟန့်တားတဲ့ သဘောပါ။

"ကျွန်တော်တို့က ကိုယ့်စိတ်ထဲမှာ ရှိတာကို ထုတ်ပြကြတာပါ။ ဆန္ဒပြသူတွေရော သတင်းသမားတွေကိုပါ ရဲတွေက အင်အားသုံး နှိမ်နင်းနေတော့ ဒါကို ရပ်တန့်အောင် ကျွန်တော်တို့ဘက်က ထုတ်ပြောရမှာပါပဲ" လို့ ရှေ့ဆုံးတန်းမှာ ရှိနေတဲ့ မျက်နှာကို အပြည့်ဖုံးထားတဲ့ ဆန္ဒပြသူတစ်ယောက်က ပြောပါတယ်။

အဲဒီအချိန်မှာပဲ ရဲတွေက သတိပေးတဲ့ အနေနဲ့ အလံနီတစ်ခု ထောင်လိုက်ပါတယ်။ ဒါက အင်အားသုံးတော့မယ်ဆိုတဲ့ အချက်ပြချက်ပါ။ သိပ်မကြာလိုက်ပါဘူး။ သူတို့ အလံအနက်တစ်ခု ထပ်ထောင်လိုက်ပါတယ်။ ဒါကတော့ မျက်ရည်ယိုဗုံးနဲ့ ပစ်တော့မယ်ဆိုတဲ့ သတိပေးချက်ပါ။

၁၇:၁၅ - တိုက်ပွဲစပြီ

ရဲတွေက သူတို့ရဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေကို ဝတ်လိုက်ပြီး ကိုင်ထားတဲ့ ဒိုင်းတွေကို မှောက်လိုက်ပါတယ်။ မျက်ရည်ယိုဗုံးတွေ ပစ်ဖို့ အသင့်ပြင်တဲ့ အနေအထားပါ။ ရဲလုပ်ထုံးလုပ်နည်းအရ သတိပေးတဲ့အချိန်နဲ့ တကယ်ပစ်တဲ့ အချိန်ကြားမှာ အချိန်တစ်ခု ခြားပေးရပါ တယ်။ ဒါမှ အဲဒီနေရာက ထွက်သွားချင်သူတွေ ထွက်နိုင်အောင် အချိန်ရဖို့ပါ။ ဒါပေမယ့် ဆန္ဒပြသူတွေကတော့ မသွားပါဘူး၊ မှုပုံမရ ပါဘူး၊ သူတို့အတွက် မျက်ရည်ယိုဗုံးထိတာ ရိုးနေပုံရပါတယ်။ သူတို့ကလည်း ပါလာတဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးတွေ စွပ်လိုက်ပါတယ်။

နောက်ထပ် မိနစ် ၂၀ လောက်ကြာသွားပါပြီ။ ဒီကြားထဲမှာပဲ ဆန္ဒပြသူတွေကလည်း ပိုပြီး ကြွေးကြော်သံတွေဟစ်အော်၊ ထီးတွေကို လမ်းတွေပေါ် ဆောင့်ချပြီး အသံတွေပြုလို့ ရဲတွေကိုလည်း လှောင်ပြောင် သရော်တာတွေ ပိုလုပ်လာကြပါတယ်။

"ရဲတွေအများကြီး ထပ်ရောက်လာပြီ" လို့ ခမောက်အဝါနဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးဝတ်ထားတဲ့ ရှေ့ဆုံးတန်းက ဆန္ဒပြသူ တစ်ယောက်က ပြောပါတယ်။ "ကျွန်တော်တို့ နည်းနည်းတော့ စိုးရိမ်တယ်၊ မျက်နှာဖုံးစွပ်မရှိတဲ့သူတွေ အဲဒီနေရာက အေးအေးဆေးဆေး ထွက်သွားနိုင်အောင် ကျွန်တော်တို့က စောင့်ချင်သေးတယ်။"

ရဲတွေဘက်က ပထမဆုံး စပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးတွေက ဆန္ဒပြသူတွေကို အပေါ်ကို ကျော်ပြီး ပစ်လိုက်ပါတယ်။ ဆန္ဒပြသူတွေဘက်ကလည်း သူတို့မှာပါလာကြတဲ့ လက်နက်တွေကို အသင့်ပြင်လိုက်ကြပါတယ်။ အဲဒီလက်နက်ကတော့ ဓာတ်ဆီထည့်ထားတဲ့ ပုလင်းတွေပါ။

ဓာတ်ပုံ မူပိုင် Billy H.C. Kwok - Getty Images

လမ်းမတလျှောက် မီးခိုးတွေက လူအုပ်ထဲ ပျံ့နှံ့ရောက်ရှိလာချိန်မှာတော့ ဆန္ဒပြသူတွေဘက်က ပစ်လိုက်တဲ့ မီးလောင်ဗုံးတွေကလည်း နှစ်ဘက် ရင်ဆိုင်နေကြတဲ့ လူတန်း နှစ်ခုရဲ့ အလယ်က ကွက်လပ်ထဲကို ကျလာပါတယ်။

ရေပိုက်တွေ ကိုင်ထားတဲ့ ဆန္ဒပြသူတချို့ကတော့ ရဲဘက်က ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးတွေ လမ်းပေါ် ကျလာလာချင်း ပြေးပြီး ငြှိမ်းသပ်ကြပါတယ်။ တင်းနစ်ရိုက်တံအပြာကိုင်ထားတဲ့သူ တစ်ယောက်ကတော့ မျက်ရည်ယိုဗုံးကျည်တွေကို ရဲတွေဘက်ကို ပြန်ရိုက်ပြီး ပို့နေတာတွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗုံးတွေကို ရဲဘက် ပြန်ပစ်နေတဲ့ ဆန္ဒပြသူတစ်ယောက်

တချို့က သူတို့ယူလာတဲ့ အုတ်ခဲတွေ၊ လက်ထဲ ကိုင်လာတဲ့ ရတတ်သမျှ ပစ္စည်းတွေနဲ့ ပစ်ကြပါတယ်။ သစ်သားတုတ်တွေ၊ သံပန်း အကာအရံတွေ၊ ဆိုင်းဘုတ်ပြားတွေဟာ လေထဲ ပျံဝဲပြီး ရဲတွေဆီ ရောက်လာကြပါတယ်။

တချို့ကတော့ ရဲဘက်က ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးတွေကို ထီးတွေနဲ့ ဖမ်းပြီး ရဲဘက်ကို ပြန် ပစ်ကြပါတယ်။

ဆံပင်အရှည်နဲ့ လူတစ်ယောက်ဟာ ဓာတ်ငွေ့ရှုမိပုံရပါတယ်။ လမ်းပေါ် ဒူးထောက်ထိုင်ချလိုက်တာ တွေ့ရပါတယ်။ စီအက်စ်ဓာတ်ငွေ့ဟာ ရှုမိသူကို မူးဝေတာ၊ အသက်ရှု မဝတာတွေ ဖြစ်စေပါတယ်။ သူ့ဆီကို လူတစ်ယောက်က ရေဘူးတစ်ဘူး ပစ်ပေးလိုက်ပါတယ်။ အဲဒီရေနဲ့ သူ မျက်နှာသစ်နိုင်အောင်လို့ပါ။

အသက် ၂၀ ကျော်လောက်ရှိမယ့် ကျောင်းသူလေးတစ်ယောက်ဟာ အစောပိုင်းက ငြိမ်ငြိမ်းချမ်းချမ်း လမ်းလျှောက်နေသူတွေအထဲကနေ ဒီဘက် ကူးလာသူပါ။ သူ့မှာ မျက်ရည်ယိုဗုံးက ကာကွယ်ဖို့ ဘာမှ အကာအကွယ်ပါမလာပါဘူး။ သူ့အတွက်လည်း ဒီအတွေ့အကြုံဟာ ပထမဆုံးပါ။

"ကျွန်မ မကြောက်ပါဘူး၊ ဒီ အခြေအနေကို ရင်ဆိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ အရ အပြည့် ပြင်ဆင်ထားပါတယ်" လို့ သူက ပြောပါတယ်။

အနားမှာ ရှိတဲ့ စျေးရုံကြီးတစ်ခုမှာတော့ ဆေးဖက်လုပ်အားပေးတွေက မျက်ရည်ယိုဗုံးဓာတ်ငွေ့ထိလို့ ရဲတွတ်နေတဲ့ လူတွေရဲ့ မျက်စိတွေကို ရေတွေနဲ့ ဆေးပေးနေသလိုပဲ ဓာတ်ငွေ့ရှုမိလို့ အော့အန်နေသူတွေကိုလည်း ပြုစုပေးနေကြပါတယ်။

၁၈:၀၀

တယ်လီဂရမ် မက်ဆေ့ချ်ဘောက်စ်မှာ နောက်ထပ် သတိပေးချက်တစ်ခု ထွက်လာပါတယ်။ အနားမှာ မီးသတ်ကားတွေ ရေပိုက်တွေနဲ့ ရောက်လာကြပြီတဲ့။

အခုအကြိမ်ဟာ ဟောင်ကောင် ဆန္ဒပြပွဲတွေ ဖြစ်လာချိန်က စလို့ ပထမဆုံး မီးသတ်ပိုက်တွေသုံးလာတာဖြစ်ပါတယ်။ မီးသတ်ပိုက်တွေရဲ့ ပြင်းအားက ဘယ်လောက်ရှိမလဲဆိုတာ မသိကြတဲ့ ဆန္ဒပြသူတချို့ကတော့ အဲဒီနေရာက ဆုတ်ခွာသွားခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Billy H.C. Kwok - Getty Images
Image caption ဓာတ်ငွေ့ကာ မပါရင် မျက်ရည်ယိုဗုံးဒဏ်ခံနိုင်ဖို့မလွယ်

၁၈:၃၀

ဆန္ဒပြသူအများစုကတော့ သူတို့နေရာက မရွှေ့ကြပါဘူး။ အတော်များများက ငုံ့ပြီး ထိုင်ချလိုက်ကြပြီး သူတို့ ကိုင်ထားတဲ့ တုတ်တွေ၊ သံချောင်းတွေကို ကြမ်းပြင်နဲ့ဆောင့်၊ ဘေးက သံတန်းတွေကို ရိုက်လို့ အသံတွေ ထွက်နေအောင် ဆက်လုပ်နေကြပါတယ်။

တချို့ကတော့ လမ်းကူး တံတားတွေပေါ်တက်လို့ အောက်ကရဲတွေပေါ်ကို အုတ်ခဲတွေ၊ မီးလောင်ဗုံးတွေ ပစ်ချပါတယ်။ အဲဒီလူတွေကို တားဖို့ ရဲ ၁၀ယောက် ၁၅ယောက်လောက်လည်း လှေကားကို ပြေးတက်သွားကြပါတယ်။

၁၈:၅၃

အပြန်အလှန် ပစ်နေကြတဲ့ တိုက်ပွဲကြီးဟာ မီးသတ်ကားနှစ်စီးက လမ်းမကြီးအတိုင်း မောင်းဝင်လာတော့မှပဲ ရပ်သွားပါတယ်။ အဲဒီ မီးသတ်ကားတွေ နောက်က ရဲတွေလည်း တန်းစီပြီး လိုက်ပါလာကြပါတယ်။

နောက်ဆုတ်သွားကြတဲ့ ဆန္ဒပြသူတွေနောက်က လိုက်ရင်း မီးသတ်ကားတွေက အားပြင်းလှတဲ့ ရေပိုက်တွေနဲ့ ထိုးပြီး လမ်းပေါ်က အပျက်အစီးတွေ၊ အုတ်ခဲကျိုးတွေ၊ မျက်ရည်ယိုဗုံး ကျည်ခွံတွေကို ရှင်းလင်းပါတယ်။

မီးသတ်ကားတွေ ရောက်လာပြီ

သြဂုတ်လ ၂၅ ရက်နေ့က ယွန်အုတ်လမ်းမှာ ဖြစ်ခဲ့တဲ့ ရင်ဆိုင်တိုက်ခိုက်မှုတွေရဲ့ ပြင်းထန်မှု ဘယ်လောက်ရှိရှိ ဟောင်ကောင် ပြည်သူတွေက အဲဒီမြင်ကွင်းမျိုးကို သိပ်မတုန်လှုပ်ကြတော့ပါဘူး။

ဒါပေမယ့် နောက်ထပ်ဖြစ်လာတဲ့ အဖြစ်အပျက်ကတော့ အားလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။

အဲဒီနေ့က လူပေါင်း ၅၄ ယောက် အဖမ်းခံခဲ့ရပါတယ်။ ဥပဒေမဲ့ စုဝေးမှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေနဲ့ ဖမ်းခံရသူတွေထဲမှာ ၁၂ နှစ်သား ကောင်လေးတစ်ယောက်လည်း ပါနေပါတယ်။ ဒါဟာ ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံရသူတွေထဲမှာ အသက် အငယ်ဆုံးပါ။ သူ့ကို ဖမ်းလိုက်တဲ့ သတင်းက အွန်လိုင်းမှာ ပြန့်သွားပါတယ်။

ကောင်လေးက သူအဖမ်းခံရချိန်မှာ သူ့မိသားစုဝင်တွေရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေကို အော်ပြောသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူမှုဝန်ထမ်းဌာနက လူတစ်ယောက်က ကောင်လေးကို ဆက်သွယ်နိုင်ခဲ့ပြီး သူ့ကို အာမခံနဲ့ ပြန်ထုတ်နိုင်ခဲ့ပါတယ်။

ယွန်အုတ်လမ်းပေါ်က တိုက်ခိုက်မှုတွေ ဖြစ်အပြီး နာရီပိုင်းအကြာမှာ ရရာလက်နက်တွေကိုင်ထားတဲ့ လူငယ်အုပ်စုတွေဟာ ဆုအင်ဝမ်းရပ်ကွက်ထဲက လမ်းကျဉ်းလေးတွေထဲမှာ လျှောက်သွားနေခဲ့ပါတယ်။ အဲဒီ လမ်းလေးတွေဟာ ကျဉ်းလွန်းလို့ မီးသတ်ကားဝင်လို့ မရပါဘူး။

၁၉:၃၀ လေထဲ ပစ်ဖောက်လိုက်တဲ့ သေနတ်သံ

ည ၇ နာရီခွဲလောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ဆန္ဒပြသူ အုပ်စု တစ်ခုတို့ ရင်ဆိုင်တိုးမိကြပါတယ်။ ဒိုင်းကို မြှောက်ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က ကျည်အစစ်နဲ့ သေနတ်တစ်ချက်ကို ကောင်းကင်ယံကို ပစ်ဖောက်လိုက်ပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲတွေ ဖြစ်လာတဲ့ သုံးလအတွင်း အခုအကြိမ်ဟာ ပထမဆုံး ရဲတပ်ဖွဲ့ဘက်က ကျည်အစစ်ကို သုံးလိုက်တာပါ။

ချက်ခြင်းဆိုသလိုပဲ နောက်ထပ် ရဲတပ်ဖွဲ့ဝင် ငါးယောက်ကလည်း သူတို့ သေနတ်တွေဆွဲထုတ်ပြီး ဆန္ဒပြသူတွေဆီ တိုးလာကြပါတယ်။ အဲဒီလို အခြေအနေတင်းမာနေတဲ့ အချိန် မျက်လုံးတွေပြူးလို့ သေနတ်တွေဆွဲထုတ်ထားပြီး ချဉ်းကပ်လာနေတဲ့ ရဲတပ်ဖွဲ့ အုပ်စုလေးရဲ့ ပုံဟာ အဲဒီညကို အကောင်းဆုံး သရုပ်ဖော်ပြတဲ့ ပုံတစ်ပုံ ဖြစ်လာပါတယ်။

ရဲတွေ ရှေ့ကို တက်လာနေတဲ့အချိန် လက်ထဲမှာ ထီးတစ်ချာင်းကိုပဲ ကိုင်ထားပြီး စွပ်ကျယ်နဲ့ ဘောင်းဘီတို ဝတ်ထားတဲ့ သက်လတ်ပိုင်း လူတစ်ဦးဟာ ဒူးထောက်ပြီး ရဲတွေကို မပစ်ဖို့ တောင်းပန်ချိန် ရဲတစ်ယောက်က သူ့ကို လှမ်းကန်လိုက်ပါတယ်။

ရဲက သူ့ကို သေနတ်နဲ့ လှမ်းထိုးချိန်လိုက်တဲ့အချိန်မှာ သူက မတ်တပ်ရပ်ပြီး လက်တွေကို ဆန့်တန်းထားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Lam Yik Fei / NYT / eyevine

မိနစ်ပိုင်းအတွင်းမှာပဲ အဲဒီပုံဟာ အွန်လိုင်းမှာ ပြန့်သွားပါတယ်။ ရဲတွေရဲ့ ရက်စက်မှု ပြယုဂ်တစ်ခုအဖြစ် ဒီပုံကို ပြပြီး ဝေငှ ဖြန့်ဝေကြပါတယ်။ အဲဒီပုံကိုပဲ လွန်ခဲ့တဲ့ အနှစ် ၃၀ တရုတ်နိုင်ငံ တီယန်နန်မင်ရင်ပြင်က ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်မှာ သံချပ်ကာ ကားတစ်စီးရှေ့မှာ လက်နက်မပါ စျေးဝယ်အိတ်တစ်လုံးကိုင်လို့ တစ်ဦးတည်းရပ်နေခဲ့တဲ့ ဆန္ဒပြသူနဲ့ နှိုင်းပြီး ပြောနေကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉၈၉ တီယန်နန်မင်ရင်ပြင်က ဆန္ဒပြသူ

ဒါပေမယ့် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်စဉ် တစ်ခုလုံးမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ထောင့်ပေါင်းစုံက အနီးကပ်ကြည့်လိုက်မယ်ဆိုရင် ဖြစ်ရပ်တွေဟာ တီယန်နန်မင်ဖြစ်စဉ်ထက် အများကြီး ပိုရှုပ်ထွေးတာကို တွေ့ရပါတယ်။

အဲဒီဖြစ်စဉ်အပြီး ရဲဘက်က ထုတ်ပြန်ချက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ တခြားရွေးစရာလမ်းမရှိခဲ့ပါဘူးလို့ ဆိုပါတယ်။

ယွန်အုတ်လမ်းမှာ ဖြစ်ခဲ့တဲ့ ထိပ်တိုက်ပွဲအပြီးမှာပဲ ဆန္ဒပြသမားတွေဟာ မြို့ထဲက တခြား ရပ်ကွက်တွေဆီကို ဖြန့်ထွက်သွားကြပါတယ်။ သူတို့ကို ရှမ်ရွှီပို၊ ဆင်ရှာဆွီး၊ နဲ့ ဆိပ်ကမ်းဖြတ်လိုဏ်ဂူထဲ အထိပါရောက်ကြပါတယ်။

အဲဒီလို လုပ်ကြတာဟာ ဆန္ဒပြသူတွေက ရေလိုကျင့်ကြ ဆိုတဲ့ အယူအဆတစ်ခုကို လက်တွေ့ကျင့်သုံးလိုက်ကြတာ ဖြစ်ပါတယ်။

အဲဒီ အိုင်ဒီယာက ကွန်ဖူးပညာရှင် ဘရုစ်လီပြောခဲ့တဲ့ နာမည်ကျော်စကားတစ်ခွန်းက လာတာပါ။ သူက ရေလိုကျင့်ရမယ်ဆိုတာက အခြေအနေတစ်ရပ်မှာ လိုက်လျောညီထွေပြောင်းလွယ် ပြုလွယ်အောင် ရှင်သန်နေထိုင်တတ်ရမယ်ဆိုတာကို ဆိုလိုခဲ့တာပါ။ ဟောင်ကောင်မှာတော့ ဒီစကားလုံးဟာ ဆန္ဒပြုသူတွေအကြား ရေပန်းစားပါတယ်။ လက်တွေ့အခြေအနေမှာ အလျင်အမြန် ပြောင်းလဲ နေတဲ့ ဖြစ်စဉ်တွေကို တုံ့ပြန်လုပ်ဆောင်ကြဖို့ ဆော်သြတဲ့ သတင်းစကားတစ်ခုပါ။

ဒါကြောင့် ရဲတွေကို အမြန်လှည့်စားနိုင်ဖို့ ဆန္ဒပြသူတွေက မြို့ထဲက တခြားနေရာကို အလျင်အမြန်ရွှေ့ပြောင်း လှုပ်ရှားကြပါတယ်။ ဆုအင်ဝမ်းမှာ တင်းမာမှုတွေတိုးပြီး ထိပ်တိုက်တွေ ဖြစ်လာတော့ အဲဒီရပ်ကွက်မှာ နေကြသူတွေက လမ်းဘေးတလျှောက်ထွက်ရပ်ကြပြီး ဆန္ဒပြသူတွေကို အားပေးပြီး ဆက်လုပ်ဖို့ တိုက်တွန်းကြပါတယ်။

တချို့ဆန္ဒပြသူ အုပ်စုလေးတွေက တရုတ်လိုလားသူလို့ ယူဆရသူတွေပိုင်တဲ့ ဆိုင်တွေကို ဖျက်ဆီးကြပါတယ်။ ဒီလိုလုပ်တာဟာ တရုတ်ကို လိုလားထောက်ခံတဲ့ လူဆိုးဂိုဏ်းတွေ ဝင်ပါလာမှာကို စိုးရိမ်စရာ ဖြစ်လာစေပါတယ်။

ဇူလိုင်လကုန်ပိုင်းတုန်းက တရုတ်ဂိုဏ်းတွေကလို့ ယူဆရတဲ့ ရှပ်အဖြူဝတ်လူအုပ်စုတွေက အင်္ကျီအမဲဝတ်တဲ့ ဆန္ဒပြသမားတွေကို ယူဝင်လောင်းအရပ်မှာ တိုက်ခိုက်ခဲ့ပါတယ်။ ဆုအင်ဝမ်းအရပ်မှာတောင် ပြီးခဲ့တဲ့ လပိုင်းကပဲ အင်္ကျီအမဲဝတ်ဆန္ဒပြသမားတွေကို ဓားနဲ့လိုက်ထိုး တိုက်ခိုက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

ရှမ်ရွှီပိုရပ်ကွက်မှာရှိတဲ့ ရဲစခန်းတစ်ခုအရှေ့မှာ လူတစ်ယောက်က တရုတ်အလံကို ဝှေ့ရမ်းပြီး ရပ်နေတာတောင် တွေ့ခဲ့ရပါတယ်။ ဟောင်ကောင်ဆန္ဒပြပွဲတွေ အတွင်းမှာ လူတွေ မလိုမုန်းထားအဖြစ်ဆုံး အမှတ်သင်္ကေတနှစ်ခု စုဆုံမိကြတာပါ။ ရဲနဲ့ တရုတ်အလံပေါ့။ ဒါကြောင့် အဲဒီလူကို အမဲရောင်ဝတ် ဆန္ဒပြသူတွေက ဆဲဆိုပြောဆိုတာတွေ လုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အရံအတားတွေနဲ့ လမ်းပိတ် ဆန္ဒပြနေသူတွေ

အဲဒီလူ အန္တရာယ်မဖြစ်အောင်ဘဲ ရဲတွေက သူ့ကို စခန်းထဲ အမြန် ခေါ်သွင်းလိုက်ကြပါတယ်။ ဟောင်ကောင်ဆန္ဒပြပွဲတွေဟာ လူတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက်မှုတွေ ရှိလာစေခဲ့ပေမယ့် လူအများရဲ့ ထောက်ခံမှုကို ရရှိနေဆဲပါ။ ဆန္ဒပြသူ အုပ်စု နှစ်စုအကြား နားလည်မှုလည်း ရှိကြပုံရပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေကလည်း အကြမ်းနည်းနဲ့ ဆန္ဒပြသူတွေဟာ အများကြီး စွန့်စားရပြီး အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် သူတို့ကို ကူဖို့ လူတွေ အင်နဲ့အားနဲ့ လမ်းတွေပေါ်ထွက်လာဖို့လိုတယ်လို့ ယူဆထားကြပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြကြဖို့ စီစဉ်ခဲ့သူတစ်ဦးဖြစ်တဲ့ ပေါ်တာကလည်း သူတို့ရဲ့ ချီတက်ပွဲနောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်လာရတာကို နားလည်နိုင်ပုံရပါတယ်။ အကြမ်းဖက်ချင်ကြသူတွေကိုလည်း သူက ပြစ်တင်တာမျိုး၊ သူတို့နဲ့ ခပ်ခွာခွာနေတာမျိုးတွေ မလုပ်ချင်ပါဘူး။ သူတို့အားလုံးရဲ့ ရည်ရွယ်ချက်က အတူတူပဲလေလို့ သူက ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ ခုခံတော်လှန်ရေးကို ဆက်တိုးချဲ့ဖို့သာ သတ္တိမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ ယုံကြည်ချက်တွေ ပျက်ပြားပြီး ကူသူကယ်သူမဲ့ အားငယ်စိတ်တွေကပဲ ကိုယ့်ကို လွှမ်းမိုးသွားပါလိမ့်မယ်။"

ဆက်စပ် အကြောင်းအရာများ