မြန်မာပြည်ကို ဂျပန်လက်က ကယ်တင်သူ မောင့်ဘက်တန်

uk ဓာတ်ပုံ မူပိုင် PhotoQuest
Image caption ရေတပ်ဗိုလ်ချုပ်ကြီးဘဝ မောင့်ဘက်တန်

မြန်မာပြည်ရဲ့ မောင့်ဘက်တန် ကွယ်လွန်တာ အနှစ် ၄ဝ ပြည့်ခဲ့ပါပြီ။ သူဟာ အရှေ့တောင်အာရှနဲ့ မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေလက်က ပြန်လည် ကယ်တင်နိုင်ခဲ့တဲ့အတွက် စစ်အပြီးမှာ ဗြိတိသျှ အစိုးရက အားလ်ဘွဲ့နဲ့ ဂုဏ်ပြုခံရတဲ့ ရေတပ်ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။

ဗြိတိသျှနဲ့ ဂျာမန် မင်းဆွေမင်းမျိုးထဲမှာ မွေးဖွားခဲ့တဲ့ မောင့်ဘက်တန်ဟာ လက်ရှိ ဗြိတိသျှဘုရင်မရဲ့ ကြင်ယာတော် အက်ဒင်ဘာရာမြို့စားကြီးရဲ့ ဦးလေးတော်စပ်ပါတယ်။

ဒါကြောင့် ဗြိတိသျှတော်ဝင်မိသားစုထဲက မင်းသား မင်းသမီးတွေက မောင့်ဘက်တန်-ဝင်ဆာဆိုတဲ့ မိသားစု နာမည် ယူတတ်ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လော့မောင့်ဘက်တန်တို့ မောင်နှံငယ်စဉ်က

မောင့်ဘက်တန်ကို ကိုလိုနီခေတ်က မြန်မာရုပ်ရှင်မင်းသားကြီး မောင်ဘတင့်နဲ့ တူတယ်ဆိုပြီး အဲဒီခေတ်က အမျိုးသမီးတွေက ယူဆကြတယ်လို့ စာရေးဆရာမကြီး ခင်မျိုးချစ်က ရေးခဲ့ဖူးပါတယ်။

နောင်မှာ ဝင်ဆာမြို့စားကြီးလို့ ထင်ရှားလာတဲ့ အဋ္ဌမအက်ဒွပ်ဘုရင်လောင်း ဝေလမင်းသားနဲ့ သူတို့ဟာ ဗြိတိသျှအင်ပါယာရဲ့ နောက်ဆုံးနေ့တွေမှာ ထင်ရှားခဲ့တဲ့ မင်းသားတွေ ဖြစ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် LMPC
Image caption မောင့်ဘက်တန်၊ စတီးဝဲလ်၊ ဝင်းဂိတ် စတဲ့ မြန်မာပြည်တိုက်ပွဲက နာမည်ကြီးတွေ

ရေတပ်မှာ နှစ် ၄ဝ ထမ်းဆောင်ခဲ့တဲ့ မောင့်ဘက်တန်ဟာ ဒုတိယကမ္ဘာစစ်အတွင်း သူနဲ့ ရေတပ်သားတွေ လိုက်ပါလာတဲ့ တိုက်သင်္ဘော ကရိကျွန်းနားမှာ ဂျာမန်ဗုံးကြဲလေယာဉ်တွေနဲ့ တွေ့လို့ သင်္ဘောသားတဝက်ကျော် အသက်ဆုံးခဲ့ရပါတယ်။

ဒါကို နိုဝယ်ကောင်းဝပ်က ကျွန်ုပ်တို့ အမှုတော်ထမ်းရာ ဆိုပြီး စစ်ဝါဒဖြန့်ရုပ်ရှင် ရိုက်ခဲ့လို့ နာမည်ကြီးခဲ့ပါတယ်။

မောင့်ဘက်တန်ဟာ နာမည်ကျော် ရေတပ်ဗိုလ်ချုပ်ကြီး ဖြစ်ရုံသာမက အိန္ဒိယနဲ့ ပါကစ္စတန်လွတ်လပ်ရေး ကိစ္စမှာ အဆင်ပြေအောင် ညှိနှိုင်းပေးခဲ့ရတဲ့ ဘုရင်ခံချုပ်လည်း ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Central Press
Image caption မြန်မာပြည်မြေပုံနဲ့ မောင့်ဘက်တန်

နောက် မောင့်ဘက်တန်ကို ၁၉၄၃ မှာ မဟာမိတ်တပ်တွေရဲ့ အရှေ့တောင်အာရှ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ပြီး အိန္ဒိယ၊ သီရိလင်္ကာကနေ မြန်မာပြည်၊ မလေးရှား၊ အင်ဒိုချိုင်းနားအထိ ကျယ်ပြန်တဲ့ စစ်မျက်နှာကို တာဝန်ယူ ကွပ်ကဲစေခဲ့ ပါတယ်။

အရှေ့တောင်အာရှ ဆိုတဲ့ ဝေါဟာရဟာလည်း ကန္ဒီမြို့မှာ ရုံးစိုက်တဲ့ မောင့်ဘက်တန်ရဲ့ စစ်ဌာနချုပ်အမည်ကို အစွဲပြုပြီး စစ်အပြီးမှာ တွင်ကျယ်လာတာ ဖြစ်ပါတယ်။

ကန္ဒီနဲ့ အိန္ဒိယက ဗြိတိသျှစစ်စခန်းတွေမှာ မြန်မာပြည်က ဖက်ဆစ် တော်လှန်ရေးသမားတွေကို လေ့ကျင့်ပေးခဲ့တာလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာပြည်သိမ်းတပ်သားတွေနဲ့ မောင့်ဘက်တန်

စစ်အတွင်း ဂျပန် ထူထောင်ပေးတဲ့ ဗမာ့ကာကွယ်ရေးတပ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ မဟာမိတ်တွေကြား ဂျပန်တော်လှန်ရေးအတွက် လျှို့ဝှက်ဆက်ဆံရေး တည်ဆောက်မှုမှာ မောင့်ဘက်တန်ရဲ့ ကဏ္ဍက အရေးပါပါတယ်။

မြန်မာပြည် ဘုရင်ခံဟောင်းနဲ့တကွ တခြား ဗြိတိသျှအရာရှိတွေက ဗိုလ်ချုပ်အောင်ဆန်းကို စစ်အပြီးမှာ ဖမ်းဖို့လုပ်တာနဲ့ ဖတပလအဖွဲ့ကို မတရားအသင်း ကြေညာတာတွေ မလုပ်ဖို့ မောင့်ဘက်တန်က ဟန့်တားခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ပြီးစမှာ မြစ်ကြီးနားနဲ့ မြန်မာနိုင်ငံအထက်ပိုင်းက မြို့ရွာတွေမှာ ဗြိတိသျှတပ်တွေက ဂျပန်နဲ့ ပေါင်းခဲ့တဲ့ သခင်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဖြစ်ခဲ့လို့ မြန်မာခေါင်းဆောင်တွေရဲ့ အခြေအနေ မရေမရာ ရှိခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption ရန်ကုန်တက္ကသိုလ်ရောက် မောင့်ဘက်တန်

မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ပြီးခေတ် နိုင်ငံတည်ထောင်ရေးမှာ လူမျိုးစုံ အလွှာစုံနဲ့ ညှိနှိုင်းနိုင်တဲ့ ခေါင်းဆောင်လို့ ယုံကြည်ခဲ့ကြောင်းလည်း ဝေလတက္ကသိုလ်က ဂုဏ်ထူးဆောင် စီးပွားရေး ပါမောက္ခ အက်စ်ပီ ချက်ကရာဗာတီးက ရေးပါတယ်။

ဒါကြောင့် ၁၉၄၅ စက်တင်ဘာလမှာ ဗမာ့တပ်မတော် ပြန်လည်ဖွဲ့စည်းရေးအတွက် ကန္ဒီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖိတ်ကြားပြီး မောင့်ဘက်တန်တို့ ဆွေးနွေးခဲ့ပါတယ်။

ဒီ ကန္ဒီအစည်းအဝေး ရလဒ်အဖြစ် ဗြိတိသျှနဲ့ ဂျပန်ဖွဲ့ပေးခဲ့တဲ့ တပ်တွေကို စုစည်းပြီး ဗမာ့တပ်မတော်အသစ် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption မောင့်ဘက်တန်မောင်နှံနဲ့ တွေ့ရတဲ့ ဗိုလ်ချုပ်ရင်သွေးများ

မောင့်ဘက်တန်ဟာ မြန်မာပြည် စစ်မျက်နှာ တိုက်ပွဲတွေကို ကွပ်ကဲခဲ့ရုံမက မန္တလေးနန်းမြို့ကို ၁၉၄၅ ခုနှစ် မတ်လ ၂၂ ရက်မှာ သိမ်းယူခဲ့တယ်လို့ ၁၉၈ဝ က ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်မှာ ပါရှိပါတယ်။

စင်္ကာပူမှာ ဂျပန်တပ်တွေ လက်နက်ချတာကိုလည်း သူပဲ လက်ခံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယနဲ့ ပါကစ္စတန် ခွဲရေး ဆွေးနွေးစဉ်က လော့မောင့်ဘက်တန်

စစ်အပြီးမှာတော့ ပိုပြီး သိမ်မွေ့ခက်ခဲတဲ့ အလုပ်တခုကို သူလက်ခံခဲ့ရပါတယ်။ ဒါကတော့ ဗြိတိသျှအောက်ကနေ လွတ်လပ်ရေး ယူဖို့ပြင်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘုရင်ခံချုပ် ရာထူးပါ။

မောင့်ဘက်တန်ဟာ သံတမန်ပရိယာယ်ကြွယ်ဝတယ်၊ သူလိုရာ အောင်မြင်ဖို့ အချော့ရော အဟန့်ပါကျွမ်းကျင်တယ်လို့ ဗြိတိသျှ သမိုင်းဆရာ ဂျွန်ကီဂန်နဲ့ အင်ဒရူးဝိခရော့ဖ်တို့ ရေးခဲ့သလိုပဲ သူ့ရဲ့ ထူးချွန်တဲ့ အုပ်ချုပ်ရေးကြောင့် အိန္ဒိယ လွတ်လပ်ရေး ချောမွေ့ခဲ့ပါတယ်။

ဒါပေမဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုတဲ့ နိုင်ငံနှစ်ခု ခွဲထွက်ပေါ်ပေါက် လာတာကလည်း သူ့လက်ထက်မှာပဲ ဖြစ်ပါတယ်။ နေရူးနဲ့ ဆက်ဆံရေး ကောင်းပေမယ့် ဂျင်းနားကို အိန္ဒိယက ခွဲမထွက်အောင်မောင့်ဘက်တန် မတားနိုင်ခဲ့ပါဘူး။

ဒီအတွက် ဘာသာရေး အဓိကရုဏ်းတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Jimmy Sime
Image caption ဗြိတိသျှ တပ်မတော် သက်သာချောင်ချိရေး ရန်ပုံငွေ လှူနေတဲ့ ဦးနုနဲ့ မောင့်ဘက်တန်

၁၉၅ဝ ပြည့်လွန်နှစ်တွေမှာတော့ မောင့်ဘက်တန် ရေတပ်ကို ပြန်လာခဲ့ပါတယ်။ ရေတပ်ဦးစီးချုပ် ရာထူးကို သူ့ဖခင်နောက် အနှစ် ၄ဝ လိုပဲ သူရရှိခဲ့သလို ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်ခဲ့ပါတယ်။

သူ့လက်ထက်မှာ မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးနေဝင်း စတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးခဲ့သလို မြန်မာပြည်ကို လာရောက်လည်ပတ်တာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption လွတ်လပ်ရေးရပြီးနောက် ပလ္လင်တော် လွှဲပြောင်းပေး

လွတ်လပ်ရေးရတဲ့နှစ်မှာပဲ မောင့်ဘက်တန်က သီဟာသနပလ္လင်ကို အိန္ဒိယက ပြန်သယ်လာပြီး မြန်မာသမ္မတ စဝ်ရွှေသိုက်ကို အခမ်းအနားနဲ့ အပ်နှင်းခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption ဝန်ကြီးချုပ် ဦးနုနဲ့အတူ ဂုဏ်ပြုခံတပ်ကို စစ်နေတဲ့ မောင့်ဘက်တန်

မြန်မာပြည်က ဖဆပလ အစိုးရကလည်း နိုင်ငံမှာ အမြင့်ဆုံးဖြစ်တဲ့ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နဲ့ မောင့်ဘက်တန်ကို ချီးမြှင့်ခဲ့ပါတယ်။

သူနဲ့အလားတူ မြန်မာပြည် နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ကိုလည်း အဂ္ဂမဟာသရေစည်သူဘွဲ့ ပေးခဲ့ပါတယ်။

Image caption ရေတပ်ဦးစီးချုပ်ဘဝက မောင့်ဘက်တန်

နောက် မောင့်ဘက်တန်ဟာ ဗြိတိသျှ ဘုရင်မရော ကြင်ယာတော်နဲ့ပါ ဆွေမျိုးတော်စပ်သူမို့ ဝေလမင်းသား ချားလ်စ်ရဲ့ အဘိုးလေးလည်း ဖြစ်ပါတယ်။

မင်းသားရဲ့ ခေါင်းကိုင်ဖခင်နေရာမှာ ရှိတဲ့ မောင့်ဘက်တန်ကို ချားလ်စ်က အဘိုးတယောက်လို လေးလေးစားစား ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒုတိယ အယ်လဇ္ဇဘက် ဘုရင်မ နန်းသက်ငွေရတုပွဲက မောင့်ဘက်တန်

မောင့်ဘက်တန်ဟာ နှစ်တိုင်း အိုင်ယာလန်မှာ အပန်းဖြေ ခရီးထွက်တတ်ပါတယ်။ ၁၉၇၉ သြဂုတ်လမှာ သူလုပ်ကြံခံရစဉ်က ဗြိတိန်မှာ အိုင်အာရ်အေ လက်နက်ကိုင် ပုန်ကန်မှုနဲ့ ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။

သူနဲ့ မိသားစု စီးနင်းလာတဲ့ ငါးဖမ်းလှေ ဗုံးခွဲခံရလို့ မောင့်ဘက်တန်နဲ့အတူ ဆယ်ကျော်သက်အရွယ် မြေးတယောက်၊ သူနဲ့ခမည်းခမက်အမျိုးသမီးနဲ့ အကူတယောက်ပါ ကွယ်လွန်ခဲ့ပါတယ်။

သမီးကြီးနဲ့ သမက်အပြင် နောက်ထပ် မြေးတယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။

အနားက ရေလုပ်သားတွေ အမြန်လာရောက် ကယ်တင်ခဲ့ကြပေမယ့် မောင့်ဘက်တန်ဟာ ဗုံးဒဏ်ကြောင့် ခြေထောက်ပြတ်ပြီး ချက်ချင်းဆိုသလို အနိစ္စရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Archive
Image caption မြန်မာပြည်က တပ်မတော်အရာရှိတွေ ပို့တဲ့ မောင့်ဘက်တန် စျာပန

သူ့စျာပနကို မြန်မာပြည်က သမ္မတ ဦးနေဝင်း တက်ဖို့ ရှိပေမယ့် စင်္ကာပူမှာ ကျန်းမာရေးကြောင့် လှည့်ပြန်သွားတယ်လို့ ဆိုပါတယ်။

သူ့အစား ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ချစ်လှိုင်နဲ့ တခြား မြန်မာ့တပ်မတော် အရာရှိတွေ တက်ရောက် ခဲ့ကြပါတယ်။

သူကွယ်လွန်ချိန်မှာ မြန်မာနိုင်ငံအလံကို တိုင်တဝက်လွှင့်ထူ ထားရှိဖို့လည်း ဦးနေဝင်းက ညွှန်ကြားခဲ့ပါတယ်။

ဒါဟာ လွတ်လပ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption စျာပန လိုက်ပို့နေတဲ့ မြန်မာရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ချစ်လှိုင်

သူ့ရဲ့ မြန်မာပြည်စား အားဘွဲ့ရ မောင့်ဘက်တန်ရာထူးကိုတော့ မြေးဖြစ်သူ နော်တန်နက်ချ်ဘူးက ဆက်ခံထားပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption ဆာဦးသွင်၊ ရွှေတိဂုံ ဘုရားဘဏ္ဍာထိန်းများနဲ့ မောင့်ဘက်တန်မောင်နှံ