၈၈ က ပြည်သူ့မဟာနာယက ဖွဲ့မယ့်အကြံနဲ့ နောက်ကွယ်က ကြိုးကိုင်သူများ

burma ဓာတ်ပုံ မူပိုင် Bettmann
Image caption ဂျပန်ရောက် သမ္မတ ဦးနေဝင်း

၁၉၈၈ ဒီမိုကရေစီဆန္ဒပြပွဲတွေ အရေးနိမ့်ပြီး အာဏာသိမ်းခဲ့တဲ့ ကိစ္စမှာ အတိုက်အခံတွေ မညီညွတ်မှုနဲ့ လမ်းစဉ်ပါတီခေါင်းဆောင်တွေနဲ့ တပ်ဘက်က အာဏာခွဲပေးဖို့ တွန့်ဆုတ်မှုကြောင့် လို့ အစဉ်အလာအရ ပြောဆို လေ့ရှိပါတယ်။

ဒေါက်တာမောင်မောင်ရဲ့ ၁၉၈၈ မြန်မာပြည် အုံကြွမှု စာအုပ်မှာတော့ အရေးအခင်းကာလအတွင်း တိုင်းပြည်က လေးစားတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားကြီးတွေနဲ့ လူကြီးမင်းများ ကောင်စီ ဖွဲ့ဖို့ စဉ်းစားခဲ့ ဖူးကြောင်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် အုံကြွမှု ပိုကြီးလာ

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က သာသနာရေး ကိစ္စတွေမှာ ထိပ်ဆုံးက ရှိသလို ဒီပြည်သူ့မဟာနာယကတွေက နိုင်ငံရေးကိစ္စတွေကို ဆုံးဖြတ်ပြီး လမ်းစဉ်ပါတီအစိုးရက အိမ်စောင့်အစိုးရအနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်မယ်၊ အနိုင်ရလာတဲ့သူတွေနဲ့ လွှတ်တော်ခေါ်မယ် ဆိုတဲ့ ပုံစံမျိုး လျာထားခဲ့တယ်လို့ ဒေါက်တာမောင်မောင်ရဲ့ စာအုပ်မှာ ပါရှိပါတယ်။

၁၉၈၈ စက်တင်ဘာလ ၁ဝ ရက်မှာ ကျင်းပတဲ့ နောက်ဆုံးပါတီညီလာခံမှာလည်း ဒီကောင်စီအကြောင်း သူထည့်သွင်း မိန့်ခွန်းပြောခဲ့ပါတယ်။ နိုင်ငံမှာ အကဲဆတ်တဲ့ အခြေအနေတွေအတွက် အစိုးရနဲ့ ပြည်သူတွေကို လမ်းညွှန်ဖို့ ဒီလိုဖွဲ့ဖို့ စဉ်းစားတာလို့လည်း ဒေါက်တာမောင်မောင်က ဆိုပါတယ်။

Image caption လွတ်လပ်ပြီးစ ဝန်ကြီးချုပ် ဦးနု

ဦးနုနဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး

ဒီကောင်စီမှာ ပါဝင်ဖို့ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး စတဲ့ ပုဂ္ဂိုလ်တွေကို သူတို့ စဉ်းစားခဲ့တယ်လို့လည်း ပါရှိပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေကြား ၁၉၆၂ မတိုင်ခင်က ခေါင်းဆောင်တွေ ကွယ်လွန်တာ၊ ကျန်းမာရေးကြောင့် မလှုပ်ရှားနိုင်တာတွေ များတဲ့အတွက် ဒီလို ကောင်စီမှာ ပါဖို့ သင့်တော်တဲ့လူကြီးက တော်တော်နည်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအထဲ ဒီလိုကောင်စီမှာ ပါသင့်တဲ့ ပုဂ္ဂိုလ်တွေက ဝန်ကြီးချုပ်၊ သမ္မတ စတဲ့ နေရာတွေပဲ လိုချင်ကြတယ်လို့ ဒေါက်တာမောင်မောင်က ဆိုပါတယ်။ သူ့ဆီကို တိတ်တိတ်သတင်းစကားပါးတဲ့သူ၊ လာတွေ့သူ တွေ ရှိပြီး ဗိုလ်မှူးကြီးဟောင်းတွေနဲ့ ဗိုလ်ချုပ်ဟောင်းတွေက ကြားဖြတ်အစိုးရဝင်တွေအတွက် သူတို့ကိုယ်သူတို့ အဆိုပြုကြတယ်လို့လည်း ရေးပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ နောက် သုံးလလောက်နေရင် သူတို့ကို လူအသစ်တွေက ရာထူးက ထွက်ပေးဖို့ ပြောရင် အလွယ်တကူ ထွက်ပါ့မလားလို့လည်း ဒေါက်တာမောင်မောင်က စောကြောခဲ့ပါတယ်။ နောက် ဒီလို ရာထူးတွေ ပေးဖို့ အခြေခံဥပဒေအရ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

အဲဒီအချိန်က နိုင်ငံတော်ကောင်စီမှာ ပါဝင်ခဲ့တဲ့ ရှမ်းသမိုင်းပညာရှင် စိုင်းအောင်ထွန်းကတော့ ဒီလိုဥသျှောင်အဖွဲ့ထားဖို့ ကြံစည်ခဲ့တယ်ဆိုတာ မဟုတ်နိုင်ဘူး၊ သတိမထားမိဘူးလို့ ပြောပါတယ်။ ဒေါက်တာမောင်မောင် နောက်ရေးတဲ့ စာအုပ် ကိုတော့ မပြီးခင်မှာ အဘိုးကြီးက လာသိမ်းသွားတယ်လို့ ကြားကြောင်းလည်း ပြောပါတယ်။ စိုင်းအောင်ထွန်းပြောတဲ့ အဘိုးကြီးက ဦးနေဝင်းကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တလကျော် ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြ

ဒီအချိန်မှာပဲ ဦးနုက စင်ပြိုင်အစိုးရဖွဲ့ပြီးနေပါပြီ။ သူ့အစိုးရက ဝန်ကြီးအချို့ ထွက်တာ၊ သူ့ကို အာဏာရူးလို့ အတိုက်အခံတွေကြားထဲမှာ ဝေဖန်ခံရတာတွေ ရှိခဲ့ပေမယ့် တလကျော် ကြာနေပြီ ဖြစ်တဲ့ ဆန္ဒပြပွဲတွေကို သူ့ရဲ့ အစိုးရဖွဲ့စည်းမှုက တပ်လှန့်သလို ဖြစ်သွားခဲ့ပါတယ်။

ဒီလိုဖွဲ့ပြီး နောက်တရက်မှာ ဒေါက်တာမောင်မောင်က လူကြီးမင်းများ ကောင်စီအကြောင်း မိန့်ခွန်းမှာ ပြောခဲ့ပေမယ့် လူတွေက သတိမထားမိလိုက်ကြပါဘူး။ အလားတူပဲ သူ့ရဲ့ ရွေးကောက်ပွဲ သုံးလအတွင်း ကျင်းပဖို့ ကတိနဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ စတဲ့ ကမ်းလှမ်းချက်တွေကိုလည်း ဆန္ဒမစောကြပါနဲ့ ဆိုတဲ့ သူ့ရဲ့ တွင်ကျန်ခဲ့တဲ့ စကားတခွန်းလိုပဲ ဆန္ဒပြတောင်းဆိုသူတွေနဲ့ ခေါင်းဆောင်တွေက လက်မခံခဲ့ကြပါဘူး။

ဒီထဲမှာ ဦးအောင်ကြီး တယောက်ပဲ စက်တင်ဘာလ ၁၂ ရက်မှာ ဆန္ဒပြပွဲတွေ ရပ်ကြဖို့ ပန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ကြားဖြတ်အစိုးရ ဖွဲ့ပေးဖို့ ဦးအောင်ကြီးက တောင်းဆို ခဲ့ပါတယ်။

ကိုယ်ပျောက် ကြားခံပုဂ္ဂိုလ်များ

အနှစ် ၃ဝ ကျော်ကြာတဲ့အခါမှာတော့ အဲဒီတုန်းက ဒေါက်တာမောင်မောင်ရဲ့ အသွင်ကူးပြောင်းရေး စိတ်ကူးဟာ တကယ်လုပ်မယ့်စိတ်ကူးလား၊ ပရိယာယ်လားဆိုတာလည်း မသိနိုင်တော့ပါဘူး။ တချို့ ကလည်း ဒေါက်တာမောင်မောင်မှာ ဒီလိုအာဏာလွှဲပြောင်းရေးအတွက် ဦးနေဝင်းဆီက တကယ်လုပ်ပိုင်ခွင့်မရဘူးလို့ ဝေဖန်ပါတယ်။

လုပ်ပိုင်ခွင့် ရပေမယ့် ဖော်ဆောင်မှုက နှေးကွေးခဲ့သလို အရေးအခင်းကာလ အတိုက်အခံတွေကြားမှာလည်း အစိုးရဖော်ဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးလမ်း လိုက်လိုသူတွေထက် ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး၊ ရရ မရရချ ဆိုတဲ့ တောင်းဆို သူတွေက ပိုလွှမ်းမိုးခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Peter Charlesworth
Image caption ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး

နောက်ဆုံး စက်တင်ဘာလ ၁၇ ရက်မှာ ကုန်သွယ်ရေးရုံးက အစောင့်တပ်တွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့တာ ဖြစ်ပြီးနောက် နောက်တရက်မှာပဲ အာဏာသိမ်းခဲ့ပါတယ်။ ကုန်သွယ်ရေးရုံးက တင်းမာမှု ကို ဖြေရှင်းလို့မရဘဲ ပြန်လာခဲ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးက အခြေအနေ မထိန်းနိုင်ဖြစ်နေတဲ့အတွက် အကြံပေးအဖွဲ့ မလုပ်တော့ဘဲ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီးတို့ကို ကြားဖြတ်အစိုးရမှာ ထည့်သွင်းဖို့ ဒေါက်တာမောင်မောင်ကို တောင်းဆို ခဲ့တယ်လို့ ဒေါက်တာမောင်မောင်က ရေးပါတယ်။ ဝင်ဒါမီယာလမ်းပေါ်က မိတ်ဆွေတယောက်ဆီကနေ တနာရီအတွင်း ဒီသတင်း စကား ရောက်လာတယ်လို့လည်း ဆိုပါတယ်။

ဦးတင်ဦးဘက်က တကယ်ကမ်းလှမ်းခဲ့သလား ဆိုတာထက် အဲဒီအချိန်က လမ်းစဉ်ပါတီအစိုးရနဲ့ တပ်ခေါင်းဆောင်တွေကို အတိုက်အခံတွေနဲ့ ညှိနှိုင်းပေးတဲ့သူတွေ ရှိခဲ့တယ်ဆိုတာကို ဒီရေးသားချက် တွေက ပြနေပါတယ်။ တပ်မှူးဟောင်း များ အဖွဲ့၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ စတဲ့ နာမည်တွေနဲ့ လှုပ်ရှားလာတဲ့ အရင် အာဏာရ ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိထမ်းဆောင်နေတဲ့ စစ်ခေါင်းဆောင်တွေ ကြားမှာလည်း အရေးအခင်းကာလ အဆက်အသွယ်တွေ ရှိခဲ့တယ်လို့ အဲဒီကာလကို မီလိုက်သူ ကိုနိုင်ဆန်းက ပြောပြပါတယ်။ တပ်တွင်းမှာ ရှိတဲ့ စီနီယာ ဂျူနီယာ ဆက်ဆံရေးကြောင့် အတိုက်အခံဘက် ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တပ်တွင်းနဲ့ ပါတီတွင်းက ပုဂ္ဂိုလ်တွေကြားမှာ ဆက်ဆံရေးက ပြတ်သွားခဲ့တာ မဟုတ်ပါဘူး။

ဓာတ်ပုံ မူပိုင် LAW EH SOE
Image caption NLD ဦးလွင်နဲ့ ဦးအောင်ရွှေ

အရေးအခင်းမဖြစ်ခင် ကာလတွေမှာ တပ်မှူးဟောင်းတွေကြား ဘုရားကိုးဆူနဲ့ မုန့်ဟင်းခါးစားပွဲတွေလုပ်ပြီး နိုင်ငံရေးပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း NLD အတွင်းရေးမှူးဟောင်း ဦးလွင်ရဲ့ တူဝမ်းကွဲတော်စပ်ပြီး NLD ဗဟိုအလုပ်မှုဆောင် ဖြစ်ခဲ့တဲ့ ဦးနိုင်းနိုင်းရဲ့သား ကိုနိုင်ဆန်းက ဆိုပါတယ်။ ဒီဆွေးနွေးပွဲတွေကနေ လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေ ဝေဖန်တာ၊ ဦးအောင်ကြီးဝေတဲ့စာတွေကို သုံးသပ်တာတွေ လုပ်ကြပြီး သူတို့ အထဲမှာ ၁၉၆၂ မတိုင်ခင်နဲ့ နောက်ပိုင်း တပ်က အနားပေးခံရတဲ့ စစ်အရာရှိကြီးတွေနဲ့ လတ်တလော ပင်စင်ယူထားသူတွေ ပါတယ်လို့ သိရပါတယ်။ ဒီထဲမှာ ဦးအောင်ရွှေ၊ ဦးချစ်ခိုင်၊ ဦးလွန်းတင် စသူတွေက နိုင်ငံရေးမျက်နှာစာမှာ ပြန်ထွက်လာကြပြီး ကျန်တဲ့သူတွေကတော့ နောက်ကွယ် က လှုပ်ရှားတာနဲ့ အရေးအခင်းနောက်ပိုင်း ဖိအားပေးခံရတာတွေကြောင့် နောက်ပြန်ဆုတ်သွား တာတွေ ရှိခဲ့ပါတယ်။

ဒီထဲမှာ တချို့က နိုင်ငံရေးလမ်းကြောင်းနဲ့ အရွေ့တခုကို သွားချင်ကြပြီး တချို့ကတော့ ပိုပြီးပြင်းထန်တဲ့ လမ်းကြောင်းကို သွားလိုကြတယ်လို့ ကိုနိုင်ဆန်းက ဆိုပါတယ်။ ဒီထဲမှာ ရန်ကုန်နားက စစ်တိုင်းမှူး တယောက်ကို ချဉ်းကပ်ပြီး သီးသန့်အုပ်ချုပ်ရေး ထူထောင်ဖို့၊ စစ်ရုံးအတွင်းက အရာရှိငယ်တွေကို ထိုးဖောက်စည်းရုံးဖို့ ကြံစည်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်မှာ အဲဒီအချိန်က သမ္မတ မားကိုစ့်ကို ဖြုတ်ချခဲ့တဲ့ လှုပ်ရှားမှုမှာ တပ်က ပူးပေါင်းခဲ့တာကို ဒီလူတွေက အားကျခဲ့ကြတာလို့လည်း ပြောပါတယ်။ တချို့ ပြင်းထန်တဲ့ ပုဂ္ဂိုလ်တွေကတော့ စစ်အာဏာသိမ်းပြီးနောက် နယ်စပ်မှာ ဖွဲ့တဲ့ ကျောင်းသားတပ်တွေကို စစ်ပညာသင်ပေးဖို့ ထွက်သွားခဲ့ကြပါတယ်။ ဒီထဲမှာ ထင်ရှားသူကတော့ စစ်ဦးစီး ပထမတန်း ဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီး အေးမြင့် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် LAW EH SOE
Image caption စစ်တိုင်းမှူးလုပ်ခဲ့တဲ့ ဦးလွန်းတင်

စစ်အာဏာသိမ်းပြီးနောက်မှာလည်း NLD ခေါင်းဆောင်ပိုင်းတချို့က စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲ စိတ်ချရမလားလို့ စစ်တိုင်းမှူးတယောက်ကို မေးခဲ့တယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ ကိုစောမောင်တို့က တကယ်လုပ်မှာပါ၊ စိတ်ချပါ လို့ အဲဒီတိုင်းမှူးက ပြန်ဖြေခဲ့တယ်လို့လည်း ကိုနိုင်ဆန်းက ပြောပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကို ပြန်မယ် ကတိပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင် ရာထူးက ဖယ်ရှားခံခဲ့ရပြီး စစ်အစိုးရ သက်တမ်းက အနှစ် ၂ဝ ကျော် ကြာသွားခဲ့ပါတယ်။

အရေးအခင်းနောက်ပိုင်း တပ်မှူးဟောင်းအဖွဲ့မှာ ပါဝင်ခဲ့သူတချို့ နိုင်ငံရေးက ပြန်ဆုတ်သွားခဲ့ပါတယ်။ လမ်းစဉ်ပါတီခေတ်ကို မနှစ်ခြိုက်လို့ နိုင်ငံရေးအပြောင်းအလဲအတွက် အားထုတ်ခဲ့တဲ့ ဒီတပ်မှူးတွေ ထဲမှာ စစ်အစိုးရလုပ်ပေးမယ့် ရွေးကောက်ပွဲကို လက်ခံပြီး ရှောင်သွားတာ ရှိသလို ဦးအောင်ရွှေတို့လို ပါတီလိုင်းမသွားချင်လို့ ထိုင်သွားသူတွေလည်း ရှိပါတယ်။ တချို့ကတော့ ခြိမ်းခြောက်ခံရတာတွေရှိလို့ ငြိမ်ကျသွားတယ်လို့ သိရပါတယ်။

တပ်မှူးဟောင်းများထဲမှာ မပါပေမယ့် ကျိတ်ဝိုင်းတွေမှာ ပါခဲ့တဲ့ နောက်ကွယ်က ညှိပေးသူတွေထဲမှာ လမ်းစဉ်ပါတီ အစိုးရမှာ ဝန်ကြီးချုပ်၊ ဝန်ကြီးအထိ ထမ်းဆောင် ခဲ့သူတွေ ပါဝင်တယ်လို့လည်း ကိုနိုင်ဆန်းက ပြောပါတယ်။ ဒီလို နောက်ကွယ်က မိတ်ဆွေတွေက အာဏာလက်ရှိပုဂ္ဂိုလ်တွေနဲ့ တပ်မှူးဟောင်းတွေကြား ညှိနှိုင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ကွယ်က သူတွေထဲမှာ တပ်ထွက်တွေသာမက အရပ်သားတွေလည်း ပါပါတယ်။ ဒါကြောင့် အဲဒီအချိန်က သမ္မတဒေါက်တာမောင်မောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့နိုင်အောင် ကူခဲ့ဖူးတယ်လို့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်းက ပြောပြဖူးပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၈၈ မှာ အာဏာသိမ်းခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး စောမောင်

လမ်းစဉ်ပါတီနဲ့ တပ်မတော်

နောက်ပြီး လမ်းစဉ်ပါတီကို ၁၉၆၂ မှာ ထူထောင်ခဲ့ပေမယ့် တပ်အရာရှိအများစုမှာ သဘောတရားရေးအရ တည်ဆောက်မှု ခိုင်မာခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် တပ်ထဲ မထားချင်သူတွေကို ပါတီကို ကေဒါအဖြစ် ပို့ခဲ့တာတွေ ရှိခဲ့တယ်လို့ ဒေါက်တာမောင်မောင်က ရေးပါတယ်။ နောက်ပိုင်းမှာ ဒီလူတွေက ပါတီခေါင်းဆောင်တွေအဖြစ် အင်အားကြီးလာပြီး တပ်အရာရှိတွေကို အာဏာပြခဲ့တယ်၊ ဒါကြောင့် တပ်နဲ့ပါတီကြား တိုက်ခိုက်တာတွေ ဖြစ်လာမယ်လို့ ပါတီတွဲဘက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးသောင်းကြည်က သူ့ကို ပြောခဲ့တယ်လို့လည်း ဒေါက်တာမောင်မောင်က ဆိုပါတယ်။

ဒါကြောင့် ၁၉၈၈ အုံကြွမှု ဖြစ်ချိန်မှာ တပ်ဘက်က ပါတီအပေါ် စေတနာမရှိဘဲ အစိုးရသစ် ပြောင်းစေချင်တာတွေ ရှိခဲ့တယ်လို့လည်း ကိုနိုင်ဆန်းက ဆိုပါတယ်။ လမ်းစဉ်ပါတီခေတ်ကုန်ပိုင်းက ငွေစက္ကူ သိမ်းမှုမှာ တပ်မိသားစုတွေလည်း ထိခိုက်ခဲ့လို့ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၁ ရက် အာဏာသိမ်းဖို့ တပတ်အလိုမှာလည်း တပ်ခေါင်းဆောင်တွေက နိုင်ငံရေးအကျပ်အတည်းမှာ ကြားနေမယ်လို့ ပန်ကြားလွှာ ထုတ်ဖို့ ပြင်ခဲ့တယ်လို့ ဒေါက်တာမောင်မောင်က ရေးပါတယ်။

ဒါပေမဲ့ အတိုက်အခံလှုပ်ရှားမှုတွေမှာ သူတို့ အသေအလဲ တိုက်ခဲ့ရတဲ့ ဗကပအနွယ်တွေ ထိုးဖောက်နေတာကို တပ်ဘက်က မနှစ်မြို့ပါဘူး။ တခါ အာဏာသိမ်းပြီးနောက်ပိုင်း NLD မှာ လက်ဝဲသမားတွေ ပါလာတာကို မနှစ်မြို့တဲ့အတွက် ဦးအောင်ကြီး ပါတီခွဲထောင်တာကလည်း တပ်မှူးဟောင်းများရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ဇာတ်လမ်း အဆက် ဖြစ်ပါတယ်။ ဒါကြောင့် ဒေါက်တာမောင်မောင် လိုလားတဲ့ လူကြီးမင်းများ ကောင်စီက ကမကထပြုတဲ့ ကူးပြောင်းရေးဆိုတဲ့ စီမံကိန်းလည်း အတိုက်အခံနဲ့ အစိုးရ ရင်ကြားစေ့မရမှုမှာ အစပျောက်သွားတာ ဖြစ်နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၈၈ မှာ လူထုနဲ့တပ် ရင်ဆိုင်တွေ့ခဲ့ကြ

နောက် တပ်မတော်အနေနဲ့ လမ်းစဉ်ပါတီကို စိတ်ကုန်ပေမယ့် နိုင်ငံရေးပုံစံဘယ်လို ပြောင်းရမယ်ဆိုတာ ၁၉၈၈ အုံကြွမှုတွေအတွင်း မရေမရာ ဖြစ်ခဲ့ပုံရပါတယ်။ ဒါကြောင့် တပါတီ စနစ်ကို သွားမလား၊ ပါတီစုံကို သွားမလားလို့ ဦးနေဝင်းက ၁၉၈၈ ဇူလိုင်လမှာ မေးပြီးတဲ့ နောက်ပိုင်း ဗိုလ်မှူးချုပ်ဟောင်းတယောက်နဲ့ စာပေပညာရှင် တယောက်ကို ဦးနေဝင်း က ခေါ်ပြီး ဝါဒသစ်တခု ရေးစေခဲ့တယ်လို့လည်း စာရေးဆရာမြတ်သက်က ပြောပါတယ်။ အဲဒီဝါဒက အမျိုးသားရေး အစွန်းရောက်ပုံစံဖြစ်ပြီး အခုနောက်ပိုင်း မြန်မာပြည် နိုင်ငံရေးကို လွှမ်းမိုး ခဲ့တဲ့ ပုံစံတွေ ဖြစ်တယ်လို့ သိရပါတယ်။

၁၉၈၈ အုံကြွမှုတွေ ဖြစ်ဖို့ အစပျိုးချိန်ကစပြီး သြဂုတ်လမှာ ပေါက်ကွဲချိန်နဲ့ စက်တင်ဘာမှာ အဆုံးသတ်ခါနီးအချိန်တွေမှာတော့ နိုင်ငံရေးအင်အားစုပေါင်းစုံက အာဏာကို ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ပြီး အစိုးရ ခေါင်းဆောင်တွေနဲ့ တပ်မှူးဟောင်း တွေ၊ ကျောင်းသားတွေ တွေ့ဆုံဖို့ ကြိုးစားတာတွေလည်း ရှိခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ ဖဆပလ ဒုတိယဝန်ကြီးချုပ်ဟောင်းတယောက်ရဲ့ မိသားစုဘက်က အာဏာလွှဲပေးဖို့ လမ်းစဉ်ပါတီနဲ့ သူတို့ညှိတယ်၊ ဒါကို ဒေါ်အောင်ဆန်းစုကြည် လည်း သိတယ် ဆိုတာမျိုး ပြောဆိုတာတွေ ရှိခဲ့တယ်လို့လည်း ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောပါတယ်။ နောက် အနားယူ သွားတယ်ဆိုတဲ့ ဦးနေဝင်းရဲ့ သြဇာအောက်က ထွက်ခဲ့ဖို့ ဗိုလ်ချုပ်ကြီးစောမောင်ကို ရဲဘော်သုံးကျိပ်ဝင်ဟောင်းတချို့က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၈ အာဏာသိမ်းပြီးနောက် တပ်မတော်နေ့မှာ ဦးနေဝင်းတက်တဲ့အထိ လူလုံးထွက်ပြတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် HO
Image caption စိတ်တိုင်းကျ အာဏာတည်ဆောက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဦးနေဝင်းက လမ်းစဉ်ပါတီကို ဖျက်ချင်လို့ ပါတီစုံလမ်းကြောင်းကို ချပြခဲ့တယ်ဆိုပါတယ်။ ဒါပေမဲ့ ချောမွေ့အောင် ကူးပြောင်းရေးကို သူရော တခြား လမ်းစဉ်ပါတီခေါင်းဆောင်တွေရော မစွမ်းဆောင် နိုင်ခဲ့သလို တပ်မှူးဟောင်းတွေနဲ့ နိုင်ငံရေးသမားကြီးတွေ၊ ကျောင်းသားခေါင်းဆောင်တွေလည်း တပ်နဲ့ ယုံကြည်မှု မယူနိုင်ခဲ့ကြပါဘူး။ ကြားဖြတ်အစိုးရ၊ လူကြီးမင်းများကောင်စီ၊ ပါတီစုံ ရွေးကောက်ပွဲ စတဲ့ တောင်းဆိုမှုနဲ့ လိုက်လျောမှု ဒွိဟတွေကြားမှာ ကူးပြောင်းရေး ရေတိမ်နစ်ခဲ့ပြီး တလအကြာ မြန်မာ့ဒီမိုကရေစီ အားစမ်းပွဲ ရိုက်ချိုးခံခဲ့ရတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ရန်ကုန်ဆေးရုံကြီးရှေ့ ပစ်ခတ်မှုအမှတ်တရ ပြင်ဆင်ထား

နောက်ပြီး ၂၆ နှစ်အတွေ့အကြုံအရ တပ်နဲ့အရပ်ဘက် ယုံကြည်မှုတည်ဆောက်တာ၊ တပ်က အရပ်ဘက်ကို ကတိပေးတာ ဆိုတာတွေက မရှိခဲ့ပါဘူး။ ဒီအရင် အနှစ် ၂ဝ ကလည်း ၃၃ ဦးကော်မတီဆိုပြီး ဦးနုအပါအဝင် နိုင်ငံရေးသမားတွေရဲ့ အကြံပြုချက်တွေကို ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက လျစ်လျူရှုခဲ့ဖူးတဲ့အတွက် ဒီလို ယုံကြည်မှုတွေ ၁၉၈၈ မှာ မတည်ဆောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။