သမတနဲ့ သမ္မတ၊ အချုပ်အချာနဲ့ အချုပ်အခြာ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မဟာဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်

၁၉၅၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့။

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲမှာ လွတ်လပ်ရေးကျောက်တိုင်ကြီး ဖွင့်ပွဲပြုလုပ်အံ့ဆဲဆဲအချိန်။

အများပြည်သူတွေ မသိကြပေမယ့် လွတ်လပ်ရေးကျောက်တိုင်ကြီး ဖွင့်ပွဲလုပ်မယ့်အရေးဟာ အကြောင်းတစုံတရာကြောင့် နှောင့်နှေးကြန့်ကြာနေပါတယ်။

ဘာ့ကြောင့်ပါလဲ။ ကြန့်ကြာရတဲ့ အကြောင်းက နည်းနည်းဆန်းသလိုလိုရှိပါတယ်။

နယ်ချဲ့တွေရဲ့ ပယောဂကြောင့် မဟုတ်ပါဘူး။ တိုင်းရင်းသားညီညွတ်ရေးပြဿနာ ကြောင့်လည်း မဟုတ်ပါဘူး။ ဗေဒင်ကိန်းခန်း ကြောင့်လည်း မဟုတ်ပါဘူး။

မြန်မာစာ စကားလုံးတလုံးနဲ့ ပတ်သက်ပြီး သတ်ပုံ အငြင်းပွားနေလို့ ဖြစ်ပါတယ်။ အဲဒီအငြင်းပွားနေတဲ့ စကားလုံးကတော့ အချုပ်အခြာဆိုတဲ့ စကားလုံးပါပဲ။

ကျောက်တိုင်မှာ ထိုးထွင်းမယ့် မော်ကွန်းစာသားထဲမှာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံတော်ဆိုတဲ့ စာသားပါနေပါတယ်။ နှစ်ပေါင်းရှည်ကြာ ကမ္ပည်းတွင်ရစ်မယ့် ကျောက်စာလည်းဖြစ်၊ နိုင်ငံတော်အဆင့် ကျောက်စာလည်းဖြစ်လေတော့ အမှားပါရင် မသင့်တော်ဘူးလို့ အားလုံးက လက်ခံ သဘောတူထားကြတယ်။ ဒါ့ကြောင့်လည်း အမှားမပါစေချင်လို့ သတ်ပုံကို သေသေချာချာစစ်ဆေးကြတဲ့ အခါ အချုပ်အခြာဆိုတဲ့ စကားလုံးဟာ မြန်မာပညာရှင်တွေ ကြားမှာ အငြင်းပွားစရာ ဖြစ်လာပါတယ်။

ကျောက်ထွင်းမယ့်ဆရာကတော့ ရရစ်နဲ့ပဲခြာခြာ၊ ယပင့်နဲ့ပဲ ချာချာ ဘယ်လိုပဲရေးရေး အဆင့်သင့်ဖြစ်အောင် ရရစ်ရော၊ ယပင့်ပါ လျာထားတဲ့ အမှတ်သားလေးပေးထားတယ်လို့ ဆိုပါတယ်။

ဒါက ဆရာကြီး ဦးထွန်းတင့်ပြောပြတဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီး ဖွင့်ပွဲ ကြန့်ကြာလောက်အောင် အငြင်းပွားခဲ့ရတဲ့ သတ်ပုံရေးထုံးအကြောင်းပါ။

ဆရာကြီးဦးထွန်းတင့်တို့ ကျောင်းသားဘဝ၊ တက္ကသိုလ်ဆရာ ဘဝက လွတ်လပ်ရေး ကျောက်တိုင်မှာ သွားထိုင်ကြချိန်မှာတောင် အချက်အချာဆိုတဲ့စကားလုံးမှာ ယပင့်နဲ့ ရေးထားပြီး ရရစ်ကို အရာလေးပေးထားတာ တွေ့နိုင်သေးတယ်လို့ ဆိုပါတယ်။

အဲဒီသတ်ပုံအငြင်းအခုံမှာ ဘယ်ဘက်က အနိုင်ရခဲ့တယ်ဆိုတာ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ အခု ပူးတွဲတင်တဲ့ ဓာတ်ပုံထဲမှာ တွေ့နိုင်ပါတယ်။ အချုပ်အချာက အနိုင်ရသွားပါတယ်။ ဒီတော့ အခုလက်ရှိပြဋ္ဌာန်းထားတဲ့ သတ်ပုံပြဋ္ဌာန်းချက်ကရော ဘာပါလဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ လက်ရှိသတ်ပုံပြဋ္ဌာန်းချက်က အချုပ်အခြာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အချုပ်အချာ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး သတ်ပုံ မဆုံးဖြတ်နိုင်လို့ လွတ်လပ်ရေးကျောက်တိုင် ဖွင့်ပွဲ ကြန့်ကြာခဲ့

အချက်အချာနဲ့ ပတ်သက်ပြီး ယပင့်ဂိုဏ်းနဲ့ ရရစ်ဂိုဏ်း နှစ်ဂိုဏ်းရှိရာမှာ ဘယ်ဂိုဏ်းက ဘယ်လို အကြောင်းပြချက်တွေနဲ့ ပင့်ပြီး ဘယ်ဂိုဏ်းက ဘယ်လို အကြောင်းပြချက်တွေနဲ့ ရစ်ထားသလဲဆိုတာကို ပြန်ကြည့်ကြပါမယ်။

အရင်တုန်းက ဒီစကားလုံးကို ဘယ်လို ရေးခဲ့ကြသလဲဆိုတာကို ပြန်လေ့လာကြည့်တော့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေထဲမှာ ဟောဒီလို ရေးထားတဲ့ စာကြောင်း တကြောင်းကို သွားတွေ့ရပါတယ်။

မြန်မာနိုင်ငံသည် အချုပ်အချာအာဏာပိုင် သမတနိုင်ငံဖြစ်သည် ဆိုတဲ့ စာကြောင်းပါ။

ဒီစာကြောင်းမှာ သတ်ပုံနဲ့ ပတ်သက်ပြီး ထူးခြားချက် နှစ်ချက်တွေ့မိပါတယ်။ ပထမတချက်က အချုပ်အချာကို ယပင့်နဲ့ ချာထားတဲ့ ထူးခြားချက်ဖြစ်ပြီး ဒုတိယထူးခြားချက်ကတော့ သမတကို မနှစ်လုံးမဆင့်ဘဲ ပေါင်းထားတဲ့အချက်ဖြစ်ပါတယ်။

၁၉၇၄ ခုနှစ် အခြေခံဥပဒေမှာလည်း အချုပ်အချာကို ယပင့်နဲ့ပဲ ချာထားတာတွေ့ရပါတယ်။ ဒါပေမယ့် သမ္မတကိုတော့ မနှစ်လုံးဆင့်နဲ့ရေးထားတာ တွေ့ရပါတယ်။

တချိန်က ယပင့်နဲ့ အချုပ်အချာကို ရေးခဲ့ပြီး အခုချိန်မှာ ရရစ်နဲ့ အချုပ်အခြာကို ရေးတာတွေက ဘယ်လို စဉ်းစားတွေးခေါ်ချက်တွေနဲ့ လုပ်ခဲ့တာလဲဆိုတာကို ဆရာကြီးဦးထွန်းတင့်ကို မေးကြည့်ထားပါတယ်။

"အချုပ်ကတော့ ချုပ်ကိုင်တဲ့ သဘော အုပ်ချုပ်တဲ့ သဘော ချုပ်မိုးတဲ့ သဘောမျိုး ယူတယ်" လို့ ဆရာကြီးက ရှင်းပြပါတယ်။

"အချာကတော့ ဒီချာကိုယပင့်ချာက လည်ပတ်တယ်လို့ယူတယ်။"

"ရရစ်ခြာက အထွဋ်အထိပ်ဆိုတဲ့ အနေနဲ့ယူလိုက်တယ်။ နောက် ရရစ်ခြာက အဓိကကျတယ်လို့လည်းယူတယ်။" လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။

အချုပ်အခြာဆိုတဲ့စကားလုံးက နှယ်နှယ်ရရ မဟုတ်ပါဘူး။ ပညာရှင်တွေ အငြင်းပွားမဆုံးလို့ လွတ်လပ်ရေးကျောက်တိုင်ကြီးကတောင် ရပ်စောင့်နေခဲ့ရတဲ့ စကားလုံးဆိုတော့ကာ တခြား အကိုးအကားလေးတွေကိုလည်း တင်ပြပါရစေ။

ခရီးဆောင်မြန်မာ အဘိဓာန်မှာ အချုပ်အခြာကို အကြီးမြင့်ဆုံးလို့ အဓိပ္ပာယ်ပေးပါတယ်။ သူ့အရင်က ထုတ်ခဲ့ဖူးတဲ့ မြန်မာအဘိဓာန်အကျဉ်းချုပ်မှာတော့ အကြီးမြင့်ဆုံးဆိုတဲ့ အဓိပ္ပာယ်အပြင် ပဓာန အဖြစ်ဆုံးဆိုတဲ့ အဓိပ္ပာယ်ကိုပါ ပေးထားပါတယ်။

ဆရာတော် ဦးကောသလ္လရဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်းမှာလည်း ချာကို အလယ်ဗဟို၊ လည်ပတ်ချင်း၊ နီးစပ်ခြင်း အနက်ကို ပေးပါတယ်။ ခြာကိုတော့ ခြားနားခြင်း၊ အညှာအရင်းဖြစ်ခြင်း ဆိုတဲ့ အနက်ပေးပါတယ်။

Image caption မြန်မာ့စွယ်စုံကျမ်းမှာ သမတလို့သာ စာလုံးပေါင်းခဲ့

ဆရာကြီးဦးဖိုးလတ်ရဲ့ မြန်မာစကားအဖွင့်ကျမ်းမှာတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ပြောထားပါတယ်။ အချုပ်အချာနဲ့ အချုပ်အခြာ အရေးနှစ်မျိုးထွက်နေပြီး အမှန်အမှား အငြင်းပွားခဲ့ကြကြောင်းကို ဖော်ပြထားပါတယ်။ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဆရာကြီးရဲ့ သဘောထားကို ပြောရာမှာတော့ စင်စစ်သော် သူ့အရေးနှင့် သူ့အနက်တမျိုးစီဖြစ်၍ မှန်ကြသည်ချည်းပင် လို့ ဆိုထားပါတယ်။

ဆရာကြီး ဦးဖိုးလတ်က အနက်ပေးရာမှာ ချာဟာ အလယ်ဗဟိုဆိုတဲ့ အနက်ပေးပါတယ်။ အချက်အချာ၊ အူချာ၊ ခေါင်ချာ၊ ထိပ်ချာတို့ကို ဥပမာ ပေးပါတယ်။ တိကျတယ်ဆိုတဲ့ အနက်ကိုလည်း ပေးပါတယ်။ ဥပမာက သေချာ ဖြစ်ပါတယ်။ အရင်းခံ၊ အခြေခံ ဆိုတဲ့ အနက်ကိုလည်း ပေးပါတယ်။ ဥပမာကတော့ အရင်းအချာ၊ ကြောင်းချာ၊ ရင်းချာ ဖြစ်ပါတယ်။ လည်ပတ်တယ်ဆိုတဲ့ အနက်ကိုလည်း ပေးပါတယ်။ ချာချာလည်၊ ပတ်ချာလှည့်တို့ကို ကြည့်ပါ။ ရွေ့လျားပြောင်းလဲဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ပေးပါတယ်။ နေ့ရက်မချာ။ သန်းမာ၊ ကျန်းမာ အနက်ကိုလည်း ပေးပါတယ်။ မာမာချာချာ။ ညံ့ဖျင်းတာ မကောင်းတာ၊ သေးငယ်တာကိုလည်း အနက်ပေးပါတယ်။ ချာတာတာ၊ ချူချာ၊ နုံချာ၊ ပလချာ။

ခြာကို အနက်ပေးရာမှာတော့ ခြားနားတယ်ဆိုတဲ့ အနက်ကို ပေးပါတယ်။ တူကွမခြာ၊ ရက်ခြာ၊ သားသမီးခြာ ဆိုတဲ့ စကားလုံးတွေကို ဆရာကြီးက ဥပမာ ပေးပါတယ်။ ဒါ့အပြင် ဖုံး၊ အုပ်၊ လွှမ်း၊ မိုး ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ပေးပါတယ်။ ကွန်ခြာ၊ ခေါင်ခြာ၊ ထိပ်ခြာ၊ ထောက်ခြာ၊ ထွတ်ခြာဆိုတဲ့စကားလုံးတွေကို ဥပမာ အထောက်အထားအဖြစ်ပြပါတယ်။

ဒီအထဲမှာ ထောက်ခြာဆိုတဲ့စကားဟာ ဒီနေ့ သတ်ပုံရေးထုံးအရ ဒေါက်ခြာလို့ ပြဋ္ဌာန်းထားတဲ့ စကားလုံးပါ။ ရသေ့တွေရဲ့ခေါင်းဆောင်းတဲ့ အရာဖြစ်ပါတယ်။ ဒေါက်ခြာစကားလုံးကို ဆရာကြီး ဦးထွန်းတင့်ကလည်း အကိုးအကားအဖြစ်ပြောပြပါတယ်။ အဲဒီစကားလုံးကို ထောက်ချင့်ရင် ခြာဟာ အထွတ်အထိပ် ဆိုတဲ့ အဓိပ္ပာယ်ရတယ်လို့ ဆရာကြီးက ဆိုပါတယ်။ ဆရာကြီး ဦးဖိုးလတ်က ကွန်ခြာဆိုတဲ့ စကားလုံးကိုပါ ကိုးကားပါတယ်။ ကွန်ခြာဆိုတာ တစုံတရာကို အုပ်မိုးထားတဲ့ ပိုက်ကွန်ပဲ ဖြစ်တဲ့ အတွက်ခြာဟာ အုပ်မိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်တယ်လို့ ရေးထားပါတယ်။

ဆရာကြီး ဦးဖိုးလတ်ရဲ့ အလိုအရ ချုပ်ချာဟာ ချုပ်ကိုင်ထားတဲ့ အချက်ဗဟိုဌာနလို့ အဓိပ္ပာယ်ရပြီး ချုပ်ခြာက အချုပ်အအုပ် ၊ အအုပ်အမိုးလို့ ဆိုပါတယ်။

ဆရာကြီး ဦးဖိုးလတ်သဘောအရဆိုရင် နှစ်မျိုးစလုံးမမှားဘူး၊ နှစ်မျိုးစလုံးသုံးလို့ရတယ်လို့ ဆိုချင်ပုံရပါတယ်။ ဒီတော့ ဆရာကြီး ဦးထွန်းတင့်တို့ မြန်မာစာအဖွဲ့က ပညာရှင်များအနေနဲ့ကရော ဘာ့ကြောင့် အချုပ်အခြာကို အမှန်ရေးထုံးအဖြစ် နောက်ဆုံးပြင်ဆင် ပြဋ္ဌာန်းခဲ့ပါသလဲလို့ မေးရာမှာတော့ ဆရာကြီးက ဥပမာ တခုကို ပြောပြပါတယ်။

"ဟိုတုန်းက ဒါကို ဆုံးဖြတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ နှိုင်းယှဉ်စရာ ဥပမာတခုကို ပြောခဲ့ကြတယ်။ ယပင့်ချာနဲ့ ရရစ်ခြာရဲ့ သဘောကို ပြောတဲ့အခါမှာတော့ ယပင့်ချာက မီးရထားစက်ခေါင်းမောင်းတဲ့သူနဲ့ တူတယ်။ ရရစ်ခြာကတော့ အလံပြတဲ့ ပုဂ္ဂိုလ်နဲ့ တူတယ်လို့ ဆိုတယ်။ နှစ်ယောက်စလုံး အရေးကြီးတဲ့လူတွေချည်းပဲ။ ဒါပေမယ့် အလံပြတဲ့ ပုဂ္ဂိုလ်က အလံချိုးမှ စက်ခေါင်းမောင်းတဲ့သူက ရထားမောင်းလို့ရတယ်။ အလံပြတဲ့ ပုဂ္ဂိုလ်က ထိန်းချုပ်ထားတယ်။ ရရစ်ခြာက ပိုပြီး လွှမ်းမိုးအုပ်ချုပ်တဲ့ သဘောရှိတယ်လို့ ယူဆပြီး ရရစ်ခြာကို အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ ပြောကြတယ်။" လို့ ဆရာကြီး ဦးထွန်းတင့်က ရှင်းပြပါတယ်။

Image caption တချိန်ကတွင်ကျယ်ခဲ့တဲ့ သမတ အသုံးအနှုန်း

ရှေ့ပိုင်းမှာ ဆိုခဲ့သလိုပါပဲ ၄၇ အခြေခံဥပဒေမှာ အချုပ်အချာလို့ ရေးထားတဲ့ အပြင် သမတလို့ ရေးထားတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ခေတ်သတ်ပုံပြဋ္ဌာန်းချက်က သမ္မတပါ။ ဒါနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းတင့်ကို မေးမြန်းရာမှာတော့ သမ္မတလို့သာ ပါဠိစကားရှိပြီး သမတဆိုတဲ့ ပါဠိစကားမရှိဘူးလို့ ဆိုပါတယ်။ သမ္မတဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ဟာ အသိအမှတ်ပြုအပ်တယ်၊ သမုတ်အပ်တယ်၊ သဘောတူတယ်ဆိုတဲ့ အနက်သဘောတွေ ပါဝင်ပါတယ်။ အများသဘောတူတင်မြှောက်တဲ့ အကြီးအကဲကို ဆိုလိုတာပါလို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။

"သမ္မတကို စာလုံးပေါင်းမှားပြီး သမတလို့ ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့ကြတဲ့ သဘောရှိပါတယ်။ အရေးက တော်တော်ကို တွင်ကျယ်ခဲ့ကြတာဗျ။ ဒါပေမယ့် တွင်ကျယ်တာက တွင်ကျယ်တာပဲလေ၊ မှန်တော့ မမှန်ဘူးဗျ" လို့ ဆရာကြီးဦးထွန်းတင့်က ပြောပါတယ်။

ဘယ်လောက်တွင်ကျယ်ခဲ့သလဲဆိုတာကို ဦးထွန်းမြင့်ရဲ့ပါဠိသက်ဝေါဟာရ အဘိဓာန်ရဲ့ ကိုးကားချက်တွေမှာ တွေ့ရပါတယ်။

သမတဆိုတဲ့စကားလုံးကိုရော သမ္မတဆိုတဲ့ စကားလုံးကိုပါ ဦးထွန်းမြင့်ရဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာ ဖော်ပြထားပါတယ်။

Image caption ဦးနေဝင်းလက်ထက်မှာ သမတကနေ သမ္မတဖြစ်လာ

အဓိပ္ပာယ်က အတူတူပါပဲ။ လူအများတင်မြှောက်သည့်မင်းလို့ ဆိုထားပါတယ်။ သမတဆိုတဲ့ စကားလုံးအတွက် အကိုးအကားတွေကို တင်ပြရာမှာတော့ မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်မှာ တည်းဖြတ်ထုတ်ဝေခဲ့တဲ့ ရှင်သူရဲ ပြုစုတဲ့ သခင်ထွေးဧချင်း၊ ၁၂၇၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ လှိုင်ထိပ်ခေါင်တင်ရေးတဲ့ ဝိဇယကာရီပြဇာတ်၊ ၁၃၀၂ ခုနှစ်မှာ တည်းဖြတ်ထုတ်ဝေခဲ့တဲ့ ဒုတိယနဝဒေးကြီးရဲ့ ရခိုင်နိုင်မော်ကွန်းတို့မှာ သမတလို့သုံးထားတာတွေ့ရပါတယ်။ ဒါ့အပြင် ၄၇ ခု အခြေခံဥပဒေမှာလည်း သမတလို့ သုံးတာကို ကိုးကားထားပါတယ်။ သမတ အသုံးဘယ်လောက်တွင်ကျယ်ခဲ့တာဆိုတာ ဒီအကိုးအကားတွေကို ကြည့်ရင် သိနိုင်ပါတယ်။ လှိုင်ထိပ်ခေါင်တင်တို့ ရှင်သူရဲတို့က သမတလို့ သုံးခဲ့တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ တည်းဖြတ်သူတွေရဲ့ သတ်ပုံသတ်ညွှန်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တည်းဖြတ်တဲ့ သက္ကရာဇ်တွေကိုက တော်တော်လေးရှေးကျတာကို ထောက်ရင် သမတ ဆိုတဲ့ အသုံးဟာ တော်တော်တွင်ကျယ်ခဲ့တာကို သိနိုင်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာလည်း သမတလို့ပဲ သုံးခဲ့ပါတယ်။

ဒါပေမယ့် ဦးထွန်းမြင့်ရဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာ သမ္မတ ဆိုတဲ့စကားလုံး အတွက် အကိုးအကားပြုရာမှာလည်း အလားတူ ရှေးကျတဲ့ စာပေတွေမှာ သုံးခဲ့တာကို တွေ့ရပါတယ်။ ဦးရွှန်းရဲ့ ဥမ္မာဒန္တီပျို့ ၁၂၉၉ထုတ်၊ ဦးပုညရဲ့ မန္တလေးဘွဲ့မော်ကွန်း ၁၂၈၃ ထုတ်၊ ဦးတုတ်ကြီးရဲ့ သရာဇကျမ်း ၁၂၈၉ ထုတ်တို့ ဖြစ်ပါတယ်။

ဆောင်းပါးတခုလုံးကို တကြောင်းတည်းနဲ့ ပြန်ချုပ်ရရင်တော့ သမတနဲ့ အချုပ်အချာ ဆိုတဲ့စကားလုံးတွေကို အလွန်များပြားကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပေမယ့် ဒီနေ့ခေတ်ပြဋ္ဌာန်းသတ်ပုံကတော့ သမ္မတနဲ့ အချုပ်အခြာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ