အမျိုးသမီးသတင်းထောက် တစ်ဦး ပြန်ပြောင်းပြောပြတဲ့ သွေးစွန်းခဲ့တဲ့ရွှေဝါရောင်

ရွှေဝါရောင်ကာလတွေမှာ စစ်အစိုးရရဲ့ လက်နက်နဲ့ ဖြေရှင်းမှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာကို သိစေခဲ့တဲ့ ကင်မရာကိုင် အရပ်သား သတင်းထောက်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါ ဓာတ်ပုံ မူပိုင် Shin Dawae
Image caption ရွှေဝါရောင်ကာလတွေမှာ စစ်အစိုးရရဲ့ လက်နက်နဲ့ ဖြေရှင်းမှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာကို သိစေခဲ့တဲ့ ကင်မရာကိုင် အရပ်သား သတင်းထောက်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါ

လွန်ခဲ့တဲ့ ၁၂ နှစ်က စက်တင်ဘာလရဲ့ဒီလိုရက်တွေဟာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခနဲ့ အကျပ်အတည်းကို ကမ္ဘာက သိအောင် ပြသနိုင်ခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရဲ့ သွေးစွန်းခဲ့တဲ့နေ့ရက်တွေပါ။

လူထု ခံစားနေရတဲ့ ဒုက္ခနဲ့ နိုင်ငံ့ရေးရာ ပြဿနာတွေကို သံဃာတွေက စာနာထောက်ထားတဲ့အနေနဲ့ လောင်စာဆီ ဈေးချပေးဖို့၊ အထွေထွေကုန်ဈေးနှုန်း ကျဆင်းဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတဝန်း မြို့ကြီးတွေမှာ လမ်းမတွေထွက်ပြီး မေတ္တာပို့ ဆုတောင်း ဆန္ဒထုတ်ဖော်ပွဲတွေ ဦးဆောင် ပြုလုပ်ခဲ့ချိန်မှာ ကျောင်းသားတွေနဲ့ အများပြည်သူလူထုကလည်း ပူးပေါင်းခဲ့ကြပါတယ်။

ဒီလို လူထုအရေးတော်ပုံအသွင် ဖြစ်လာခဲ့ချိန်မှာတော့ အဲ့ဒီတုန်းက အုပ်စိုးနေတဲ့ စစ်အစိုးရဟာ ဖြိုခွဲနှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့လယ်ခေါင်မှာတင် ဂျပန်သတင်းထောက် ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ လက်နက်မဲ့ ဆန္ဒထုတ်ဖော်သူတွေကို အင်အားသုံး၊ ပစ်ခတ်၊ နှိမ်နင်းတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ရွှေဝါရောင်ကာလတွေမှာ စစ်အစိုးရရဲ့ လက်နက်နဲ့ ဖြေရှင်းမှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာကို သိစေခဲ့တဲ့ ကင်မရာကိုင် အရပ်သားသတင်းထောက်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့ပါတယ်။

အဲဒီထဲမှာ ပါဝင်ခဲ့တဲ့အမျိုးသမီးသတင်းထောက်တစ်ဦးကတော့ အခု မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးနေသူ ရှင်ဒေဝီ ဖြစ်ပါတယ်။

အဲဒီကာလတုန်းက ရှင်ဒေဝီဟာ ဒီဗီဘီ ရုပ်သံဌာနအတွက် မြန်မာပြည်တွင်းကနေ သတင်းတွေ ပေးပို့နေသူဖြစ်ပါတယ်။ ရွှေဝါရောင်ကာလမှာလည်း တာဝန်အရ ကင်မရာတစ်လုံးနဲ့ ရန်ကုန်မြို့ပေါ်က ဆန္ဒပြ တဲ့နေရာအနှံ့ သတင်းလိုက်ယူနေခဲ့ပါတယ်။

အကြမ်းဖက်ဖြိုခွင်းမှုအစ

အဲဒီအချိန်က လမ်းပေါ်မှာ ကင်မရာကိုင်ပြီး သတင်းယူဖို့ဆိုတာ အရမ်းအန္တရာယ်များတဲ့ အလုပ်ပါ။

ရှင်ဒေဝီဟာ ဆန္ဒပြလူအုပ်နဲ့ အတူလိုက်ပါပြီး အင်တာဗျူးတွေ ပုန်းလျှိုးကွယ်လျှိုးလုပ်လိုက်၊ အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မမြင်အောင် ကင်မရာကို ဝှက်ပြီး ရိုက်လိုက်နဲ့ ထောင်နှုတ်ခမ်းနင်းခဲ့ရသူ သတင်းထောက်တွေ၊ အရပ်သားထဲက ဝါသနာရှင် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။

လူထုလှုပ်ရှားမှုအရှိန်မြင့်တက်နေတဲ့ စက်တင်ဘာ ၁၈ ကနေ ၂၄ ရက်ထိ သွေးထွက်သံယိုကြီးကြီးမားမား ဖြိုခွင်းမှုမရှိခဲ့သေးပါဘူး။

စက်တင်ဘာ ၂၆ မှာတော့ ရွှေတိဂုံရားခြေရင်းမှာ ဆန္ဒပြသံဃာနဲ့လူထုတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စတင်အကြမ်း ဖက်ဖြိုခွင်းခဲ့ပါတယ်။

အဲဒီနေ့က ရွှေတိဂုံဘုရားကို ရှင်ဒေဝီ သတင်းယူဖို့ရောက်သွားချိန်မှာတော့ ဘုရားပတ်ဝန်းကျင်တစ်ဝိုက် လမ်းတွေကို ပိတ်ပစ်လိုက်ပြီး လုံးထိန်းတွေက မျက်ရည်ယိုဗုံးတွေသုံး ဖြိုခွင်းခဲ့တဲ့ သူ့မျက်မြင်အခြေအနေကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လုံထိန်းတွေနဲ့ အာဏာပိုင်တွေ သတိမထားမိအောင် သတင်းထောက်ပုံစံမျိုး မပေါက်ဖို့၊ အပျော်တမ်း မှတ်တမ်းတင် ရိုက်ကူးတဲ့ ၊ စပ်စုတတ်တဲ့သူမျိုးဖြစ်အောင် ဟန်ဆောင်ခဲ့

'ကျွန်မက သွားလို့ရတဲ့နေရာထိသွားပြီးတော့ လေ့လာတယ်။ ဖြိုခွဲခံရတဲ့သံဃာနဲ့ ပြည်သူတွေက မြေနီကုန်းဘက်ကို ပြိုဆင်းလာတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ မသိပေမယ့် ငါ ဒီအရုပ်ကို ရအောင်ယူရမှာဆိုတဲ့စိတ်နဲ့ ဆုံးဖြတ်ချက်ချလိုက်ပြီး လူအုပ်ကြီးသွားတဲ့နောက်ကို တောက်လျှောက်လိုက်တယ်'

လုံထိန်းတွေနဲ့ အာဏာပိုင်တွေ သတိမထားမိအောင် သတင်းထောက်ပုံစံမျိုး မပေါက်ဖို့၊ အပျော်တမ်း မှတ်တမ်းတင် ရိုက်ကူးတဲ့ ၊ စပ်စုတတ်တဲ့သူမျိုးဖြစ်အောင် ဟန်ဆောင်ခဲ့တယ်လို့ ရှင်ဒေဝီက ပြောပါတယ်။

'၂၀၀၇ မှာ ပထမဆုံးပြန်မြင်လိုက်ရတဲ့ ဒီလူထုလှုပ်ရှားမှုကို အရမ်းရှော့ဖြစ်ပြီး ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့တယ်။ ဝမ်းသာတာက စစ်ဖိနပ်ကို အံတုနိုင်တဲ့အရှိန်အဝါကိုဝမ်းသာတာ။ ဝမ်းနည်းတာကတော့ တစ်ချိန်ချိန်မှာ ဒီအင်အားစုဟာ ဖြိုခွဲခံရမယ်ဆိုပြီး ဝမ်းနည်းတာ' လို့ အဲဒီအချိန်ခံစားချက်ကို ရှင်ဒေဝီက ပြောပါတယ်။

ရှင်ဒေဝီ ဖမ်းခံရပြီ

သူဘယ်လိုပဲ ဟန်ဆောင်ထားပါစေ။ လုံထိန်းတွေလက်က ရှင်ဒေဝီ ပြေးမလွတ်ခဲ့ပါဘူး။

အကြမ်းဖက်ဖြိုခွင်းမှုတွေရဲ့ အရှိန်အမြင့်ဆုံးနဲ့ လူထုကို လမ်းမတွေပေါ်ကနေ ဖယ်ရှားပစ်လိုက်တဲ့ စက်တင်ဘာ ၂၇ မှာတော့ ရှင်ဒေဝီ ဖမ်းခံခဲ့ရပါတယ်။

အဲဒီနေ့မှာ သူ ကင်မရာကိုင်ပြီး ဆူးလေရောက်ချိန်မှာတော့ ဂျပန်သတင်းထောက် သေနတ်ထိမှန်သေဆုံးပြီးနေပါပြီ။

ဒါ့အပြင် စက်တင်ဘာ ၂၆ ရက်ညပိုင်းနဲ့ စက်တင်ဘာ ၂၇ မနက်အစောပိုင်းတွေမှာ တောင်ဥက္ကလာက ငွေကြာယံကျောင်းတိုက် အပါအဝင် ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေက ဝင်စီးပြီး သံဃာအများစုကို ဖမ်းဆီးထားလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် စက်တင်ဘာ ၂၇ မနက် ဆန္ဒပြမှုတွေမှာ သံဃာအင်းအား နည်းပါးခဲ့ပြီး လူထုအင်အားက ပိုများနေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြို့ထဲမှာ အခြေအနေဆိုးနဲ့ကြုံလိုက်ရပြီး စွမ်းအားရှင်တွေနဲ့ လုံထိန်းလက်က လွတ်လာတဲ့ လက်ကျန်လူအုပ်ဟာ တာမွေဘက်ကို ရွေ့လာ

'ပန်းဆိုးတန်းလမ်းမရယ် ၊ ဆူးလေလမ်းမရယ် ၊ ဗိုလ်ချုပ်လမ်းမရယ်မှာ လူအုပ်စုလိုက်အုပ်စုလိုက် ကြွေး ကြော်သံတွေကို ကြွေးကြော်လိုက်၊ ရဲတွေရောက်လာရင်ထွက်ပြေးလိုက်နဲ့ ပျောက်ကြားစနစ်နဲ့ တိုက်တဲ့ ပုံစံမျိုးပေါ့။ အဲဒီအချိန်မှာပဲ စစ်ကားတွေနဲ့ ပိတ်ပြီး အဲဒီလူအုပ်ဟာ ထပ်အဖြိုခွဲခံလိုက်ရပြန်တယ်' လို့ စက်တင်ဘာ ၂၇ မွန်းတည့်ချိန်မှာ ဆူးလေက အကြမ်းဖက်ဖြိုခွင်းမှုမြင်ကွင်းကို သူက ပြောပြပါတယ်။

မြို့ထဲမှာ အခြေအနေဆိုးနဲ့ကြုံလိုက်ရပြီး စွမ်းအားရှင်တွေနဲ့ လုံထိန်းလက်က လွတ်လာတဲ့ လက်ကျန်လူအုပ်ဟာ တာမွေဘက်ကို ရွေ့လာပါတယ်။

ဒီလူထုဟာ နည်းမျိုးစုံနဲ့ သပိတ်ကို အချိန်ကြာအောင်၊ ရပ်တန့်မသွားအောင် ဆွဲထားရမယ်ဆိုတဲ့ အသိနဲ့ လုံထိန်းတွေရန်က လွတ်အောင် ပြေးရင်း ပြန်စုစည်းခဲ့တယ်လို့ သူက ဆိုပါတယ်။

'တာမွေ အထက ၄ အခု ရွှေထွဋ်တင်ကွင်းနားမှာ ဆန္ဒပြလူအုပ်ကို လုံထိန်းတွေက ပိတ်မိသွားတယ်။ နောက်ဆုံးကျန်တဲ့ လူအုပ်စုလို့ပြောရမယ်။ လူအုပ်ဟာ ပိတ်မိပြီး ဘာလုပ်ရမလဲမသိ ဖြစ်နေတုန်း ကျိုက္ကဆံကွင်းထဲက ရဲတွေ ထွက်လာတယ်။ အဲဒါ လုံးဝမမျှော်လင့်ထားတဲ့ဟာပဲ။ ရဲတွေကပါ ပိတ်ဖမ်းတာ။ ပစ်တယ်၊ ရိုက်တယ်။ လူတော်တော်များများ အဖမ်းခံရတယ်။ အဲဒီမှာပဲ ကျွန်မလည်း အဖမ်းခံရတယ်' လို့ သူက ပြောပါတယ်။

ကင်မရာနဲ့ ဖုန်းကို လွှင့်ပစ်

လေးဘက်လေးလံ လုံထိန်းနဲ့ ရဲတွေပိတ်ထားတဲ့အတွက် လူအုပ်ဟာ ကစဉ့်ကလျားနဲ့ ဦးတည်ရာမဲ့ ထွက်ပြေးနေပြီး လမ်းဘေးမြောင်းကြီးတွေထဲ အကုန်ပြေးဆင်းကြတော့တာပါပဲ။

လူအပြည့်နဲ့မြောင်းတွေထဲ ထပ်ခုန်ဆင်းလို့ မရလို့ လမ်းပေါ်ကျန်နေသူလူအုပ်ထဲ လုံထိန်းကားတွေ မောင်းဝင်လာပြီး သေနတ်ပစ်သံတွေလည်း ဆူဆူညံညံ ကြားလာခဲ့ရပါတယ်။

အဖမ်းမခံရခင် မိနစ်ပိုင်းအထိ ရိုက်ချက်တွေပါတဲ့ သူ့ကင်မရာနဲ့ မိခင်သတင်းဌာနနဲ့ ဆက်သွယ်ထားတဲ့ လက်ကိုင်ဖုန်းတို့ဟာ ရှင်ဒေဝီကို ရာစုနှစ်တစ်ဝက်လောက်ထိ ထောင်ချနိုင်တဲ့ ခိုင်မာတဲ့ သက်သေ တွေဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လူထုဟာ နည်းမျိုးစုံနဲ့ သပိတ်ကို အချိန်ကြာအောင်၊ ရပ်တန့်မသွားအောင် ဆွဲထားရမယ်ဆိုတဲ့ အသိနဲ့ လုံထိန်းတွေရန်က လွတ်အောင် ပြေးရင်း ပြန်စုစည်း

'ကျွန်မလည်း မြောင်းထဲ ခုန်ဆင်းပြီး ရဲတွေ ဆက်တက်လာတာကို ကင်မရာနဲ့မြောင်းထဲကနေ ရိုက်ဖြစ်နေသေးတယ်။ အဲဒီအချိန် လမ်းပေါ်မှာ လူရှင်းသွားပြီ။ လမ်းပေါ်မှာမိထားတဲ့သူတွေကို ကတ္တရာလမ်းပေါ် မှောက်ခိုင်းတယ်။ မိန်းမတွေကိုကျ ငုတ်တုတ်ထိုင်ခိုင်းတယ်။ နောက်တော့ လုံထိန်းတွေက မြောင်းတွေထဲ သေနတ်တွေချိန်ပြီး အကုန်တက်ခိုင်းတယ်။ ကျွန်မ စက္ကန့်ပိုင်းအတွင်းပဲ ချက်ချင်း ဆုံးဖြတ်လိုက်တယ်။ ကင်မရာကို မြောင်းထဲမှာ ဝှက်လိုက်တယ်။ ဖုန်းကတော့ အိတ်ထဲမှာပါလာသေးတယ်'

မြောင်းထဲက တက်ပြီး လမ်းပေါ် ဝမ်းလျားမှောက်နေချိန်မှာပဲ ဘောင်းဘီအိတ်ထဲက ဖုန်းအပြင် ပိုက်ဆံအိတ်ကိုပါ ဆွဲထုတ်ပြီး ခပ်လှမ်းလှမ်း ရောက်အောင် လွှင့်ပစ်လိုက်ပါတော့တယ်။

'ရှာနေတဲ့သူတွေက ဖုန်းနဲ့ပိုက်ဆံအိတ်ကို လမ်းပေါ်ကတွေ့ပြီးသိမ်းသွားတယ်။ ပြီးတော့ ကျွန်မအပါအဝင် ဖမ်းထားသူတွေကို ကားပေါ်တင်ပြီး ကျိုက္ကဆံကွင်းထဲ ခေါ်သွားတယ်'

ခင်ပွန်းသည်ပါ ဖမ်းခံရ

ဆန္ဒပြလူအုပ်နောက် သတင်းလိုက်ယူတဲ့ ရှင်ဒေဝီကို ကားမောင်းလိုက်ပို့တဲ့ သူ့ခင်ပွန်းလည်း တာမွေ လူဖမ်းပွဲမှာ ဖမ်းခံလိုက်ရပါတယ်။ ကားကတော့ လမ်းပေါ်မှာ ဒီတိုင်းထားပစ်ခဲ့ရပြီး မိတ်ဆွေတွေ ကောင်းမှုကြောင့် လုံထိန်းတွေ လက်ထဲက သုံးရက်အကြာမှာ ပြန်ယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရှင်ဒေဝီ ဝှက်ခဲ့တဲ့ ကင်မရာ၊ လုံထိန်းလက်ထဲပါသွားတဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်တို့ကတော့ ခုထိ ပြန်မရတော့ပါဘူး။

အဲဒီတုန်းက ရိုက်ခဲ့တဲ့ အရုပ်တွေလည်း ဆုံးရှုံးခဲ့ရပြီး မီနီကင်မရာနဲ့ အထဲက ရိုက်ထားတဲ့ တိတ်ခွေကို နှမြောမဆုံးဘူးလို့ သူက ဆက်ပြောပါတယ်။

ကျိုက္ကဆံကွင်းမှာ နှစ်ညအိပ် ဖမ်းခံရပြီး စစ်ကြောရေးဝင်ပြီးတဲ့နောက် အင်းစိန် ဂျီတီအိုင် ကျောင်းဝင်းထဲ ပို့ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လုံထိန်းနဲ့ ရဲတွေပိတ်ထားတဲ့အတွက် လူအုပ်ဟာ ကစဉ့်ကလျားနဲ့ ဦးတည်ရာမဲ့ ထွက်ပြေးနေပြီး လမ်းဘေးမြောင်းကြီးတွေထဲ အကုန်ပြေးဆင်းကြ

အဲဒီမှာ တစ်ပတ်နေပြီးနောက် ရှင်ဒေဝီ ပြန်လွတ်ခဲ့ပေမယ့် သူ့အမျိုးသားကတော့ အင်းစိန်ထောင် ပို့ခံရတဲ့အုပ်စုထဲ ပါခဲ့ပြီး တစ်လကျော်လောက် နေခဲ့ရပါတယ်။

အဖမ်းခံရချိန်မှာ ရှင်ဒေဝီအနေနဲ့ နော်ဝေမှာရှိတဲ့ မိခင်သတင်းဌာနဆီ သွားမလား၊ ပြည်တွင်းမှာ ဆက်နေမလား ဆိုပြီး ဆုံးဖြတ်ရမယ့်အချိန် ရောက်ခဲ့ပါတယ်။

ဒါပေမဲ့ ရှင်ဒေဝီက ပြည်တွင်းမှာနေဖို့ပဲ ရွေးချယ်လိုက်ပါတယ်။ ဒါကြောင့်လည်း စစ်ကြောရေးမှာ သတင်း ထောက်မဟုတ်ဘဲ သာမန်ပြည်သူ တစ်ယောက်အနေနဲ့ ဆန္ဒပြပွဲတွေ လိုက်ကြည့်တာလို့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ရွှေဝါရောင်ဟာ ဘယ်လောက်အရေးပါခဲ့သလဲ

ဒီဗီဘီသတင်းဌာနအတွက် ၂၀၀၆ ကနေ ၂၀၁၀ ထိ သတင်းထောက်လုပ်ခဲ့ပြီး လက်ရှိမှာ မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာအဖြစ်ရပ်တည်နေတဲ့ ရှင်ဒေဝီက ရွှေဝါရောင်ဟာ စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ သံဃာနဲ့ လူထုတွေအသံကို ကမ္ဘာထိရောက်အောင် ပို့နိုင်ခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။

'အနှစ်နှစ်ဆယ်လောက် လုံးဝငြိမ်ပြီး လှုပ်လို့မရတဲ့အနေအထားမှာ ဒီလိုလူအုပ်စုကို လမ်းမပေါ်မှာ ထပ်မြင်ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကျွန်မတို့အသံကို ကမ္ဘာကိုရောက်အောင်ပို့နိုင်ခဲ့တယ်။ ဒီလှုပ်ရှားမှုဟာ အာဏာရှင်ကို တုန်လှုပ်သွားစေတယ်။ အခု နိုင်ငံရေးအရွေ့အတွက် ဒီလှုပ်ရှားမှုဟာ အလွန်အမင်း အရေးပါပါတယ်'

ဓာတ်ပုံ မူပိုင် AFP
Image caption ရွှေဝါရောင်လှုပ်ရှားမှုဟာ စစ်အာဏာရှင်ကို တုန်လှုပ်သွားစေပြီး ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းအတွက် အလွန်အရေးပါ

မဝေးသေးတဲ့ကာလတစ်ခုက ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းခဲ့သူတွေအနေနဲ့ ထုတ်ဖော် ဝန်ခံဖို့၊ တောင်းပန်ဖို့ကို ရွှေဝါရောင်သံဃာတွေက အခု ၁၂ နှစ်ပြည့်ကာလအထိ တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် ဒီနှစ် နှစ်ပတ်လည်အခမ်းအနားတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးနဲ့ ပြည်တွင်းစစ်ငြိမ်းချမ်း ရေးကိုလည်း အဓိက တောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှုတွေမှာ အားပြိုင်မှုတွေရှိနေပြီး ပြင်ဆင်ရေး လမ်းကြောင်း ရှုပ်ထွေးအောင်လုပ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ဒီအချိန်မှာ အန်အယ်လ်ဒီအစိုးရအနေနဲ့ကတော့ ဖွဲ့စည်းပုံပြင်ရေးကိုအောင်မြင်တဲ့အထိ လုပ်သွားမှာဖြစ်ပြီး ပြည်သူကိုလမ်းပေါ်ဆွဲတင်တဲ့နည်းလမ်းတော့ မသုံးဘူးလို့ ပြောကြားထားပါတယ်။

ဒီရွှေဝါရောင်ကို အမေ့လျော့ခံမဖြစ်ဖို့နဲ့ လက်သည်တွေကို ဖော်ထုတ်ဖို့လည်း တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

ရွှေဝါရောင်သံဃာတွေရဲ့ ၁၂ နှစ်ပြည့်ကာလ ထုတ်ပြန်တောင်းဆိုချက် အပေါ်လည်း ရှင်ဒေဝီက အခုလို မှတ်ချက်ပြုခဲ့ပါတယ်။

'ကျွန်မတို့ နိုင်ငံ သွားရမယ့်ခရီးက အရှည်ကြီးပဲ။ အင်အားစုတွေလည်း လိုသေးတယ်။ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒီအင်အားစုတွေတောင်းဆိုနေတာကိုက ဒီအင်အားစုတွေ ရွေ့နေတယ်၊ ဒီအင်အားစုဟာ ပျက်ပြယ်မသွားဘဲ တစ်စုတစ်ဝေးတည်း ရှိနေတယ် ဆိုတာကို ပြတာပါပဲ'

ဒီသတင်းနဲ့ပတ်သက်သမျှ