မြောက်ကိုရီးယားနဲ့ မြန်မာ၊ ပွင့်ထွက်သွားတဲ့ အာဇာနည်ဗိမာန်နဲ့ လက်နက်မဟာမိတ်တကျော့ပြန်

burma ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption ၂ဝဝ၇ ခုနှစ်က ရန်ကုန်ရောက် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ကင်ယုံအီး

မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံချင်း ဝေးပေမယ့် ဆက်ဆံရေးက ရှိခဲ့ပါတယ်။ ကိုရီးယားကြောင့် မြန်မာပြည်ဆန်စျေးကောင်းပြီး ချမ်းသာခဲ့ဖူးသလို တချိန်က မြန်မာနိုင်ငံမှာ အာဏာရပါတီကြီးတခု နှစ်ခြမ်းကွဲသွားတဲ့အထိ မြောက်နဲ့တောင် ကိုရီးယားအရေးက လွှမ်းမိုးခဲ့ဖူးပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ၃၈ မျဉ်းပြိုင်မှာ ကိုရီးယားကို နှစ်ခြမ်းခွဲခဲ့ကြပြီးနောက် ၁၉၅ဝ မှာ နှစ်နိုင်ငံစစ်ဖြစ်ခဲ့ကြပါတယ်။ ဒီစစ်မှာ မြောက်ပိုင်းကို ကျူးကျော်သူအဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂတပ်တွေ ဝင်တိုက် ခဲ့ကြသလို မြောက်ပိုင်း ဘက်ကလည်း တရုတ်တပ်တွေ အလုံးအရင်းနဲ့ ပါခဲ့ပြီး မော်စီတုန်းရဲ့သားအကြီးဆုံးပါ ကိုရီးယားစစ်မှာ ကျဆုံးခဲ့ပါတယ်။ ဒီစစ်ကြောင့် မြန်မာပြည်က ဆန်တန်ချိန်များစွာ စစ်မြေပြင်ကို တင်ပို့ခဲ့ရပြီး စျေးကောင်းရခဲ့ပါတယ်။ ဒီလို စျေးရခဲ့လို့ စစ်ပြီး ပြန်လည်ထူထောင်ရေးတွေမှာ အရှိန်ရခဲ့ပါတယ်။ စစ်ဖြစ်တဲ့ သုံးနှစ်မှာ မြန်မာပြည် ဘက်က ရခဲ့တဲ့ ဆန်ဖိုးဟာ အရင်ကရခဲ့တဲ့ နိုင်ငံခြားငွေတန်ဖိုးထက် ပိုများတယ် လို့လည်း သိရပါတယ်။

စစ်ပြီးသွားတဲ့နောက်မှာတော့ အရည်အသွေး သိပ်မကောင်းတဲ့ မြန်မာ့ဆန်စျေးပြန်ပြီးကျခဲ့တယ်လို့ ဒဗလျူစီ ဂျွန်စတုန်းရဲ့ မြန်မာ့နိုင်ငံခြားရေး ဝါဒ၊ ဘက်မလိုက်ဝါဒကို လေ့လာချက် စာအုပ်မှာရေးပါတယ်။ မြန်မာ ဘက်က ဆန်စျေးကို လိုက်မချဘဲ တင်းခံနေတဲ့အခါ အရင်က မြန်မာပြည်က ဆန်ဝယ်နေကျ အိန္ဒိယ၊ ဂျပန်စတဲ့ နိုင်ငံတွေက ရှောင်ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက် ၁၉၅၈ မှာ မြန်မာ့ပြည်တွင်း ထုတ်လုပ်မှု တန်ဖိုး ၃ ရာခိုင်နှုန်းကျပြီး အဲဒီနှစ်မှာပဲ နိုင်ငံရေး အကျပ်အတည်းကြောင့် တပ်က အာဏာသိမ်းတာ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ကိုရီးယားစစ်ကြီးပြီးနောက် စားစရာမရှိတဲ့အချိန်မှာ မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာ ငါးသောင်းလောက်တန်ဖိုးရှိတဲ့ ဆန်ကို အကူအညီပေးခဲ့တဲ့ကျေးဇူးကိုလည်း တောင်ကိုရီးယားဘက်က မမေ့ကြောင်း မကြာခင်က တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းရဲ့ ခရီးစဉ်မှာ ပြောခဲ့ဖူးပါတယ်။ ကိုရီးယားမှာ ဆင်းရဲပြီး စားစရာမရှိတဲ့အချိန်မှာ တကယ်ထိရောက်တဲ့ကူညီမှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ကိုရီးယားစစ်ကြောင့် မြန်မာ့ဆန်ရောင်းပန်းလှခဲ့

တောင်မြောက်နိုင်ငံရေးနဲ့ ကုလစင်မြင့်

ဒီအချိန်က မြောက်ပိုင်းနဲ့တောင်ပိုင်း ဘယ်ဘက်ကို ကျူးကျော်သူအဖြစ် သတ်မှတ်ရမလဲ၊ ကုလသမဂ္ဂမှာ မပါသေးတဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိနေတဲ့ မြန်မာအစိုးရအတွက် အကြီးအကျယ် အကျပ်ဆိုက်ခဲ့ပါတယ်။ မြောက်ပိုင်းကို ကျူးကျော်သူ အဖြစ် သတ်မှတ်တဲ့အဆိုကို မြန်မာက ထောက်ခံခဲ့ပေမယ့် တရုတ်ကိုပါ ပူးတွဲကျူးကျော်သူအဖြစ် သတ်မှတ်ဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။ ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ ဒီအဆိုကို မထောက်ခံဘဲ ကြားနေတာ မြန်မာနဲ့ အိန္ဒိယပဲ ရှိခဲ့ကြောင်း သြစတြေးလျ ဂရစ်ဖစ်တက္ကသိုလ်က ပါမောက္ခ အင်ဒရူးဆဲ့လ်သ်က မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ဒေသတွင်းလုံခြုံရေး ကို စိန်ခေါ်မှု စာအုပ်မှာ ရေးပါတယ်။ မြောက်ကိုရီးယားကို ကျူးကျော်သူအဖြစ် သတ်မှတ်ဖို့ ထောက်ခံစဉ်ကလည်း မြန်မာက ကုလသမဂ္ဂကို တပ်လွှတ်ပေးမယ် ကတိပေးခဲ့ပေမယ့် ပြန်ရုပ်သိမ်းခဲ့ပါတယ်။

တဘက်မှာလည်း ကိုရီးယားမှာ တိုက်နေတဲ့ တရုတ် ကွန်မြူနစ်တပ်တွေကို ဟန့်တားဖို့အတွက် မြန်မာပြည်ထဲက တရုတ်ဖြူတပ်တွေကို တရုတ်ပြည်တောင်ပိုင်းကို တိုက်ခိုင်းဖို့ အမေရိကန်က ကြံစည်ခဲ့ဖူးပါတယ်။

ဒီအတွက် မြန်မာအစိုးရကို မပြတ်သားသူအဖြစ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရှုမြင်ကြသလို ရန်ကုန်ကို ကွန်မြူနစ်နိုင်ငံစုံရဲ့ ဆက်ဆံရေးဌာနလို့တောင် ရည်ညွှန်းပြောဆိုခံခဲ့ရပါတယ်။ မြန်မာရဲ့ ဘက်မလိုက် မူဝါဒကိုလည်း သောလုံးထုတ်ခဲ့ကြပါတယ်။

တခါ ၁၉၅၂ မှာလည်း အမေရိကန်က ကိုရီးယားစစ်ပွဲမှာ ပိုးမွှားစစ်ဆင်ရေးကျင့်သုံးတယ် ဆိုတဲ့ တရုတ်အစိုးရရဲ့ စွပ်စွဲချက်ကို အခြေအမြစ်မရှိတဲ့စွပ်စွဲချက်အဖြစ် မြန်မာအစိုးရက ပယ်ချခဲ့တယ်လို့ ဒဗလျူစီ ဂျွန်စတုန်းရဲ့ မြန်မာ့နိုင်ငံခြားရေး ဝါဒ၊ ဘက်မလိုက်ဝါဒကို လေ့လာချက် စာအုပ်မှာ ပါရှိ ပါတယ်။ ဒီလို အမေရိကန်ဘက်က ရပ်တည်တဲ့ အခါမှာလည်း အမေရိကန်လူအဖြစ် ကွန်မြူနစ်နိုင်ငံတွေရဲ့ ကဲ့ရဲ့မှုကို ခံရပါတယ်။

တဘက်မှာလည်း ကွန်မြူနစ်ပုန်ကန်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဖဆပလအစိုးရအဖို့ ကိုရီးယားစစ်ကြောင့် ပြည်တွင်းနိုင်ငံရေးမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒီစစ်မှာ မြောက်ပိုင်းကို ကျူးကျော်သူအဖြစ် သတ်မှတ်တာကို မြန်မာအစိုးရ ထောက်ခံ တာနဲ့ ပတ်သက်ပြီး အာဏာရ ဖဆပလထဲက ဆိုရှယ်လစ်ပါတီမှာ ဂယက်ရိုက်ခဲ့ပါတယ်။ ၁၉၅ဝ စက်တင်ဘာလ ၅ ရက် ယာယီပါလီမန်မှာ ဝန်ကြီးချုပ် သခင်နု တင်သွင်းတဲ့ ကိုရီးယားအရေး အဆိုကို အလုပ်သမားအစည်းအရုံး ဒုတိယ ဥက္ကဋ္ဌသခင်လှကြွေက ကန့်ကွက်ပါတယ်။ ဒီအတွက် သခင်လှကြွေနဲ့ သခင်လွင်ကို ပါတီ စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူတဲ့အခါ သူတို့ အစည်းအရုံး ရာထူးတွေက နုတ်ထွက်ကြသလို ဒီဇင်ဘာလ ၇ ရက်မှာ သခင်ချစ်မောင်၊ သခင်လူအေး စတဲ့ တခြားဆိုရှယ်လစ် နိုင်ငံရေးသမား ၄၃ ယောက်နဲ့အတူ ပါတီက သူတို့နုတ်ထွက်ကြပါတယ်။ ၁၉၅ဝ၊ ဒီဇင်ဘာလ ၈ ရက်မှာတော့ ဗမာပြည် အလုပ်သမား လယ်သမားပါတီကို တည်ထောင်ပြီး ဆိုရှယ်နီလို့ လူသိများ ပါတယ်။

ဓာတ်ပုံ မူပိုင် New Vision Knowledge Bank
Image caption ကိုရီးယားစစ်ကြောင့် ဆိုရှယ်လစ်ပါတီကွဲခဲ့

ဒီလို လက်ဝဲစွန်းပိုကျတဲ့ ဆိုရှယ်နီအုပ်စု ပါတီက ခွဲထွက်ခဲ့သလို တခြားပါတီငယ်တွေနဲ့ပေါင်းပြီး ပမညတခေါ် အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု အဖြစ် အတိုက်အခံအုပ်စု ပါလီမန်နိုင်ငံရေးမှာ ပေါ်ထွက်ခဲ့တာဟာ ကိုရီးယားစစ်ရဲ့ ရိုက်ခတ် ချက် ဖြစ်ပါတယ်။ ၁၉၆၂ နောက်ပိုင်းမှာ ပမညတ ခေါင်းဆောင်တချို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံပြီး စစ်အာဏာသိမ်းအစိုးရနဲ့ ပူးပေါင်း ခဲ့ကြပေမယ့် ဖဆပလခေတ် တလျောက် မှာတော့ ပမညတဟာ မြေပေါ်ကွန်မြူနစ် အုပ်စု အဖြစ် စွပ်စွဲဖိနှိပ်ခံခဲ့ရပါတယ်။

ဒီလို ကိုရီးယားကြောင့် မြန်မာမှာ ဂယက်ရိုက်ခဲ့ပေမယ့် ကိုရီးယား နှစ်နိုင်ငံစလုံးက မြန်မာမှာ ၁၉၆၁ မှ ကောင်စစ်ဝန်ရုံးတွေဖွင့်ပြီး သံတမန်ဆက်သွယ်မှုတွေ စခဲ့ပါတယ်။ ၁၉၄၈ မြန်မာပြည် လွတ်လပ်ရေးရစမှာတော့ ဒီနှစ်နိုင်ငံစလုံးကို မြန်မာက သံတမန်မဆက်သွယ်ဘဲ ပြန်လည် ပေါင်းစည်းရေးအတွက် တောင်းဆိုခဲ့ပါတယ်။ ကိုရီးယား နှစ်ခြမ်းလိုပဲ တောင်မြောက် ဗီယက်နမ်နဲ့ အရှေ့အနောက် ဂျာမနီတွေကိုလည်း ၁၉၆၁ ကျမှ မြန်မာက သံတမန်ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၅ မှာတော့ ဒီနှစ်နိုင်ငံက သံအမတ်ကြီးအဆင့်တွေ စေလွှတ်ပြီး တရားဝင် ဆက်ဆံရေးတွေ စတင်ခဲ့ပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ မြန်မာရဲ့ အသိအမှတ်ပြုမှု ရအောင် ကိုရီးယား နှစ်ပိုင်းစလုံးက ကြိုးစားခဲ့သလို မြန်မာပြည်ကို ကိုယ်စားလှယ်အဖွဲ့တွေ အပြိုင် စေလွှတ်ခဲ့ကြပါတယ်။ ဒီအတွက် ဆိုရှယ်လစ်ခေတ်မှာ အရာရာ ရှားပါးတဲ့ မြန်မာအစိုးရ အဖို့ အခက်အခဲတွေ့ခဲ့တာတွေ ရှိတယ်လို့လည်း ပါမောက္ခဆဲ့လ်သ်က ရေးပါတယ်။ ၁၉၇၁ မှာ မြောက်ကိုရီးယားက အဖွဲ့ဝင်တရာပါတဲ့ အကအဖွဲ့ လွှတ်တာမျိုး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Bert Hardy
Image caption အင်ချုံမြို့ကို သိမ်းပြီးနောက် ကွန်မြူနစ်လို့ မသင်္ကာသူတွေကိုဖမ်း

ကင်အီဆွန်းရဲ့ အတွေးအခေါ်ကြော်ငြာ

စစ်အေးခေတ် ၁၉၅ဝ ကျော်က မြန်မာနိုင်ငံမှာ ဆိုဗီယက်၊ တရုတ်စတဲ့ နိုင်ငံတွေနဲ့ နီးစပ်တဲ့ နိုင်ငံရေးသမားနဲ့ စာနယ်ဇင်းသမားတွေ၊ ကျောင်းသားတွေ ရှိသလို ကိုရီးယား-မြန်မာ မိတ်ဆွေဖြစ် အသင်းစတဲ့ မြောက်ကိုရီးယားနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေမှာလည်း ပမညတနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး စတဲ့ ပြည်တွင်းက လက်ဝဲအဖွဲ့အစည်းဝင်တွေ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ တချိန်ထဲမှာပဲ မြောက်ကိုရီးယားဘက်က ဝါဒဖြန့်ကြော်ငြာ ဆောင်းပါးနဲ့ သတင်းတွေ မြန်မာသတင်း စာစောင်တွေမှာ ထည့်သွင်းတာတွေ ရှိခဲ့ပါတယ်။ ဒီလို ထည့်သွင်းမှုတွေကို လမ်းစဉ်ပါတီခေတ်မှာ ပိုပြီး တွေ့ခဲ့ရပါတယ်။

ဒီသတင်းတွေကို ပြန်ဖတ်ကြည့်ရင် ခေါင်းဆောင်ကြီး ကင်အီဆွန်းရဲ့ လမ်းညွှန်မှုကြောင့် မြောက်ကိုရီးယားမှာ ဘယ်လိုတိုးတက်နေတယ်ဆိုတာတွေ ပါပါတယ်။ ဒါပေမဲ့လည်း ဒီလို ပြောင်ပြောင်တင်းတင်း ငွေပေး ကြော်ငြာတဲ့ နိုင်ငံရေး ဝါဒဖြန့်မှုတွေကို မြန်မာစာဖတ်ပရိသတ်က စိတ်ဝင် တစား မရှိခဲ့ပါဘူး။ ပြည်တွင်းမှာလည်း လမ်းစဉ်ပါတီအစိုးရရဲ့ နိုင်ငံရေး ချုပ်ချယ်မှုနဲ့ တဘက်ပိတ် ဝါဒဖြန့်မှုတွေကို ပြည်သူတွေ ကျင့်သားရနေပြီ ဖြစ်လို့ ဒီလို အတုံးလိုက်အတစ်လိုက် ကွန်မြူနစ်ဝါဒဖြန့်တာတွေကို လူတွေ စိတ်မဝင်စားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu

ဒီလို ဖြစ်ရတာနဲ့ ပတ်သက်ပြီး သတင်းစာတွေ ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးက အတွင်းဝန်ရာထူးအထိ တက်ဖို့ ကြိုးစားရာမှာ သတင်းစာ ကျင့်ဝတ်ကို ထိပါးစပြုလာတယ်လို့ ကြေးမုံဦးသောင်းက ဘီလူးတို့ရွာ စာအုပ်မှာ ရေးပါ တယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ် အတွက် အရင်းအနှီးတိုးတက်ရရှိဖို့ သတင်းစာတွေ အမြတ်များများ ရှာရမယ်ဆိုပြီး ကြော်ငြာက ဝင်ငွေပိုရအောင် ကြံတဲ့အခါမှာ စီးပွားရေးကြော်ငြာ များများ မရနိုင်လို့ နိုင်ငံခြားသံရုံးကြော်ငြာတွေ ပိုထည့်လာရတာပါ။ အဲဒီမှာ မြောက်ကိုရီးယားသံရုံးက ခေါင်းဆောင်ကြီး ကင်အီဆွန်းရဲ့ အတွေးအခေါ်ကြော်ငြာတွေ ပြည်သူပိုင် သတင်းစာတွေကို လွှမ်းမိုးလာလို့ နိုင်ငံရေးဩဇာလွှမ်းမှာ စိုးရိမ်ရလို့ လျှော့သင့် တယ်လို့ ထောက်ပြရကြောင်း ဦးသောင်းက ရေးပါတယ်။

ဓာတ်ပုံ မူပိုင် Historical
Image caption မြန်မာသတင်းစာတွေမှာ ကြော်ငြာပါတတ်တဲ့ ခေါင်းဆောင်ကြီး ကင်အီဆွန်းရုပ်ပုံ

ဒါပေမဲ့လည်း ၁၉၆၂ အာဏာသိမ်းပြီးနောက် ဆိုရှယ်လစ်လမ်းကြောင်းကို ချီတက်နေတဲ့ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး နီးစပ်လာတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ၁၉၇၇ ခုနှစ်မှာ လမ်းစဉ်ပါတီ သမ္မတ ဦးနေဝင်း မြောက်ကိုရီးယားကို အလည်အပတ် သွားရောက် ခဲ့ပြီးနောက် မြောက်ကိုရီးယားဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့ ညီနောင်ပါတီချင်း ဆက်ဆံရေး ရှိတဲ့ ပထမဆုံး ကွန်မြူနစ်နိုင်ငံ ဖြစ်လာပါတယ်။ ၁၉၈ဝ မှာတော့ လမ်းစဉ်ပါတီ ကိုယ်စားလှယ်တွေ မြောက်ကိုရီးယား အလုပ်သမားပါတီ ညီလာခံ တက်ခဲ့ကြပါတယ်။

မြန်မာပြည်အတွက် သံဖြူအရည်ကျိုစက်၊ ဖန်ချက်စက်ရုံ၊ ရေအားလျှပ်စစ်စက်ရုံနဲ့ ကြွေထည်စက်ရုံ၊ ချည်မျှင်စက် စတာတွေကို မြောက်ကိုရီးယားက အကူအညီပေးခဲ့သလို စက်ပစ္စည်းနဲ့ ဘိလပ်မြေ၊ ဓာတုပစ္စည်းတွေ ကူညီခဲ့ပါတယ်။ မြန်မာဘက်ကလည်း ဝါဂွမ်း၊ ရာဘာ၊ သစ်၊ ဆန်နဲ့ သတ္တုတွေကို ပြန်ပို့ပေးခဲ့ပါတယ်။

ဒီလို နီးစပ်ခဲ့ပေမယ့်လည်း မြောက်ကိုရီးယားက တရုတ်၊ ဆိုဗီယက်စတဲ့ နိုင်ငံတွေလိုပဲ မြန်မာအပါအဝင် ကမ္ဘာတလွှားက ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေးတွေကို ကူညီအားပေးတာတွေလည်း ရှိခဲ့တယ် ဆိုပါတယ်။ အတိအကျ အတည်ပြုဖို့ ခက်ပေမယ့် ၁၉၆ဝ ကျော်ကတည်းက မြန်မာပြည်က သူပုန်တပ်တွေကို မြောက်ကိုရီးယားက ကူညီတာတွေ ရှိခဲ့တယ်လို့ စွပ်စွဲတာတွေ ရှိခဲ့ပါတယ်။ ဒီတပ်တွေကို လက်နက်ငယ်တွေ ပို့ပေးတာ၊ ပြောက်ကြား သင်တန်းပေးတာနဲ့ ငွေရေးကြေးရေးအရ ကူညီတာတွေကို မြောက်ကိုရီးယားက သိုသိုသိပ်သိပ်လုပ်ခဲ့တယ်လို့ ရေးသူ ရှိကြောင်း အင်ဒရူးဆဲ့လ်သ်က ရေးပါတယ်။ ၁၉၇ဝ ကျော်မှာတော့ ဗကပတပ်တွေကို တိုက်ရိုက်ကူခဲ့ပြီး တချို့သင်တန်းပေးတာတွေကို မြောက်ကိုရီးယားမှာ လုပ်ပြီး မြန်မာပြည်ထဲကို မြောက်ကိုရီးယားစစ်သားတွေ ကိုယ်တိုင်လာပေးတာ ရှိခဲ့တယ်လည်း ဆိုပါတယ်။ ၁၉၈၆ ခုနှစ်က တရုတ် နယ်စပ်မှာ ဗကပနဲ့ အစိုးရတပ်တွေ အကြီးအကျယ် တိုက်ခဲ့တဲ့ စီစီဝမ်တာပန် တိုက်ပွဲမှာ မြောက်ကိုရီးယားတချို့ ဗကပဘက်က တိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေ ဘယ်ကထွက်လာတယ်ဆိုတာ မှန်းရခက်သလို ဘယ်လောက်တိကျတယ်ဆိုတာလည်း ပြောရ ခက်ပါတယ်။

ဓာတ်ပုံ မူပိုင် Bettmann
Image caption သေဘေးက ကပ်လွတ်သွားတဲ့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်

၁၉၈၃ ရန်ကုန် အကြမ်းဖက်မှု

၁၉၈၃ အောက်တိုဘာမှာ မြန်မာပြည်ကို တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် လာတဲ့ ခရီးစဉ်မှာတော့ ဗုံးကွဲတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တောင်ကိုရီးယား အစိုးရ ဝန်ကြီးတွေနဲ့ မြန်မာတချို့ သေဆုံးခဲ့ရပါတယ်။ လုပ်ကြံ သတ်ဖြတ်မယ့် အဖွဲ့ကို ကာကွယ်ရေး ဝန်ကြီးဌာန ကင်းထောက်ဗျူရိုက ကေဆွန်းမှာ လေ့ကျင့်ပေးပြီး ကိုရီးယား အလုပ်သမားပါတီရဲ့ ဆက်ဆံရေး ဌာနက ကွပ်ကဲခဲ့တယ် ဆိုပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန်မှာ လုပ်ကြံတဲ့အစီအစဉ် မအောင်မြင်ရင် သီရိလင်္ကာ က ကန္ဒီမြို့မှာ လုပ်ကြံဖို့ နောက်တဖွဲ့ စေလွှတ်ခဲ့ပါတယ်။ ဒီနှစ်ဖွဲ့စလုံးကို မြောက်ကိုရီးယား ကုန်တင်သင်္ဘောပေါ် တင်ပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတဲ့ကြားက အာဇာနည်ဗိမာန်အမိုးမှာ မြောက်ကိုရီးယားဘက်က ဗုံးတပ်ဆင်နိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၉ ရက်မနက်မှာတော့ တောင်ကိုရီးယား သမ္မတဘက်က လာတာ နောက်ကျပြီး သံအမတ်ရောက်လာချိန်မှာ မြောက်ကိုရီးယားဘက်က မှားယွင်းဖောက်ခွဲခဲ့လို့ ချန်ဒူးဝှမ် အသက်ဘေးက လွတ်သွားပါတယ်။

ဓာတ်ပုံ မူပိုင် Korean Overseas Information
Image caption ကြံစည်သူ သုံးယောက်

ဒီဖြစ်ရပ်မှာ အစပိုင်းက ရန်ကုန်မှာ ဖောက်ခွဲမှုအသေးစားတွေ လုပ်တတ်တဲ့ ကေအန်ယူလက်ချက်လို့ မြန်မာအစိုးရက ယူဆခဲ့ပါသေးတယ်။ ဗကပကို မသင်္ကာဖြစ်ခဲ့ပေမယ့် မြို့ပေါ် အကြမ်းဖက်မှုတွေကို သူတို့လုပ်လေ့ မရှိတဲ့အတွက် သံသယစာရင်းက ပယ်ဖျက်ခဲ့ပါတယ်။ ပြုတ်သွားတဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်မှူးချုပ်တင်ဦးရဲ့ လူတွေလုပ်တာလားလို့လည်း သံသယဝင်ခဲ့ပါတယ်။ အာဇာနည်ဗိမာန်အမိုးမှာ ဗုံးတပ်နိုင်တယ်လို့ သတိပေးခဲ့တဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးကိုတောင် မြန်မာဘက်က ခဏဖမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်အပြီး မြောက်ကိုရီးယားက ဖောက်ခွဲရေးသမား သုံးယောက်ကို မိခဲ့ပြီးနောက်မှာတော့ မြန်မာနဲ့ သံတမန်အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေး အဆက်အသွယ်တော့ ဆက်ပြီး ရှိခဲ့ပါတယ်။ အစပိုင်းက သူတို့လက်ချက်မပါဘူးလို့ မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ လျော်ကြေး နဲ့ စီးပွားရေး အကူအညီ ဒေါ်လာသန်းချီ ပေးဖို့ ကမ်းလှမ်းတာ၊ တရုတ်နဲ့ အရှေ့အုပ်စုဝင် နိုင်ငံတွေက ဆက်သွယ်တာ၊ အဆင့်မြင့် သံတမန် တယောက်ကို လွှတ်ပြီး ကင်အီဆွန်းရဲ့ တောင်းပန်စာကို ဦးနေဝင်းဆီ ပို့ဖို့ ကြိုးစားတာတွေ ရှိခဲ့တယ် လို့လည်း ချီရှပ်လျန်းရဲ့ မြန်မာ့နိုင်ငံခြား ဆက်ဆံရေး၊ ကြားနေရေးဝါဒ သဘောတရားနဲ့ ကျင့်သုံးပုံ စာအုပ်မှာ ပါရှိပါတယ်။

ဓာတ်ပုံ မူပိုင် Korean Overseas Information
Image caption ဖောက်ခွဲရေး သက်သေပစ္စည်းတွေ

ဒါပေမဲ့ နောက်ထပ် ဖောက်ခွဲရေးတွေ ဆက်လုပ်နေတဲ့ မြောက်ကိုရီးယားကို မြန်မာက သံတမန်ပြန်မဆက်ဘဲ လက်ရှောင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် တောင်ကိုရီးယားလေကြောင်းက လေယာဉ်ကြီးကို မြန်မာပိုင် ကပ္ပလီပင်လယ်ပြင်မှာ မြောက်ကိုရီးယား ဖောက်ခွဲခဲ့စဉ်ကလည်း မြန်မာဘက် က တောင်ကိုရီးယားကို ရှာဖွေရေး အကူအညီတွေ ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်မှာတော့ ရန်ကုန်ဗုံးကွဲမှုကြောင့် ကော်စတာရီးကား၊ အနောက်ဆာမိုဝါ စတဲ့ နိုင်ငံသုံးခုက သံတမန်အဆက်အသွယ်ဖြတ်ခံရသလို ဂျပန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကိုလည်း ရင်ဆိုင်ရပါတယ်။ မြောက်ကိုရီးယားရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ၁၉၈၄ ကုလသမဂ္ဂဥပဒေကော်မတီမှာ မြန်မာက ရှုတ်ချချိန်မှာလည်း ဘယ်နိုင်ငံကမှ မြောက်ကိုရီးယားဘက်က လိုက်ပြီး မကာကွယ်ခဲ့ပါဘူး။ ရန်ကုန်မှာ ဗုံးခွဲဖို့ မြောက်ကိုရီးယား ကြံစည်တာဟာ အာရှအိုလံပစ်နဲ့ ကမ္ဘာ့အိုလံပစ်တွေ လက်ခံကျင်းပဖို့အထိ တိုးတက်နေတဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေးနဲ့ သံတမန်ရေး အောင်မြင်မှုတွေကို မရှုစိမ့်တဲ့အတွက် တိုက်ခိုက်တာလို့ ယူဆကြပါတယ်။

ဓာတ်ပုံ မူပိုင် Kurita KAKU
Image caption ဗုံးကွဲပြီးနောက် အာဇာနည်ဗိမာန်

လက်နက် မဟာမိတ် ပြန်ဆက်မိ

ဒါပေမဲ့လည်း ၁၉၈၈ နောက်ပိုင်း မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ထပ်ဖြစ်ပြီး စစ်အင်အားတိုးချဲ့ချိန်မှာတော့ မြောက်ကိုရီးယားဆီက လက်နက်ဝယ်ယူတာတွေ ရှိလာခဲ့တယ်လို့ စစ်ရေးသုတေသီတွေက ယူဆပါတယ်။ နှစ်နိုင်ငံစလုံးမှာ စီးပွားရေးအရ အခက်အခဲရှိသလို မြန်မာအပေါ် အထီးကျန် ပိတ်ဆို့မှုတွေကြောင့်လည်း လက်နက်ဝယ်ယူရေး အခက်အခဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ၁၉၉ဝ မှာ မြန်မာအစိုးရက မြောက်ကိုရီးယားဆီက အေကေ ၄၇ ရိုင်ဖယ်ကျည်ဆန် သန်း ၂ဝ ဝယ်ပြီး ဝတပ်တွေကို ပေးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ၁၉၉ဝ နှောင်းပိုင်းနဲ့ ၂ဝဝဝ ပြည့်နှစ်ဆန်းတွေမှာလည်း မြောက်ကိုရီးယားကုန်တင်သင်္ဘောတွေ ရန်ကုန်ကို ရောက်လာပြီး လုံခြုံရေး တင်းကျပ်စွာ ချထားတာကလည်း လက်နက် တွေ သယ်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်စေခဲ့ပါတယ်။ နောက်ပြီး ၂ဝဝ၃ ခုနှစ်မှာ မြောက်ကိုရီးယား နည်းပညာကျွမ်းကျင်သူ ၂ဝ လောက် ရန်ကုန် သန်လျက်စွန်းက ရေတပ်စခန်းကို လာတယ်ဆိုပြီး အရှေ့ဖျား စီးပွားရေး ရီဗျူးစာစောင် က ဖော်ပြပါတယ်။ ဒီလို ဆက်သွယ်မှုတွေကို စင်္ကာပူနဲ့ တရုတ်ကြားပွဲစားတွေက တဆင့် ချိတ်ဆက်မိခဲ့ပုံပေါ်တယ် လို့လည်း အင်ဒရူးဆဲ့လ်သ်က ရေးပါတယ်။

ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption ရွှေတိဂုံတက်တဲ့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ကင်ယုံအီး

ဒါပေမဲ့ မြန်မာစစ်တပ်က စစ်လက်နက်ဝယ်ယူရေး ညွှန်ကြားရေးမှူး ၁၉၉၉ မှာ မြောက်ကိုရီးယားကို တရားမဝင်သွားတာကနေ စပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်နိုးထလာခဲ့ပါတယ်။ ၂ဝဝ၁ မှာ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ရန်ကုန်လာပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်စီမံကိန်းကို ကြေညာခဲ့ပြီးနောက်မှာတော့ အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုဆိုးရွားလာပါတယ်။ မြန်မာဘက်ကလည်း အဏုမြူစီမံကိန်းကို ၂ဝဝဝ ပြည့်နှစ်လောက်ကတည်းက စဉ်းစားနေခဲ့ပြီး ၂ဝဝ၃ မှာ မြောက်ကိုရီးယားကို မြန်မာအရာရှိ ၃ဝ ကနေ ၈ဝ ထိ စေလွှတ်တယ်လို့ သိရပါတယ်။ အစပိုင်းက ရုရှားဆီက အဏုမြူဓာတ်ပေါင်းဖိုဝယ်ဖို့ ကြိုးစားခဲ့ပြီးမှ မြောက်ကိုရီးယားဘက် လှည့်လာတာ လို့လည်း နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။

၂ဝဝ၆ ကတည်းက မြောက်ကိုရီးယားကနေ အဏုမြူဓာတ်ပေါင်းဖို တလုံးဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ မြန်မာစစ်တပ်က ဝယ်ခဲ့တယ်၊ မြန်မာကနေလည်း မြောက်ကိုရီးယားက ယူရေနီယံ သတ္တုဝယ်တယ် ဆိုပြီး ပါမောက္ခ ကမ္ဗောဇဝင်းက အာရှသံတော်ဆင့် ဝက်ဆိုက်မှာ ရေးပါတယ်။

နတ်မောက်နဲ့ သပိတ်ကျင်းနားမှာ မြောက်ကိုရီးယား အဏုမြူပညာရှင်တွေ ရောက်နေတယ်လည်း ဆိုပါတယ်။ ၂ဝဝ၉ ခုနှစ်က မိတ္ထီလာနားမှာ လျှို့ဝှက်စီမံကိန်းတခုနဲ့ ရောက်နေတဲ့ မြောက်ကိုရီးယား လက်နက် ကျွမ်းကျင်သူတယောက် သေဆုံးလို့ အမြန် ပြန်ပို့ခဲ့တယ်လို့ ပင်တာဂွန်စစ်ဌာနချုပ်မှာ အရှေ့မြောက်အာရှ ထိပ်တန်းသုတေသီအဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာ ဘရုစ်ဘက်တိုးလ်က ဗျူဟာ နှိုင်းယှဉ်မှု ဂျာနယ် မှာ ရေးပါတယ်။

ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption ၂ဝဝ၉ ခုနှစ်က ရန်ကုန်ရောက်လာတဲ့ မြောက်ကိုရီးယားသင်္ဘော

မြောက်ကိုရီးယား ကုန်တင်သင်္ဘောတွေလည်း မုန်တိုင်းမိလို့ ဝင်ခိုတယ် ဆိုပြီး မြန်မာပြည်ကို ရောက်လာတတ်ပါတယ်။ ၂ဝဝ၇ ခုနှစ် မြန်မာနဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး ပြန်စပြီး ရက်ပိုင်းမှာပဲ ကန်နမ်း ၁ ဆိုတဲ့ မြောက်ကိုရီးယား သင်္ဘော သီလဝါဆိပ်ကမ်းကို ရောက်လာပါတယ်။ ဒါကို လိုက်စုံစမ်းတဲ့ မြန်မာသတင်းထောက်နှစ်ယောက် ထိန်းသိမ်းခံခဲ့ရပါတယ်။ အလားတူပဲ ၂ဝဝ၉ ခုနှစ် ဇွန်လကလည်း ရန်ကုန်ဆိပ်ကမ်း နားမှာ မြောက်ကိုရီးယား သင်္ဘောကို အမေရိကန် ရေတပ်သင်္ဘောက လိုက်စုံစမ်းလို့ တင်းမာမှု ဖြစ်ပွားခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ်ကလည်း မြောက်ကိုရီးယားလေယာဉ်တစင်း အီရန်ကို အသွားမှာ အိန္ဒိယက သူ့လေပိုင်နက်ကို ဖြတ်ခွင့်မပြုလို့ မန္တလေးမှာ ဆင်းခဲ့တယ်လို့ ဘာတီးလ်လစ်တနာရဲ့ မြန်မာ့အဏုမြူရမက် ဆောင်းပါးမှာ ပါရှိပါတယ်။ အဲဒီအရင် ၂ဝဝ၃ လောက်ကတည်းက မြန်မာပြည် အလယ်ပိုင်းက တပ်လေယာဉ်ကွင်းတွေမှာ မြောက်ကိုရီးယားလေယာဉ်တွေ ဆင်းတာ တွေ့ရတယ်လို့ သတင်းတွေ ထွက်ကြောင်း ဘာတီးလ်လစ်တနာက ရေးခဲ့ပါတယ်။

၂ဝဝ၈ မှာပဲ ဗိုလ်ချုပ်ကြီး ရွှေမန်း ပြုံယမ်းကို သွားခဲ့ပြီး နားလည်မှု စာချွန်လွှာတွေ ထိုးခဲ့တယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတခုမှာ ဖော်ပြ ထားကြောင်း ရိုက်တာ သတင်းမှာ ရေးပါတယ်။ လေကြောင်း ကာကွယ်ရေး စနစ်၊ လက်နက် စက်ရုံတွေ၊ လေယာဉ်နဲ့ သင်္ဘောတည်ဆောက်ရေးတွေ မြောက်ကိုရီးယားမှာ လေ့လာခဲ့ပြီး ဒါတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးက ပြောကြောင်းလည်း အဲဒီသတင်းမှာ ဖော်ပြ ပါတယ်။

မြောက်ကိုရီးယားက အဏုမြူနဲ့ ဒုံးပစ်စနစ်တွေ ဝယ်ယူတာ၊ လက်နက်နဲ့ နည်းပညာတွေ ဝယ်တာတွေ မလုပ်ဖို့ ကုလသမဂ္ဂက အရေးယူ ဒဏ်ခတ်ထားတာပါ။ ဒီလို လက်မှတ်ထိုးခဲ့တယ်ဆိုရင်တော့ ကုလသမဂ္ဂပိတ်ဆို့မှုကို ချိုးဖောက်ရာ ကျပါတယ်။

ဓာတ်ပုံ မူပိုင် MANPREET ROMANA
Image caption အိန္ဒိယတပ်ချုပ်နဲ့ အတူ တွေ့ရတဲ့ ဗိုလ်ချုပ်ကြီးဟောင်းရွှေမန်း

၂ဝ၁ဝ မှာ အစိုးရသစ်တက်လာပြီးနောက် မြောက်ကိုရီးယားနဲ့ ပူးပေါင်းမှုကို သိသိသာသာ မတွေ့ရပေမယ့် ရန်ကုန်မှာ တာဝန်ထမ်းနေတဲ့ မြောက်ကိုရီးယားသံတမန်ကို ကုလသမဂ္ဂ ဒဏ်ခတ်မှုနဲ့ ငြိနေလို့ ပြန်ပို့တာ၊ ရန်ကုန်က မြောက်ကိုရီးယား စားပွဲရုံကို ပိတ်စေတာတွေ ဖြစ်ခဲ့ပါတယ်။

၂ဝ၁၃ မှာတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး မြောက်ကိုရီးယားနဲ့ လက်နက် အရောင်းအဝယ် လုပ်တယ် ဆိုပြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် အစိုးရက အမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ မြောက်ကိုရီးယား က စစ်ပစ္စည်းတွေ ဆက်ပြီး ဝယ်ယူနေတဲ့ အတွက် မြောက်ကိုရီးယားရဲ့ အဏုမြူနဲ့ ဒုံးလက်နက် စီမံကိန်း တွေ အတွက် ဝင်ငွေရဖို့ ကူညီရာ ကျတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနက ထုတ်ပြန် ခဲ့တာပါ ။

၂ဝ၁၈ မှာတော့ မြောက်ကိုရီးယားထုတ် တိုက်ချင်းပစ်နဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ၊ တခြားလက်နက်တွေကို မြန်မာပြည်ကို ရောင်းနေဆဲ ဖြစ်တယ် ဆိုပြီး ကုလသမဂ္ဂ အစီရင်ခံစာတစောင်မှာ ပါကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ အမျိုးသားရေးဝါဒ ထူထောင်ပြီး စစ်အင်အားကြီးအောင် ကြိုးစားတာနဲ့ တံခါးပိတ်လမ်းစဉ်ကျင့်သုံးတာချင်း တူခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံ ဂျော့တောင်းတက္ကသိုလ်က ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်စတဲ့ မြန်မာနဲ့ ကိုရီးယားရေး ကျွမ်းကျင်သူ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တစုံတရာပြောင်းလဲလာပေမယ့် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာတော့ မြောက်ကိုရီးယားနဲ့ ဘယ်လောက် ပတ်သက်ခဲ့တယ်၊ ပတ်သက်နေဆဲ ဆိုတာ မှန်းဆရခက်တဲ့ အနေအထားမှာပဲ ရှိနေပါတယ်။