သူတောင်းစားဘဝရောက်ခဲ့ဖူးသူ ပထမနိုဘယ်ငြိမ်းချမ်းရေးဆုရှင်

ဓာတ်ပုံ မူပိုင် Getty Images

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ လောက်က ဆွစ်ဇာလန်နိုင်ငံ ဟိုင်းဒင်ရွာကလေးမှာ လမ်းပေါ်အိပ်၊ လမ်းပေါ်စား ကာကဝလ္လိယက အဘခေါ်ရလောက်အောင်မွဲတေတဲ့ ဆင်းရဲသား တယောက် ရှိခဲ့ပါတယ်။ အရိုးကွဲလုမတတ် အေးစိမ့်တဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ဆောင်းရာသီတွေမှာတောင် သူ့အတွက် နားခိုလဲလျောင်းစရာ အိမ်မရှိလို့ သူတပါးအိမ်ရဲ့တံခါးပေါက်တွေရှေ့မှာ အိပ်ခဲ့ရပါတယ်။ တခါတလေမှာ စားစရာ ပေါင်မုန့်ဘေးသားလေးတောင် တောင်းလို့မရဘဲ အငြင်းပယ်ခံခဲ့ရဖူးပါတယ်လို့လည်း သူကပြန်ပြောပြပါတယ်။ မွဲပြာခြောက်သွေ့နေတဲ့ သူ့ကုတ်အင်္ကျီဟာ ကြည့်ရဆိုးလွန်းတဲ့အတွက် နည်းနည်းဖြစ်ဖြစ် ကြည့်လို့ရှုလို့ အဆင်ပြေပါစေတော့ဆိုပြီး စာရေးတဲ့မင်တွေဆိုးထားခဲ့ရပါတယ်။ အဖြူရောင်ပျောက်နေတဲ့ သူ့အင်္ကျီကော်လာကိုလည်း မြေဖြူခဲနဲ့ခြစ်ထားခဲ့ပါတယ်။ အဲဒီဆင်းရဲသား သူတောင်းစားဟာ တခြားလူမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ပထမဆုံး နိုဘယ် ငြိမ်းချမ်းရေးဆုရခဲ့သူ ဟင်နရီဒူးနော့ ဖြစ်ပါတယ်။

ဟင်နရီဒူးနော့ဟာ ဆွစ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သလို စာနယ်ဇင်းသမား စာရေးဆရာတယောက်လည်း ဖြစ်ပါတယ်။ ၁၈၅၉ ခုနှစ်မှာ သူဟာ အလုပ်ကိစ္စနဲ့ အီတလီကိုသွားခဲ့ရာမှာ စစ်ဖြစ်နေတဲ့ ဆော့ဖရီနိုမြို့ကို ရောက်သွားပါတယ်။ ပြင်သစ်နဲ့အီတလီက တဖက် သြစတြီးယားက တဖက် တိုက်ခိုက်ကြတဲ့ အဲဒီတိုက်ပွဲကြီးမှာ လူပေါင်းသောင်းနဲ့ချီပြီး သေကြေ ဒဏ်ရာရတာ မြင်ခဲ့ရပါတယ်။ ဒဏ်ရာရထားတဲ့ စစ်သားတွေကို ပြုစုစောင့်ရှောက်မယ့်သူ ကင်းမဲ့နေတာ သူတွေ့ခဲ့ရတယ်။ ဖမ်းမိတဲ့ ဒဏ်ရာရ စစ်သုံ့ပန်းတွေကိုလည်း အကြင်နာကင်းမဲ့စွာ သတ်ဖြတ်ကြတာကိုတွေ့လိုက်ရတော့ ဒူးနော့ဟာ သိပ်တုန်လှုပ်ချောက်ချားသွားတယ်။ ဒူးနော့ဟာ ဒဏ်ရာရနေတဲ့လူနာတွေကို ပြုစုကုသဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီဆုံးဖြတ်ချက်ကနေ ကြက်ခြေနီအဖွဲ့ရဲ့ ပထမဆုံးအမြုတေ ထွက်ပေါ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူးနော့

လူနာတွေကို ပြုစုကုသဖို့အတွက် ကိုယ့်သဘောနဲ့ကိုယ်ပါဝင်လာကြမယ့် စေတနာ့ဝန်ထမ်းတွေကို သူကစုစည်းခဲ့ပါတယ်။ အများစုက အမျိုးသမီးကြီး၊ အမျိုးသမီးငယ်တွေဖြစ်ကြပါတယ်။ သူတို့အဖွဲ့ရဲ့ ဆောင်ပုဒ်က "လူသားအားလုံး ညီအစ်ကိုတွေဖြစ်ကြတယ်" ဆိုတဲ့ ဆောင်ပုဒ်ပါ။ သူတို့ဟာ ဒဏ်ရာရသူမှန်ရင် ရန်သူမိတ်ဆွေ ဘက်မရွေးဘဲ ပြုစုကုသပေးခဲ့ပါတယ်။ အဲဒီအချိန်က သူတို့လုပ်ရပ်ကို ကမ္ဘာက မသိကြသေးဘူး။ သူတို့ကို ထောက်ခံအားပေးသူကလည်း နည်းသေးတော့ ဆေးဝါး၊ ငွေကြေး၊ အထောက်အကူပြုပစ္စည်းတွေဟာ မပြည့်စုံ မကုံငခဲ့ဘူး။ ဟင်နရီဒူးနော့ဟာ ဆေးဝါးတွေ၊ အထောက်အပံ့ပစ္စည်းတွေ၊ ယာယီဆေးရုံဆေးခန်းတွေအတွက် ကိုယ့်တိုင်ငွေစိုက်ထုတ်လုပ်ကိုင်ခဲ့ရတယ်။

ဆွစ်ဇာလန်ပြန်ရောက်ပြီးတဲ့နောက်မှာ ဟင်နရီဒူးနော့ဟာ စာအုပ်တအုပ်ရေးခဲ့ပါတယ်။ ဆော့ဖရီနိုအမှတ်တရများဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ ပထမတပိုင်းက စစ်ပွဲအကြောင်းပါ။ ဒုတိယတပိုင်းကတော့ စစ်ပွဲရဲ့ ရလဒ်အနေနဲ့ ထွက်ပေါ်လာတဲ့ သေကြေပျက်စီးမှုတွေ၊ ဝမ်းနည်းကြေကွဲဖွယ်တွေ အကြောင်းနဲ့ ဒဏ်ရာရသူတွေကို သူတို့ ကူညီပြုစုခဲ့ကြတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ တတိယတပိုင်းကတော့ စစ်ပွဲမှာ ဒဏ်ရာရသူတွေနဲ့ သက်ဆိုင်တဲ့ တိုက်တွန်းနှိုးဆော်ချက်ဖြစ်ပါတယ်။ အဲဒီတတိယပိုင်း တိုက်တွန်းနှိုးဆော်ချက်ကနေ ကမ္ဘာ့သမိုင်းမှာ မော်ကွန်းရေးထိုးရမယ့် ရလဒ်ကြီး နှစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ တခုက ကြက်ခြေနီအဖွဲ့အစည်းတွေ ဖြစ်ပြီး နောက်တခုကတော့ ဂျီနီဗာ သဘောတူစာချုပ် Geneva Convention ဖြစ်ပါတယ်။ ကြက်ခြေနီအဖွဲ့ကို ၁၈၆၃ ခုနှစ်မှာ ဒူးနော့နဲ့ အပေါင်းအပါ ၄ ယောက်တို့က စတင်ထူထောင်ခဲ့ပါတယ်။ နောက်တနှစ် အကြာ ၁၈၆၄ ခုနှစ်မှာတော့ ဂျီနီဗာမြို့မှာ နိုင်ငံတကာညီလာခံ တခုကျင်းပပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံက ပထမဆုံးလက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ ဂျီနီဗာသဘောတူစာချုပ် ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ မူပိုင် Imagno
Image caption ဆော့ဖရီနိုမြို့စစ်ပွဲ အထိမ်းအမှတ်ပန်းချီကား

ဟင်နရီဒူးနော့ဟာ ကြက်ခြေနီအဖွဲ့ရဲ့ဖခင်ကြီး၊ ဂျီနီဗာသဘောတူစာချုပ်ရဲ့ ဖခင်ကြီးအဖြစ် ထင်ရှားကျော်ကြားလာခဲ့တယ်။ ဒါပေမယ့် သူ့စီးပွားရေးကတော့ အခြေအနေမကောင်းတော့ဘူး။ ၁၈၆၇ ခုနှစ်မှာ သူ့ကုမ္ပဏီဒေဝါလီခံလိုက်ရတယ်။ နောက်တနှစ်မှာတော့ လိမ်ညာပြီး ဒေဝါလီခံတယ်ဆိုပြီး ဂျီနီဗာ ကုန်သွယ်ရေးတရာရုံးက သူ့ကိုပြစ်တင်ရှုတ်ချခဲ့တယ်။ ဂျီနီဗာမှာ လူအများရဲ့ ဝိုင်းပယ်တာကိုခံခဲ့ရပြီး ကြက်ခြေနီအဖွဲ့ကနေ နုတ်ထွက်ဖို့ပါဖိအားပေးခံခဲ့ရတယ်။ သူ့မိခင်လည်း ကွယ်လွန်ခဲ့တယ်။ သူအမှုဆောင်လုပ်နေတဲ့ ဝိုင်အမ်စီအေ အသင်းကနေလည်း အထုတ်ခံရတယ်။

အခုတော့ ဒူးနော့ဟာ ကြက်ခြေနီအသင်း ဥက္ကဋ္ဌမဟုတ်တော့ဘူး။ သူ့မှာငွေလည်းမရှိတော့ဘူး။ နေစရာအိမ်လည်း မရှိတော့ဘူး။ သူ့ဇာတိဂျီနီဗာမြို့မှာတောင် ကဲ့ရဲ့ရှုတ်ချမှုဒဏ်တွေကြောင့် ဆက်မနေနိုင်တော့ဘဲ စွန့်ခွာခဲ့ရတယ်။ အိုးအိမ်မဲ့ ဆင်းရဲသားတယောက်အဖြစ် ဆွစ်ဇာလန်နိုင်ငံလမ်းဘေးတွေမှာ အိပ်ခဲ့ရတယ်။ ဟိုင်းဒင်ကျေးရွာကလေးကို ရောက်လာပြီး စားစရာမရှိတဲ့အခါ တောင်းရမ်းစားသောက်ခဲ့ရတယ်။ ပေါင်မုန့်ဘေးသားလေးတောင် တောင်းလို့မရဘဲ ငြင်းပယ်တာခံခဲ့ရဖူးတယ်လို့ ဒူးနော့ကနောင်မှာ ပြန်ပြောပြရှာတယ်။ ရေတွေခဲတဲ့ဆောင်းရာသီကြီးမှာ ကိုယ်ပိုင်အိမ်ရာမရှိတဲ့အတွက် အမိုးအကာလေးရဖို့ သူများအိမ်တံခါးပေါက်ဝက အမိုးစွန်းလေးမှာ ခိုကပ်အိပ်ခဲ့ရတယ်။ ကုတ်အင်္ကျီကို စာရေးတဲ့မင်ဆိုးပြီး ရှတ်အင်္ကျီကော်လံကို မြေဖြူခဲနဲ့ခြစ်ထားခဲ့ရတယ်။ အဲဒီပုံစံအတိုင်း ဒူးနော့ဟာ နှစ်ပေါင်း ၂၀ နေခဲ့ရတယ်။ ၁၈၉၀ မှာ ကျောင်းဆရာတယောက်က ဒူးနော့ကိုတွေ့သွားပြီး ဟင်နရီဒူးနော့မသေသေးဘူးလို့ လူတွေကို ပြောခဲ့တယ်။ ဒါပေမယ့် ဒူးနော့သေတာရှင်တာကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟင်နရီဒူးနော့ ၁၂၀ မြောက်နေ့အခမ်းအနားကို ၁၉၄၈ ခုနှစ်တွင် ကျင်းပခဲ့စဉ်

အဲဒီနောက်တော့ ဒူးနော့ဟာ သေကောင်ပေါင်းလဲဖျားနာပြီး ၁၈၉၂ ခုနှစ်မှာဟိုင်းဒင် ပရဟိတ လူနာရုံကို ရောက်သွားတယ်။ ပရဟိတ လူနာရုံဆိုတာက ဆေးဖိုးဝါးခမတတ်နိုင်တဲ့ ဆင်းရဲသားတွေကို ဆေးကုသပေးတဲ့၊ ပြုစုစောင့်ရှောက်တဲ့နေရာပါ။ ဒူးနော့ဟာ ဟိုင်းဒင်ပရဟိတလူနာရုံရဲ့ အခန်းနံပါတ် ၁၂ မှာပြုစုကုသတာ ခံယူခဲ့ပါတယ်။ ၁၈၉၅ ခုနှစ်မှာတော့ သတင်းစာဆရာ တယောက်က သူ့ကိုတွေ့သွားပြီး ကြက်ခြေနီအဖွဲ့ရဲ့ဖခင်ကြီး ဟင်နရီဒူးနော့ဆိုတဲ့ ဆောင်းပါးကို ရေးသားလိုက်ရာမှာ သူဟာ တကျော့ပြန် နာမည်ကြီးလာခဲ့ပါတော့တယ်။ သူ့အကြောင်းကိုဖတ်မိပြီး ယူကျုံးမရဖြစ်ကြတဲ့ လူတွေက လက်ဆောင်ပစ္စည်းနဲ့ ငွေကြေးတွေ သူ့ဆီပို့ပေးကြတယ်။ ဆုတွေလည်း တခုပြီး တခုရလာတယ်။ ၁၉၀၁ ခုနှစ်မှာတော့ ကမ္ဘာ့ပထမဆုံး နိုဘယ်ငြိမ်းချမ်းရေးဆုကို ဟင်နရီဒူးနော့ဟာ တခြားသူတယောက်နဲ့ ပူးတွဲပြီး ရရှိခဲ့ပါတယ်။ စားဝတ်နေရေး၊ ဆေးကုသရေးတွေအတွက် အဆင်ပြေချောင်လည်လာသလို ပထမဆုံးနိုဘယ်ငြိမ်းချမ်းရေးဆုရှင် အဖြစ်ထင်ပေါ်ကျော်ကြားလာပေမယ့် ဟင်နရီဒူးနော့ဟာ ပရဟိတလူနာရုံရဲ့ အခန်းနံပါတ် ၁၂ မှာပဲ သူကွယ်လွန်တဲ့ ၁၉၁၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရိုးရိုးကုတ်ကုတ် နေထိုင်သွားခဲ့ပါတယ်။

သူဟာ ဆင်းရဲချို့တဲ့ခဲ့ရပေမယ့် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် သူရတဲ့ငွေကို တပြားတချပ်မှ သူ့အတွက်သုံးမသွားခဲ့ဘူး။ ပရဟိတလူနာရုံအတွက် အခမဲ့လူနာခုတင်အလှူငွေအဖြစ်ထားရစ်ခဲ့တယ်။ အခမဲ့လူနာခုတင်ဆိုတာက ဆင်းရဲလို့ ပိုက်ဆံတပြားမှ မပေးနိုင်တဲ့သူကို အခမဲ့နေထိုင်ကုသခွင့်ပေးတဲ့ ခုတင်ကိုဆိုလိုတာပါ။

ဟင်နရီဒူးနော့ကွယ်လွန်တော့ ဘာနာရေးအခမ်းအနား မလုပ်ခဲ့ဘူး။ အဲဒါဟာ သူ့မှာကြားချက်နဲ့အညီ သူ့ဆန္ဒအတိုင်းဆောင်ရွက်ခဲ့တာပါပဲ။ ဆုတောင်းပေးမယ့်သူမရှိ၊ လိုက်ပို့ပေးမယ့်မရှိ၊ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရှင်ကြီးရဲ့ ရုပ်အလောင်းကို သူ့ချည်းအထီးတည်းပဲ ခွေးတကောင်လို သင်္ချိုင်းပို့လိုက်ကြတော့တယ်။

ခွေးတကောင်လို ဆိုတဲ့စကားဟာ ဟင်နရီဒူးနော့ကိုယ်တိုင် သူ့စာထဲမှာ သူကိုယ်တိုင်မှာကြားသွားတဲ့စကားလို့ သူ့အကြောင်း အထုပ္ပတ္တိစာအုပ်တွေထဲမှာ ဖော်ပြထားကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပထမဆုံးနိုဘဲဆုရှင် ဟင်နရီဒူးနော့

ဆက်စပ် အကြောင်းအရာများ