အာရပ် ကမ္ဘာက ဆီလီကွန် ဗယ်လီ အွန်လိုင်း ကျွန် ရောင်းချရေး စနစ်သစ်

အိမ်အကူ လုပ်သား ခေါ်ယူမှု အွန်လိုင်းကြော်ငြာ
Image caption ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ လူကုန်ကူးခံခဲ့ရပြီး အိမ်အကူ လုပ်သား အဖြစ် ရောင်းချ ခံနေရ

ကူဝိတ် နိုင်ငံ ထဲမှာ ကားလျှောက်မောင်းပြီး ကြည့်လိုက်ရင်တော့ ဒီလို အိမ်အကူ အမျိုးသမီး တွေကို အလွယ်တကူ တွေ့နိုင်မှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ သူတို့ ဟာ အပြင်ထွက်ခွင့်လို အခြေခံ အခွင့်အရေး လေးတောင် မရကြလို့ပါပဲ။ ပြီးတော့ ငွေကြေး အမြင့်ဆုံး ပေး နိုင်တဲ့ လေလံ ဆွဲသူတွေ ဆီကို ရောင်းချ ခံရမှာ ကိုလည်း စိုးရိမ် နေရပါတယ်။

ဒါပေမယ့် သင့်ရဲ့ စမတ်ဖုန်းလေး ကို ဖွင့်ပြီးတော့ အပ်ပလီကေးရှင်း တခု ကို ဖွင့်လိုက်မယ် ဆိုရင်တော့ သူတို့ ရဲ့ ထောင်နဲ့ချီ တဲ့ ဓာတ်ပုံတွေကို မြင်တွေ့ နိုင်ပါတယ်။

အဲဒီ အိမ်အကူတွေ ကို ရောင်းချ တဲ့ စမတ်ဖုန်း အပ် ထဲမှာ သူတို့ ကို လူမျိုးစု အလိုက် ခွဲခြား ထားပြီး ဈေးနှုန်း ကတော့ ဒေါ်လာ တစ်ထောင် ကနေ စလို့ အစားစား ရှိပါတယ်။

အိမ်အကူတွေကို မှောင်ခို ဈေးကွက်မှာ စမတ်ဖုန်း အပ် ကနေ တဆင့် တရားမဝင် ရောင်းချ နေတာ ကို ဘီဘီစီ အာရဘီ ဘာသာ စကား ဌာန က ရှာဖွေ တွေ့ ရှိခဲ့ပါတယ်။

ပြီးတော့ အဲဒီ စမတ်ဖုန်း အပ်တွေကိုလည်း အက်ပဲလ် စတိုး နဲ့ ဂူဂဲလ် ပလေး စတိုးတွေက ခွင့်ပြုပေး ထားခဲ့ပါတယ်။ ဒါ့အပြင် ဖေ့စဘုတ်မှာ တင်ပြီး ကြော်ငြာ ပေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

ကျွန် ဈေးကွက်

ဒီလို စမတ်ဖုန်း အပ်တွေ နဲ့ လူတွေကို ရောင်းချ နေတဲ့ လုပ်ရပ်ဟာ အွန်လိုင်း ကျွန်ဈေးကွက် ကို ဖော်ဆောင် နေတာနဲ့ အတူတူပါပဲလို့ ကုလသမဂ္ဂ ခေတ်သစ် ကျွန် စနစ် တိုက်ဖျက်ရေး အဖွဲ့ အထူး ကိုယ်စားလှယ် အာမီလာ ဘူးလား က ပြောပါတယ်။

လူတွေကို ရောင်းချ နေတဲ့ အပ်ပလီကေးရှင်း တွေကို ဒေါင်းလုပ် လုပ်လို့ ရအောင် တင်ခွင့် ပြုခဲ့တဲ့ အက်ပဲ၊ ဂူဂဲလ်နဲ့ ဖေ့စ်ဘုတ် တို့ဟာလည်း တာဝန် ခံမှု လုပ်ရလိမ့်မယ်လို့ သူက ဆိုခဲ့ပါတယ်။

ကူဝိတ် နိုင်ငံမှာ ၉၀ ရာခိုင်နှုန်းသော အိမ်ထောင်စု တွေမှာ အိမ်အကူ လုပ်သားတွေ ရှိကြပါတယ်။ သူတို့ဟာ ဆင်းရဲ တဲ့ နိုင်ငံတွေကနေ လာရောက်ပြီး အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုတွေကို ထောက်ပံ့ နိုင်ဖို့ ရည်ရွယ်ပြီး ကူဝိတ်မှာ အလုပ် လာလုပ်ကြတာ ဖြစ်ပါတယ်။

Image caption ဒါဟာ ခေတ်သစ် ကျွန်ပြုမှုလို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အာမီလာ ဘူးလား က ပြော

ဘီဘီစီ အာရဘီ ဘာသာစကား ဌာန က အခုမှ ကူဝိတ် ကို ရောက်လာကာစ စုံတွဲ တစ်တွဲ လို ဟန်ဆောင်ပြီး အိမ်အကူ ရောင်းဝယ်နေတဲ့ စမတ်ဖုန်း အပ် အသုံးပြု သူ ၅၇ ဦး ကို မေးမြန်း စုံစမ်း ခဲ့ပါတယ်။

အဲဒီမှာ အများစု က သူတို့ရဲ့ အိမ်အကူတွေကို ဖော်ဆေးလ် 4Sale လို့ ခေါ်တဲ့ စမတ်ဖုန်း အပ် ကနေတဆင့် ရောင်းချ ခဲ့ကြတယ်လို့ ဝန်ခံ ပြောဆို ခဲ့ကြပါတယ်။

အွန်လိုင်း ကနေ တဆင့် လူတွေ ကို ရောင်းချ ခဲ့ကြသူတွေဟာ အိမ်အကူတွေ ရဲ့ နိုင်ငံကူး လက်မှတ်တွေ သိမ်းယူတာ နောက်ပြီး တယ်လီဖုန်း သုံးခွင့် မပေးတာ စတဲ့ ကန့်သတ် ချုပ်ချယ် မှုတွေကိုလည်း လုပ်ဆောင်ခဲ့တာကို တွေ့ ရတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အဲဒီ 4Sale ဆိုတဲ့ စမတ်ဖုန်း အပ်မှာ အိမ်အကူ ရှာချင်တယ်ဆိုရင် လူမျိုးစု အလိုက်၊ ဈေးနှုန်း အလိုက် သီးခြားစီ ရှာလို့ရတယ်လို့လည်း ဆိုပါတယ်။

ဘီဘီစီ သတင်းထောက် တွေ အနေနဲ့ အဲဒီလို စုံစမ်းမှုတွေ လုပ်ရင်း နဲ့ ကြားသိ ခဲ့ရတာ က အိန္ဒိယ အမျိုးသမီးတွေဟာ အညစ်ပတ် ဆုံးပဲ ဆိုတဲ့ မှတ်ချက် စကား ကို မကြာခဏ ကြားခဲ့ရတာပဲ ဖြစ်တယ်လို့ ပြန်ပြောင်း ပြောပြ ကြပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ

အိမ်အကူရောင်းချသူတွေ ဟာ မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်တဲ့ စကားမျိုးတွေကိုလည်း အိမ်အကူ ဝယ်ယူသူ ဟန်ဆောင် ထားတဲ့ ဘီဘီစီ သတင်းထောက်တွေ ကို ပြောပြ တတ်ကြပါတယ်။

ဥပမာ ဆိုရင် အိမ်အကူ အမျိုးသမီးတွေကို ပိုင်ဆိုင် ထား သူတွေလို့ သူတို့ကိုယ် သူတို့ မှတ်ယူ ထားတဲ့ အိမ်ရှင်တွေဟာ တစ်ရက်၊ တစ်မိနစ် မှာ အနား မပေးဖို့ ဆိုတဲ့ စကားမျိုးတွေလည်း ပြောတတ်ကြပါတယ်။

ကူဝိတ် ရဲ အရာရှိ တစ်ယောက် က ဆိုရင် ဒီ အိမ်အကူ ကို နေ့မအား ညမနား သာ ခိုင်း၊ သူ့ အပြုံး မပျက် စေရဘူးလို့ အာမခံ စကား ကို ရဲရဲတင်တင်း ဆိုခဲ့ ပါသေးတယ်။

ပြီးတော့ အိမ်အကူ တွေကို ကုန်ပစ္စည်း တခုလို သဘောထားပြီး ရောင်းချ မှုတွေလည်း လုပ်နိုင်တယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။

အိမ်အကူ တစ်ယောက်ကို ကူဝိတ် ဒိုင်နာ ၆၀၀ (အမေရိကန် ဒေါ်လာ ၂၀၀၀) နဲ့ဝယ်ပြီး ရင် ဒိုင်နာ ၁၀၀၀ (အမေရိကန် ဒေါ်လာ ၃၃၀၀) နဲ့ ပြန်ရောင်းလို့ ရတယ်လို့ အဆိုပါ ရဲ အရာရှိက ပဲ သတင်းထောက် တွေဆီကို ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

Image caption ဘီဘီစီ က ကူဝိတ် နိုင်ငံက အိမ်အကူ လုပ်သား ရောင်းချသူနဲ့ စုံစမ်းမေးမြန်းမှု လုပ်

ဘယ်တော့မှ သူတို့ရဲ့ နိုင်ငံကူး လက်မှတ် ကို မပေးလိုက်နဲ့ ဆိုပြီးတော့ အသေ အချာ မှာကြား တဲ့ စကား ကို ပြောဆိုပြန်ပါတယ်။

အင်မတန်မှ ထိတ်လန့် တုန်လှုပ်စရာ ကောင်းတဲ့ ကိစ္စတစ်ခုကတော့ အနောက် အာဖရိက ဂီနီ နိုင်ငံ က အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ဖာတူး (နာမည်လွှဲ) ဆိုတဲ့ အမျိုးသမီးလေးဟာ အိမ်အကူ လုပ်နေတာ ကို တွေ့မြင် ခဲ့ရတာပါ။

အသက် ၂၁ နှစ် ပြည့်မှ အိမ်အကူ လုပ်ခွင့် ရှိတယ်လို့ ကူဝိတ်မှာ ဥပဒေ ပြဌာန်း ထားပါတယ်။ ဒါပေမယ့် ဖာတူး ဟာ အသက် မပြည့်သေးတဲ့ ကလေး တစ်ယောက် ဖြစ်နေတာပါ။

သူဟာ တယ်လီဖုန်း အသုံးပြုခွင့် မရသလို၊ နိုင်ငံကူး လက်မှတ် ကိုလည်း အိမ်ရှင် က သိမ်းယူ ထားပါတယ်။

အပြင်ထွက်ရင်တောင်မှ သူ တစ်ယောက်တည်း ဘယ်တော့မှ ထွက်ခွင့် ရတာ မဟုတ်ပါဘူး။ ဒီလို အိမ်ရှင်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေ ချိုးဖောက်မှု တွေ ဖြစ်ပါတယ်။

အိမ်ရှင်တွေ ရဲ့ ခွင့်ပြုချက် အရေးပါမှု

ပင်လယ်ကွေ့ နိုင်ငံတွေမှာ အိမ်အကူ လုပ်ဖို့ ပွဲစား ကုမ္ပဏီ တွေက တဆင့် ခေါ်ယူ ကြပါတယ်။ ခေါ်ယူမှု ကိစ္စတွေ လုပ်ဖို့ ပွဲစား ကုမ္ပဏီတွေဟာ အစိုးရ ဆီမှာ မှတ်ပုံတင် ထားရပါတယ်။

အိမ်အကူ ခေါ်ယူဖို့ လုပ်ဆောင်ရတဲ့ ကုန်ကျစရိတ် နဲ့ အခြား စာရွက် စာတမ်း ကြေးတွေကို အိမ်ရှင်တွေ က ပွဲစားတွေဆီကို ပေးရပါတယ်။ အဲဒီ အချက်တွေ လုပ်ဆောင်ပြီးရင်တော့ အိမ်ရှင် အနေနဲ့ တရားဝင် စပွန်ဆာ ပေးသူ ဖြစ်ပါပြီ။

ဒါကို ကူဝိတ်မှာ ကာဖာလာ စနစ် လို့ ခေါ်ပါတယ်။

Image caption ဂီနီ က ၁၆ နှစ် အရွယ် ဖာတူး (နာမည်လွှဲ) နဲ့ သူ့ရဲ့ ကူဝိတ် အိမ်ရှင်

ဒီ စနစ် အရ အိမ်အကူ အလုပ်သမား တစ်ယောက် ဟာ အိမ် ပြောင်း အလုပ် လုပ်ခွင့် မရှိသလို၊ စပွန်ဆာ ပေးထားသူရဲ့ ခွင့်ပြုချက် မရှိဘဲ နိုင်ငံ ကနေ ထွက်ခွာခွင့် မရှိပါဘူး။

၂၀၁၅ ခုနှစ်မှာ ပြဋ္ဌာန်း ခဲ့တဲ့ ဒီလို ဥပဒေ တွေကြောင့် ကူဝိတ် ဟာ အာရပ် ပင်လယ်ကွေ့ ဒေသမှာ အိမ်အကူတွေ နဲ့ ပတ်သက်လို့ ဥပဒေ အတင်းကျပ် ဆုံး နိုင်ငံ အဖြစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီဥပဒေ ကို လူအများစု ကြားမှာ ပေါ်ပြူလာ သိပ်ဖြစ်တာတော့ မဟုတ်ပါဘူး။

ဒီ ဥပဒေ ကြောင့်ပဲ အိမ်ရှင်တွေဟာ 4Sale လို အပ်တွေ အသုံးပြုပြီး သူတို့ ရဲ့ အိမ်ဖော် တွေကို တခြား လူတွေဆီ လက်လွှဲ ရောင်းချပြီး အမြတ် အစွန်း ရဖို့ ကြိုးစား နေတာ ကို တွေ့မြင် နိုင်ပါတယ်။

နောက်ပြီး ပွဲစား ကုမ္ပဏီ တွေကို ပေး ရမဲ့ ငွေကြေး တွေ ကို ရှောင်ရှား နိုင်တဲ့ နည်းလမ်း တခု ဖြစ်လာပြီး အဖိုးတန် အမျိုးသမီးလေးတွေကို အသုံးချပြီး ခေါင်းပုံဖြတ် တဲ့ လုပ်ရပ် တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါက ကူဝိတ် တစ်နိုင်ငံတည်း မှာတင် ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဆော်ဒီ အာရေးဘီးယား နိုင်ငံမှာလည်း ဖြစ်ပေါ်နေပါတယ်။ Haraj လို့ ခေါ်တဲ့ စမတ်ဖုန်း အပ် ကနေ အိမ်အကူ တွေကို ရောင်းချ မှုတွေ လုပ်နေတာကို စုံစမ်း မှုတွေ အရ သိရှိ ခဲ့ရပါတယ်။

ပြီးတော့ လူမှုကွန်ရက် ကုမ္ပဏီ Facebook က ပိုင်ဆိုင်တဲ့ အင်စတာဂရမ် လို ဓာတ်ပုံတွေ ဝေမျှ နိုင်တဲ့ စမတ်ဖုန်း အပ် မှာလည်း ဒီလို ရောင်းချမှုတွေ လုပ်နေ ကြတာ ကို တွေ့မြင် ခဲ့ရပါတယ်။

ဒါတွေဟာ ခေတ်သစ် ကျွန်ပြုမှုပဲ ဆိုပြီး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အာမီလာ ဘူးလား က ထောက်ပြ ပြောဆိုပါတယ်။

တကယ့် လူ့ လောက ငရဲ

ဂီနီ နိုင်ငံ က အသက် ၁၆ နှစ် အရွယ် ဖာတူး အတွက် မိသားစုဝင်တွေ နဲ့ ဆက်သွယ် နိုင်ဖို့ ဘီဘီစီ က ခြေရာခံ လိုက်ကြည့်ရာမှာတော့ တခြား အိမ်အကူ လုပ်ဖူးသူ တွေဟာလည်း သူတို့ ရောင်းစား ခံခဲ့ရတဲ့ အကြောင်းတွေ ပြောပြ ကြပါတယ်။

နှစ်စဉ် ရာနဲ့ချီတဲ့ အမျိုးသမီး တွေဟာ အာရပ် ပင်လယ်ကွေ့ ဒေသတွေမှာ အိမ်အကူ လုပ်ဖို့ လူကုန်ကူး ခံခဲ့ရတာ ကို တွေ့ရှိ ခဲ့ပါတယ်။

Image caption ဂီနီ နိုင်ငံ ကို ပြန်လည် ပို့ဆောင်ခံရတဲ့ ဖာတူး ကို ဘီဘီစီ က ဆက်သွယ် မေးမြန်း

ကူဝိတ် နိုင်ငံ ဟာ တကယ့် လူ့ ငရဲ ပဲလို့ အိမ်အကူ လုပ်ဖူးသူ အမျိုးသမီး တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

သူဟာ နွားတွေ ထားတဲ့ နေရာမှာ အိပ်ခဲ့ရပြီး၊ အစာ လုံလုံလောက်လောက် လည်း မစား ခဲ့ရဘူးလို့ သူ့ ရဲ့ အတွေ့အကြုံကို ပြန်ပြောင်း ပြောပြ ပါတယ်။

(ဒီအမျိုးသမီး ရဲ့ ဘဝ နစ်နာမှုတွေကို ထောက်ထားသော အားဖြင့် ဘီဘီစီ က သူ့နာမည်ကို ဖော်ပြခြင်း မပြုပါ။)

ဘီဘီစီ ရဲ့ စုံစမ်း မေးမြန်းမှုတွေကြောင့် နောက်ဆုံးမှာ ဖာတူး ဟာ ကူဝိတ် အာဏာပိုင် တွေ က သူ့ရဲ့ အိမ်ရှင် ဆီက ခေါ်ယူပြီး ကယ်ဆယ်ရေး ဂေဟာ ဆီကို ပို့ဆောင် လိုက်ပါတယ်။

နောက်ထပ် ၂ ရက် အကြာမှာတော့ သူ့ရဲ့ မိခင် နိုင်ငံ ဖြစ်တဲ့ ဂီနီ နိုင်ငံ ကို ပြန်လည် ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။ အိမ်ရှင်တွေဟာ သူ့ကို တိရစ္ဆာန်လို့ ခေါ်ကြောင်း နဲ့ နာကျင်အောင် ရိုက်နှက်မှုတွေ လုပ်ခဲ့ကြောင်းလည်း ဖာတူး က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြ ပါတယ်။

အခုတော့ သူဟာ ကိုနာကီ ဆိုတဲ့ ကျောင်းမှာ စာသင်ကြားမှုတွေ ပြန်လည် လုပ်ဆောင် နေပါပြီ။

စမတ်ဖုန်း အပ် တွေ ကို ဖြုတ်

ကူဝိတ် အစိုးရ အနေနဲ့ အိမ်အကူ တွေ ရောင်းချ နေမှုတွေကို တိုက်ဖျက် ရာမှာ စစ်ပွဲ ဆင်နွှဲနေရသလိုပဲလို့ တာဝန် ရှိသူတွေက ပြောဆို ပါတယ်။

4sale လို စမတ်ဖုန်း အပ် တွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေး သွားမယ်လို့ ပြောဆို နေပါပြီ။

ဒါပေမယ့် ဖာတူး ကို ရောင်းချ ခဲ့တဲ့ အိမ်ရှင် ကိုရော၊ ခေါ်ယူမှု လုပ်ပေးခဲ့တဲ့ အိမ်အကူ ရှာဖွေပေးတဲ့ ပွဲစား တွေကိုပါ အခုချိန် အထိ ဥပဒေ ကြောင်း အရ အရေးယူတာ မျိုး မရှိ သေးပါဘူး။

4Sale အပ် ကတော့ ဘီဘီစီ က ဆက်သွယ် မေးမြန်းပြီး နောက်ပိုင်းမှာ သူတို့ ရဲ့ အိမ်အကူတွေ ရှာဖွေမှု လုပ်နိုင်တဲ့ ကဏ္ဍ ကို ဖြုတ်ချ သွားခဲ့ပါတယ်။

နောက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘုတ်ဘက် ကလည်း အာရဘီ ဘာသာ နဲ့ ရေးထားတဲ့ အိမ်အကူ လွှဲပြောင်းရေး ဆိုတဲ့ စာသား ကို ဖြုတ်ချ ပေးခဲ့ပါပြီ။