ဘုန်းကြီးကျောင်းသားက အမေရိကန်ပြန် သမိုင်းပါရဂူဖြစ်ခဲ့သူ ဒေါက်တာတိုးလှ

burma ဓာတ်ပုံ မူပိုင် Universal History Archive
Image caption ဓားပြပူလို့ ရွာတွေပျက်ပြေးရတဲ့ခေတ်

မြန်မာနိုင်ငံသမိုင်းကို ပြောကြရင် အတိတ်က ရွှေထီးဆောင်းတဲ့အကြောင်းတွေကို ပြောကြတာ များပါတယ်။ ဒုက္ခရောက် အငတ်ဘေးဆိုက် ဆင်းရဲမွဲတေတဲ့အကြောင်း၊ ဘုရင်တွေ စစ်ခင်းလို့ ပြည်သူတွေ ကပ်ဆိုက်တဲ့ အကြောင်း တွေကို ရေးတာ နည်းပါတယ်။ အဓိကကတော့ ကိုလိုနီခေတ်မှာ တိုင်းခြားပညာရှင်တွေက မြန်မာသမိုင်းကို ချိုးနှိမ်ရေးတာ များတဲ့အတွက် မြန်မာသမိုင်းဆရာတွေဘက်က ဘုရင်တွေ တော်ကြောင်း၊ တိုင်းပြည်ချမ်းသာကြောင်း ရေးတဲ့စာတွေ ပိုထွက်ခဲ့လို့ ဖြစ်ပါတယ်။ လွတ်လပ်ပြီးနောက်မှာလည်း ဒီအစဉ်အလာမပျက် ဆက်ကျန်ခဲ့ပြီး မြန်မာသမိုင်းမှာ မကောင်းထက် အကောင်းကို အရေးပေးရေးတဲ့ အကျင့် ဖြစ်လာခဲ့ပါတယ်။

၁၉၆ဝ နောက်ပိုင်းမှာတော့ မြန်မာသမိုင်းကော်မရှင်က လူငယ်ပညာရှင်တွေကို ပျိုးထောင်ပြီး ကွင်းဆင်းသုတေသနပြုတဲ့ သမိုင်းအရေးအသားတွေ ပေါ်ထွက်လာခဲ့သလို မန္တလေးတက္ကသိုလ်က ပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ ခေတ်ဟောင်း မြန်မာရာဇဝင်နယ်လှည့် ရာဇဝင်နဲ့ အသစ်မြင် ဗမာသမိုင်းလို ထူးခြားတဲ့ စာအုပ်တွေ ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်တွေဟာ နိုင်ငံရေးကဲတဲ့သမိုင်းရေးနည်းကနေ ပညာရပ်ပုံစံရေးနည်းကို မြန်မာဘာသာမှာ စတင်စမ်းသပ် တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ ဒီလိုသမိုင်းစာအုပ်တွေက မျိုးချစ်စိတ်၊ အမျိုးသားရေးအမြင်တွေကို ဖယ်ထားပြီး မြန်မာညံ့ရင်ညံ့တဲ့အကြောင်း၊ မြန်မာတော်ရင်တော်တဲ့အကြောင်း တွေ့တဲ့အတိုင်း ရေးဖို့ အားထုတ်တဲ့ စာအုပ်တွေပါ။ လက်ဝဲ အမြင်ပါပေမယ့် အဲဒီအချိန်က မြန်မာပြည်မှာ ခေတ်စားနေတဲ့ ခေတ်ကြီးငါးခေတ် ဆိုရှယ်လစ်အမြင်နဲ့ ချဉ်းကပ်ရေးနည်းကိုလည်း မသုံးပါဘူး။

ဓာတ်ပုံ မူပိုင် DE AGOSTINI PICTURE LIBRARY
Image caption ဘုရင်တွေရဲ့ ကြီးကျယ်ခမ်းနားမှုကို အလေးပေးရေးတာတွေများခဲ့

ဒီလိုစူးရှတဲ့ သမိုင်းအမြင်နဲ့ရေးတဲ့စာအုပ်တွေ ထွက်လာပြီးနောက် နိုင်ငံရေးသမားရဲ့ဝါဒဖြန့်အဖြစ် သမိုင်းကိုသုံးခဲ့တဲ့ခေတ်ကနေ သမိုင်းကို လေ့လာသုံးသပ်ဖို့ ဖတ်တဲ့ခေတ်ကို တစတစကူးပြောင်းလာခဲ့ပြီး လေးနက်တဲ့ စာဖတ်ပရိသတ် တွေကြားမှာ သြဇာညောင်းခဲ့ပါတယ်။ ဒေါက်တာသန်းထွန်းမွေးထုတ်ခဲ့တဲ့ ကျောင်းသားတွေထဲကလည်း သူ့ခြေရာကိုနင်းဖို့ ကြိုးစားသူတွေ ပေါ်လာခဲ့ပါတယ်။ ဒီထဲက ထူးခြားသူတယောက်ကတော့ ဒေါက်တာတိုးလှ ဖြစ်ပါတယ်။

မော်တင်ဂရက်က လာသူ

ဒေါက်တာတိုးလှကို ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တဲ့နှစ်မှာ ရေစကြိုနယ်မှာ မွေးပြီး စစ်အတွင်းမှာ ဘုန်းကြီးကျောင်း ပညာရေးနဲ့ သူ့ဘဝကို စတင်ခဲ့ပါတယ်။ လွတ်လပ်ရေးရစမှာ အလံနီသူပုန်တွေက မော်တင်ဂရက်လို့ မှည့်ခေါ်ခဲ့တဲ့ ရေစကြိုနယ်မှာ အစိုးရကျောင်းမရှိလို့ ဘုန်းကြီးကျောင်းမှာ သုံးနှစ်နေခဲ့ရတယ်လို့ ဒေါက်တာတိုးလှက ဆိုပါတယ်။ သင်ပုန်းကြီးကနေ သဒ္ဒါကျမ်းအထိ သင်ခဲ့ပြီးနောက် ပခုက္ကူမှာ လူကျောင်း နေခဲ့ ပါတယ်။ ဘုန်းကြီးကျောင်းသား ဖြစ်ခဲ့တဲ့ အတွက် ယုံကြည်မှု၊ ယဉ်ကျေးမှု အခြေခံနဲ့ လူမှုဆက်ဆံရေး၊ စိတ်နေစိတ်ထား ဆိုင်ရာမှာ အခြေခံကောင်းတွေ ရခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Toee Hla
Image caption အနှစ် ၅ဝ က မင်းလှခံတပ်ရောက် ကိုတိုးလှ

အသက် ၂ဝ မှ တက္ကသိုလ်ဝင်တန်းအောင်ပြီး မန္တလေးတက္ကသိုလ်ရောက်ခဲ့ပါတယ်။ စာရေးဝါသနာပါလို့ မြန်မာစာနဲ့ သမိုင်းဘာသာရပ်တွေကို သင်ရာက သမိုင်းဘက်ကို ရောက်လာခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်မှာ ဒေါက်တာသန်းထွန်း ပါမောက္ခဖြစ်ပြီးနောက် သုတေသနလုပ်သူတွေကို အားပေးတဲ့အနေနဲ့ မဟာဝိဇ္ဇာသင်တန်း တက်ခွင့်ပေးရာက ကိုတိုးလှ သမိုင်းဆရာ ဖြစ်လာခဲ့ပါတယ်။ ဒေါက်တာသန်းထွန်းနဲ့ ဆုံခဲ့ရတာဟာ သူ့ဘဝမှာ အပြောင်းအလဲတခု ဖြစ်ခဲ့ပြီး သမိုင်း ဘက်မှာ ဇောက်ချလုပ်လာခဲ့ပါတယ်။ စာရေးဆရာ သိန်းသန်းထွန်းနဲ့ သူဟာ ဒေါက်တာသန်းထွန်းရဲ့ တပည့်ကြီးတွေ ဖြစ်တယ်လို့လည်း ဒေါက်တာတိုးလှက ပြောပါတယ်။

ဒေါက်တာတိုးလှဟာ ပါရဂူဘွဲ့မရခင်ကရော ရပြီးနောက်မှာပါ သမိုင်းစာတမ်းတွေ ရေးသားခဲ့ပါတယ်။ ကုန်းဘောင်ခေတ် ပိဋကတ်တိုက်များ အင်းဝခေတ် ပျို့ကဗျာများထဲကသမိုင်း ကုန်းဘောင်ခေတ် အသပြာသမိုင်း ကုန်းဘောင် ခေတ်ဦး ပညာရေး စတဲ့ စာတမ်းတွေကို ၁၉၇ဝ ကျော် ဆရာငယ်ဘဝကတည်းက ဖတ်ကြားခဲ့ပြီး ကုန်းဘောင်ခေတ် လူမှုစီးပွားရေး သမိုင်း ကို ၁၉၇၇ က ၁၉၇၉ ထိ အစိုးရ ထောက်ပံ့မှုနဲ့ သုတေသနပြု စာတမ်းပြုစုခဲ့ပြီး ပညာပဒေသာ စာစောင်မှာ ဖော်ပြခံခဲ့ရပါတယ်။

နိုင်ငံခြားသွားတာကို နတ်ပြည်သွားသလောက် ထင်ကြတဲ့ခေတ်မှာ အခက်အခဲအမျိုးမျိုးကြားက အမေရိကန်မှာ သမိုင်းပါရဂူဘွဲ့ကို အသက် ၄၈ နှစ်အရွယ် ၁၉၈၇ ခုနှစ်မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မြောက်အီလီနွိုင်းတက္ကသိုလ်မှာ ကုန်းဘောင် ခေတ်နှောင်း လူမှုစီးပွားဘဝ၊ ငွေချေးစာချုပ်နဲ့ သက္ကရာဇ်များ ကျမ်းပြုစုခဲ့ပြီး မစ်ရှီဂန်တက္ကသိုလ်က ခေတ်ဟောင်းမြန်မာသမိုင်း ကို ကျွမ်းကျင်တဲ့ ပါမောက္ခဗစ်တာလီဘာမန်းဆီမှာလည်း ပညာဆည်းပူးခဲ့ပါတယ်။ အမေရိကန် တက္ကသိုလ် မှာ သင်ယူခဲ့ပေမယ့် သူ့မှာ အခက်အခဲ သိပ်မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ အပြင်ထွက်လည်တာကို ဝါသနာပါသူမဟုတ်သလို စာကြည့်တိုက်မှာ သုတေသနပြု စာဖတ်ရင်းနဲ့ အချိန်ကုန်တာများတဲ့သူ ဖြစ်လို့ပါ။ နောက် သူ သုတေသနပြုမယ့် ငွေချေးစာချုပ် တရာကျော်ကိုလည်း ကျမ်းပြုလို့ ဖြစ်မဖြစ် စိစစ်မယ့်သူတွေဆီ ပြဖို့ အရင်ဘာသာပြန်ပြရတယ်လို့ ဆိုပါတယ်။ သူနဲ့ခေတ်ပြိုင် သမိုင်း ပါရဂူဘွဲ့ယူခဲ့သူက ဟာဝိုင်ယီတက္ကသိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျမ်းပြုခဲ့တဲ့ အန်ဂျလီနောဖြစ်ပါတယ်။

သူ့ကျမ်းကို စိစစ်ဖို့ ပြင်ပစာစစ်သူအဖြစ် ဆရာရင်း ဒေါက်တာသန်းထွန်းကို ဂျပန်ကနေ မြောက်အီလီနွိုင်းတက္ကသိုလ်က ခေါ်ယူပေးခဲ့ပါတယ်။ ဒေါက်တာတိုးလှ ပါရဂူဘွဲ့ရပြီးနောက် အမေရိကန်မှာ ဆက်နေလိုရင် ကူမယ့်သူတွေ ရှိပေမယ့် သုတေသနပြုစရာတွေ ရှိတဲ့ မြန်မာပြည်ကိုပဲ ပြန်ခဲ့ပါတယ်။

ဒေါက်တာတိုးလှ မြန်မာပြည် ပြန်ရောက်ပြီးနောက် ကထိက၊ ပါမောက္ခကနေ သမိုင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌတာဝန်တွေ ထမ်းဆောင်ခဲ့သလို စာအုပ်တွေလည်း ရေးခဲ့ပါတယ်။ သူပထမဆုံး ထုတ်ခဲ့တဲ့ ကုန်းဘောင်ရွှေပြည် စာအုပ်မထုတ်ခင်မှာ စိစစ်ကန့်သတ်တာတွေ ကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေး ဖိနှိပ်မှုနဲ့ ကြုံရတဲ့ခေတ်မှာ ခေတ်ဟောင်းသမိုင်း သုတေသနအလုပ်တွေကို အာရုံစိုက် လုပ်ကိုင် ခဲ့ပါတယ်။ ဝန်ထမ်းဘဝနဲ့ ယာဉ်မတော်တဆဖြစ်မှုမှာ ဇနီးကွယ်လွန်ခဲ့ပြီး သူကိုယ်တိုင်လည်း ဆေးရုံမှာ ရက်ရှည်မေ့မျောနေခဲ့ပေမယ့် နေပြန်ကောင်းလာချိန်မှာတော့ သုတေသနအလုပ်တွေ ပြန်စခဲ့ပါတယ်။ သိချင်တာ၊ ရေးချင်တာတွေ ရှိနေတဲ့စိတ်နဲ့ သူအသက်ရှင်ခဲ့တယ်ထင်တယ်လို့လည်း ဒေါက်တာတိုးလှက ပြန်ပြောင်းပြောပါတယ်။

ဓာတ်ပုံ မူပိုင် Frank Bienewald
Image caption ပဲခူးက ဘုရင့်နောင် ကုသိုလ်တော် မဟာစေတီ

ငြိမ်းချမ်းရေး မလုပ်တတ်တဲ့ ဘုရင်

၂ဝဝ၈ ခုနှစ်က ဘုရင့်နောင်အကြောင်း သူရေးရာမှာ ဘုရင့်နောင်ဟာ ရာဇဝင်ဆရာကြီးတွေ ချီးကျူးတာ အများဆုံး ခံရတဲ့ ဘုရင်လို့ ဒေါက်တာတိုးလှက ရေးခဲ့ပါတယ်။ ဘုရင့်နောင်ဟာ သူ့ကို ပုန်ကန်သူတွေကို အပြစ်မယူဘဲ ခွင့်လွှတ် တတ်တယ်၊ သူ့လက်ပေါ် ကြီးခဲ့တဲ့ မိုးကောင်းစော်ဘွား ပုန်ကန်မှုကို နှိမ်နင်းခဲ့ပြီးနောက် ငါ့ဆင်မြင်းဗိုလ်ပါ မှူးကြီးမတ်ကြီးတို့ ဆုံးရတယ်၊ ငါလည်း တောကြိုတောင်ကြားမှာ ဆီးနှင်းခံပြီး ဆင်းရဲစွာ ရှိရတယ်ဆိုပြီး စော်ဘွားကို ဆုံးမတယ် လို့ ဆိုပါတယ်။ ဘုရင့်နောင်ဟာ ရှုံးနိမ့်သူကို ရန်ငြိုးမထားမတတ်သူ၊ ဒဏ်ပေးတာထက် ဆုပေးတာကို ပိုအလေးထားသူ၊ ပညာရှိကို လေးစားပြီး အကြံဉာဏ်ယူတတ်သူလို့ ဒေါက်တာတိုးလှက ဘုရင့်နောင်ရဲ့ဂုဏ်ကို ချီးကျူးရင်း မြန်မာပြည် သမိုင်းမှာ သင်ခန်းစာယူစရာအဖြစ်တွေကို ရေးဖွဲ့ခဲ့ပါတယ်။

ဒါပေမဲ့ ဘုရင့်နောင်ဟာ မြန်မာပြည်သမိုင်းမှာ ပထမဆုံးအကြိမ် အကြီးမားဆုံး နိုင်ငံကြီးကို တည်ထောင်ရာမှာ သားတော်ညီတော်တွေ ဆုံးခဲ့ရသလို ငြိမ်းချမ်းရေးကိုလည်း ခိုင်မာအောင် မတည်ဆောက်နိုင်ဘဲ စစ်နဲ့ပဲ အချိန်ကုန်ခဲ့တယ်လို့ ဒေါက်တာတိုးလှက ထောက်ပြပါတယ်။

ဓာတ်ပုံ မူပိုင် Roger Viollet Collection
Image caption ခေတ်အဆက်ဆက် ဆင်းရဲခဲ့တဲ့ ကျေးလက်လူထု

နောက် ဒေါက်တာတိုးလှ အပိုင်နိုင်ဆုံးဖြစ်တဲ့ ကျေးလက်လူမှုစီးပွားဘဝမှာလည်း အကြွေးထူပြီး ငွေချေးယူရတဲ့ လူတွေရဲ့ဘဝတွေကို အခြေခံပြီး သမိုင်းစာအုပ်တွေ ရေးဖွဲ့ခဲ့ပါတယ်။ ဒါကြောင့် အညာမှာ အသက် ၇ နှစ် ၈ နှစ်နဲ့ အိမ်ထောင်ပြု ရတဲ့ မိန်းကလေးတွေ၊ လက်ဖက်ကုန်ကူးရင်း ကြွေးတင်လို့ ဇနီးကို ကျွန်အဖြစ် ရောင်းရတဲ့ စစ်ဗိုလ်စတဲ့ လူထဲကလူတွေရဲ့အကြောင်းတွေ သိခွင့်ရလာခဲ့ပြီး မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အုပ်စိုးသူတွေ မဖြေရှင်းနိုင်ခဲ့တဲ့ ဆင်းရဲမှုပြဿနာ အကြောင်းကို လေ့လာခွင့် ရခဲ့ပါတယ်။ တဘက်ကလည်း သီပေါမင်းလက်ထက် အိန္ဒိယနိုင်ငံ ကာလကတ္တားထိ စျေးဝယ်လွှတ်တဲ့ စျေးစာရင်းကိုလည်း ဒေါက်တာတိုးလှက ဖော်ထုတ်တင်ပြခဲ့ပြီး အုပ်စိုးသူနဲ့ အုပ်စိုးခံ လူတန်းစားကွာဟမှု တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။

ခုခေတ်အထိ ရန်ကုန်ဘူတာကြီးမှာ ကလေးနို့တိုက်နေတဲ့ ဆယ်ကျော်သက် ကလေးအမေတယောက်ကို မြင်ဖူးတယ်လို့လည်း ဒေါက်တာတိုးလှက ဆိုပါတယ်။ အလားတူပဲ ဆင်းရဲလို့ လူကုန်ကူးခံရတဲ့ ပြဿနာတွေလည်း မြန်မာနိုင်ငံမှာ ရှိနေဆဲ ဖြစ်သလို ဒေါ်လာသန်းချီချမ်းသာသူတွေလည်း ရှိနေပါတယ်။

ဒေါက်တာတိုးလှဟာ ဘုန်းကြီးကျောင်းသားလည်း ဖြစ်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းတွေရဲ့သမိုင်းကိုလည်း လေ့လာပါတယ်။ မြိုင်နယ်က အုံတုံရွှေကျောင်းခေါ် အနှစ် ၃ဝဝ နီးပါးသက်တမ်းရှိတဲ့ ညောင်ရမ်းခေတ်လက်ရာ ကျောင်းကြီး အကြောင်း သုတေသနပြုခဲ့သလို ရဟန်းတွေရဲ့အကြောင်း ရဟန်း ဆိုတဲ့ စာအုပ်ကိုလည်း သူ ၈ဝ ပြည့်အမီ ထုတ်ဝေခဲ့ပါတယ်။

အသက် ၈ဝ ပြည့်သွားတဲ့ ဒေါက်တာတိုးလှဟာ သုတေသနအလုပ်တွေ ဆက်ပြီး လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ သြစတြေးလျ၊ အမေရိကန်၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံစုံမှာ သုတေသနတွေ သူလုပ်ခဲ့သလို ပြည်တွင်းမှာလည်း ချင်း၊ ရှမ်း၊ ကချင် ကနေ အညာအကြေနှံ့အောင် သူသွားလာနေဆဲ ဖြစ်ပါတယ်။ ဗဒါးလင်းဂူနဲ့ စစ်ကိုင်းရေမျက်အင်းက ကျောက်ခေတ်လူနေမှုတွေအကြောင်း ရေးသားနေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် Toee Hla
Image caption လာအိုကိုသွားပြီး သမိုင်းလေ့လာ

တကောင်းနဲ့ သာကီဝင်

မြန်မာသမိုင်းမှာ အငြင်းအပွားဆုံးဖြစ်တဲ့ တကောင်းရာဇဝင်နဲ့ ပတ်သက်ပြီး အင်းဝခေတ် မင်းကြီးစွာလက်ထက်မှာ ဘုရင်မင်းခေါင် ဖြစ်လာမယ့် မင်းသားကို အမတ်ကြီး ဘိုးရာဇာက ရာဇဝင်သိအောင် ရေးဖွဲ့တဲ့ မဏိရတနာပုံကျမ်း က အစပြုပြီး တကောင်းအကြောင်း မြန်မာတွေ ရေးခဲ့ကြတယ်လို့ ဒေါက်တာတိုးလှက ထောက်ပြပါတယ်။ တကောင်းအကြောင်း ဦးကုလား မဟာရာဇဝင်ကြီးမှာ အကျယ်တဝင့်မပါပေမယ့် မှန်နန်းရာဇဝင်မှာတော့ သာကီဝင်မင်းတွေ ဝင်ရောက်လာပုံကို ဘိုးရာဇာ ရေးခဲ့သလို ပြန်ရေးတယ်လို့လည်း ဆိုပါတယ်။ အင်းဝကို တည်ထောင်တဲ့ သတိုးမင်းဖျားဟာ တကောင်းသားဖြစ်ပြီး မင်းခေါင်ရဲ့ ဦးရီးတော်ဖြစ်တဲ့အတွက် ဒီလိုတကောင်းရာဇဝင်ကို ထူထောင်ခဲ့တယ်လို့ ဒေါက်တာတိုးလှက ယူဆပါတယ်။

ခေတ်သစ်မြန်မာသမိုင်းကို သူရေးချင်ပေမယ့် သတင်းစာ၊ မိန့်ခွန်း၊ အစီရင်ခံစာနဲ့ နှုတ်ပြောသမိုင်းတွေမှာ ယုံကြည်စရာ နည်းတဲ့အတွက် ရေးဖို့ခက်တယ်လို့လည်း ဆိုပါတယ်။ ပြည်နယ်တွေက လူမျိုးစုတွေအကြောင်း သမိုင်းတွေကို သူရေးချင်ပေမယ့် ထုံးစံနဲ့ ဘာသာစကားတွေကို မသိတဲ့အတွက် မရေးလိုဘူးလို့ ဆိုပါတယ်။ ဒီအတွက် လူမျိုးစုတွေထဲက သမိုင်းဆရာတွေ ပေါ်ထွက်လာဖို့လည်း သူက လိုလားပါတယ်။

သူ့ရှေ့က သမိုင်းဆရာတွေထဲမှာတော့ လူတယောက်တည်းနဲ့ ရာဇဝင်ကြီးကို မြန်မာထဲမှာ အစောဆုံး ရေးခဲ့တဲ့ ဦးကုလား၊ ကွင်းဆင်းလေ့လာတတ်တဲ့ မုံရွေးဇေတဝန်ဆရာတော်၊ ကျောက်စာအထောက်အထားတွေ အားပြုတဲ့ တွင်းသင်းမင်းကြီးစတဲ့ ဆရာတွေကို ဒေါက်တာသန်းထွန်းအပြင် သူသဘောကျ လေးစားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကွင်းဆင်းလေ့လာမှု မပါတဲ့ သမိုင်းမျိုးကို သူမရေးချင်ဘူးလို့လည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Toee Hla