ဒါရိုက်တာဦးဝင်းဖေရဲ့ ဖခင် ရွှေပြည်ဦးဘတင်

burma ဓာတ်ပုံ မူပိုင် Shwe Innthar/BBC Burmese
Image caption ရွှေပြည်ဦးဘတင်မျိုးဆက် ဦးဝင်းဖေနဲ့ မီမီဝင်းဖေ

စွယ်စုံရ အနုပညာရှင် ဦးဝင်းဖေကို ပန်းချီ၊ ကာတွန်း၊ စာပေ၊ ရုပ်ရှင်နဲ့ သတင်းလောကတွေမှာ ဆရာတဆူအဖြစ် လူသိများကြပါတယ်။ ဘီဘီစီမှာ သူတင်ဆက်ခဲ့တဲ့ ဝင်းဖေလွယ်အိတ် အစီအစဉ်ကလည်း နာမည်ကြီးခဲ့ပါတယ်။ ဒါပေမဲ့ ဦးဝင်းဖေရဲ့ဖခင်ဟာလည်း တချိန်က နာမည်ကျော် မြန်မာပညာရှိတယောက်ပါ။

ရွှေပြည် ဦးဘတင်လို့ ထင်ရှားတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ တချိန်က ရွှေပြည်ကိုယ်တော်လေးအမည်နဲ့ နိုင်ငံရေးတရားတွေ ဟောခဲ့တဲ့ ရဟန်းတော်တပါးဖြစ်ပါတယ်။ သူ့ရဲ့အဘိုးကတော့ မန္တလေးမြို့ကို မင်းတုန်းဘုရင် တည်ထောင် ချိန်မှာ ပါဝင်ခဲ့တဲ့ သေနတ်ဗိုလ် မင်းကြီးမဟာမင်းလှမင်းခေါင်ကျော် ဖြစ်ပြီး မိုးနဲစစ်ကဲကြီးအဖြစ် ရှမ်းပြည်မှာလည်း အမှုထမ်းခဲ့ဖူးပါတယ်။

ဆန့်ကျင်ဘက်တွေကလာနားထောင်

ဦးဘတင်ဟာ ရွှေပြည်ကြီး သီချင်းခေတ်စားခဲ့တဲ့အချိန်က မန္တလေးအနောက်ပြင် ရွှေပြည်ရပ်မှာ ဖွားမြင်ခဲ့လို့ ရွှေပြည်ဦးဘတင်အဖြစ် ထင်ရှားခဲ့ပါတယ်။ ၁၈၉၄ မှာ မွေးလို့ ၁၂၅ နှစ် ပြည့်ခဲ့ပါပြီ။ သူတရားဟောစဉ်က နိုင်ငံရေးထက် ရာဇဝင်သမိုင်းနဲ့ စာပေဘက် ကို ဇောင်းပေးဟောခဲ့လို့ နိုင်ငံရေးဆန့်ကျင်ဘက်တွေကတောင် သူ့တရားကို လာပြီး နားထောင်ရတယ်လို့ သားဖြစ်သူ ဦးဝင်းဖေက ပြန်ပြောင်းပြောပါတယ်။ ဦးတိုးရဲ့ ရာမရကန် ကို ဖွင့်ဆိုရှင်းပြပြီး သူပါတဲ့ နိုင်ငံရေးအဖွဲ့ ကို ထောက်ခံလာအောင် ဆွယ်တရား ဟောတတ်တဲ့ ဦးဘတင်ဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကလေးမှာ လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။ ရာမရကန်ကို ၂၇၅ ရက်ဆက်ပြီးဟောခဲ့လို့ ရကန်စာအုပ် ရောင်းမလောက် ဖြစ်ခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption လုပ်ကြံသူ ဂဠုန်ဦးစောနဲ့ လုပ်ကြံခံရသူ ဗိုလ်ချုပ်အောင်ဆန်း

ဒါပေမဲ့ ဦးစောရဲ့ ဂဠုန်ပါတီမှာ ပါဝင်ခဲ့လို့ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်းတို့ နိုင်ငံတော်လုပ်ကြံမှုဖြစ်ချိန်မှာ သူဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲမှာ လချီနေခဲ့ရပါတယ်။ သူ့ကို ပြန်လွှတ်ပေးချိန်မှာတော့ ဖဆပလအစိုးရ တာဝန် ရှိသူတွေက တောင်းပန်တယ်လို့ သိရပါတယ်။ သူ့ဖခင်ဟာ ဘယ်နည်းနဲ့မှ ဒီလိုလုပ်ကြံတဲ့အထဲပါမယ့်သူမဟုတ်ဘူးလို့ ဦးနုအစိုးရထဲက လူကြီးတွေက ယုံကြည်ပြီး တောင်းပန်ခဲ့ကြောင်း ဒါရိုက်တာဦးဝင်းဖေက ပြောပါတယ်။ ဖဆပလခေတ်မှာ ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ခင်မောင်ကလေးကလည်း အမျိုးသားကျောင်းမှာ ဦးဘတင်ရဲ့ တပည့်ဖြစ်ခဲ့ပါတယ်။

ထောင်ကလွတ်ပြီးနောက် မကျန်းမမာဖြစ်နေတဲ့ဇနီးသည်ရဲ့ တောင်းပန်မှုအရ နိုင်ငံရေးကို စွန့်လွှတ်ပြီး သူဝါသနာပါတဲ့ စာပေယဉ်ကျေးမှု ဖြန့်ဖြူးရေးဘက်ကို အားစိုက်လုပ်ခဲ့ပါတယ်။ အာဏာရ ဖဆပလနဲ့ အတိုက်အခံ ပမညတဘက်က ပါဝင်ဖို့ ကမ်းလှမ်းတာတွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်မှာ ဟောပြောပွဲတွေလုပ်ပြီး သမိုင်းစာပေတွေကို ပို့ချခဲ့သလို ဒီဟောပြောချက်တွေကို အသံသွင်းပြီး ရွှေပြည်ဦးဘတင်ရဲ့ စာပွဲသဘင် စာအုပ်အဖြစ် ထုတ်ဝေတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် DE AGOSTINI PICTURE LIBRARY
Image caption ဘုရင်စနစ်ကို မြန်မာပြည်မှာ နှစ်ထောင်ချီကျင့်သုံးခဲ့

မြန်မာဘုရင်ကို အထင်သေးတာမကြိုက်

ဒီလို သမိုင်းဖြစ်ရပ်တွေကို ဟောပြောရာမှာ ဦးဘတင်အတွက် အကြောင်းရှိပါတယ်။ လွတ်လပ်ပြီးခေတ်မှာ ကြီးပြင်းတဲ့ လူငယ်တွေဟာ မြန်မာဘုရင်စနစ်ကို သက်ဦးဆံပိုင်စနစ်ဆိုပြီး အထင်သေးတာကို ဦးဘတင်က မနှစ်သက်ပါဘူး။ အင်္ဂလန်မှာရှိတဲ့ စည်းမျဉ်းခံဘုရင်စနစ်လိုပဲ မြန်မာမင်းအုပ်ချုပ်ပုံမှာလည်း စည်းစနစ်တွေ ရှိတဲ့အကြောင်း သူက ရှင်းပြချင်ပါတယ်။ နောက်ပြီး ကိုယ့်လူမျိုးကို သိပ်အထင်သေးလွန်းရင် မနိပ်ဘူးလို့လည်း ဦးဘတင်က ယူဆပါတယ်။ ကုန်းဘောင်ခေတ်အစမှာ နန်းရိုးကမဟုတ်တဲ့ အလောင်းမင်းတရားကြီးအတွက် နန်းတွင်းစနစ်တွေ သိအောင် ညောင်ရမ်းခေတ်လက်ကျန် အင်ရုံဝန်ကြီးက အင်ရုံစာတမ်း ကို ရေးသလို၊ အင်္ဂလိပ်ခေတ်အစမှာ ပုဂံဝန်ထောက် ဦးတင်က မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း ကို ရေးသလို ဦးဘတင်ကလည်း သူနိုင်တဲ့ အဟောအပြောဘက်ကနေ နောက်မျိုးဆက်တွေကို မြန်မာသမိုင်းတွေ ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ ရာဇဝင်သမိုင်းစာအုပ်တွေမှာ တွေ့ရခဲတဲ့ အချက်အလက်တွေကို ဦးဘတင်ရဲ့ စာပွဲသဘင်တွေမှာ ဟောပြောခဲ့ပါတယ်။ မင်းတုန်းမင်းခေတ်က သီလရှင်တွေကို သုံးတဲ့ ထောက်လှမ်းရေးစနစ်၊ နန်းတွင်းမှာ စော်ဘွား သားတွေကို ခေါ်ထားပြီး နန်းဓလေ့နဲ့ ယဉ်ပါးအောင်လုပ်တဲ့စနစ်၊ မန္တလေးကို တည်ထောင်တဲ့အကြောင်းတွေ သူဝေငှခဲ့သလို မန္တလေးက အစုအငန်းရပ်ကွက်တွေအကြောင်း စာတမ်းရေးခါနီးမှာ ကွယ်လွန်သွားလို့ တပည့် ဖြစ်သူ ဦးမောင်မောင်တင်က ရေးခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption ရွှေပြည်ဦးဘတင်စာပေပို့ချခဲ့တဲ့ မန္တလေးတက္ကသိုလ်

သူ့ဟောပြောပို့ချချက်တွေကို အခြေခံပြီး တက္ကသိုလ်က ပညာရှင်တွေက စာအုပ်စာစောင်တွေ ရေးသားကြပါတယ်။ ဒီမှာ တချို့ပညာရှင်တွေက ဦးဘတင်ပြောတာတွေက ပညာရပ်မဆန်ဘူးလို့ ဝေဖန်တတ်ကြပါတယ်။ ဦးဘတင်ကလည်း သူဟာ တက္ကသိုလ်မှာ စနစ်တကျ ဆည်းပူးခဲ့သူမဟုတ်ဘဲ သူဝါသနာပါသိကျွမ်းနားလည်ရာကို ပြန်လည်ပြောပြရှင်းပြသူသာ ဖြစ်တယ်လို့ ပြောတတ်ပါတယ်။ နောက် ဒီလို ဝေဖန်သူတွေပဲ သူ့အပြော တွေကို ကိုးကားချက် မပေးဘဲ စာအုပ်လုပ်ရေးကြ တဲ့အခါ သူ့တပည့်ရင်းဖြစ်သူ မန္တလေးတက္ကသိုလ် မြန်မာစာဌာနက ကထိက ဦးမောင်မောင်တင်က လာပြောတတ်ပါတယ်။ အဲဒီအခါ ဦးဘတင်က မောင်မောင်တင်ရယ်၊ ဒါတွေတွေးမနေပါနဲ့ကွာ၊ သူတို့ ကိုးကားချက်ပေးတာမပေးတာ ငါမလိုပါဘူး၊ ငါက ဒါတွေ ပြန့်စေချင်တာ၊ လေ့လာကြတယ် ဆွေးနွေးကြတယ်ဆိုရင် ငါက ကျေနပ်နေပါပြီ လို့ ပြန်ပြောတတ်တယ်လို့ သားဖြစ်သူ ဦးဝင်းဖေက ပြောပါတယ်။

ဗမာပြည်တော့ ပျက်ပြီကွ

၁၉၆၂ တပ်က အာဏာသိမ်းပြီးနောက်မှာလည်း ရွှေပြည်ဦးဘတင်ကို ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက ယဉ်ကျေးမှုကောင်စီဝင်ခန့်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရရဲ့ ရာတန်နဲ့ ငါးဆယ်တန်ငွေစက္ကူတွေ သိမ်းတာလို ကိစ္စတွေမှာ လုပ်ပုံကို ဦးဘတင်က မကြိုက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးကို စွန့်ပယ်ခဲ့ကတည်းက ဘာမှမဝေဖန်ခဲ့တဲ့ ဦးဘတင်က ဗမာပြည်တော့ ပျက်ပြီကွ၊ ရှေ့လျှောက်ပျက်ဖို့ပဲ ရှိတော့တာပဲ လို့ ပြောကြောင်း ဦးဝင်းဖေက ဆိုပါတယ်။

၁၉၆၄ မှာ ကွယ်လွန်ခဲ့တဲ့ ဦးဘတင်ဟာ သားဖြစ်သူ ဂလိဂျာနယ်ထုတ်ဝေသူ ဦးတင်ဝင်း အကြိမ်ကြိမ်အဖမ်းခံခဲ့ရတာကိုလည်း မြင်သွားခဲ့ပါတယ်။ သားက ကွန်မြူနစ်ဝါဒကို လိုလားပေမယ့် ဦးဘတင်က မကြိုက်ပါဘူး။ ဒါပေမဲ့ သူ့သားကြိုက်လို့လုပ်တာကို ဘာမှကန့်ကွက်ခြင်းမရှိဘဲ အားပေးခဲ့ပါတယ်။ တခြားသားတယောက်ဖြစ်တဲ့ ဦးဝင်းဖေက ကာတွန်းဦးဘဂျမ်းသြဇာနဲ့ ကွန်မြူနစ်စနစ်ကို မကြိုက်ကြောင်း ခြောက်တန်းကျောင်းသား ဘဝမှာ ဝေဖန်တဲ့အခါမှာတော့ မင်းချီးကျူးချင်သည်ဖြစ်စေ၊ ရှုတ်ချဆန့်ကျင်ချင်သည်ဖြစ်စေ ဘာလဲဆိုတာ သိဖို့တော့ လိုတယ်ကွ လို့ ဆုံးမခဲ့ဖူးကြောင်း ဦးဝင်းဖေက ပြောပါတယ်။

နောက် ဦးဘတင်ဟာ ချာချီမိသားစုကို မျိုးနဲ့ရိုးနဲ့မကြိုက်သူဖြစ်ပေမယ့် လွတ်လပ်ရေးရစက လူငယ်နိုင်ငံရေးသမားတွေက ဟယ်ချာချီ နင်သည်ကားဟုဆိုလျှင် စတဲ့ စကားတွေသုံးပြီး ဝေဖန်တာကို မကြိုက်ဘူးလို့ ဆိုပါတယ်။ မြန်မာမှာ ဂုဏဝုဒ္ဓိ၊ ဝယဝုဒ္ဓိရှိပြီး ဒါကိုမလိုက်နာတဲ့အတွက် ဝေဖန်သူရှုံးတယ်လို့ သူကမြင်ပါတယ်။

ဓာတ်ပုံ မူပိုင် Mandalay National School
Image caption မန္တလေးအမျိုးသားကျောင်းက ခြင်္သေ့ဆောင်ကြီး

အမျိုးသားရေးစိတ်ပြင်းတဲ့ ဦးဘတင်ဟာ အင်္ဂလိပ်ခေတ်မှာ မန္တလေးဗဟိုအမျိုးသားကျောင်းကြီးကိုလည်း အာဇာနည်ဝန်ကြီး ဦးရာဇတ်၊ ဦးဘခင်စတဲ့ ဆရာကြီးတွေနဲ့အတူ ဦးစီးတည်ထောင်ခဲ့ပြီး မြန်မာစာနဲ့ သမိုင်းကို သင်ပြခဲ့ပါတယ်။ ဆရာရွှေပြည်အတန်းချိန်မှာ ပတ္တလားနဲ့ ဆိုတီးသင်တတ်လို့ နားထောင်သူတွေများပြီး တခြားအတန်းတွေ အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် လေးထပ်ဆောင်ကြီး အောက်ဆုံးထပ်မှာ သွားသင်ကြရ တယ်လို့ တပည့်တယောက်ဖြစ်တဲ့ လူထုဒေါ်အမာက ပြန်ပြောင်းရေးခဲ့ပါတယ်။ အမ်အေဒေါ်အုန်း၊ သခင်ဗဟိန်း၊ ဗိုလ်မှူးကြီးခင်ညို စတဲ့ မန္တလေးအမျိုးသားကျောင်းထွက်တွေဟာ ဦးဘတင်ရဲ့ တပည့်ရင်းတွေ ဖြစ်ကြ ပါတယ်။ တပည့်တွေ မျိုးချစ်စိတ်ပြင်းထန်အောင်နဲ့ လွတ်လပ်ရေးလိုလားအောင် ဦးဘတင်က လှုံ့ဆော်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption တပည့်တွေ စျာပနယာဉ်ကြိုးဆွဲပြီး ချဆောင်

စာဆိုတော်နေ့ကို ရုံးပိတ်ရက်ဖြစ်စေလိုသူ

ဒါကြောင့် စာဆိုတော်နေ့ ဟောပြောပြီးအပြန်မှာ ကွယ်လွန်ခဲ့တဲ့ ဦးဘတင်ကို ကျောင်းစာဆိုတော်နေ့မှာ လာဟောပြောဖို့ စောင့်နေကြတဲ့ အမျိုးသားကျောင်းက ဆရာနဲ့ တပည့်တွေက နာရေးအိမ်မှာပဲ လာကန်တော့ခဲ့ရသလို တပည့်တွေ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ စျာပနကို ချဆောင်ကျင်းပခဲ့ကြပါတယ်။

မဆုံးခင်မနက်က သူနောက်ဆုံးပြောခဲ့တဲ့ ဟောပြောချက်မှာ စာဆိုတော်နေ့ကို အမျိုးသားနေ့လိုပဲ ရုံးပိတ်ရက်ဖြစ်အောင် ကြိုးပမ်းကြဖို့ တိုက်တွန်းသွားသလို ဗမာစကား မပြောတတ်ပြောတတ်နဲ့ပြောတဲ့ နိုင်ငံခြားသား ပြောသလို ပြောတဲ့ ခေတ်စကား ခေတ်သံတွေကို နားထောင်လို့ မရကြောင်း ပြောရင်း ဘီလူးကို ဘလူးလို့ ထွက်ရကြောင်း၊ ကောင်းစွာကို ကောင်းဇွာလို့ ပြောရကြောင်း သင်ပြပေးသွားခဲ့ပါတယ်။ လိမ္မာ ကြိုးစားကြဖို့နဲ့ နည်းနာနိဿရည်းမှန်ဖို့ ပညာရှိတွေဆီက ပညာယူကြဖို့လည်း လူငယ်တွေကို ဆုံးမခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption ရွှေပြည်ဦးဘတင် နာရေးကြော်ငြာများ

ဦးဘတင်ဟာ သားတွေကို အနုပညာလိုက်စားအောင် အားပေးခဲ့သလို သူတို့နှစ်သက်ရာ အနုပညာကို လေ့လာတာကိုလည်း မတားမြစ်ခဲ့ပါဘူး။ ဒါကြောင့် သီဟိုဠ်ရေဒီယိုက ခေတ်ပေါ်သီချင်းနဲ့ အိန္ဒိယသီချင်းတွေကို ကြိုက်လို့ ခိုးနားထောင်တဲ့ သားဖြစ်သူ ဦးဝင်းဖေကို သူများအနှောင့်အယှက်မဖြစ်ရင် ကြိုက်သလို နားထောင်နိုင်တယ်ဆိုပြီး ခွင့်ပေးခဲ့ပါတယ်။ ဒီလိုခေတ်ပေါ်အနုပညာတွေကို လွတ်လပ်စွာ လေ့လာခဲ့ရလို့ ဦးဝင်းဖေဟာ မြန်မာပြည် ခေတ်သစ်ပန်းချီနဲ့ ကာတွန်းရေစီးမှာ ထင်ရှားအောင်မြင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Muu Muu
Image caption ဖခင်လို မန္တလေးပန်တျာကျောင်းအုပ်ဖြစ်ခဲ့တဲ့ ဦးဝင်းဖေ