တော်လှန်ရေးနယ်မြေမှာ အနှစ် ၄ဝ ကျော်တဲ့ ဗိုလ်ကျော်ဇော မိသားစု

burma ဓာတ်ပုံ မူပိုင် Dr Hla Kyawzaw
Image caption သခင်ဗသိန်းတင်နဲ့အတူ တွေ့ရတဲ့ ဗိုလ်ကျော်ဇော

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောလို့ လူသိများတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော နှစ်တရာပြည့်ချိန်ရောက်ခဲ့ပေမယ့် သူ့အထိမ်းအမှတ်အခမ်းအနားတွေ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် မကျင်းပတာကို တွေ့ရ ပါတယ်။ သူ့ဇာတိ သုံးဆယ်မြို့က သူတက်ခဲ့တဲ့ အထက်တန်းကျောင်းမှာတော့ ဗိုလ်ကျော်ဇောဆောင်ဆိုပြီး စာသင်ဆောင်ကို သူ့ဆွေမျိုးတယောက်က ဆောက်လုပ်လှူဒါန်းပြီး သူ့အထိမ်းအမှတ်ကြေးရုပ်တခု ရာပြည့်မှာ ဖွင့်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဗိုလ်ကျော်ဇောကို ရဲဘော်သုံးကျိပ်ဝင်ဖြစ်တဲ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီရှိရာ တရုတ်နယ်စပ်ကို တောခိုသွားခဲ့လို့လည်း သူ့အကြောင်းကို လူသိများပါတယ်။ လွတ်လပ်ရေးရစ ၁၉၅ဝ ကျော်မှာ တရုတ်ဖြူတပ်တွေ ရှမ်းပြည်ကို ဝင်ရောက် ကျူးကျော်ချိန်မှာ ခေါင်းဆောင်တိုက်ထုတ်ခဲ့သူအဖြစ်လည်း တချိန်က ထင်ရှားခဲ့ပါတယ်။ နောက်ဆုံး သူမကွယ်လွန်မီမှာ ရွှေတိဂုံဘုရားဖူးလိုကြောင်း ဆန္ဒပြုခဲ့တဲ့အတွက် မြန်မာမီဒီယာတွေမှာ အထူးတလည်ဖော်ပြခဲ့ကြပါတယ်။

Image caption ဘုရင့်နောင်စစ်ဆင်ရေးနဲ့ နာမည်ကျော်ခဲ့သူ ဗိုလ်ကျော်ဇော

ဗိုလ်ကျော်ဇောရဲ့ ထူးခြားချက်တခုကတော့ မိသားစုကို ခေါ်ပြီး တောခိုသွားတဲ့ကိစ္စပါ။ ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ဦးနုသူပုန်ထမှုနဲ့ဆက်စပ်ပြီး ဗိုလ်လက်ျာနဲ့သားဖြစ်သူ တောခိုသွားပြီးနောက် မိသားစုနဲ့ တောခိုတဲ့အထဲမှာ ဗိုလ်ကျော်ဇော ဖြစ်ရပ်က ထူးခြားပါတယ်။ သူကိုယ်တိုင် သားနှစ်ယောက်နဲ့ သမီးကို ခေါ်ပြီး ၁၉၇၆ က တောခိုသွားတဲ့အပြင် ဇနီးနဲ့တူဖြစ်သူပါ လေးနှစ်ကြာပြီးနောက် သူ့နောက်လိုက်လာခဲ့တာပါ။

ဗိုလ်ကျော်ဇော သစ္စာဖောက်သလား

၁၉၅၂ ကတည်းက တောခိုဖို့ ဗိုလ်ကျော်ဇော ကြံစည်ခဲ့ပေမယ့် ဗကပခေါင်းဆောင် သခင်သန်းထွန်းက သူ့ကို တပ်ထဲမှာပဲ ဆက်နေဖို့ အကြံပေးတဲ့အတွက် မခိုဖြစ်ခဲ့ပါဘူး။ ၁၉၅၅ အောင်မာဃစစ်ဆင်ရေးမှာ သူနဲ့ သခင်သန်းထွန်း အဆက် အသွယ် လုပ်တယ်ဆိုတဲ့ စာရွက်စာတမ်းတွေ မိတယ်ဆိုပြီး သူ့ကို တပ်ကထုတ်ပယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ တကယ်က ဗိုလ်ကျော်ဇောကို ဒုတိယစစ်ဦးစီးချုပ် တင်ဖို့ ၁၉၅၆ ခုနှစ် တပ်မှူးများညီလာခံမှာ တောင်းဆိုတာတွေ ဖြစ်လာလို့ ကမန်း ကတန်း ဖယ်ရှားဖို့ ပြင်ဆင်တာလို့ သူ့သမီး ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ အင်းစိန်တိုက်ပွဲနဲ့ တရုတ်ဖြူကျူးကျော်မှု တိုက်ထုတ်ရေးမှာ ထင်ရှားခဲ့တဲ့ ဗိုလ်ကျော်ဇောကို ဒုတိယစစ်ဦးစီးချုပ်တင်ဖို့ တပ်မှူးတွေက သဘောကျ တောင်းဆိုလာတဲ့ အတွက် အဲဒီရာထူးနေရာကို မှန်းထားတဲ့ ဆိုရှယ်လစ်ပါတီက ဗိုလ်မှူးကြီးအောင်ကြီးနဲ့ တခြားတပ်မှူးတွေက ဗိုလ်ကျော်ဇောကို ထုတ်ပယ်ဖို့ ကြိုးစားတာလို့လည်း သိရပါတယ်။

အစကတည်းက ကွန်မြူနစ်လူမှန်းသိလို့ သူ့ကို အကွက်ရှာ သေဒဏ်ပေးပြီးနောက်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စီစဉ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ၁၉၄၉ ဗိုလ်ချုပ်စမစ်ဒွန်းတပ်ကထွက်ရလို့ ဗိုလ်ချုပ်နေဝင်း ဦးစီးချုပ် ဖြစ်ကတည်းက လစ်လပ်နေတဲ့ ဒုချုပ်နေရာကို ရဖို့ လိုလားတဲ့ အာဏာရ ဆိုရှယ်လစ်ပါတီဝင် တပ်မှူးတချို့က ဗိုလ်ကျော်ဇောကို ဖယ်ရှားဖို့ စီစဉ်ခဲ့ကြရာမှာ တပ်မှူးညီလာခံကိစ္စပေါ်လာလို့ မခိုင်လုံတဲ့ သက်သေတွေနဲ့ တပ်ကထုတ်လိုက်တာလို့လည်း ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။

၁၉၄၈ လွတ်လပ်ရေးရစက တပ်ကိုပုန်ကန်မှုနဲ့ နိုင်ငံတော်သစ္စာဖောက်မှုဆိုပြီး သေဒဏ်ပေးခဲ့ရတဲ့ ဗိုလ်အေးဖေလို စစ်ဗိုလ်တွေ ရှိခဲ့ဖူးပြီး အဲဒီအချိန်မှာ တောခိုသွားတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် ၁၉၆၃ မှာ အလင်းပြန်ဝင်လာတဲ့ အခါမှာတော့ တပ်က အရေးယူတာ မရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Dr Hla Kyawzaw
Image caption ငယ်ချစ်နဲ့ပြန်လက်ထပ်တဲ့ ဗိုလ်ကျော်ဇော

ဒါကြောင့် နောက်ထပ်အရေးယူတာတွေ မဖြစ်ဘဲ တပ်က ပင်စင်နဲ့ထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ စမ်းချောင်းဆီဆုံလမ်းမှာ နေတဲ့ မွန်အိမ်လေးပတ်လည်မှာ စစ်ထောက်လှမ်းရေးတွေ ဝိုင်းနေသလို ဗိုလ်ကျော်ဇောပျောက်သွားတာနဲ့ ထောက်လှမ်းရေးတွေ လိုက်ရှာကြတယ်လို့လည်း သိရပါတယ်။ ဆွေမျိုးထဲကတောင် ထောက်လှမ်းရေး လုပ်သူရှိသလို အိမ်အကူမထားရဲဘဲ မိခင်တယောက်တည်းက အိမ်ကိစ္စတွေ စီမံခဲ့ရတယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါ တယ်။

အပြင်မှာ နိုင်ငံရေးကိစ္စ မပြောရ

တပ်က အနားယူထားတဲ့ ဗိုလ်ကျော်ဇောက သားသမီးတွေကို နိုင်ငံရေးနဲ့ပတ်သက်ပြီး သင်ပြပေးတတ်တယ်လို့လည်း ဆိုပါတယ်။ ဘယ်လိုလူကို ယုံကြည်ထိုက်သလဲဆိုတာကအစ အပြင်မှာ နိုင်ငံရေးကိစ္စ မပြောဖို့အထိ သင်ကြားပေးတာပါ။ ဒါပေမဲ့ အိမ်မှာဝင်ထွက်နေတဲ့ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ၊ ဆဲဗင်းဇူလိုင်နဲ့ ဖြုတ်ထုတ်သတ်မှာ ပါသွားတဲ့ ကျောင်းသားတွေရဲ့ မိဘဆွေမျိုးတွေ ပြောဆိုသံတွေကိုတော့ ထမင်းစားခန်းထဲမှာ စာကျက်ရတဲ့ သူ့သားသမီးတွေ ကြားခဲ့ ရပါတယ်။

ဓာတ်ပုံ မူပိုင် Yvan Cohen
Image caption ဗိုလ်ကျော်ဇောအိမ်ကို ထောက်လှမ်းရေးကားနဲ့ ရောက်လာတဲ့ ဦးကြည်မောင်

ဒီထဲက လေထီးဗိုလ်အုန်းမောင်၊ ဗန်းမော်တင်အောင်၊ ပြည်သူ့ရဲဘော်ခေါင်းဆောင် ဗိုလ်အောင်နိုင်စတဲ့ လေးစားစရာ နိုင်ငံရေးသမားကြီးတွေကို တွေ့ခဲ့ရပြီး သူတို့ဆီက သင်ယူခဲ့ရတယ်လို့လည်း ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။ သခင်ကိုယ်တော်မှိုင်း ကျန်းမာရေး ချို့ယွင်း လာပြီးနောက်ပိုင်း ဗိုလ်ကျော်ဇောအိမ်မှာ ငြိမ်းချမ်းရေးအစည်းအဝေးတွေ ပြောင်းရွှေ့ကျင်းပရာမှာ ဒီလိုပုဂ္ဂိုလ်တွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ကြည်မောင်နဲ့ မြတ်ထန် စတဲ့ တပ်က ထွက်ရတဲ့ တခြားတပ်မှူးတွေလည်း သူတို့အိမ်ကို ဝင်ထွက်လေ့ရှိပါတယ်။ ဗိုလ်ကျော်ဇောလိုပဲ တပ်ကထွက်ပြီးနောက် စောင့်ကြည့်ခံနေရတဲ့ ဗိုလ်မှူးကြီးဟောင်း ကြည်မောင်ဟာ သူ့အိမ်ရှေ့မှာ စောင့်နေတဲ့ ထောက်လှမ်းရေးကားကို ခေါ်ပြီး ဗိုလ်ကျော်ဇောအိမ်ကို လာလည်ခဲ့ဖူးပါတယ်။

၁၉၆၂ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ဖမ်းဆီးမှုတွေ ပိုဖြစ်လာပြီးနောက် ဗိုလ်ကျော်ဇောဟာ မိသားစုကို ပိုပြီး ဂရုစိုက်ကြဖို့ သတိပေးခဲ့ပါတယ်။ အောင်ကျော်ဇောနဲ့ ကျော်ဇောဦးဆိုတဲ့ သားနှစ်ယောက် နိုင်ငံရေးနဲ့ ပတ်သက် နေမှန်း သိပေမယ့် သမီးဖြစ်သူကိုတော့ ဟိုကောင်နှစ်ကောင်နဲ့ နိုင်ငံရေးစကားမပြောနဲ့ လို့ တားမြစ်ခဲ့တာပါ။ ဒီလို သတိထားတဲ့ကြားက စာရေးဆရာ သခင်မြသန်းနာရေးမှာ ကွန်မြူနစ်ပါတီ အလံလွှမ်းတာမျိုးတွေ ဖြစ်လာတဲ့အတွက် စျာပန ကော်မတီမှာ ပါခဲ့တဲ့ သားနှစ်ယောက်ကို ဖမ်းဆီးမှာ စိုးရိမ်လာရပါတယ်။ သူတို့ကို တောထဲဆုတ်ခဲ့ဖို့လည်း ဗကပဘက်က ညွှန်ကြားနေပါပြီ။ ဒါပေမဲ့ သူတို့သွားတော့မယ်လို့ ဖခင်ဖြစ်သူကို ကျော်ဇောဦးကပြောချိန်မှာ ဗိုလ်ကျော်ဇောက သူပါလိုက်မယ်လို့ ဆိုပါတယ်။

Image caption တပ်မတော်အစ ရဲဘော်သုံးကျိပ်က

ရဲဘော်သုံးကျိပ်တွေ သူပုန်ထတဲ့ခေတ်

ဗိုလ်ကျော်ဇော မိသားစု တောခိုမှုအရင် ၁၉၆ဝ ကျော်ကလည်း ဗိုလ်လက်ျာနဲ့သူ့သား အောင်လက်ျာတို့ တောခိုပြီး ထိုင်းနယ်စပ် တောတွင်းမှာ လုပ်ကြံခံခဲ့ရသလို ဗိုလ်ရန်နိုင်ရဲ့ အမြွှာသား နှစ်ယောက်လည်း ဦးနုသူပုန်ထမှုအတွင်း တောတွင်း မှာ ကျဆုံးခဲ့ပါတယ်။ နောက် ရဲဘော်သုံးကျိပ်ကို ဗိုလ်အောင်ဆန်းနဲ့ ဂျပန်မှာ စတင်ခဲ့တဲ့ ဗိုလ်ရန်အောင်၊ သားနဲ့ တူ အားလုံးလည်း ပဲခူးရိုးမ ဗကပတောတွင်းမှာ ကျဆုံးသတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီလို ကြမ်းတမ်းမှုတွေ ရှိခဲ့တဲ့အတွက် မိသားစုတောခိုရေးကို အတော်စဉ်းစားခဲ့ရပါတယ်။ ၁၉၇၆ မှာ ဗိုလ်ကျော်ဇောဟာ ၅၇ နှစ်ရှိနေပြီး သမီးဖြစ်သူကလည်း ဆေးတက္ကသိုလ်မှာ ဆေးပညာ မဟာသိပ္ပံဘွဲ့ယူဖို့ ပြင်နေတာ ဖြစ်ပါတယ်။ နောက် ကျော်ဇောဦးကလည်း အိမ်ထောင်ကျပြီး သားတယောက်ရနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ကျော်ဇောဟာ စမ်းချောင်း မြောင်းမြလမ်းမှာပဲ အိမ်ကြီးတလုံးကို ရှိတဲ့အတွင်းပစ္စည်းတွေ ထုခွဲဝယ်ခဲ့တဲ့အတွက် ဦးနေဝင်းအစိုးရဘက်က ဒီလို တောခိုမယ်လို့ မျှော်လင့်မထားကြောင်းလည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ ဒီအိမ်ကြီးက ကြီးတဲ့အတွက် ထောက်လှမ်းရေးက ချောင်းမြောင်း နားထောင်လို့ မလွယ်သလို ကျော်ဇောဦးကလည်း ကျောက်မြောင်းမှာ သီးသန့်နေတဲ့ အတွက် သူအရင်ထွက်သွားတာကို အစိုးရက မသိလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် မြေး သူရိန်ကျော်ဇောရဲ့ တနှစ်ပြည့် မွေးနေ့ လုပ်ဖို့ စီစဉ်နေတယ်ဆိုပြီး အယောင်ပြကာ ဗိုလ်ကျော်ဇော ဇနီး၊ သမီး စန်းကျော်ဇော မိသားစုနဲ့ ချွေးမ၊ မြေးတို့ကလွဲပြီး ကျန်တဲ့ မိသားစုတတွေ တောခိုခဲ့ကြတာ ဖြစ်ပါတယ်။ တောမခိုဘဲ ကျန်နေရင် မဖမ်းလောက်ဘူး ယူဆရသူတွေပဲ ချန်ထားခဲ့တာ ဖြစ်ပါတယ်။ တောခိုချိန်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ အာဏာသိမ်းရန်ကြံစည်မှုနဲ့ တိုက်ဆိုင်နေလို့ ထောက်လှမ်းရေးတွေ အလုပ်ရှုပ်နေတဲ့အတွက် သူတို့ထွက်သွား တာလည်း မသိလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Dr Hla Kyawzaw
Image caption အစိုးရသတင်းစာပါ တောခိုတဲ့သတင်း

တောထဲ ရောက်တဲ့အခါမှာလည်း အဆင်မပြေမှုတွေ ရင်ဆိုင်ရပါတယ်။ မြို့ပေါ် ကျန်ခဲ့တဲ့ မိသားစုအတွက် စိတ်ပူရတာနဲ့ စိတ်မကောင်းဖြစ်တာတွေ ရှိသလို နယ်မြေသစ်မှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။ အဲဒီအချိန်က တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေး အရှိန်က နယ်စပ်မှာ ရိုက်ခတ်ဆဲ ရှိတဲ့အတွက် ပညာတတ်တွေအပေါ် အမြင်တိမ်းစောင်းတာတွေ ရှိခဲ့ပါတယ်။ ဒါကို ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာလှကျော်ဇော ကြုံခဲ့ရပါတယ်။

မြန်မာပြည်မှာ ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂက ငွေတွေပုံပေးတာတောင် မပျောက်နိုင်တဲ့အနေအထား ဖြစ်တာမို့ တော်လှန်ရေးထဲ ဝင်ပါခဲ့တာလို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ လွတ်မြောက်နယ်မြေမှာ တွေ့ရတဲ့ ရှမ်း၊ ဝ၊ ကိုးကန့်၊ ပအိုဝ်း စတဲ့ လူမျိုးစု တပ်ဖွဲ့ဝင်တွေ ပြောပြကြတဲ့ အစိုးရတပ်ရဲ့ ဖိနှိပ်မှုတွေကို သိလာရတဲ့အခါ သူတို့မိသားစု ကြုံရတာ စာမဖွဲ့လောက်ဘူးဆိုပြီး လက်ခံလာတဲ့အတွက် တော်လှန်ရေးမှာ ဆက်ပါဝင်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Dr Hla Kyawzaw
Image caption ကိုသက်ခိုင်နဲ့ ဒေါက်တာလှကျော်ဇော

ဗကပထိန်းချုပ်ဒေသမှာပဲ ကိုသက်ခိုင်ဆိုသူ ပါတီဝင်တယောက်နဲ့ ဒေါက်တာလှကျော်ဇော လက်ထပ်ခဲ့ပါတယ်။ မြေအောက်ယူဂျီအဖြစ် ပြည်မကို ဆင်းလေ့ရှိတဲ့ ကိုသက်ခိုင်ဟာ ၁၉၈၈ မှာလည်း သူတာဝန်ကျတဲ့ မန္တလေးဘက်ကို ဆင်းသွားရာက အနှစ် ၂ဝ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာပြီးနောက်မှာလည်း မန္တလေးမြို့မှာ နေထိုင်လျက် ရှိပါတယ်။ သူသွားမယ် ဆိုတဲ့အချိန်က သူ့ကို ပြည်တွင်းမှာ ဗိုလ်ကျော်ဇောသမက်လို့ ပေါက်ကြားနေပြီ ဖြစ်လို့ သူ့လုံခြုံရေးအတွက် တခြားလူကို လွှတ်ဖို့ ပါတီထဲက တောင်းဆိုတာတွေ ရှိပေမယ့် ကိုသက်ခိုင် ကိုယ်တိုင် ဆန္ဒပြုပြီး သွားခဲ့တာလို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ တော်လှန်ရေးထဲ ဝင်လာကတည်းက မိသားစုဝင်တွေ အဖမ်းခံရတာတွေ ကြုံလာရင် သူတို့ကို ကယ်ဖို့ မစဉ်းစားဘဲ ကိုယ့်အသက်ကိုယ်သာ လွတ်အောင်ပြေးဖို့ ဖခင်ဖြစ်သူ ဗိုလ်ကျော်ဇောက သတိပေးခဲ့ဖူးတယ်လို့ သိရပါတယ်။ ဗိုလ်ကျော်ဇောဇနီးနဲ့အတူ တောထဲလိုက်လာတဲ့ တူ ရဲဘော်ထွန်းမြတ်လည်း ၁၉၈၈ အုံကြွမှု အပြီးမှာ ပါတီတာဝန်နဲ့သွားရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။

တောထဲရောက်စက မြေအောက်တော်လှန်ရေးသွားရင်း ကျဆုံးခဲ့တဲ့ ဗကပရဲဘော်တွေရဲ့ မိသားစုတွေကို တွေ့တဲ့အခါတိုင်း ငါလည်းတနေ့ ဒါမျိုးကြုံရနိုင်တယ်လို့ ဒေါက်တာလှကျော်ဇော တွေးခဲ့ဖူးပါတယ်။ အနှစ် ၃ဝ ကျော်ကွဲသွားတဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက် ပြန်တွေ့ဖို့ လမ်းစကလည်း မရှိသေးပါဘူး။

နွေဦးမြို့တော်မှာ ခိုလှုံ

၁၉၈၈ အရေးအခင်းနောက်ပိုင်း ရန်ကုန်မှာ ကျန်ခဲ့တဲ့ စီးပွားရေးတက္ကသိုလ်ဆရာမ ဒေါ်စန်းကျော်ဇော အဖမ်းခံခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ဆီကို ကွန်မြူနစ်ပါတီက ပေးတဲ့စာကို ပို့မှုနဲ့ ဖမ်းတယ်လို့ ပြောဆိုမှုတွေ ရှိပေမယ့် တကယ်က တောထဲမှာ စားဝတ်နေရေး အဆင်မပြေတဲ့ အမေဖြစ်သူက သူ့အတွင်းပစ္စည်းတချို့ ပို့ပေးဖို့ ပြောလို့ ကွန်မြူနစ်ခေါင်းဆောင်ဟောင်း သခင်ဇင်ရဲ့ဇနီး ဒေါ်ကြည်ကြည်ကတဆင့် ပို့ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ဒေါ်စန်းကျော်ဇောနဲ့ ဒေါ်ကြည်ကြည် ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာချိန်မှာတော့ ဒေါ်စန်းကျော်ဇောမိသားစု သြစတြေးလျကို ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Dr Hla Kyawzaw
Image caption ဗိုလ်ကျော်ဇောနဲ့ ဇနီး ဒေါ်သန်းစိန်

ကျွန်မအဖေနဲ့အမေက ငါးပိစားပြီး ကျွန်မကို ပညာသင်ပေးခဲ့တာ၊ တောထဲမှာ ဆင်းရဲနေတယ်ဆိုပြီး လှမ်းတောင်းတော့ သူတို့ပစ္စည်း သူတို့တောင်းတာ ကျွန်မက မပေးလို့ ဘယ်ဖြစ်မလဲ လို့ စစ်ဆေးတဲ့ ထောက်လှမ်းရေးကို ဒေါ်စန်းကျော်ဇောက ပြောခဲ့တယ်လို့လည်း အစ်မဖြစ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ အဲဒီအချိန်က ဗိုလ်ကျော်ဇော အစာအိမ်ပေါက်ပြီး အသက်လုကယ်ထားခဲ့ရာမှာ ပြန်လည်ကျန်းမာရေးအတွက် ငွေလိုလို့ ဇနီးဖြစ်သူက ရန်ကုန် က သမီးဆီက တောင်းခဲ့ပုံရပါတယ်။

၁၉၈၉ မှာ ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် ဗိုလ်ကျော်ဇောမိသားစုလည်း ထပ်ပြီး တကွဲတပြားဖြစ်ခဲ့ပါတယ်။ ဗိုလ်ကျော်ဇောနဲ့ဇနီး၊ သမီးတို့ကို တရုတ်အစိုးရက ယူနန်ပြည်နယ် မြို့တော်ကူမင်းမှာ နေခွင့်ပြုခဲ့ပြီး သားနှစ်ယောက်ကတော့ နယ်စပ်မှာ နေကြပါတယ်။ ဒါပေမဲ့ မိဘတွေ နေမကောင်းရင်တော့ သားတွေက လာပြီး ပြုစုကြပါတယ်။

ဒီလိုနဲ့ အသက် ၉ဝ ကျော်မှာ ဗိုလ်ကျော်ဇောကွယ်လွန်ခဲ့ပါတယ်။ မဆုံးခင်မှာ ဇနီးသည်ကွယ်လွန်တာကို သိပေမယ့် အဝေးမှာနေတဲ့ သားကျော်ဇောဦး ၂ဝဝ၅ ခုနှစ်ကဆုံးတာကိုတော့ ပေးမသိခဲ့ဘူးလို့ သမီးဖြစ်သူက ပြောပါတယ်။ ဒါပေမဲ့ ကျော်ဇောဦးရဲ့ သားဖြစ်သူ လာတဲ့အခါ မင်းအဖေဆီရောက်ခဲ့လားလို့ အဘိုးက မေးသေးလား လို့ အဒေါ်က မေးကြည့်ရာမှာတော့ မမေးတော့ကြောင်း ပြောပါတယ်။ ဗိုလ်ကျော်ဇောဟာ သူ့သားဆုံးတာကို တနည်းနည်းနဲ့ သိသွားခဲ့ပုံ ပေါ်ပါတယ်။

ဓာတ်ပုံ မူပိုင် Dr Hla Kyawzaw
Image caption တရုတ်ပြည်ရောက် ဗိုလ်ကျော်ဇောမိသားစု

မကွယ်လွန်ခင် ဦးသိန်းစိန်ခေတ် နိုင်ငံရေးအပြောင်းအလဲမှာ ပြန်သွားသူတချို့က ဗိုလ်ကျော်ဇောကို ပြန်လာအောင် ဖိတ်ဖို့ အစိုးရကို တိုက်တွန်းတာတွေလည်း ရှိခဲ့ပါတယ်။ ဒီသတင်းတွေကို သမီးဖြစ်သူက ပြန်ပြောပြပြီး ဖခင်ကို မြန်မာပြည် ရောက်ရင် ဘာလုပ်မလဲ မေးတဲ့အခါမှာ ရွှေတိဂုံဘုရား တက်ဖူးမယ်လို့ ဗိုလ်ကျော်ဇောက ပြောပါတယ်။ နောက် ဒီသတင်းကို ကြားတဲ့ ဦးသိန်းစိန်အစိုးရထဲက ဝန်ကြီး ဦးအောင်မင်းက ဒေါက်တာလှကျော်ဇောကို ဖုန်းဆက်ပြီး ပြန်လာဖို့ ဖိတ်သလို ကျန်းမာရေးအတွက် ဘာအကူအညီလိုသလဲ မေးပါတယ်။ ဗိုလ်ကျော်ဇော ကွယ်လွန်ပြီးနောက်မှာလည်း ပြန်လာလိုက ပြန်လာဖို့ ဦးအောင်မင်းက ဒေါက်တာလှကျော်ဇောကို ဆက်ပြီးဖိတ်ပါတယ်။ နာမည်ပျက်စာရင်း ကလည်း ဖယ်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဦးအောင်မင်းကမ်းလှမ်းမှုမှာလည်း နှစ်ပတ်လောက် နေဖို့ ကမ်းလှမ်းတာမျိုးလို့ ကြားကြောင်း မိသားစုဘက်က ပြောပါတယ်။ သူတို့ယုံကြည်ရာ ကွန်မြူနစ်ဝါဒကို မြန်မာပြည် မှာ လွတ်လွတ်လပ်လပ် ပြောဆိုစည်းရုံးလို့ မရတဲ့ အနေအထားမျိုး၊ ကွန်မြူနစ်ပါတီကို နာမည်ပျက်စာရင်းက မဖျက်သေးတဲ့ အချိန်မျိုးမှာလည်း ပြန်လိုတဲ့ဆန္ဒမရှိကြပါဘူး။ လက်ရှိ အစိုးရလက်ထက် မှာတော့ ထပ်မံကမ်းလှမ်းမှုမရှိဘူးလို့ ဆိုပါတယ်။

ဒီအရင်ကလည်း အလားတူစကားမျိုးကို စစ်အစိုးရ ခေါင်းဆောင်တွေထဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ဘက်က ကမ်းလှမ်းတာတွေ ရှိခဲ့တယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ ဒါပေမဲ့ တိုက်ရိုက် ကမ်းလှမ်းတာမဟုတ်ဘဲ ပြည်ပရောက် မြန်မာတချို့က တဆင့် မြန်မာပြည်အတွင်း ပြောင်းလဲမှုတွေ လာကြည့်ဖို့ ကမ်းလှမ်းတာမျိုး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Dr Hla Kyawzaw
Image caption ရွှေတိဂုံပုံတော်အောက်က ဗိုလ်ကျော်ဇော

လမ်းစဉ်ပါတီအစိုးရခေတ်မှာ အဖမ်းခံရမှာစိုးလို့ တော်လှန်ရေးနယ်မြေမှာ သေသေရှင်ရှင်ဆိုပြီး ထွက်လာခဲ့တဲ့ ဗိုလ်ကျော်ဇောမိသားစုဟာ အနှစ် ၄ဝ ကျော်ပြီးနောက် တရုတ်ပြည်မှာ ဆက်လက်နေထိုင်ဆဲ ဖြစ်ပါတယ်။ ဒီအတွက် ထွက်လာခဲ့တာ တန်တယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ ရန်ကုန်မှာနေစဉ် ဦးသန့်အရေးအခင်းအတွင်း ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ကျနေတဲ့ ဒေါက်တာလှကျော်ဇော ပြောတဲ့ စကားတခွန်းကြောင့် နောက်ရက်တွေမှာ သူ့ကို ဖမ်းတယ် ဆိုတဲ့ သတင်းထွက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဗိုလ်ကျော်ဇောတို့ ဇနီးမောင်နှံရဲ့ ရွှေတိဂုံဖူးချင်တဲ့ ဆန္ဒကတော့ ပြည့်မသွားခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးဖိနှိပ်မှုကို ဘယ်ခေတ်မှ ခေါင်းငုံ့မခံဘဲ တွန်းလှန်ချင်စိတ်ကိုတော့ မိသားစုလိုက် ပြသခဲ့ကြပါတယ်။