မြန်မာ့အစားအစာခေတ်မီရေးနဲ့ ဒေါက်တာမြင့်မြင့်ခင်

burma ဓာတ်ပုံ မူပိုင် Thierry Falise
Image caption မြန်မာတွေကြိုက်တဲ့ မုန့်ဟင်းခါး

ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ပညာသင် နေထိုင်ခဲ့ဖူးပြီး အိန္ဒိယ၊ မလေးရှား စတဲ့နိုင်ငံတွေမှာ အလုပ်လုပ်ခဲ့တဲ့ ဒေါက်တာ မြင့်မြင့်ခင်ကို ပါမောက္ခဆရာဝန်၊ စာရေးဆရာဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ လူသိ များပါတယ်။

တကယ်က ဒေါက်တာ မြင့်မြင့်ခင်ဟာ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ စာပေတွေ ရေးသားခဲ့ရုံသာမက မြန်မာအစားအစာကို ခေတ်မီအောင် ကြိုးစားခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့ပေမယ့် သူကိုယ်တိုင် မြန်မာ မုန့်ပဲ သရေစာတွေကို နှစ်နှစ်ခြိုက်ခြိုက် စားတတ်သူ ဖြစ်ပါတယ်။ မန္တလေးမှာ ပါမောက္ခအဖြစ် နေထိုင်ခဲ့စဉ်က လမ်းဘေးက အကြော်ဆိုင်မှာ သူထိုင်ပြီး စားနေတာကို တွေ့ဖူးတဲ့ တပည့် ဆရာဝန်တွေ ရှိခဲ့ပါတယ်။

ဒါကြောင့် မြန်မာပြည် တံခါးဖွင့်ချိန်မှာ ပြည်ပက အမြန်စာလို့ ခေါ်တဲ့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ ဝင်လာ ခေတ်စားလာတာတွေကို သူ မကွယ်လွန်ခင် တလျှောက်လုံး ထောက်ပြ ဝေဖန်ခဲ့ပါတယ်။တချိန်တည်းမှာပဲ ဆီနဲ့ အငန်ဓာတ်များတဲ့ မြန်မာစားဓလေ့ကိုလည်း ပြင်ဖို့ သူ သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Jerry Redfern
Image caption လွယ်မွေက ရှမ်းခေါက်ဆွဲ

သက်ရှည်ကျန်းမာ မြန်မာ့အစာ

နောက်ပြီး မြန်မာပြည်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ စားဖို့ ပညာပေးရာမှာ မြန်မာပြည်မှာ လွယ်လွယ်ရနိုင်တဲ့ အစားအစာထက် ပြည်ပက တင်သွင်းရတဲ့ အစားအသောက်တွေကို အရေးပေး ပြောဆိုတာတွေ ကိုလည်း ဒေါက်တာ မြင့်မြင့်ခင်က မနှစ်သက်ပါဘူး။

တကယ်တော့ မြန်မာ့အစာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် လုပ်ရာမှာ ပြင်းပြင်းထန်ထန် ထူးထူးခြားခြား ပြောင်းစရာ သိပ်မရှိဘူးလို့ ဒေါက်တာမြင့်မြင့်ခင်က သက်ရှည်ကျန်းမာ မြန်မာ့အစာ စာအုပ်မှာ ရေးသား ခဲ့ပါတယ်။ မြန်မာတွေ စားတဲ့ အစားအစာမှာ အသားနီလို့ ခေါ်တဲ့ ဝက်၊ အမဲ၊ ဆိတ်သားတွေကို အများအပြားစားတာ၊ ဆီဦးထောပတ်တွေ အလွန်အကျူးစားတာ စတဲ့ အိမ်နီးချင်း နိုင်ငံတချို့မှာ ရှိတဲ့ စားဓလေ့မျိုး မရှိခဲ့လို့ အရွက်နဲ့ ငါးကို အားပြုစားတဲ့ မြန်မာ့ဓလေ့ကို သူအားပေးလိုပုံရပါတယ်။

ကမ္ဘာပြုမှုဆိုတဲ့ အရှေ့အနောက်က နေမှုပုံစံတွေ မြန်မာပြည်မှာ လွှမ်းမိုးလာတဲ့အခါ ဝင်လာတဲ့ အစားအသောက်ဆန်းတွေကြောင့် ဒီနဂိုအစားအသောက် ဓလေ့ကောင်းတွေ ပျောက်သွားမှာကို ဒေါက်တာမြင့်မြင့်ခင် စိုးရိမ် ခဲ့ပါတယ်။ ဒါကြောင့် ခိုတောင်မုန့်တီ မုန့်ဟင်းခါး ပုရစ်ကြော် စတဲ့ မြန်မာအစားအသောက်တွေအကြောင်း ဆောင်းပါးတွေရေးပြီး ဒီအစာတွေမှာ ပါတဲ့ အာဟာရတန်ဖိုးကို တွက်ချက်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Pacific Press
Image caption ပုရစ်ရဲ့ အာဟာရတန်ဖိုးကို တွက်ချက်ပြခဲ့

ဒုတိယကမ္ဘာစစ် မဖြစ်ခင်က ဓာတုဗေဒဝန် ဦးချစ်သောင်က မြန်မာတွေ အဓိကအားပြုစားတဲ့ ငါးပိကို အာဟာရဓာတ်ခွဲပြခဲ့ဖူးသလို ဒေါက်တာမြင့်မြင့်ခင်ကလည်း မြန်မာတွေ စားတဲ့ အစားအသောက်မှာ အသားမများ ပေမယ့် အာဟာရတန်ဖိုးအရ မနည်းကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်ဖို့ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ၊ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံတွေ၊ ငါးနဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို ဦးစားပေးပြီး စားဖို့ လိုတယ်လို့ ဒေါက်တာမြင့်မြင့်ခင်က ရေးပါတယ်။ လက်ရှိ ကမ္ဘာ့အစားအသောက် ရေစီးမှာလည်း ရာသီဥတုပြောင်းလဲမှုမှာ အသားစားသုံးမှု လျှော့ချဖို့ ပြောဆိုရေးသားတာတွေ ရှိပါတယ်။ မြန်မာတွေ စားတဲ့အထဲမှာ ဒီလိုအစားအသောက်တွေ ပါနေကျဖြစ်တဲ့အတွက် အာဟာရ ဓာတ်စုံအောင် သတိပြုပြီး စားကြဖို့ သူကရေးခဲ့ပါတယ် ။

ဓာတ်ပုံ မူပိုင် PHILIPPE HUGUEN
Image caption တိရစ္ဆာန်မွေးမြူရေး အကြီးအကျယ်လုပ်လို့ ပတ်ဝန်းကျင်ထိခိုက်

သားပြွမ်းဟင်းရဲ့ ကောင်းကျိုး

ဒေါက်တာမြင့်မြင့်ခင် အဓိက ပြောတဲ့အထဲမှာ အသားနဲ့ အသီးအရွက်တွေ ရောပြီးချက်ပြုတ်တဲ့နည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကစပြီး အသားစားများမှ ကျန်းမာပြီး ခွန်အားဗလကြံ့ခိုင်တယ်ဆိုတဲ့ အနောက်တိုင်းကလာတဲ့ ကျန်းမာရေးအသိပညာက မဟာဆွေစတဲ့ မြန်မာစာရေးဆရာတွေကြားမှာ ကြီးစိုးခဲ့ပါတယ်။ အသားများများ မစားနိုင်တဲ့ အောက်ခြေလူတန်းစားတွေအတွက် သူတို့လက်လှမ်းမီတဲ့ အစားအသောက်တွေကနေ အာဟာရဓာတ်ပြည့်အောင် ရဖို့ ပညာပေးတာတွေကိုတော့ ဒီဘက်နောက်ပိုင်းမှ ပိုတွေ့လာရတာ ဖြစ်ပါတယ်။

ဒါကြောင့် အသားချည်းသက်သက် ဆီပြန်ချက်စားတဲ့ အိန္ဒိယပုံစံ စားဓလေ့ကနေ အသားနဲ့ ဘူးသီး၊ ခရမ်းသီး၊ ပဲ စတာတွေ ရောချက်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားဓလေ့ကို ဒေါက်တာမြင့်မြင့်ခင်က ထောက်ပြ ခဲ့ပါတယ်။ ဒါဟာ အသားစျေးကြီးတဲ့ မြန်မာပြည်မှာ မိသားစု စားအိုးအတွက် ဟင်းပွားရုံသာမက အာဟာရလည်း ပြည့်ဝပါတယ်။

အာဟာရဓာတ်စုံအောင် အသားနဲ့ ဆန်ထမင်းအားပြုစားတာထက် အညာဘက်မှာ ပေါတဲ့ ပဲမျိုးစုံကို စားကြဖို့နဲ့ အန်တီအောက်ဆီဒန့်ခေါ် ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ ဓာတ်တမျိုး ပါဝင်တဲ့ ဒန့်ဒလွန်ရွက်၊ ခါချက်ခေါ် ဥဝါ၊ ပဲပင်ပေါက် စတာတွေ စားကြဖို့ ဒေါက်တာ မြင့်မြင့်ခင်က ရေးပါတယ်။

ဓာတ်ပုံ မူပိုင် Pierre Barbier
Image caption ဆီကြော်တွေ အမြဲစားသင့်သလား

မသန့်တဲ့ဆီနဲ့ အငန်

မြန်မာတွေ နေ့စဉ်စားနေတဲ့ အစာတွေထဲမှာ ဆီကြော်မုန့်တွေ များတာကိုလည်း သတိထားကြဖို့ ဒေါက်တာ မြင့်မြင့်ခင်က ဆိုပါတယ်။ မနက်အိပ်ရာထမှာ စားတဲ့ မုန့်ဟင်းခါးထဲက အကြော်၊ စမူဆာ၊ ထပ်တရာ စတဲ့ မုန့်တွေဟာ အပြင်ဆိုင်တွေက ကြော်တာများပြီး သုံးပြီးသားဆီတွေ ထပ်ခါထပ်ခါ သုံးတဲ့ ဆိုးကျိုးကို သူက ထောက်ပြပါတယ်။

မြန်မာအစားအသောက်ဟာ အရှေ့တောင်အာရှမှာ ဆီအများဆုံးသုံးတဲ့ အစားအသောက် ဖြစ်နေလို့ ဒါကိုပြုပြင်ဖို့ ဒေါက်တာမြင့်မြင့်ခင်က နှိုးဆော်ပါတယ်။ ထားဝယ်၊ ရခိုင်နဲ့ ကချင်စတဲ့ လူမျိုးစု အစားအသောက်တွေမှာ ပြည်မက မြန်မာတွေ စားတဲ့ဓလေ့ထက် ဆီသုံးနည်းတာကိုလည်း သူက ချီးကျူးခဲ့ပါတယ်။ အပြုတ်နဲ့ အသုပ်၊ မီးအုံးစတဲ့ ဆီနည်းတဲ့ လူမျိုးစု အစားအသောက်တွေ ပြည်မမှာ ခေတ်စားလာတာဟာလည်း ဆီများတဲ့ မြန်မာအစာကို ငြီးငွေ့လာတဲ့ ခေတ်ရဲ့ ထင်ဟပ်ချက် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Nyeinchan Seinelann
Image caption အသက် ၉ဝ ကျော်ထိ ပညာပေးဟောပြောပွဲတွေ လုပ်ခဲ့တဲ့ ဆေးပါမောက္ခဒေါ်မြင့်မြင့်ခင်

နောက် အငန်ဓာတ်ကို အားပေးတဲ့ မြန်မာစားဓလေ့ကိုလည်း ပြင်ဖို့ အားပေးပါတယ်။ ငါးပိငါးခြောက် ငံပြာရည်ကို အားပြုစားတဲ့ မြန်မာအစားအသောက်ကြောင့် သွေးတိုး၊ နှလုံး၊ လေငန်းစတဲ့ ရောဂါတွေ ဖြစ်နိုင်တဲ့ အတွက် အငန်စားတဲ့ဓလေ့ကို လျှော့ချဖို့ သူကတိုက်တွန်းပါတယ်။ ငါးပုစွန်က ထွက်တဲ့အငန်စာတွေထက် ပုန်းရည်နဲ့ ခရမ်းချဉ်သီးထောင်း ပန်ထွေဖျော်လို အစာကို အားပေးဖို့လည်း ရေးပါတယ်။

ဒါကြောင့် မြန်မာအစားအသောက် ပြည်ပမှာ မြှင့်တင်ရာမှာ ဆီလျှော့သုံးဖို့၊ အငန်လျှော့ထည့်ပြီး ဟင်းသီးဟင်းရွက်များများသုံးဖို့ စတဲ့ အမြင်တွေ ဖြစ်လာတာဟာ ဒေါက်တာမြင့်မြင့်ခင် မကွယ်လွန်ခင်က ကြိုတင်ရေးခဲ့ တာတွေနဲ့ ကိုက်ညီနေပါတယ်။ မဟုတ်ရင်တော့ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယားစတဲ့ အနောက်တိုင်းမှာ ခေတ်စားနေတဲ့ အာရှစာတွေကြားမှာ မြန်မာစာ ဝင်တိုးဖို့ ခက်နိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Thierry Falise
Image caption လူအများစု လက်လှမ်းမီတဲ့ ရိုးရာအစားအသောက်

သိက္ခာရှိတဲ့ မုန့်ဟင်းခါးလိုနေ

နောက်မြန်မာအစားအသောက်မှာ ပိုးသတ်ဆေးနဲ့ တခြားအဆိပ်အတောက်တွေ ကင်းရှင်းရေး၊ ဆီအရောအနှောတွေ ရောင်းချတာကို တားမြစ်ရေး စတဲ့ ကိစ္စတွေလည်း လုပ်ဖို့ရှိနေပါတယ်။ လမ်းဘေးမှာ ရောင်းတဲ့ အစားအစာတွေ သန့်ရှင်းရေးကို သေချာကြပ်မတ်ဖို့ လိုပါသေးတယ်။ ဒါတွေကို အစိုးရနဲ့ ပြည်သူတွေ သတိမူလာမိအောင် ခေါင်းလောင်းထိုး သတိပေးမယ့် ဒေါက်တာမြင့်မြင့်ခင်လို ပညာရှင်တွေ လိုအပ်နေပါတယ်။

သူဟာ သမ္မတဟောင်း ဒေါက်တာမောင်မောင်နဲ့အတူ နှုတ်ဖြေစာမေးပွဲမှာ အင်္ဂလိပ်စာ ဘီအေဘွဲ့ရခဲ့သူဖြစ်လို့ အင်္ဂလိပ်စာပေဘက်မှာ နှံ့စပ်ရုံသာမက မြန်မာစာ ဖတ်ရှုတာကိုလည်း ဝါသနာထုံပါတယ်။

ပြီးတော့ ဒေါက်တာမြင့်မြင့်ခင်ဟာ မြန်မာဟင်းရဲ့ အရေးကြီးတဲ့ အနှစ်ကို အချိန်တိုနဲ့ လုပ်နိုင်ဖို့ သုတေသနပြုခဲ့တဲ့ ကျန်းမာရေး ပညာရှင်တယောက် ဖြစ်ပါတယ်။ ဒါကလည်း ဟင်းအနှစ်ထုပ် သေချာမထုတ်နိုင်သေးတဲ့ မြန်မာပြည် မှာ အချိန်တိုတိုနဲ့ စားစရာဖန်တီးဖို့ အရေးကြီးတဲ့အတွက် လေ့လာတာပါ။ နောက် ပါမောက္ခဘဝနဲ့ တာဝန်ထမ်းဆောင်နေတုန်း မန္တလေးဆင်ခြေဖုံးမှာ ရှိတဲ့ ရပ်ကွက်တွေက လူတွေရဲ့ ဘဝကို သူသွားပြီး လေ့လာ တတ်ပါတယ်။

ဓာတ်ပုံ မူပိုင် Tessa Bunney
Image caption အာဟာရနဲ့ ပြည့်စုံတဲ့ တိုဟူး

တဘက်မှာလည်း အစားအသောက်အကြောင်း အပြင် သူ အလေးထားတဲ့ ပြည်သူတွေ ကျန်းမာရေး အသိပညာတိုးတက်ဖို့ အရပ်သုံးစကားတွေနဲ့ ပညာပေးစာအုပ်တွေ ရေးခဲ့ပါတယ်။ ဒီထဲမှာ အေအိုင်ဒီအက်စ်ရောဂါ အကြောင်း အစောဆုံး ရေးခဲ့တဲ့တအုပ်ဖြစ်တဲ့ လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း နဲ့ ကင်ဆာ ဆေးလိပ်အကြောင်း ဖြစ်ကြောင်းကုန်စင် စတဲ့စာအုပ်တွေ ပါပါတယ်။

နောက် မြန်မာလူငယ်တွေ အင်္ဂလိပ်စာနဲ့ သိပ္ပံပညာလိုက်စားဖို့ ပညာရေး ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ ဒီဆောင်းပါးတွေဟာ ၂ဝ၁၂ မြန်မာပြည် တံခါးဖွင့်ချိန်မှာ မူဝါဒပိုင်း အပြောင်းအလဲဖြစ်ဖို့ တွန်းအားပေးခဲ့တယ်လို့ ဒေါက်တာမြင့်မြင့်ခင်ကွယ်လွန်ချိန်မှာ အမှတ်တရ ရေးကြတာကိုလည်း တွေ့ရပါတယ်။

အခုလည်း ဒေါက်တာမြင့်မြင့်ခင် အားပေးခဲ့တဲ့ ကျန်းမာရေးနဲ့ညီပြီး မြန်မာလူနေမှုနဲ့ မစိမ်းတဲ့ အစားဓလေ့ ပေါ်ထွန်းလာဖို့ တွန်းအားပေးဖို့ လိုအပ်နေပါတယ်။ ဒါမှ အသားကင်နဲ့ အမြန်စာလို့ ခေါ်တဲ့ ဟမ်ဘာဂါ၊ ပီဇာ စတဲ့ အနောက်တိုင်းက ကျန်းမာရေးနဲ့ မညီတဲ့ အစာတွေ၊ ပလတ်စတစ်နဲ့ ထုပ်တဲ့ သရေစာမုန့်တွေ လူငယ်တွေကြား လွှမ်းမိုးနေတာကို တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption အခြေခံလူတန်းစားတွေ လက်လှမ်းမီတဲ့ ပျံကျစျေး