၂၀၂၀ မှာ မြန်မာကိုစောင့်ကြိုနေတဲ့ စိန်ခေါ်မှု (၅) ခု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ နိုင်ငံရဲ့ကျန်းမာရေးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက သတ်မှတ်ထားတာပါ။ ဓာတ်ပုံ မူပိုင် KOEN VAN WEEL /ANP/AFP via Getty Images
Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ နိုင်ငံရဲ့ကျန်းမာရေးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက သတ်မှတ်ထားတာပါ။

၂၀၁၉ ဟာ မြန်မာနိုင်ငံအတွက် အခက်ခဲဆုံးနဲ့ စိန်ခေါ်မှုတွေများစွာ ကျော်ဖြတ်ခဲ့ရတဲ့နှစ်လို့ ဆိုရမှာပါ။ နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံရဲ့ ပုံရိပ်ကျဆင်းခဲ့ပါတယ်။

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကတိဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း ကြိုးပမ်းလာချိန်မှာ အတိုက်အခံ အင်အားစုတွေရဲ့ ကန့်ကွက်မှု တွေကို ပြင်းပြင်းထန်ထန် ကြုံခဲ့ရပြီး လွှတ်တော်တွင်း အခြေခံဥပဒေ စကားစစ်ထိုးပွဲတွေ စတင်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဘက်ကြည့်ရင်လည်း ဒီနှစ်ထဲ အပစ်ရပ်စာချုပ်လေးနှစ်ပြည့်ပွဲလုပ်နိုင်ခဲ့တာကလွဲလို့ တစ်နှစ်ကျော်ကြာ ရပ်တန့်နေတဲ့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်စဖို့ ရုန်းကန်ခဲ့ရသလို ခြောက်လတစ်ကြိမ်လုပ်ဖို့ စီစဉ်ထားတဲ့ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်တဲ့အနေအထား မရှိခဲ့ပါဘူး။

စစ်ရေးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အေ)နဲ့ တိုက်ပွဲတွေ တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းနိုင်ခဲ့ပေမယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ရခိုင်မှာ စစ်နယ်ပိုကျယ်ပြန့်လာနေပါတယ်။

ဒါ့အပြင် အပစ်ရပ်လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တိုက်ပွဲတွေ ကြိုကြား ကြိုကြား ပြန်ပြန်ဖြစ်လာပြီး စစ်ဘောင်ပိုမကျယ်လာဖို့ စောင့်ကြည့်နေရချိန်ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ လုပ်ဖို့ရှိနေပြီး မငြိမ်းချမ်းတဲ့ဒေသတွေမှာ ရွေးကောက်ပွဲ လုပ်နိုင်ပါ့မလားဆိုတဲ့ မရေရာမှုတွေလည်း ရှိနေသလို မြန်မာအစိုးရ ဆက်လက် ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ စောင့်နေပါပြီ။

ဒီစိန်ခေါ်မှုတွေက ဘာတွေလဲ။ ဒါကို မြန်မာက ဘယ်လို ရင်ဆိုင်ဖြတ်သန်းကြမလဲ။ ဘီဘီစီပရိသတ်တွေအတွက် စုစည်းတင်ပြလိုက်ပါတယ်။

(၁) အိုင်စီဂျေတရားရုံးဆုံးဖြတ်ချက်

ဓာတ်ပုံ မူပိုင် KOEN VAN WEEL
Image caption အိုင်စီဂျေရောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့

နိုင်ငံတကာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားတာဟာ ကမ္တာ့ သတင်းတွေမှာ ထိပ်တန်းရောက်ခဲ့ပါတယ်။

စိတ်လှုပ်ရှားစရာက ဂမ်ဘီယာနဲ့ မြန်မာ နှစ်နိုင်ငံတောင်းဆိုချက်တွေကို တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာပါ။

ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၀ ပြည့်နှစ် နှစ်သစ် ဦးဦးဖျားဖျားမှာပဲ ထွက်ပေါ်လာဖွယ်ရှိနေပြီး နှစ်သစ်မှာ မြန်မာနိုင်ငံကြုံတွေ့ရမယ့် ပထမဆုံး စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြုံလာသမျှကို အတူရင်ဆိုင်ကြတာပေါ့လို့ အိုင်စီဂျေအရေး ပြည်တွင်းမိန့်ခွန်းမှာ ပြောကြားထားပါတယ်။

ဓာတ်ပုံ မူပိုင် NurPhoto
Image caption အိုင်စီဂျေ တရားရုံးရှေ့မှာ မြန်မာကို ထောက်ခံတာရှိသလို ကန့်ကွက်မှုတွေလည်း ကြုံခဲ့ရပါတယ်။

တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရာမှာ အင်အားအလွန်အကျွံ သုံးတာမျိုး ရှိကောင်းရှိနိုင်ပေမယ့် ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုတော့ မဟုတ်ဘူးလို့ လျှောက်လဲခဲ့ပါတယ်။

ဒီလျှောက်လဲချက်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး စစ်တပ်ကို အကာအကွယ်ပေးတယ်လို့ စွပ်စွဲထားကြပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလိုဝေဖန်တာတွေကြုံနေရပေမယ့် ပြည်တွင်းမှာတော့ အိုင်စီဂျေတရားရုံးသွားမယ်လို့ ဆုံးဖြတ်ချက်ထုတ်ပြန်လိုက်ကတည်းက သူ့အပေါ် လူထုထောက်ခံမှု သိသိသာသာ မြင့်တက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တချိန်က မိတ်ရင်းဆွေရင်း အနောက်နိုင်ငံတွေထက် အခုချိန်မှာ အာရှနိုင်ငံတွေကိုပဲ အားကိုးရဖွယ်ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေမသွားခင် တစ်ရက်အလိုမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့မူလ အာရှခရီးစဉ်လျာထားချက်မှာ မပါတဲ့ မြန်မာနိုင်ငံကို ရုတ်တရတ် လာရောက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။ မြန်မာမှာ ဂျီနိုဆိုက်မရှိနိုင်ဘူးလို့ ဂျပန်သံအမတ်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောထားပါတယ်။

ဂျပန်ကတော့ ဒေါ်အောင်စုကြည် တရားရင်ဆိုင်မှုအပြီးမှာ အိုင်စီဂျေဘယ်လိုပဲဆုံးဖြတ်ပါစေ၊ မြန်မာကို ဆက်ကူညီမယ်လို့ပြောထားသလို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးကလည်း ရခိုင်ပြည်နယ်မှာ ဂျီနိုဆိုက်(လူမျိုးတုံးသတ်ဖြတ်မှု) ရှိခဲ့တယ်လို့ မထင်ဘူးလို့ ပြောပြီး မြန်မာဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူရပ်တည်ကြောင်း ထောက်ခံပွဲတွေ နိုင်ငံတဝန်း ပြုလုပ်ခဲ့ကြပြီး ဒီထောက်ခံပွဲမြင်ကွင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အန်အယ်လ်ဒီမဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေကို ပြန်ပြောင်းသတိရစရာဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption အမှုကို ကိုယ်တိုင် ရင်ဆိုင်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးတွက်ချက်မှုလို့ သုံးသပ်တာတွေ ရှိလာ

အိုင်စီဂျေမတိုင်မီက အစိုးရသက်တမ်း လေးနှစ်နီးပါးရှိလာတဲ့အထိ စီးပွားရေးအပါအဝင် ကဏ္ဍအချို့ ဖွံ့ဖြိုးတိုးတက်မှုအားနည်းတာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာ စတဲ့ မူဝါဒရေးရာနဲ့ အားနည်းချက်တွေကြောင့် အန်အယ်လ်ဒီ အစိုးရဟာ ဝေဖန်မှုတွေကြုံနေရတာပါ။

နိုင်ငံတကာမျက်နှာစာမှာ ဝေဖန်ထိုးနှက်မှုတွေ ပြင်းပြင်းထန်ထန်ရှိခဲ့ပေမယ့် လာမယ့် ၂၀၂၀ ရွေးကောက် ပွဲအတွက်တော့ ဒီအမှုကို ကိုယ်တိုင် ရင်ဆိုင်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးတွက်ချက်မှုလို့ သုံးသပ်တာတွေ ရှိလာပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မြန်မာကို ကုလ ရှုတ်ချထားပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်အပြီး မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်ရှိနေပြီး သူတို့နေရပ်ပြန်ရေးက နှစ်နှစ်ကျော်လာတဲ့အထိ မရေမရာဖြစ်သေးတာကလည်း လက်ရှိ အစိုးရ အတွက် ၂၀၂၀ ထဲမှာ ဖြေရှင်းရမယ့် စိန်ခေါ်မှု တစ်ခု ဖြစ်နေပါတယ်။

အိုင်စီဂျေတရားရုံးကြားနာမှုပြီးပြီးချင်းမှာပဲ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး မြန်မာအစိုးရ စီစဉ်ထားတဲ့ ဒုက္ခသည်ပြန်လည်နေရာချထားရေး အစီအမံတွေနဲ့ လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ကြပါတယ်။

ဒါနဲ့ဆို သုံးကြိမ်မြောက်ဖြစ်တဲ့ အဲဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေဘက်ကတောင်းဆိုတဲ့ တိုင်းရင်းသားဖြစ်ရေး၊ နိုင်ငံသားဖြစ်ခွင့်နဲ့ ရိုဟင်ဂျာအမည်ကို အသိအမှတ် ပြုသုံးစွဲရေး ဆိုတဲ့အချက်သုံးချက်ကို မြန်မာအစိုးရ ဘက်က လိုက်လျောနိုင်ခြင်းမရှိတာကြောင့် ဒီတွေ့ဆုံမှုကလည်း ရလဒ် တစ်စုံတစ်ရာ မရ ဖြစ်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တဲ့စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ မြန်မာအတွက် အိုင်စီဂျေအဆုံးအဖြတ်က ဒီကိစ္စနဲ့လည်း တိုက်ရိုက်ကို ဆက်စပ်နေတာကြောင့် ၂၀၂၀ ဟာ မြန်မာအတွက် ရိုဟင်ဂျာအရေးဟာ ဆက်ဖြေရှင်းဖို့ ခက်ခဲပြီး ခေါင်းစားဖွယ် အခြေအနေမှာ ရှိနေနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ရိုဟင်ဂျာတွေ တွေ့ဆုံဆွေးနွေးတာ သုံးကြိမ်ရှိပါပြီ

တကယ်လို့ အိုင်စီဂျေမှာ ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေဆက်မဖြစ်ဖို့ ကြားဖြတ်စီမံချက်တွေချမှတ်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ဘာဆက်ဖြစ်လာမှာပါလဲ။

အမှုရှုံးသွားတာမဟုတ်ဘဲ မြန်မာအနေနဲ့ ပင်မအမှုကြီးဖြစ်တဲ့ စွပ်စွဲချက်ကို ဆက်လက်ရင်ဆိုင်ရမှာဖြစ်သလို ဒီလိုရင်ဆိုင်ရာမှာ ဂမ်ဘီယာဘက်က သက်သေ အထောက်အထားမခိုင်မာတဲ့အတွက် မြန်မာက အရေးသာတယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေက ပြောကြားပါတယ်။ ဒါပေမယ့် ဒီပင်မအမှုကြီးက နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ အမှုကို လုံးဝပယ်ဖျက်ပေးဖို့နဲ့ တကယ်လို့ မပယ်ဖျက်နိုင်ရင် ကြားဖြတ်ဆောင်ရွက်ချက်တွေမချမှတ်ဖို့ ဆိုတာကို တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာလည်း မကြာ ခင် အဖြေထွက်လာမှာ ဖြစ်ပါတယ်။

(၂) လွှတ်တော်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

ဓာတ်ပုံ မူပိုင် THET AUNG
Image caption ဖွဲ့စည်းပုံပြင်ရေးနဲ့မပြင်ရေး ဆန္ဒပြပွဲတွေ တစ်ရက်တည်းတောင် လုပ်လာကြတဲ့အထိ ဖြစ်ခဲ့

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ဒီနှစ်ထဲမှာ လှုပ်လှုပ်ခတ်ခတ်အဖြစ်ဆုံး အကြောင်းအရာဖြစ်ခဲ့ပြီး လွှတ်တော်ထဲ စကားစစ်ထိုးပွဲ အသွင်ဆောင်တဲ့အထိ ပြင်းထန်ခဲ့တာပါ။

အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ရေးကို အစိုးရသက်တမ်း တစ်ဝက် ကျော်လာချိန်ကျမှ လွှတ်တော်မှာ အဆိုတင်တဲ့ အတွက် နောက်ကျခဲ့တယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဘာမှမလုပ်တာထက်စာရင်နောက်ကျတာက တော်ပါသေးတယ်ဆိုတဲ့ ရှုထောင့်ကနေ ထောက်ခံတာတွေလည်း ရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ မကြာခဏ တပ်မတော်က ထုတ်ဖော်ပြောကြားထားပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းအတွက် မဟုတ်ဘူးလို့ NLD ဘက်က ပြောကြားတာတွေရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲမှာ စတင်လိုက်တာနဲ့ တပြိုင်နက် ထောက်ခံ၊ ကန့် ကွက်ပွဲတွေ အပြန်အလှန်ရှိလာခဲ့ပါတယ်။ တစ်ရက်တည်းမှာတင် ထောက်ခံပွဲနဲ့ ကန့်ကွက်ဆန္ဒပြပွဲလုပ်တဲ့ အထိ အင်အားစုတွေကြား သဘောထားကွဲလွဲမှုတွေ ပွင့်အံလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption အခြေခံဥပဒေ ပြင်ဆင်ရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား သဘောတူညီမှု ရမထားခဲ့တာ သိသာခဲ့

အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အန်အယ်လ်ဒီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချိန်အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဒါပေမဲ့ အခြေခံဥပဒေပြင်ရေး ၄၅ ဦး ကော်မတီဖွဲ့ဖို့အပါအဝင် လွှတ်တော်တွင်း တရားဝင်လမ်းကြောင်းစလာချိန်မှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်ဆွေးနွေးချက်တွေ ထွက်ပေါ်လာတဲ့အခါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဒီကိစ္စအတွက် ညှိနှိုင်းသဘောတူညီမှု တစ်စုံတစ်ရာ ရမထားခဲ့တာ သိသာခဲ့ပါတယ်။

လက်ရှိမှာ ၄၅ ဦးကော်မတီက အခြေခံဥပဒေပြင်ရေး အချက်ပေါင်း သုံးထောင်ကျော်အပါအဝင် အခန်းအလိုက် ဆွေးနွေးဆုံးဖြတ်တာက ဒီဇင်ဘာလကုန်ထိ အခန်း ၁၃ ထိ ပြီးသွားပါပြီ။ ဖွဲ့စည်းပုံဟာ အခန်း ၁၅ ထိရှိတာဖြစ်လို့ ဆွေးနွေးဖို့ ၂ ခန်းပဲ ကျန်တော့တာပါ။

အဲဒီကော်မတီထဲကနေ ရခိုင်နဲ့ ကြံ့ခိုင်ရေးအမတ်တချို့ နုတ်ထွက်ခဲ့တာကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အဲဒီပါတီတွေဆီက မဲရဖို့ ခက်နိုင်ပါတယ်။

ဖွဲ့စည်းပုံပြင်ရေးဥပဒေကြမ်းကို တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီက တင်ထားတာ စုစုပေါင်း ၅ ခုရှိပြီး အဲဒီ ၅ ခုလုံးကို ၄၅ ဦးကော်မတီကတင်မယ့် အခြေခံဥပဒေပြင်ဆင်တဲ့ဥပဒေကြမ်းထွက်လာမှ အတူတကွ ဒါမှမဟုတ် သီးခြားဆွေးနွေးဖို့ မဲခွဲဆုံးဖြတ်အတည်ပြုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဖွဲ့စည်းပုံပြင်ဖို့ ဟောပြောပွဲတစ်ခုမှာ တွေ့ရတဲ့ ကွယ်လွန်သူ ရှေ့နေဦးကိုနီ

တပ်မတော်နဲ့ ကြံ့ခိုင်ရေးအမတ်တွေ၊ ရခိုင်နဲ့ ရှမ်းအပါအဝင် လွှတ်တော်ထဲက အတိုက်အခံ အင်အားစု တချို့ကတော့ အန်အယ်လ်ဒီအမတ်တွေ လွှမ်းမိုးထားတဲ့ ၄၅ ဦးကော်မတီကို အပြင်းအထန် ဝေဖန်ထားပြီး ကျန်ရှိလွှတ်တော်သက်တမ်းမှာ အဲဒီကော်မတီက ဥပဒေကြမ်းတင်နိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြနေကြ တာပါ။

ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကတော့ ဒီဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်မယ်လို့ ပြောကြားထားပါတယ်။

၂၀၂၀ ပြည့်နှစ်အတွက် လွှတ်တော်ပြက္ခဒိန်ထုတ်ပြန်ထားချက်မှာ စက်တင်ဘာလထိ လွှတ်တော်အစည်း အဝေးတွေ ကျင်းပဖို့ ဖော်ပြထားပြီး နိုဝင်ဘာမှာတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေပါတယ်။

ဒီတော့ ၄၅ ဦးကော်မတီက တင်မယ့် ဖွဲ့စည်းပုံဥပဒေကြမ်းဟာ ၂၀၂၀ စက်တင်ဘာမတိုင်ခင်မှာ လွှတ်တော်ထဲ ရောက်လာဖွယ်ရှိပြီး ဆွေးနွေးငြင်းခုန်မှုတွေလည်း ပိုကျယ်လောင်လာဖို့ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Anadolu Agency
Image caption အရေးကြီးပုဒ်မတွေပြင်ဖို့ အနည်းဆုံးတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ထောက်ခံမဲမဖြစ်မနေလိုအပ်ပါတယ်။

ဒါပေမဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားချက်အရတော့ သမ္မတဖြစ်ခွင့် အရည်အချင်းထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) အပါအဝင် အဓိကကျတဲ့ ပုဒ်မတွေကိုပြင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်၊ တစ်နည်းအားဖြင့် အနည်းဆုံး တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထောက်ခံမှုရဖို့ လိုနေပါတယ်။

အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ကို စည်းရုံးနိုင်မလား၊ ဖွဲ့စည်းပုံပြင်ရေး တကယ် အောင်မြင်မလားဆိုတာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။

(၃) ၂၁ ပင်လုံနဲ့ငြိမ်းချမ်းရေးခရီး နီးပြီလား

ဓာတ်ပုံ မူပိုင် ROMEO GACAD
Image caption ၂၁ ရာစု ပင်လုံ မလုပ်နိုင်တာ တစ်နှစ်ကျော်လာပါပြီ

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဟာ ရခိုင်စစ်ပွဲနဲ့စပြီး ရခိုင်စစ်ပွဲနဲ့ အဆုံးသတ်ခဲ့တယ်လို့ပြောရလောက်အောင်ပဲ ရခိုင် ပြည်နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ တပ်မတော်ရဲ့ တစ်ဖက်သတ်အပစ်ရပ်စဲမှုမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါတဲ့အတွက် ၂၀၁၉ လွတ်လပ်ရေးနေ့မှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေကို ရက္ခိုင့် တပ်မတော် အေအေက ဝင်ရောက်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ပါတယ်။

အဲဒီကနေ စလိုက်တဲ့တိုက်ပွဲတွေဟာ နှစ်ကုန်တဲ့အထိ ကျယ်ပြန့်လာတာ အခုဆို ရခိုင်မြောက်ပိုင်းကနေ အလယ်ပိုင်းအထိ ရောက်လာပါပြီ။

တစ်ခါ အပစ်ရပ်ထားတဲ့ ကေအန်ယူနဲ့လည်း လမ်းဖောက်တဲ့ကိစ္စကြောင့် စစ်ရေးတင်းမာမှုတွေရှိနေသလို မွန်ပြည်သစ်ပါတီနဲ့လည်း အပစ်ရပ်လက်မှတ်ထိုးပြီး နှစ်နှစ်အကြာမှာ တိုက်ပွဲပြန်ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption JICM အစည်းအဝေးကို လာမယ့် ဇန်နဝါရီ ၈ ရက်မှာ ကျင်းပဖို့တော့ သဘောတူနိုင်ခဲ့ပါပြီ

အေအေ၊ တအာင်းအဖွဲ့ TNLA နဲ့ ကိုးကန့် MNDAA သုံးဖွဲ့ပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ပထမဆုံးတွေ့ဆုံဆွေးနွေးပွဲတွေ ၆ ကြိမ်ထိ လုပ်နိုင်ခဲ့ပေမယ် တိုက်ပွဲတွေ မရပ်နိုင်သေးပါဘူး။ ပဏာမ အပစ်ရပ်သဘောတူစာချုပ် Bilateral ထိုးဖို့ ညှိနှိုင်းရေးအတွက် အစည်းအဝေးလုပ်ဖို့ကိုတောင် နေရာနဲ့အချိန် ညှိနှိုင်းလို့မရတဲ့ အကြောင်းပြချက်နဲ့ မရေမရာဖြစ်နေဆဲပါ။

ဒါ့အပြင် သြဂုတ်လထဲမှာ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် ဂုတ်တွင်းနဲ့ ရှမ်းမြောက် နေရာတချို့ကို မြောက်ပိုင်းအဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာလည်း ရှိခဲ့ပါတယ်။

ဒီလိုတိုက်ပွဲတွေအပြင် ခြောက်လတစ်ကြိမ် ကျင်းပဖို့ လျာထားတဲ့ ၂၁ ပင်လုံညီလာခံကို ၂၀၁၉ ခုနှစ် အတွင်း တစ်ကြိမ်မှ မကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

အပစ်ရပ်အဖွဲ့တွေနဲ့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကေအန်ယူနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က ပါဝင်မှုရပ်ဆိုင်းခဲ့ပါတယ်။

အဓိကကတော့ တစ်ခုတည်းသောတပ်မတော်နဲ့ ခွဲမထွက်ရေးဆိုတဲ့မူအပေါ် သက်ဆိုင်ရာအစုအဖွဲ့ ဆွေးနွေးဖက်တွေကြား ညှိနှိုင်းလို့မရဘဲ ရှေ့မဆက်နိုင်ဖြစ်နေတာလို့ ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် THET AUNG
Image caption တပ်မတော်ကလမ်းဖောက်တဲ့ကိစ္စနဲ့ ကေအန်န်ယူနဲ့တပ်ကြားမှာ စစ်ရေးတင်းမာမှုတချို့ရှိနေတာပါ

ဒါကိုအဖြေရှာဖို့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့ကိုယ်စားလှယ်တွေ ပြည်တွင်းပြည်ပ အလွတ်သဘောတွေ့ဆုံမှု အကြိမ် ၂၀ ကျော်လောက်လုပ်ခဲ့အပြီးမှာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ အပစ်ရပ်စာချုပ် အကောင် အထည် ဖော်ရေးအစည်းအဝေး JICM ကျင်းပဖို့ ရက်သတ်မှတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ ကေအန်ယူတို့ အပစ်ရပ်လေးနှစ်အကြာ ပထမဆုံးတပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲကို နှစ်ကုန်ပိုင်းမှာ ကျင်းပနိုင်ခဲ့ပြီး အန်စီအေ အကောင်အထည်ဖော်မှုမှာ ကွဲလွဲချက်တွေကိုအဖြေရှာမယ်လို့ ကေအန်ယူဘက်က ပြောထားပါတယ်။

ဒီတော့ တစ်နှစ်ကျော်လောက် အခြေအနေမကောင်းခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နှစ်ကုန်ပိုင်းမှာ သဘောတူညီမှုတွေရလာခဲ့လို့ ၂၀၂၀ မှာ ပင်လုံညီလာခံကျင်းပရေးအပါအဝင် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေ အခြေအနေပြန်ကောင်းလာနိုင်မလား လို့ မျှော်လင့်ချက်တွေရှိလာပါပြီ။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပစ်ရပ်ထားတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ တစ်ပိုင်း၊ အပစ်ရပ်စာချုပ်လက်မှတ်မထိုးဘဲ တိုက်ပွဲတွေ ဖြစ်နေတဲ့အဖွဲ့တွေနဲ့ တစ်ပိုင်း ဆိုပြီး အစိုးရက ဆွေးနွေးနေတာဖြစ်ပါတယ်။

အပစ်ရပ်စာချုပ် NCA မထိုးရသေးတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ သွားနေတဲ့ ဆွေးနွေးပွဲမှာ နှစ်ပိုင်းရှိပါတယ်။

တစ်ပိုင်းက အခု တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကေအိုင်အေ၊ အေအေ၊တီအန်အယ်လ်အေနဲ့ အမ်အန်ဒီအေအေ စတဲ့မြောက်ပိုင်းလေးဖွဲ့နဲ့ ဆွေးနွေးနေတာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး မဏာမသဘောတူစာချုပ် Bilateral ထိုးဖို့ ညှိနေတာဖြစ်ပါတယ်။

နောက်တစ်ပိုင်းကတော့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပြည်နယ်အဆင့် ပြည်ထောင်စုအပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့ ဝ၊ မိုင်းလား၊ ရှမ်းပြည်တိုးတက်ရေးပါတီတို့နဲ့ NCA လမ်းကြောင်းမှာ ပါဝင်လာဖို့ တစ်ဖွဲ့ချင်းစီ ဆွေးနွေးတာ ရှိနေပါတယ်။

အဲဒီ ၇ ဖွဲ့လုံးကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မြောက်ပိုင်းမဟာမိတ်စုဖွဲ့မှု FPNCC ကို ဖွဲ့စည်းလိုက်ပြီး အဲဒီမှာ ၀ က နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ယူထားပါတယ်။

ဓာတ်ပုံ မူပိုင် Tarchilake News agency
Image caption ကေအိုင်အေဦးဆောင်တဲ့မြောက်ပိုင်းလေးဖွဲ့နဲ့ ခြောက်ကြိမ်တွေ့ဆုံဆွေးနွေးထားပါတယ်။

ဒါပေမဲ့ အစိုးရကတော့ ဒီစုဖွဲ့မှုကို အသိအမှတ်ပြုပြီး တွေ့ဆုံဆွေးနွေးတာ တစ်ကြိမ်မှ မရှိထားသေးပါဘူး။

လွှတ်တော်နိုင်ငံရေးမှာ တိုင်းရင်းသားတွေ လိုလားချက်တွေ ရနိုင်ရင် ဘယ်တိုင်းရင်းသားမှ လက်နက်မကိုင်ဘူးလို့ နိုင်ငံရေးဆောင်းပါးရှင်၊ စာရေးဆရာ ကျော်ဝင်းက ပြောပါတယ်။

ဒီမိုကရေစီဘောင်မှာ လိုချင်တာမရနိုင်လို့ စစ်ဘောင်ကို အားကိုးတာဖြစ်ပြီး ဒါမျိုးမဖြစ်စေချင်တဲ့အတွက် အစိုးရရော တပ်မတော်ပါ ဒီမိုကရေစီဘောင်ကို ချဲ့ပေးစေချင်တယ်လို့ သူက အကြံပြုပါတယ်။

(၄) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ၂၀၂၀ မှာ မဲပေးသူအရေအတွက် ကျမသွားဖို့ကလည်း အရေးကြီးနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကလည်း မြန်မာအစိုးရ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ အစိုးရဘက်က မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေနဲ့ ပြည်သူကို ပေးထားတဲ့ ကတိကဝတ်တွေ ဆက်ပြီး အကောင်အထည်ဖော်ဖို့ ရွေးကောက်ပွဲကို လက်ရှိအာဏာရပါတီ အန်အယ်လ်ဒီက အပြတ်အသတ်ထပ်နိုင်ဖို့ လိုတယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက ပြောထားပါတယ်။

ဒီ ရွေးကောက်ပွဲမှာ အာဏာရပါတီ ပြန်နိုင်မနိုင်၊ ရွေးကောက်ပွဲတွေ တစ်နိုင်ငံလုံးမှာ ကျင်းပနိုင်ခြင်းရှိမရှိနဲ့ အသစ်ထွက်လာတဲ့ တိုင်းရင်းသား ပါတီတွေအပါအဝင် ပါတီ ၂၀ ကျော်ကြောင့် ရွေးကောက်ပွဲရလဒ်တွေ အပြောင်းအလဲဖြစ်မလားဆိုတာက စိန်ခေါ်မှုကြီးတွေဖြစ်နေတာပါ။

တိုက်ပွဲတွေနဲ့ အရင်တည်းက လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တချို့ဒေသတွေ ရခိုင်၊ ကချင်နဲ့ရှမ်းတို့မှာ ရွေးကောက်ပွဲလုပ်နိုင်ပါ့မလားဆိုတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။

တကယ်လို့များ နေရာကွက်ပြီး လုပ်ရတာမျိုးဖြစ်လာရင် အသစ်ထွက်လာတဲ့ပါတီတွေနဲ့ ပြိုင်ဘက်ပါတီတွေကြား မဲတွေကွဲပြီး ရသင့်ရထိုက်တဲ့မဲရလဒ် မရနိုင်တာမျိုး အန်အယ်လ်ဒီအပါအဝင် သက်ဆိုင်ရာ ပါတီတွေ ကြုံရနိုင်ခြေရှိနေပါတယ်။

ရွေးကောက်ပွဲက လူထုအခွင့်အရေးဖြစ်လို့ မကန့်ကွက်ပေမယ့် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အေအေနဲ့ လာရောက်ညှိနှိုင်းဖို့လိုတယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။

ဒါကိုတော့ အစိုးရဘက်က လိုက်လျောဖွယ်မရှိသလို သုံ့ပန်းကိစ္စမှာလည်း တပ်မတော်ဘက်က အကြမ်းဖက်အဖွဲ့အစည်းနဲ့ အပေးမယူ မလုပ်ဘူး လို့ပြောကြားထားပြီးဖြစ်ပါတယ်။

ဒီတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အလားအလာက မှန်းဆရခက်နေပါတယ်။

ဓာတ်ပုံ မူပိုင် Lauren DeCicca
Image caption တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။

တစ်ခုရှိတာက ရခိုင်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ရခိုင်ဒေသခံပါတီတွေပဲ အနိုင်ရတဲ့အစဉ်အလာ ရှိတဲ့အတွက် လုပ်ဖြစ်ခဲ့ရင်တောင် အာဏာရပါတီ အနိုင်ရဖို့ ခက်ခဲနိုင်ပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ ပိုပြီးစိန်ခေါ်မှုများပြီး အကြိတ်အနယ်ဖြစ်လာမယ်လို့ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်း က ပြောပါတယ်။

အန်အယ်လ်ဒီအနေနဲ့ ၂၀၁၅ ရလဒ်မျိုး ပြန်ရဖို့ ခဲယဉ်းပြီး အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပြည်နယ်တွေမှာ ကိုယ်စားလှယ်နေရာအတော်များများကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိတယ်လို့ သူက ခန့်မှန်းပါတယ်။

ဗမာအများစုရှိတဲ့ တိုင်းဒေသကြီးတွေ အထူးသဖြင့် ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာလည်း တခြား ထွက်ပေါ်လာတဲ့ ပါတီသစ်တွေ ဥပမာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပါတီ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းရဲ့ ပါတီတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်မြောက်ပိုင်းက တချို့နေရာတွေမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းရတာမျိုးဖြစ်လာခဲ့ရင် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး အားနည်းသွားနိုင်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Lauren DeCicca
Image caption ရွေးကောက်ပွဲမှာ ပထမဆုံးမဲပေးမယ့်သူက ငါးသန်းလောက်ရှိတယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ရွေးကောက်ပွဲကိုတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပနိုင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလကုန်ပိုင်းမှာ ပြောကြားလာပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်မှာဆို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ မိုင်းလားတို့မှာ ရွေးကောက်ပွဲလုပ်နိုင်ခဲ့တာ မရှိခဲ့သလို ၂၀၁၅ နဲ့ ကြားဖြတ်ရွေး ကောက်ပွဲတွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာမရှိပါဘူး။

ဒီတော့ ဒီအခြေအနေတွေကို ကော်မရှင်က ဘယ်လိုကိုင်တွယ်မလဲ ဆိုတာလည်း စိန်ခေါ်ချက်ဖြစ်နေတာပါ။

ဒါကြောင့် အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ၊ ဝ နဲ့ မိုင်းလား အဖွဲ့တွေနဲ့ အစိုးရ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်ပါ ချိတ်ဆက်ဆွေးနွေးသင့်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက အကြံပေးပါတယ်။

အန်အယ်လ်ဒီပါတီဟာ ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ မွန်တို့မှာ အပြတ်အသတ်နိုင်ထားပေမယ့် အခုတော့ အဲဒီမှာရှိတဲ့တိုင်းရင်းသားပါတီတွေက ပေါင်းစည်းလိုက်ပြီး ရွေးကောက်ပွဲဝင်ပြိုင်တော့မှာပါ။

ရှမ်းမှာဆိုလည်း ၂၀၁၅ တည်းက ကြံ့ခိုင်ရေးပြီးရင် ဒုတိယအများဆုံးအနိုင်ရထားတဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာ ၂၀၁၇ နဲ့၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဆက်တိုက်နိုင်ထားတဲ့အတွက် အဲဒီမှာ အန်အယ်လ်ဒီနိုင်ဖို့ ခက်ခဲနိုင်ဖွယ်ရှိနေပါတယ်။

ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ဒေါက်တာရန်မျိုးသိမ်းကတော့ အခုလို အကြံပြုပါတယ်။

"ပြည်နယ်တွေမှာ ဒီမိုကရေစီဖော်ဆောင်ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်လာတဲ့ တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်ပုံစံမျိုးညှိနှိုင်းဆွေးနွေးပြီး နေရာအပေးအယူလုပ် ပြိုင်နိုင်မယ်ဆိုရင် နှစ်ဘက်ကြား သူလည်းနိုင် ကိုယ်လည်းနိုင်ဖြစ်ပြီး ၂၀၂၀ ဟာ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးပါတီ တွေအတွက် အကောင်းဆုံးရလဒ်ဖြစ်လာမယ်။ အဲဒီလို နေရာအပေးမယူမလုပ်ဘူးဆိုရင် ပြည်နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မမျှော်လင့်ထားတဲ့ ရှုံးနိမ့်မှုရလဒ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါမယ်။"

ဒါပေမယ့် အန်အယ်လ်ဒီကတော့ တိုင်းရင်းသားပါတီတွေနဲ့ နေရာအပေးအယူလုပ်မှာ မဟုတ်ဘူးလို့ ဒီဇင်ဘာလကုန်ပိုင်းက လုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ ပြောထားပါတယ်။

လက်ရှိမှာတော့ အိုင်စီဂျေသွားထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှုမြင့်တက်နေတယ်လို့ ပြည်တွင်းပြည်ပ သတင်းစာဆရာတွေက သုံးသပ်ထားပါတယ်။

(၅) ဗစ်တိုးရီးယားအတွက် ရှာဖွေပေးရမယ့် တရားမျှတမှု

ဓာတ်ပုံ မူပိုင် MPA
Image caption တစ်ပြည်လုံးက ဗစ်တိုးရီးယားအတွက်တရားမျှတမှုကိုတောင်းဆိုလာကြတာပါ

မြန်မာတစ်နိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် သုံးနှစ်တောင်မပြည့်သေးတဲ့ ကလေးငယ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုဟာ သက်ငယ်မုဒိမ်းဖြစ်ရပ်တစ်ခုဆိုတာထက် မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ရဲတပ်ဖွဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်လေ့လာရမယ့် စိန်ခေါ်မှုဖြစ်လာနေပါတယ်။

ဗစ်တိုးရီးယားလို့ အားလုံးက ဂရုဏာသက်စွာ နာမည်ဝှက်ပေးထားကြတဲ့ ဒီကလေးငယ်ဟာ ဆေးစာမှတ်တမ်းတွေနဲ့ မှုခင်းဆရာဝန်ထွက်ချက်အရ အမှန်တကယ် လိင်အဓမ္မပြုကျင့်ခံခဲ့ရတာ သေချာနေပေမယ့် ၇ လကျော်ကြာတဲ့ အခုချိန်ထိ တရားခံအစစ်ကို ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

ဗစ်တိုးရီးယားအတွက်တရားမျှတမှုရရှိဖို့ မြန်မာနိုင်ငံတဝန်း ဆန္ဒဖော်ထုတ် တောင်းဆိုမှုတွေ ရှိခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Htin Lin Oo
Image caption ရဲတပ်ဖွဲ့ကို ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲမယ့် စာရေးဆရာထင်လင်းဦး

မူလက သံသယတရားခံကိုအောင်ကြီးကို သက်သေမထင်ရှားလို့ ပြန်လွှတ်ပေးလိုက်ရာမှာ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဲဒီမှာ ဗစ်တိုးရီးယားရဲ့နာမည်နဲ့ မိသားစုအချက်အလက်တွေကို လိပ်စာတွေနဲ့တကွ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကလေးသူငယ်အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်း ချက်တွေကို ရဲတပ်ဖွဲ့က အတိအလင်း ချိုးဖောက်ခဲ့တာဖြစ်ပြီး ဒါကို ဝိုင်းဝေဖန်တဲ့အချိန်မှာ ရဲဇာနည် ဖေ့စ်ဘုတ် စာမျက်နှာကနေ အမှုအသေးစိတ်ဖြစ်စဉ်ပါတဲ့ အထောက် အထားတွေကို သက်သေစာရင်းနဲ့တကွ ထပ်တင်ခဲ့တာကြောင့် လူထုကို ပိုပြီး ဒေါသထွက် စေခဲ့ပါတယ်။

Image caption ဗစ်တိုးရီးယားနာမည်ကိုထုတ်ဖော်ခဲ့တဲ့ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲ

အဲဒီသတင်းစာရှင်းလင်းပွဲမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကိုမျက်နှာမူဖို့၊ အစိုးရကို သစ္စာစောင့်ဖို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံ မှာကြားထားတာ လတ်လတ်ဆက်ဆက် ရှိနေသေးချိန်မှာ အခုလိုရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်ချိုးဖောက်မှုက ဗစ်တိုးရီးယားအတွက် တကျော့ပြန် ဆန္ဒပြမှုတွေကို ပိုအားကောင်းသွားစေခဲ့ပါတယ်။

သံသယတရားခံကို လွှတ်လိုက်ပြီဖြစ်လို့ ဗစ်တိုးရီးယားအမှုဟာ ပြီးဆုံးသွားတဲ့သဘောဖြစ်ပြီး တရားခံအစစ် ကို ရှာဖွေပေးကြဖို့ အားလုံးက ဝိုင်းဝန်း တောင်းဆိုနေတာပါ။

အမှုမှာ အဓိက ကျတဲ့ စီစီတီဗီမှတ်တမ်း၊ ဒီအန်န်အေ ဆေးစစ်ချက်ဆိုတာတွေလည်း ပျောက်ပျက်သလိုဖြစ်နေတာကြောင့် အမှုကို အစကနေ ပြန်စစ်ဖို့ ခက်ခဲနိုင်တယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ထားပါတယ်။

အခုတော့ ကလေးနာမည်ကိုထုတ်ပြောတဲ့ ရဲတပ်ဖွဲ့ကို မိသားစုဘက်က ကလေးသူငယ်ဥပဒေနဲ့ တရားစွဲဖို့ပြင်နေသလို အမှုစာရွက်စာတမ်းတွေကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ ရဲဇာနည်ဖေ့စ်ဘုတ် အက်ဒမင်ကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲတော့မှာပါ။

ရဲတပ်ဖွဲ့ကို တရားစွဲဆိုဖို့ဆိုတာ နစ်နာသူကာယကံရှင်တစ်ဦးကနေ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်းစီကို ရာဇဝတ်မှုနဲ့ စွဲနိုင်ပေမယ့် အဲဒီလိုတရားစွဲခွင့်ကို ပြည်ထဲရေးဝန်ကြီးဌာနကနေ ခွင့်ပြုချက်ယူရမှာဖြစ်ပါတယ်။

ဒီတော့ ကလေးသူငယ်ဥပဒေကို ချိုးဖောက်တယ်လို့ ဥပဒေအသိုင်းအဝိုင်းက အတိအလင်းပြောထားတဲ့ သတင်းစာရှင်းလင်းပွဲက ရဲတပ်ဖွဲ့ဝင်တွေကို အန်အယ်လ်ဒီအစိုးရရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာမရှိတဲ့ ပြည်ထဲရေးက တရားစွဲဆိုခွင့်ပြုမပြု စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အမှန်တကယ် ကျူးလွန်ခံရတဲ့ ဗစ်တိုးရီးယားအတွက် လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်နဲ့ သံသယတရားခံ ကိုအောင်ကြီးရဲ့ရှေ့နေ ဒေါ်စုဒါလီအောင်တို့ နှစ်ဦးအပါအဝင် ဥပဒေပညာရှင် တွေဟာ ဒီအမှုကြောင့် ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုနဲ့ လေးစားမှုကို ရရှိခဲ့ကြပြီး ယိုယွင်းနေတဲ့ တရားစီရင်ရေးကို သူတို့ကအဖတ်ဆည်ပြလိုက်တယ်လို့လည်း ပြောကြပါတယ်။

ဗစ်တိုးရီးယားအတွက် တရားခံအစစ်နဲ့ တရားမျှတမှုကို ဖော်ထုတ်ဖို့က ရဲတပ်ဖွဲ့မှာ တာဝန်အပြည့်အဝရှိနေပြီး တရားခံအစစ် ဘယ်သူလဲဆိုတဲ့ မေးခွန်းက လူထုကြား ပိုပြီးကျယ်လောင်နေပါပြီ။

ဒီသတင်းနဲ့ပတ်သက်သမျှ