လမ်းခွဲပြတ်စဲတဲ့နေ့ - ဆက်ဆံရေးတွေ အေးစက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ

နီးနေရင်း ဝေးနေကြသူများ ဓာတ်ပုံ မူပိုင် Getty Images
Image caption တစ်ယောက်နဲ့ တစ်ယောက် အဆက်အစပ်မဲ့လာတဲ့အခါမျိုးမှာ ဘာတွေ လုပ်နိုင်ပါသလဲ

တချို့ အိမ်ထောင်ဘက်တွေ လင်မယားတွေဟာ အတူနေကြပေမယ့် နှလုံးသားချင်းရော တပ်မက်မှုတွေပါ ခြောက်ခမ်းပြီး သီးခြားစီလိုဖြစ်လာနေကြရင်အဲဒီလို တွေ့ကြုံခံစားနေရခြင်းဟာ တကယ်တမ်း လမ်းခွဲလိုက်တာထက်တောင် ပိုပြီး ဆိုးဝါးကြီးမားတဲ့ ထိခိုက်မှုတွေ သူတို့အပေါ် ရိုက်ခတ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

အိပ်ခန်းထဲမှာ ကုတင်တစ်ခုထဲမှာ အတူအိပ်နေကြရင်း ဝေးကွာနေကြရတဲ့ အဖြစ်မျိုးကို ဖွင့်ထုတ်ပြောဆိုဖို့ ဆွေးနွေးဖို့ မလိုလားတဲ့ တွန့်ဆုတ်တဲ့ လင်မယားစုံတွဲတွေ ကမ္ဘာအနှံ့အများကြီး ရှိကြပါတယ်။ အဲဒီလိုမျိုးဖြစ်နေတဲ့အခါ ဆိုးဝါးတဲ့ အကျိုးဆက်က အဲဒီလင်မယားကိုသာမကပဲ မိသားစုဝင်တွေကိုပါ ထိခိုက်မှုကြီး ဖြစ်လာစေပါတယ်။

ဒီလို ခံစားမှု ဗလာဖြစ်နေကြတဲ့ လင်မယားတွေအကြောင်း ဘီဘီစီက လေ့လာစူးစမ်းပြီး အဲဒီ အခြေအနေကို ပြောင်းနိုင်မယ့် နည်းလမ်းတွေကို နှစ်သိမ့်ဆွေးနွေး ကုသပေးသူတွေနဲ့ မေးမြန်းကြည့်ခဲ့ပါတယ်။

အိမ်ထောင်ရေး တောနက်ကြီး

"အမှန်ပြောရရင် ကျွန်တော် အိမ်ထောင်ရှိနေသေးလား၊ ကွဲပြီးပြီလားဆိုတာကိုတောင် အသေအချာ မပြောနိုင်တဲ့အဖြစ်ပါ" လို့ လန်ဒန်က ဆက်သွယ်ရေးလုပ်ငန်း အတိုင်ပင်ခံ ကမဲလ် (အမည်လွှဲ)က ပြောပါတယ်။ သူနဲ့ ဇနီးသည် သူရယတို့ လက်ထပ်ထားတာ အနှစ် နှစ်ဆယ်ကျော်ပါပြီ၊ သူတို့မှာ အသက် ၂၀ ဝန်းကျင်ရှိတဲ့ သားနှစ်ယောက်လည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တချို့ အိမ်ထောင်ရှင်တွေအတွက်တော့ အထီးကျန် နှလုံးသားထဲ ကွက်လပ်ချန်

ကမဲလ်က အသက် ၄၆ နှစ်ပါ၊ သူဟာ လူမှုရေးနဲ့ နိုင်ငံရေး ဝေဖန်သုံးသပ်သူလည်း လုပ်ပြီး သူ့ ဖေ့ဘုတ်မှာ သူ့ကို ဖောလိုးလုပ်ထားသူပေါင်း ရာချီရှိပါတယ်။ ဒါပေမယ့် သူ့ အိမ်ထောင်ရေးအကြောင်း မေးတဲ့အခါမှာတော့ သူက သူ့အမျိုးသမီးနဲ့ ဆက်ဆံရေးဟာ အစပိုင်းမှာ စိတ်ထက်သန် တပ်မက် ချစ်ခင်မှုကနေ "တဖြည်းဖြည်း အေးစက်လာပြီး အခုတော့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် နှစ်ဦးအကြားထားရှိတဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားသမှုနဲ့ ဆက်ဆံတဲ့ ပုံစံမျိုးလောက်ပဲ ဖြစ်လာတယ်" လို့ ပြောပါတယ်။

"ပထမ ကလေးမွေးပြီးတဲ့အချိန်က စဖြစ်လာတာပါပဲ။ စိတ်ခံစားမှုရော လိင်ပိုင်းတပ်မက်မှုပါ ပြတင်းပေါက်က ထွက်ပြေးသွားသလိုပဲ၊ အဲဒီအချိန်ကတည်း ဒီအတိုင်း တောက်လျှောက်ဖြစ်လာခဲ့တာ" လို့ သူက ပြောပါတယ်။

"ကလေးမွေးပြီးလို့ လပိုင်းပဲ အကြာမှာ သူက ခွဲအိပ်ဖို့ လုပ်တဲ့အခါ ပထမတော့ ကျွန်တော် အကြောင်းပြချက်တွေ ရှာကြံ စဉ်းစားသေးပါတယ်။ သြော် ဒါသူ ဟော်မုန်း အပြောင်းအလဲ ကြောင့်ဖြစ်မယ်၊ ကလေးမွေးပြီးစ စိတ် ကသိုးကရီဖြစ်လို့ နေမယ် ဒါမျိုး တွေးပါတယ်။"

"ဒီအတိုင်းကြာလာတော့ ကျွန်တော် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ကြည့်ပါတယ်။ ဒုတိယသားလည်း မွေးပြီးရော မိန်းမက ကျွန်တော်နဲ့ ဘယ်လိုမှ ဆက်ဆံချင်ပုံမရတော့ဘူး၊ စိတ်ချင်းရင်းနှီးဖို့ရော ကိုယ်ချင်း ရင်းနှီးဖို့ပါပေါ့။"

သူက ချစ်ဖို့ တောင်းဆိုတဲ့အခါမှာ "လူပျိုပေါက်ကလေးလို လုပ်မနေနဲ့" လို့ သူ့မိန်းမက ပြန်ပြောခဲ့တယ်လို့ ကာမယ်က ပြန်ပြောပါတယ်။ "သူ့အနားကပ်တဲ့အခါမှာလည်း ဇနီးသည်က အခုဆို ဖခင်တစ်ယောက်လို နေဖို့ သင့်ပြီလို့ ပြန်ပြောတာခံခဲ့ရတယ်" လို့ ဆိုပါတယ်။

"သူရယက သူဟာ တကယ့် စံပြဇနီးသည်တစ်ယောက်လို့ သူ့ကိုယ်သူ ယူဆထားတယ်၊ သူဟာ ကလေးတွေကိုကြည့်တယ်၊ အိမ်ကို ထိန်းသိမ်းတယ်၊ မိသားစုကို စောင့်ရှောက်တယ်ပေါ့။ သူဟာ တကယ်လည်း တော်တဲ့ မိခင် တစ်ယောက်၊ အိမ်ရှင်မတစ်ယောက်ပါ၊ မငြင်းပါဘူး၊ ဒါပေမယ့် အဲဒီနေရာမှာပဲ သူ အဆုံးသတ်သွားပါတယ်။"

ဓာတ်ပုံ မူပိုင် Getty Images
Image caption အချစ်ဆိုတာ တာရှည်ခံတာမျိုးလား

မလိုလားခံရခြင်းဆိုတဲ့ ခံစားချက်

ကမဲလ်ရဲ့ စိတ်ပျက်မှုတွေက မကြာခင်မှာပဲ သူ့ကို လွှမ်းမိုးလာပါတယ်။ သူ့ကို မလိုလားဘူးဆိုတဲ့ ခံစားချက်ဖြစ်လာပြီး သူ့ဟာသူ တစ်ယောက်ထဲ ပိုပြီး နေလာပါတယ်။ မကြာမကြာဆိုသလိုပဲ သူ့အခန်းထဲမှာ တစ်ယောက်ထဲသွားနေပြီး အွန်လိုင်းပေါ်က ရာချီတဲ့ ဖေ့စ်ဘုတ်မိတ်ဆွေတွေကြားမှာပဲ သူ သာယာနေလိုက်ပါတော့တယ်။

အဲဒီမိတ်ဆွေတွေအထဲမှာလည်း သူ့ အပြောအဆို အယူအဆတွေကို နှစ်ခြိုက်သာယာတဲ့ အမျိုးသမီးတွေ တော်တော်များများ ရှိနေပါတယ်။ ကမဲလ်က မကြာမကြာဆိုသလိုပဲ သီချင်းတွေ တီးပြီး အဲဒီ တီးခတ်သီဆိုမှုတွေကို ဗီဒီယိုရိုက်လို့ သူ့ ဖေ့စ်ဘုတ်မှာ တင်တတ်ပါတယ်။ အဲဒီ ဗီဒီယိုတွေကို လိုက်ခ်လုပ်သူတွေများလာတဲ့အချိန်မျိုးမှာ "သူ့ကိုယ်သူ ယုံကြည်မှုတွေ ပြန်ရလာတယ်" လို့ သူက ပြောပါတယ်။

လိုက်ခ်ပေး ကွန်မန့်ပေးကြရာကနေ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်လာကြပြီး အချစ်နယ်ထဲ ရောက်သွားခဲ့တယ်လို့ ကမဲလ်က ပြန်ပြောပြပါတယ်။

"ကျွန်တော့်အိမ်ထောင်ရေး အသက်မရှိတော့ပဲ ကျွန်တော့်မှာ ခံစားချက်တွေလည်း သေဆုံးကုန်ပြီလို့ ခံစားနေရချိန်မှာ ကျွန်တော့်အပေါ် စိတ်ဝင်စားမှုပြလာတဲ့ ငယ်ရွယ်ချောမောတဲ့ မိန်းကလေးတွေကို ဆန့်ကျင်နိုင်စွမ်း ကျွန်တော့်မှာ မရှိခဲ့ပါဘူး"

ဓာတ်ပုံ မူပိုင် Getty Images
Image caption နှစ်ဘက် အဆင်မပြေရင် ဆိုရှယ်မီဒီယာမှာ အဖော်ရှာလာတတ်ကြပါတယ်။

ဒါမျိုးဟာ သူတစ်ယောက်ထဲ ဖြစ်တာ မဟုတ်ဘူးလို့ ကမဲလ်က အသေအချာ ယုံကြည်နေပါတယ်။

"လူတွေကတော့ ကျွန်တော့်ကို အမျိုးမျိုး အကဲဖြတ် မှတ်ချက်ပြုမှာပေါ့ဗျာ၊ ဒါပေမယ့် ဒါမျိုး ကြုံတာ ကျွန်တော် တစ်ယောက်ထဲမှ မဟုတ်တာ။ ကျွန်တော်လို ဖြစ်နေသူတွေအများကြီး။ ကျွန်တော့် အသိမိတ်ဆွေထဲမှာတောင် တော်တော်များများ ရှိပါတယ်"

ဒီလိုနဲ့ ကမဲလ်ဟာ ဘဝနှစ်မျိုးကို ကျင်လည်သူ ဖြစ်လာပါတယ်။

အပြင်ပန်းက ကြည့်ရင်တော့ သူဟာ "အင်မတန်ပြည့်စုံတဲ့ ဖခင်တစ်ယောက်၊ ခင်ပွန်းသည်တစ်ယောက်" ဒါပေမယ့် အတွင်းထဲမှာတော့ "သူ့ ချစ်သူတွေ" နဲ့ စနေ တနင်္ဂနွေနေ့တွေကျရင် ပျော်ပါးနေတတ်သူ ဖြစ်နေပါပြီ။

စိတ်ပညာရှင် ဟာမစ် အယ်လ် ဟာရှီမီကတော့ ကမဲလ်အနေနဲ့ အကြောင်းပြချက်တွေ ရှာနေမယ့်အစား "သူ့ လိုအပ်ချက်တွေ သူဖြစ်နေတဲ့ စိတ်ခံစားမှုတွေကို သူ့ မိန်းမနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်တယ်" လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အပေးအယူ အလျှော့အတင်းလုပ်နိုင်ဖို့က အဓိက

"အကောင်းဆုံးနည်းလမ်းကတော့ နှစ်ဖက် ကြားချ အခြေအနေတစ်ခုကို ရှာတာပါပဲ၊ အပေးအယူ အလျှော့အတင်းလုပ်ကြရင် အမှားတွေ လုပ်မိတာ ရှောင်နိုင်မယ်၊ တဖြည်းဖြည်း စိမ်းကား ဝေးကွာသွားတာကို တားနိုင်ပါလိမ့်မယ်"

ဒီကိစ္စမှာတော့ နှစ်ဘက်စလုံးမှာ အမှားတွေ ရှိတယ်လို့ အယ်လ်ဟာရှီမီက ယူဆပါတယ်။

"အိမ်ထောင်ရေးမှာ စိတ်ခံစားမှုနဲ့ လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အမျိုးသမီးတွေအနေနဲ့ လစ်လျူမရှုခဲ့သင့်ဘူး၊ ဒါတွေဟာ အိမ်ထောင်ထဲမှာ အချစ်တွေ တည်တန့်နေစေဖို့ သဘာဝကျကျ လိုအပ်ချက်တွေပါပဲ"

နှစ်သိမ့်ဆွေးနွေးကုထုံးပေးသူ အာမဲလ် အယ်လ်ဟာမက်ကတော့ "ဘယ်သူမဆို ငါတို့တော့ လုပ်နိုင်သမျှ အားလုံး လုပ်ခဲ့ပြီးပြီဆိုတာမျိုး ခံယူတာ ပြောတာတွေ ရပ်ဖို့ သိပ်အရေးကြီးတယ်လို့" ဆိုပါတယ်။

"တစ်ဘက်ကို အပြစ်တင်ပြီး ငါက ခံရသူပါဆိုတဲ့ ပုံစံထဲ ပစ်ဝင်လိုက်တာဟာလည်း ဘယ်လို အကျိုးမှ မရှိစေဘူးလို့" သူက ဆိုပါတယ်။

အဲဒီလို လုပ်မယ့်အစား အရင်အချိန်တွေတုန်းက အခက်အခဲတွေကို အတူဖြတ်ကျော်ဖူးခဲ့တာတွေ၊ အဆင်ပြေ ချောမွေ့နေကြချိန်က အမှတ်တရတွေကို ပြန်စဉ်းစားကြည့်သင့်တယ်လို့ ဆိုပါတယ်။

"အိမ်ထောင်ရေးမှာ နှစ်ဖက်စလုံးက စပြီး ကြိုးစားကြည့်သင့်တယ်။ အပြုသဘောထား ဆိုတာက ကူးစက်တတ်ပါတယ်"

"မဖြေရှင်းရင် အခြေအနေတွေ ဘယ်လို ဖြစ်သွားနိုင်တယ်ဆိုတာ သူ့မိန်းမကို ပြောပြခဲ့ဖို့ သင့်တယ်" လို့ အယ်လ်ဟာရှီမီက ပြောပါတယ်။

Image caption စိတ်ပညာရှင် အာမဲလ် အယ်လ်ဟာမစ်ကတော့ အိမ်ထောင်သာယာဖို့ဆိုရင် အပြစ်တင်တာ၊ ငြူစူတာမျိုး ရှောင်သင့်ကြောင်း အကြံပြုပါတယ်။

အပြစ်ရှိသလို ခံစားချက်

မီထရာ နဲ့ ရူစတမ်တို့ဟာ နှစ်ယောက်စလုံး အသက် ၄၀ အတွင်းရောက်နေပြီဖြစ်တဲ့ လင်မယားပါ။ သူတို့ဟာ အီရန်လူမျိုးတွေဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက အင်္ဂလန် ဘာမင်ဟန်မြို့မှာ အပျိုဖော်ဝင်စအရွယ် သမီး နှစ်ယောက်နဲ့ အတူနေပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်ကတော့ မီထရာဟာ ရင်သားကင်ဆာ ဝေဒနာ စခံစားရပြီး နောက်ဆက်တွဲ သားအိမ်ကင်ဆာပါ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ရင်သားတစ်ဘက် ဖြတ်ထုတ်လိုက်ရသလို သားအိမ်လည်းထုတ်လိုက်ရပါတယ်။ အဲဒီ ဝေဒနာတွေခံစားခဲ့ရအပြီးမှာတော့ သူ့မှာ အားအင်လည်း မရှိတော့သလို ဖြစ်သွားပြီး ပိုပြီး စိတ်ပူ စိတ်သောကရောက်တတ်သူလည်း ဖြစ်လာပါတယ်။

ခွဲစိတ်ကုသမှုတွေခံခဲ့ရတာက သူ့မှာ လိင်စိတ်လုံးဝ ကုန်ခမ်းသွားသလို ဖြစ်စေခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

"အခုတော့ ကျွန်မဘဝဟာ သမီးနှစ်ယောက်အတွက်ပဲ ဖြစ်တော့တယ်၊ ဘဝဆိုတာ သမီးတွေက တဆင့်ပဲ သိရပါတော့တယ်လို့" သူက ပြောပါတယ်။

သူ့ယောက်ျားက အပြင်မှာ အချစ်ရှာနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူ မယုံနိုင်အောင် ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူက ယေက်ျားကို သူနဲ့ အဲဒီ တခြား မိန်းမအကြား တစ်ယောက်ကို ရွေးဖို့ ပြောခဲ့ပါတယ်။ အဲဒီအခါမှာတော့ သူ့ ယောက်ျားက သူ့ကို ရွေးခဲ့ပါတယ်။

အဲဒါကလည်း "တခြားမိန်းမကိုရွေးရင် သူ့ သမီးနှစ်ယောက်ကိုပါ ဆုံးရှုံးရမယ်ဆိုတာ သူသိနေလို့ပါ" လို့ မီထရာက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိမ်ထောင်ရေးမသာယာတော့တဲ့အချိန် နှစ်သိမ့်ဆွေးနွေးဖြန်ဖျေပေးသူကို တိုင်ပင်ဖို့လည်း ခက်တတ်ပါတယ်။

"အခြေအနေက ပြောင်းပြန်ဖြစ်ပြီး သူက ရောဂါဝေဒနာရခဲ့တာဆိုရင် ကျွန်မ သူ့ဘက်မှာ အဆုံးအထိ ရပ်ပေးသွားခဲ့မှာပါပဲ။ အိမ်ထောင်ရေးဆိုတာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အတူလက်ခံဖို့ပါ။ ယောက်ျားတွေကတော့ တစ်ကိုယ်ကောင်းဆန်စိတ်ကို နည်းနည်း လျှော့ဖို့လိုတယ်လို့တော့ ထင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် သူ့ယောက်ျားရဲ့ လိုလားချက်တွေကို သူ့အနေနဲ့ မဖြည့်ဆည်းနိုင်တဲ့အတွက် သူ့စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရပါတယ်လို့ မီထရာက ဆိုပါတယ်။

"တစ်ဖက်ကကျတော့လည်း သူက ကျွန်မကို စွန့်ခွာသွားမယ် ဆိုတာကို လက်မခံနိုင်ဘူး၊ မိန်းမတစ်ယောက်အနေနဲ့ ကျွန်မကို အလိုမရှိဘူးဆိုတာမျိုးကို ခံစားလို့ မရဘူး"

အခုတော့ ရူစတမ်ဟာ သူ့ဘဝရဲ့ အဖော်အဖြစ် စာအုပ်တွေကြားမှာပဲ စိတ်သက်သာရာ ရှာနေရပါတော့တယ်။

"သူ အလုပ်သွားတာကလွဲလို့ တခြားဘာမှ မလုပ်တော့ဘူး၊ စကားလည်း မပြောတော့ဘူး၊ သူ့ သမီးတွေကတောင် အဖေက ပျင်းစရာကြီးလို့ ပြောကုန်တယ်"

အိမ်ထောင်ရေးပြဿနာတွေရှိလာရင် နှစ်သိမ့်ဆွေးနွေး ကုထုံးပေးသူတွေနဲ့ တိုင်ပင်ရဖို့ အရေးတကြီး လိုအပ်နေပေမယ့်လည်း အထူးသဖြင့် အာရှနိုင်ငံသား အိမ်ထောင်သည်တွေဟာ အဲဒီ လမ်းကြောင်းကို လိုက်ဖို့ အတော်လေး တုံ့နှေးတတ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိမ်ထောင်တစ်ခုမှာ အမျိုးသားနဲ့ အမျိုးသမီး သူတို့ရဲ့နေရာကို မကျေနပ်တာမျိုးလည်း ရှိနိုင်

ဘဝအတွက် အမှီရစေဖို့

အသက် ၂၉ နှစ်အရွယ် ဆာမာဟာ ၂၀၁၅ ခုနှစ်မှာ ဆီးရီးယားကနေ တူရကီကို ထွက်ခဲ့ပါတယ်။

အဲဒီရောက်တဲ့အခါမှာတော့ "ဒုက္ခသည်ဘဝက လွတ်အောင်၊ အထူးသဖြင်တော့ ဟိုလူ ဒီလူက စော်ကားတာ ခံရတတ်တဲ့ အမျိုးသမီး ဒုက္ခသည်ဘဝက လွတ်အောင်" ဆိုပြီး တူရကီလူမျိုး ယောက်ျားတစ်ယောက်ကို လက်ထပ်လိုက်ပါတယ်။

အဲဒီအချိန်က ဒီလို လက်ထပ်ဖို့ သူ့ဆုံးဖြတ်ချက်ဟာ "တစ်ခုတည်းသော အဖြေဖြစ်တယ်" လို့ သူယူဆခဲ့ပါတယ်။ ဒါပေမယ့် သူ့ယောက်ျားနဲ့ ယောက်ျား မိသားစုရဲ့ လူမှုနောက်ခံဘဝတွေက သူနဲ့ အတော်ကြီး ကွာခြားတာကို ထိတ်လန့်တုန်လှုပ်စရာ တွေ့လာခဲ့ရတယ်လို့ ပြောပါတယ်။

"ကျွန်မဘဝတစ်ခုလုံးဟာ ကလေးထိန်းဖို့၊ ချက်ပြုတ် လျှော်ဖွတ်ဖို့နဲ့ ယောက်ျားရဲ့ တောင်းဆိုမှုတွေ အလိုတွေကို ဖြည့်ဆည်းဖို့ သက်သက်ပဲ ဖြစ်ခဲ့ရတယ်" လို့ သူက ဘီဘီစီကို ပြောပြပါတယ်။

"သူ့ ခွင့်ပြုချက်မရပဲ အိမ်နီးချင်း မိန်းမတွေဆီတောင် သွားလည်ခွင့်မပြုတဲ့" ယောက်ျားတစ်ယောက်ကို လက်ထပ်ပေါင်းသင်းနေရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ သူ့ဆီက ငွေကြေးအထောက်အပံ့ရနေတာနဲ့ ကျွန်မကလေးနှစ်ယောက်ကို စောင့်ရှောက်ခွင့်ရနေတာကြောင့်ပဲလို့ ဆာမာက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိမ်ထောင်ရေးတစ်ခုမှာ နှစ်ယောက်ထက်ပိုတဲ့ လူတွေ ပတ်သက်လာတာလည်း ရှိတတ်ပါတယ်။

"ကျွန်မသာ တတ်နိုင်ရင် ဒီယောက်ျားနဲ့ တစ်နေ့လေးတောင် နောက်ထပ် အတူမနေဘူး။ ကျွန်မ မိသားစုနဲ့ အတူနေတုန်းက ဒီလို ဘယ်တုန်းကမှ အဆက်ဆံမခံခဲ့ရဘူး။ ကျွန်မသဘောထား၊ သိက္ခာ၊ ခံစားချက်တွေ ဘာတစ်ခုမှ ဒီမှာ အရာမရောက်ဘူး၊ အရေးမပါဘူး၊ သူလိုချင်တာက လိုတဲ့အချိန် ကျွန်မကို လိင်ဆက်ဆံနိုင်ဖို့ တစ်ခုတည်းပဲ"

ဖွင့်မပြောနိုင်တဲ့ နောက်အိမ်ထောင်

အာဘီလ်မြို့က ရုဂျ်က သူ့အဖေနဲ့ အမေ အတူမအိပ်တာ ဆယ်စုနှစ်တွေ တော်တော်များနေပြီလို့ ပြောပါတယ်။ သူ့အေဖက အသက် ၆၀၊ အမေ က ၄၇ နှစ်ပါ။

သူ့အဖေက တိတ်တိတ်နောက်မိန်းမ ယူထားတာကို သူ့အေမက သိနေပါတယ်၊ ဒါပေမယ့် ဒီသတင်းပေါက်ကြားသွားရင် အတင်းအဖျင်းတွေ ပြောကြမှာကို မလိုလားလို့ သူကိုယ်တိုင်က ဖုံးဖိပြီး နေနေပေးခဲ့တယ်လို့ ရုဂျ်က ပြောပါတယ်။

"ကျွန်မ အဖေက ပိုက်ဆံရှိတယ်၊ ဒါကြောင့်ပဲ အဲဒီ အသက် ၃ဝ လောက်ပဲ ရှိသေးတဲ့ မိန်းမက သူ့ကို ယူတာပေါ့၊ ကျွန်မအမေက စိတ်ဓာတ်လည်း ကြံ့ခိုင်တယ်၊ ငွေကြေးအရလည်း သူ့ဟာသူ ရပ်တည်နိုင်ပါတယ်။ ဒါပေမယ့် အဖေနောက်မိန်းမ ယူထားတဲ့အကြောင်းကိုလည်း ထုတ်မပြောဘူး၊ ကွာရှင်းဖို့လည်း မတောင်းဆိုဘူး၊ ကျွန်မတို့ မိသားစု သိက္ခာကို ထိခိုက်မှာ စိုးလို့။ သူ့ ဂုဏ်သိက္ခာနဲ့ သူ ခေါင်းမော့နေချင်တာ"

သူ့အမေဟာ နှစ်ပေါင်းများစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ပေမယ့် သူ့ သောကကို သူ့ဟာသူပဲ သိမ်းဆည်းထားခဲ့တယ်။ သူ့ကို လူတွေက သနားစရာလို့ အထင်ခံရမှာမျိုးကို လက်မခံနိုင်ဘူးလို့ ရုဂျ်က သူ့အမေရဲ့ သဘောထားကို ပြောပြပါတယ်။ အပြင်မှာသူက ပျော်ရွှင်နေတယ်လို့ ထင်စရာဖြစ်ပေမယ့် တကယ်တမ်းတော့ စိတ်အကြီးအကျယ်ဆင်းရဲနေခဲ့တယ်လို့ ဆိုပါတယ်။

ယောက်ျားဖြစ်သူရဲ့ နောက်အိမ်ထောင်အကြောင်း တိတ်တိတ်ပဲ ထားချင်တဲ့အတွက် သူ့အမေက ဥပေဒရေးရာတိုင်ပင် အကြံဉာဏ်ယူတာမျိုးလည်း မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

အဖြေ

နှစ်သိမ့်ဆွေးနွေး ကုထုံးပေးသူ အယ်လ်ဟာမစ်က တစ်ခုတည်းသော အဖြေရစရာလမ်းကြောင်းက နှစ်ဘက်စလုံးက ဖြစ်နေတဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ရှိဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ယောက်ယောက်က နောက်တစ်ယောက်က ဖယ်ကျဉ်မယ်၊ စော်ကားမယ်ဆိုရင် အခြေအနေတွေက ပိုဆိုးဖို့ပဲ ဖြစ်သွားပါလိမ့်မယ်။ သူတို့ ပွင့်ပွင့်လင်းလင်း ပြောကြဖို့လိုတယ်၊ အဲဒီလို ပြောတဲ့အခါမှာလည်း စကားလုံးတွေကို အသေအချာရွေးဖို့လိုတယ်။ မဟုတ်ရင်တော့ လုံးဝ ကွဲကွာသွားကြနိုင်ပါတယ်။

Image caption လူမှုသုတေသီ ဒေါက်တာ ဟာမစ် အယ်လ်ဟာရှီမီကတော့ အိမ်ထောင်ရေးသာယာဖို့ လင်နဲ့ မယား နှစ်ယောက်စလုံးမှာ တာဝန်ရှိပြီး ပျက်စီးမှုအတွက်လည်း နှစ်ဦးစလုံးရဲ့ တာန်ပါပဲလို့ဆိုပါတယ်။

တခါတလေမှာတော့ တစ်ဘက်ဘက်က ပြောင်းလဲဖို့လုပ်လာချိန်မှာ ကျန်တဲ့ဘက်ကတော့ အရင်အတိုင်းပဲ ဆက်ပြုမူနေမယ်ဆိုရင် ပြောင်းလဲဖို့ ကြိုးစားသူကိုလည်း စိတ်ပျက်စေပြီး ဘယ်လိုမှ တိုးတက်ဖြစ်ထွန်းမှု မတွေ့ရနိုင်ဘူးလို့ သူက ပြောပါတယ်။

အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အိမ်ထောင်ဘက်နှစ်ဦးစလုံးက ပြဿနာတွေကို တဖြည်းဖြည်းကြီးထွား စုပုံလာအောင် မလုပ်မစေဖို့ သတိထားရမယ်လို့ သူက အကြံပြုပါတယ်။ သူတို့ မကြာမကြာလည်း စကားပြောကြရမယ်၊ ပြောတဲ့အခါလည်း ပြစ်တင် စော်ကားတာမျိုး မဖြစ်စေအောင် အသုံးအနှုန်းကို ဂရုစိုက်ဖို့လိုတယ်၊ တစ်ယောက်ယောက်က အပြောင်းအလဲ ဖြစ်အောင် စလုပ်ဖို့လည်း အရေးကြီးပါတယ်လို့ အယ်လ်ဟာမစ်က ဆိုပါတယ်။

ယောက်ျားက မိန်းမအတွက် လက်ဆောင်ဝယ်ပေးပြီး အံ့အားသင့် ပျော်ရွှင်အောင် မလုပ်မိရင် မိန်းမဘက်ကလည်း စပြီး လုပ်နိုင်ပါတယ်။ သူလုပ်မှ ကိုယ်က ပြန်လုပ်ပေးတာမျိုးထက်၊ ကိုယ့်ဘက်က စပြီး လုပ်လိုက်တာကလည်း အများကြီး တာသွားတတ်ပါတယ်။

အရေးအကြီးဆုံးက လက်မလျှော့ဖို့ပါပဲ။ ဆက်ဆက်ပြီး ကြိုးစားနေဖို့လိုပါတယ်လို့ အယ်လ်ဟာမစ်က အကြံပြုသွားပါတယ်။

အတွေ့အကြုံပြောပြသူများကို ကာကွယ်ပေးသောအားဖြင့် ယခုဆောင်းပါးတွင် အမည်များကို ပြောင်းလဲ ရေးသားထားပါသည်။

ဆက်စပ် အကြောင်းအရာများ