တရုတ်ဘုရင်ဆီ ပို့တဲ့ ဆင် ၁ဝ စီးနဲ့ တိုင်ပေမှာတွေ့တဲ့ ငွေပေလွှာ

burma ဓာတ်ပုံ မူပိုင် AGF
Image caption အင်းဝက နန်းမြင့်မျှော်စင်

လွန်ခဲ့တဲ့ နှစ် ၂၇ဝ က တရုတ်ပြည်ကို သွားတဲ့ မှတ်တမ်းတစောင်ကို မကြာခင်က ထုတ်ဝေခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ နောက်ဆုံး မြန်မာမင်းဆက် ကုန်းဘောင်ကို မတည်ထောင်ခင် ညောင်ရမ်းမင်းဆက် မှာ နောက်ဆုံး စိုးစံခဲ့တဲ့ ဟံသာဝတီရောက်မင်းတရားကြီး စေလွှတ်တဲ့ သံအဖွဲ့ရဲ့ မှတ်တမ်းဖြစ်ပါတယ်။

အဲဒီအချိန်က အနောက်မြောက်ဘက်က ကသည်းခေါ် မဏိပူရပြည်သားတွေ တိုက်ခိုက်မှုနဲ့ တောင်ပိုင်းက မွန်ပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ ညောင်ရမ်းဘုရင်အတွက် တရုတ်ကို အကူအညီတောင်းတဲ့ သံအဖွဲ့ ဖြစ်တယ် လို့လည်း ဒီမှတ်တမ်းကို တည်းဖြတ်ခဲ့တဲ့ အငြိမ်းစား စာကြည့်တိုက်မှူး ဒေါက်တာသော်ကောင်းက ပြောပါတယ်။

ဒါပေမဲ့လည်း တရုတ်ပြည်ခရီးမှာ (၂) နှစ်ကြာပြီးနောက် သံအဖွဲ့ ပြန်ရောက်ချိန်မှာ မဟာဓမ္မရာဇာဓိပတိခေါ် ဟံသာဝတီရောက်မင်း နန်းကျသွားပြီ ဖြစ်လို့ တရုတ်ဧကရာဇ်ရဲ့ သဝဏ်လွှာကို မြန်မာမင်းဆက် အသစ် ထူထောင်နေတဲ့ အလောင်းဘုရား ဆီမှာ သံအဖွဲ့ ဆက်သခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Bettmann
Image caption ဗုဒ္ဓစာပေ သင်ကြားရေးမှာ ပေစာ အရေးပါခဲ့

ဘုန်းကြီးကျောင်းမှာ တိမ်မြုပ်

အဲဒီသံအဖွဲ့မှတ်တမ်းဟာလည်း မကွေးတိုင်း ပခုက္ကူဒေသ၊ မြိုင်နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းမှာ ရောက်ပြီး တိမ်မြုပ်နေခဲ့ပါတယ်။ ၁၉၈၃ ကမှ ဒီမှတ်တမ်းကို တက္ကသိုလ်များ ဗဟို စာကြည့်တိုက်က ပြန် ဖော်ထုတ်နိုင်ခဲ့ပြီး ပေမူကို ကူးယူခဲ့ပါတယ်။

ဒီမှတ်တမ်းမှာ ပါတဲ့ အထောက်အထားအဖြစ် တရုတ် ဘုရင်ရဲ့ မယ်တော်ဆီကို မြန်မာဘုရင်က ပို့တဲ့ ငွေပေလွှာကို တိုင်ဝမ်ကျွန်း မြို့တော် တိုင်ပေက နန်းတော်ပြတိုက်မှာ တွေ့ရှိခဲ့ပါတယ်။ တိုင်ပေမှာ နေတဲ့ မြန်မာပြည်က သမိုင်း ပညာရှင် ဦးရည်စိန်က တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် DEA PICTURE LIBRARY
Image caption ချင်းလုံဧကရာဇ်မယ်တော်ရဲ့ မွေးနေ့ပွဲ

၁၉၄၉ တရုတ်ပြည်မကြီးကို ကွန်မြူနစ် သိမ်းပိုက်ပြီးနောက် တိုင်ဝမ်ကို ကူမင်တန် အစိုးရ ရွှေ့ပြောင်းလာတဲ့အချိန်မှာ ပါလာတဲ့ ငွေပေလွွှာဖြစ်ပြီး တရုတ်ဧကရာဇ်ဆီကို ပို့တဲ့ ရွှေပေလွှာကတော့ ပျောက်ဆုံး သွားခဲ့ပါတယ်။ ပေကျင်းနဲ့ တိုင်ပေက နန်းတွင်းပြတိုက်တွေမှာ မြန်မာပြည်က ဆက်သတဲ့ လက်ဆောင်ပဏ္ဍာတွေ ရှိနေနိုင်တယ်လို့လည်း ဒေါက်တာသော်ကောင်းက ပြောပါတယ်။

မြန်မာပြည်က နေပြီး တရုတ်နိုင်ငံကို သံတမန် စေလွှတ်တာဟာ ပျူခေတ်ကတည်းက ဖြစ်ပြီး အနှစ် တထောင်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ကုန်းလမ်း၊ ရေလမ်းတွေနဲ့ သွားခဲ့တဲ့ ဒီသံတမန်အဖွဲ့တွေ အကြောင်း တရုတ် ပြည်က နန်းတွင်းမှတ်တမ်းတွေမှာ တွေ့နိုင်ပေမယ့် မြန်မာဘက်မှာတော့ မွန်ဂိုကျူးကျော်မှု ရပ်ဖို့ ကူဗလိုင်ခန်ဆီ သွားတဲ့ ရှင်ဒိသာပါမောက်ရဲ့ မင်္ဂလာစေတီကျောက်စာကလွဲရင် အထင် အရှား မရှိခဲ့ပါဘူး။ ဒုတိယနဝဒေး ရဲ့ တရုတ်သံရောက်မော်ကွန်း ကလည်း ဘိုးတော်ဘုရား လက်ထက် တရုတ်ပြည်က လာတဲ့ သံအဖွဲ့အကြောင်း မှတ်တမ်းတင်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် သမိုင်းသုတေသန
Image caption မြိုင်နယ်ကရတဲ့ မူရင်းပေမူ

ဒါကြောင့် ညောင်ရမ်းခေတ်မှာ တရုတ်ပြည်သွားတဲ့ မှတ်တမ်းကို ဖော်ထုတ်နိုင်ခဲ့တာဟာ အရေးကြီးတဲ့ သမိုင်းကွင်းဆက်တခု ဖြစ်ပါတယ်။

မနော်ရမ္မာသံတဲတော်ကနေ တရုတ်ဥဒည်မြို့ ပေကျင်းကို ရောက်တဲ့အထိ လမ်းစဉ်ခရီးကို မှတ်ထားတဲ့အတွက် အဲဒီခေတ်က တရုတ်ပြည်သွား လမ်းခရီးကိုလည်း သိရပါတယ်။

သိကြားမင်းနဲ့ စကားပြောတဲ့ နေရာ

တကယ်က ဒီသံအဖွဲ့ဟာ တရုတ် ဧကရာဇ် ချင်းလုံဆီက လွှတ်တယ်ဆိုတဲ့ သံအဖွဲ့အပြန်မှာ အတုံ့အပြန်အဖြစ် စေလွှတ်လိုက်တဲ့ သံအဖွဲ့ ဖြစ်ပါတယ်။ မင်မင်းဆက်ပျက်ပြီးနောက် အနှစ် တရာကျော် တရုတ် မြန်မာ အဆက်အဆံ ပြတ်ခဲ့ရာက ပြန်ဆက်မိကြတာလည်း ဖြစ်ပါတယ်။ ဒီ တရုတ်ကလာတယ် ဆိုတဲ့ သံတွေကို အင်းဝဘုရင်က သူ့ကို ပုန်ကန်နေတဲ့ မတ္တရာက ကွေ့နဲ့မွန်တွေကို ရှင်းလင်းစေပေမယ့် မအောင်မြင်ခဲ့ပါဘူး။

တရုတ်ဘုရင်နဲ့ မယ်တော်အတွက် ဆင် ၁ဝ စီးလည်း မြန်မာဘုရင်က လက်ဆောင်ပို့သခဲ့ပါတယ်။ ပေကျင်းကို ရောက်တဲ့ မြန်မာသံတွေကို အရင်လာခဲ့တဲ့ မြန်မာသံတွေ ရေးတဲ့စာတွေ ထုတ်ပြပြီး မြန်မာအက္ခရာနဲ့ စာလုံး တွေ ရေးပြစေပါတယ်။ သူတို့ တည်းတဲ့ သံတဲဟာ မဟော်သဓာနဲ့ သိကြားမင်း အပတ်စဉ် စကားပြောတဲ့ နေရာလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် WU HONG
Image caption မြန်မာသံတွေ မြင်ခဲ့တဲ့ ဥဒည်မင်းနန်းတော်

တရုတ်မြို့ကြီးဟာ မြို့ရိုးလေးထပ် ကာထားပြီး ကျုံးငါးတန် ရှိတယ်လို့ မြန်မာမှတ်တမ်း မှာ ပါရှိပါတယ်။ ဥဒည်မင်းနေတဲ့ စူချိန်သွန် အတွင်းမြို့၊ မြို့ဝါ၊ မြို့နီ စတဲ့ မြို့နာမည်တွေကိုလည်း ဖော်ပြထားပါတယ်။ နန်းရှေ့ မြေပြင်မှာ ကျောက်ဖျာအပြည့် ခင်းထားတာအပြင် ဘုရင်ထိုင်တဲ့ ကျောက်ဖြူပလ္လင်အကြောင်းလည်း ပါရှိပါတယ်။

တရုတ်ပြည်ကို နှစ်ချီသွားရတဲ့ မြန်မာသံအဖွဲ့ကိုလည်း အင်းဝဘုရင်က အနေအထိုင် ကျစ်လစ်ဖို့ မှာလိုက်ပါတယ်။ ထန်းရည်အရက် မသောက်ဖို့၊ အဖုတ်အကင် အညှော်အသင်း မစားဖို့၊ လိုချင်မူးမော် မပြုဖို့နဲ့ မမြင်ဖူးသလို မကြည့်ဖို့ စသဖြင့် တိတိကျကျ မှာလိုက်တာပါ။ အပြန်ခရီးမှာတော့ မြန်မာသံအဖွဲ့ ခေါင်းဆောင် ထီးဆောင်းအမတ်ကြီး သီရိကျော်ထင် တရုတ်ပြည်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် UniversalImagesGroup
Image caption မြန်မာပြည်ကို လေးခါဝင်တိုက်တဲ့ ချင်းလုံဧကရာဇ်

ချင်းလုံ ဧကရာဇ်

တကယ်က တရုတ်ပြည်မှာ နောက်ဆုံး အုပ်စိုးခဲ့တဲ့ မန်ချူးအနွယ် ချင်မင်းဆက်က ချင်းလုံမင်းဟာ မြန်မာပြည်ကို လေးကြိမ်လေးခါ စစ်ခင်းခဲ့တဲ့ ဘုရင်လည်း ဖြစ်ပါတယ်။

ညောင်ရမ်းခေတ် မြန်မာပြည်နဲ့ သံတမန် အဆက်အသွယ်တွေ လုပ်ပြီးနောက် ၁ဝ နှစ်ကျော်အကြာ၊ ဟံသာဝတီပါမင်းနောက် မြန်မာဘုရင်သုံးဆက်မြောက် ဆင်ဖြူရှင် လက်ထက်မှာ စစ်ခင်းခဲ့တာဖြစ်ပြီး မြန်မာကို သစ္စာ မခံလိုတဲ့ ရှမ်းစော်ဘွားတွေ တရုတ်ဘက်ကို ခိုလှုံရာက စပြီး စစ်ဖြစ်ခဲ့တာပါ။ နောက်ဆုံး မြန်မာဘက်က စစ်သူကြီး မဟာသီဟသူရရဲ့ တွန်းလှန်မှုကြောင့် အင်းဝနားထိ ချီတက်လာတဲ့ တရုတ်စစ်ကို ခုခံနိုင်ပြီး စေ့စပ် ကြေအေးခဲ့ကြပါတယ်။

ချင်းလုံဟာ အာရှအလယ်ပိုင်းနိုင်ငံတွေကို သိမ်းပိုက်ပြီး မန်ချူးလက်နက်နိုင်ငံကို ချဲ့ထွင်နိုင်ခဲ့ပေမယ့် မြန်မာ၊ ဗီယက်နမ် စတဲ့ တောင်ပိုင်း နိုင်ငံတွေနဲ့ စစ်ခင်းရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာလို ယဉ်ကျေးမှု နိမ့်တဲ့ နိုင်ငံမျိုးကို တပ်ကောင်းကောင်း လွှတ်ပြီး သိမ်းဖို့ မလိုဘူးဆိုပြီး ချင်းလုံ တွက်ဆခဲ့ပေမယ့် မြန်မာတပ်တွေက မန်ချူးတပ်တွေကို ခုခံနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Hulton Deutsch
Image caption တရုတ်ပြည်နဲ့ မြန်မာကြား ဆားကုန်ကူးသူတွေ

ကမ္ဘာ့ဗဟိုချက်နဲ့ သံအတု

စစ်အပြီး ၁၇၉ဝ မှာ မြန်မာကသံစေလွှတ်ရာမှာတော့ မန်ချူးဘုရင်က မြန်မာရဲ့ အောက်ကျို့မှုလို့ ယူဆခဲ့ပါတယ်။ မြန်မာနဲ့ တရုတ်ကြား ငါးနှစ်၊ ဆယ်နှစ်တခါဆိုသလို လက်ဆောင် အလဲအလှယ် လုပ်တာ တွေ ရှိခဲ့ပေမယ့် တရုတ်ဘက်က သူ့ကိုယ်သူ ကမ္ဘာ့ဗဟိုချက်လို့ ယူဆပြီး တောင်ပိုင်း နိုင်ငံတွေကို လက်အောက်ခံလို့ ရှုမြင်တတ်တာပါ။ ဒါကြောင့် ဒီလို လက်ဆောင်လဲတာကို အခွန်ပဏ္ဏာ ဆက်တာလို့ပဲ မှတ်ယူလေ့ရှိပါတယ်။ နောက်ပြီး မြန်မာဘုရင်က တရုတ်ဘုရင်ဆီ ပို့တဲ့ သဝဏ်လွှာတွေမှာ ညီတော် နောင်တော် အသုံးအနှုန်းတွေနဲ့ ပို့လေ့ ရှိပြီး ဆွေမျိုးပေါက်ဖော် ဆိုတဲ့ စကားလုံးကို ညောင်ရမ်းခေတ် မှတ်တမ်းမှာ မတွေ့ရဘူးလို့ ဒေါက်တာသော်ကောင်း က ပြောပါတယ်။

အဲဒီခေတ်က မြန်မာနဲ့ တရုတ်ကြား ဆက်ဆံရေးမှာ ယူနန်နဲ့ ရှမ်းပြည်ဘက်က အရာရှိတွေ ချယ်လှယ်တာတွေ ရှိတယ်လို့လည်း ဒေါက်တာသော်ကောင်းက ပြောပါတယ်။ နှစ်ဘက် အကူးအသန်း အရောင်းအဝယ် စည်ကား စေချင်တဲ့ နယ်စပ် အရာရှိတွေက သံအဖွဲ့အတု လွှတ်တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဘိုးတော်ဘုရားဆီကို တရုတ်ဘုရင်ရဲ့ မြေးတော် မင်းသမီးသုံးပါးဆိုပြီး ၁၇၉ဝ မှာ နယ်စပ်က ဆက်သတာ ဖြစ်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption တာတာသံတမန်တွေ ဆက်တဲ့ မြင်းကို ချင်းလုံလက်ခံ

နောက် ဒီလို မြန်မာဘက်က သံစေလွှတ်တဲ့အခါမှာ တရုတ်ဘက်က သံအဖွဲ့အတု တခု လာလေ့ရှိပြီး ဒါကို မြန်မာဘက်က အစစ်ထင်ကာ တုံ့ပြန် စေလွှတ်တတ်တယ်လို့လည်း ဒေါက်တာသော်ကောင်းက ၂ဝ၁၄ က ထုတ်တဲ့ ဘားမားစတာဒီဂျာနယ် မှာ ရေးခဲ့ပါတယ်။ ဒါကြောင့် မြန်မာဘက်က မှတ်တမ်းကျန်ခဲ့တဲ့ ၁၇၅ဝ က သံအဖွဲ့ရော၊ ၁၇၉ဝ က မင်းသမီးတွေ ဆက်တယ်ဆိုတဲ့ သံအဖွဲ့တွေဟာ တရုတ် သံအတုတွေ ဖြစ်ကြပါတယ်။ မြန်မာ ဘက်က ဆိုပြီး တရုတ်ကိုသွားတဲ့ သံအတုတွေလည်း ရှိခဲ့ပါတယ်။

နောက်ပြီး ၁၇၅ဝ က တရုတ်ပြည်က သံအဖွဲ့အတု ယူလာတဲ့ တရုတ်ဧကရာဇ်ရဲ့ သဝဏ်ဆိုတာကလည်း မြန်မာဘာသာပြန် အဖြစ်သာ ပေမှာ ကျန်ခဲ့ပြီး မူရင်း မတွေ့ရဘူးလို့ သိရပါတယ်။ ဒါ့အပြင် မြန်မာမင်းရဲ့ ပိုင်နက် ဆိုပြီး ပေစာပါ တရုတ်ဘုရင်ရဲ့ သဝဏ်မှာ ပါတဲ့ နယ်နိမိတ် သတ်မှတ်ချက်တွေကလည်း မှားနေတယ်လို့ ဒေါက်တာ သော်ကောင်းက ဆိုပါတယ်။ မြန်မာပြည်ရဲ့ မြောက်ဘက်မှာ သမုဒ္ဒရာ ရှိတယ်ဆိုပြီး ဖော်ပြထားလို့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Universal History Archive
Image caption ၁၉ ရာစုက မြန်မာပြည်မြေပုံ

သံအဖွဲ့ အပြန်ခရီးမှာတော့ မြန်မာပြည်ကို သံအဖွဲ့အတု ခေါင်းဆောင်သွားခဲ့တဲ့ ဝနယ်က ဘော်စော်ဘွား ဧသူရဲ ခေါ် ဝူရှန်ရှီအန်ကို တရုတ်အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။ အကျဉ်းချထားရင်း အစာငတ်သေတယ်ဆိုသလို ကွပ်မျက် ခံရတယ် လို့လည်း တရုတ်မှတ်တမ်းတွေက ဖော်ပြပါတယ်။ တရုတ်လဝနဲ့ ရှမ်းလူတထောင်ပါတဲ့ သံအဖွဲ့အတု ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Wikipaedia
Image caption အင်္ဂလိပ်ဘုရင်ဆီ ပို့တဲ့ အလောင်းဘုရားရဲ့ ရွှေပေလွှာ

ဒီတရုတ်ပြည်သွားမှတ်တမ်းအပြင် ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား အင်္ဂလိပ်ဘုရင်ဆီကို ပို့တဲ့ ရွှေပေလွှာကလည်း မြန်မာ့ပြည်ပ ဆက်ဆံရေးမှာ အစောဆုံး တွေ့ရတဲ့ အထောက်အထားတခု အဖြစ် ကျန်ရစ် ခဲ့ပါတယ်။