အသက် ၁၂ဝ ပြည့်မယ့် ပထမမြန်မာမင်းသား မောင်ညီပု

Burma ဓာတ်ပုံ မူပိုင် Japan Classic Film Festival
Image caption ဂျပန်မှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ မြန်မာဇာတ်ကားက မောင်ညီပုနဲ့ အေးမိစံ

မြန်မာ့ရုပ်ရှင်သက်တမ်း နှစ်တရာပြည့်တော့မှာပါ။ ၁၉၂ဝ က ပထမဆုံးဇာတ်ကား မေတ္တာနဲ့သူရာမှာ ပါတဲ့ မင်းသမီး မရီက တကားတည်းနဲ့ မြုပ်သွားပေမယ့် မင်းသား မောင်ညီပုကတော့ နောက် အနှစ် ၅ဝ ကျော် ရုပ်ရှင်လောကထဲမှာ ကျင်လည်ခဲ့ပါတယ်။

နောက် မြန်မာ့ရုပ်ရှင်လောကမှာ အင်အားအကြီးဆုံး ကုမ္ပဏီကြီးနှစ်ခုထဲက အေဝမ်းကုမ္ပဏီကိုလည်း မောင်ညီပုတို့ မိသားစု ထူထောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် mpc.com.mm
Image caption မောင်ညီပုမိဘတွေ ပိုင်တဲ့ မြန်မာအဆွေကုန်တိုက်

မောင်ညီပုဟာ မြန်မာအဆွေကုန်တိုက်ကို ပိုင်တဲ့ ပြည်မြို့က သူဌေးဦးဘညွန့်ရဲ့သား ဖြစ်ပါတယ်။ အေဝမ်းဦးတင်နွယ်နဲ့ ဦးတင်မောင်၊ မင်းသား မောင်မောင်စိုး စတဲ့ အေဝမ်းကုမ္ပဏီကို ကြီးကြပ်ထူထောင် ခဲ့ကြတဲ့ မိသားစု ဖြစ်ပါတယ်။ နောက် ဒီမိသားစုကပဲ ၁၉၂ဝ ကစပြီး ဒဂုန်မဂ္ဂဇင်းကို ထုတ်ဝေခဲ့သလို ၁၉၃၅ လောက်စပြီး အေဝမ်းဓာတ်ပြားကုမ္ပဏီကို ထူထောင်ခဲ့တာပါ။

ဆူးလေဘုရားလမ်းက မြန်မာအဆွေကုန်တိုက်ဟာ နောက်ပိုင်းမှာ တိုးရစ်ဘားမား အဆောက်အဦ ဖြစ်လာခဲ့ပြီး လတ်တလောကမှ ပြန်ပြီး မွမ်းမံထိန်းသိမ်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Dagon Magazine
Image caption ပထမမြန်မာရုပ်ရှင်မင်းသားရဲ့ သရုပ်ဆောင်ကွက်များ

မေတ္တာနဲ့သူရာ

ဒီလို အနုပညာလုပ်ငန်းတွေမှာ အောင်မြင်ခဲ့ပေမယ့် မောင်ညီပု ရုပ်ရှင်စရိုက်ချိန်မှာ အထက်တန်းကျောင်းတက်တုန်းမို့ ကျောင်းပိတ်ရက်တွေမှာ အိမ်က မသိအောင် ခိုးရိုက်ခဲ့ရတယ်လို့ မင်းယုဝေရဲ့ ပထမ မြန်မာများ စာအုပ်မှာ ဖော်ပြပါတယ်။ လန်ဒန်အတ် ဓာတ်ပုံတိုက်ပိုင်ရှင် ဦးအုန်းမောင်က သူနဲ့ခင်တဲ့ ၁၈ နှစ်သား မောင်ညီပုကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာပါ။ မင်းသမီးကို ငွေ သုံးဆယ်ပေးရပေမယ့် မင်းသားနဲ့ အခြားသူတွေက အပျော်တမ်း သရုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

အဲဒီခေတ်က ရုပ်ရှင်ရိုက်ရာမှာ ရုပ်ရှင်စက်ပစ္စည်းတွေနဲ့ ထမင်းတောင်း ဟင်းတောင်းတွေကို လှည်းတွေနဲ့သယ်ပြီး သာဓုကန်ဘက်မှာ သွားရိုက်ကြတာ ဖြစ်ပါတယ်။ ရိုက်ကွင်းမှာ အလင်းရောင်ရဖို့ ကိုယ်လုံးပေါ် မှန်တွေ သုံးတဲ့ခေတ် ဖြစ်ပါတယ်။ ရုပ်ရှင်မိတ်ကပ်အစား ပြည်တွင်းဖြစ် မရွှေမမျက်နှာချေကို သကြားရေနဲ့ ဖျော်လိမ်းရတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Dagon Magazine
Image caption ရွှေနှင်းဆီဇာတ်ကားက မောင်ညီပုနဲ့ မခင်သောင်း

နောက် တရုတ်အမွှေးတိုင်ထုပ်တဲ့ စက္ကူနီကို နှုတ်ခမ်းနီအတွက်သုံးပြီး မျက်ခုံးမွေးအတွက် တရုတ်မင်တောင့်ခဲကို သွားတိုက်တံနဲ့ ဆွဲခဲ့ကြရတာပါ။

ဒီပထမကားမှာ အောင်မြင် ခဲ့ပြီးနောက် နောက်ထပ်ကားတွေ ရိုက်ရင်း အင်္ဂလန်မှာ ကူးသန်းရောင်းဝယ်ရေး ပညာသင်ဖို့ အိမ်က စီစဉ်ထားတာတွေ ပျက်သွားပြီး မောင်ညီပု ရုပ်ရှင်နယ်ထဲ ရောက်ခဲ့ ပါတယ်။

၁၉၂၃ က မေမြို့မှာရိုက်တဲ့ တောမြိုင်စွန်းကလွမ်းအောင်ဖန် ဇာတ်ကားမှာ မောင်ဘဌေးအဖြစ် သရုပ်ဆောင်ရင်း သူညှပ်ခဲ့တဲ့ ဆံပင်ပုံကိုလည်း မောင်ဘဌေးဆံတောက်အဖြစ် တနိုင်ငံလုံး လိုက်ညှပ်ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Dagon Magazine
Image caption မောင်ဘဌေးဆံတောက်လို့ ထင်ရှားခဲ့

မှိုင်းလတိုင်းဝေလတေ ရှည်လတေ

၁၉၂၅ မှာ လယ်တီပဏ္ဍိတဦးမောင်ကြီး ဇာတ်အိမ်ဖွဲ့ ရေးသားတဲ့ မှိုင်းဝေဝေ ဇာတ်ကားမှာ မောင်ညီပု မင်းသားအဖြစ် ရိုက်ကူးခဲ့ပါတယ်။ မြန်မာဇာတ်ကားတွေထဲမှာ ဒုတိယပေအရှည်ဆုံးအဖြစ် ကျော်ကြားတဲ့ မှိုင်းဝေဝေဟာ ပေ လေးသောင်းရှစ်ထောင်ရှည်လို့ တပတ်မှာ ပေရှစ်ထောင်စီ ခွဲပြခဲ့ရတာပါ။ သုံးနှစ်ကြာ ရိုက်ကူးခဲ့ရတယ်လို့လည်း သိရပါတယ်။ ပေရှည်လွန်းလို့ မှိုင်းလတိုင်းဝေလတေ ရှည်လတေလို့ ကာတွန်းဆွဲ နောက်ပြောင်ခံရပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption ၁၉၂၅ က မှိုင်းဝေဝေ

ဒီဇာတ်ကားဟာ ရှိတ်စပီးယားရဲ့ ဆောင်းတွင်းပုံပြင် (The Winter's Tale )ပြဇာတ်ကို မှီးတာ ဖြစ်ပေမယ့် သရုပ်ဆောင်နဲ့ မှီငြမ်းမှု ပိုင်နိုင်လို့ ထင်ရှားခဲ့ပါတယ်။ သူရိုက်ခဲ့တာတွေထဲမှာ ဒီကားကို စိတ်တိုင်းအကျဆုံးလို့လည်း မောင်ညီပုက ပြောပါတယ်။ အဲဒီခေတ်က အကယ်ဒမီပေးတဲ့စနစ် အမေရိကန်မှာတောင် မရှိသေးလို့ မှိုင်းဝေဝေမှာ မောင်ညီပု ရွှေစင်ဆု မရခဲ့ပါဘူး။

၁၉၂၉ မှာ သူပါတဲ့ ဆုထူးပန် ဇာတ်ကားကို အင်္ဂလန်မှာ ရုံတင်ပြခဲ့ပါတယ်။ ပြင်သစ်စာရေးဆရာကြီး အလက်ဇန္ဒားဒူးမားအငယ်ရဲ့ ဖယောင်းပန်းဝတ္ထုကို မြန်မာမှုပြုရိုက်တာဖြစ်ပြီး အင်္ဂလိပ်စာတန်း ထိုးကာ နှောင်ကြိုးကိုတိုး၍ ကြင်သူ (Lady Prefers Bond) အမည်နဲ့ ပြသခဲ့တယ်လို့ သိရပါတယ်။ အသံတိတ်ကားဖြစ်ပြီး သံစုံတီးဝိုင်းနဲ့ ပြသခဲ့တာလို့လည်း ဆိုပါတယ်။ မြန်မာရုပ်ရှင်တွေထဲမှာ အနောက်တိုင်းမှာ ပထမဆုံးပြတဲ့ကားလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Sasha
Image caption ဆုထူးပန်ကို တည်းဖြတ်တဲ့ ဗြိတိသျှဒါရိုက်တာ

ဒီကားကို တည်းဖြတ်ပေးတဲ့ လန်ဒန်က ကီးရုပ်ရှင် လီမိတက်က အေဒရီယန် ဘရူနဲကလည်း မောင်ညီပုကို ချီးကျူးခဲ့ပါတယ်။ သူနဲ့ နောက်လိုက် ရုပ်ရှင်ပညာသည် သုံးလေးယောက် မြန်မာပြည်ကို သွားပြီး မစ္စတာညီပုကို ကူညီနိုင်ရင် မြန်မာပြည်ကနေ ကမ္ဘာအနှံ့ ပြသနိုင်တဲ့ ရုပ်ရှင်ကားတွေ ထွက်လာနိုင်တယ်ဆိုပြီး ၁၉၃ဝ ပြည့်နှစ်က စာရေးချီးကျူးခဲ့တာပါ။

မောင်ညီပုဟာ ဂျာမနီကို အသံထွက်ကားရိုက်ကူးရေး အတွက်သွားမယ်လို့ ကြံစည်ခဲ့ကြောင်းလည်း ဒဂုန်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီခေတ်က သူနဲ့တွဲဖက်သရုပ်ဆောင်တဲ့ မင်းသမီးတွေက ခင်ခင်နု၊ မခင်သစ်၊ မခင်သောင်း စသူတွေ ဖြစ်ပြီး ရွှေရိုးဘကလေးခေါ် ကာတွန်းဦးဘကလေးနဲ့လည်း ရိုက်ကူးရာမှာ ထင်ရှားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လန်ဒန်က ကမ္ဘာကျော် ပိုင်းဝုဒ် စတူဒီယို

ဂဠုန်နဲ့ ဂျပန်သွား

၁၉၃၅ မှာတော့ ဂဠုန်ဦးစောနဲ့ ဂျပန်လိုက်သွားရင်း ဂျပန့်ရင်သွေး ဇာတ်ကားကို မောင်ညီပုနဲ့ မောင်မောင်စိုးတို့ ညီအစ်ကို ဂျပန် မင်းသမီး မစ်ဆူကို တာကာအိုနဲ့ ရိုက်ကူးခဲ့ပါတယ်။ တိုကျိုက ရန်ကုန်ကို လေယာဉ်နဲ့ တောက်လျှောက်ပျံဖို့ ကြိုးစားတဲ့ မြန်မာလူငယ်နှစ်ယောက်အကြောင်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် FPG
Image caption စစ်သွေးစစ်မာန်တက်နေတဲ့ ဂျပန်ကို မောင်ညီပုတို့မြင်ခဲ့

ဦးစောရဲ့ ဂျပန်လမ်းညွှန် စာအုပ်မှာတော့ အေဝမ်းရုပ်ရှင် ကုမ္ပဏီပိုင်ရှင် ကိုညီပု၊ သူ့ညီ မောင်မောင်စိုးနဲ့ မြန်မာ့အလင်း သတင်းထောက် ဦးမောင်မောင်ခင်အပါအဝင် ခုနစ်ယောက်ပါတဲ့အဖွဲ့ ဂျပန်ကို သွားခဲ့ ကြောင်း ဖော်ပြပါတယ်။ ကိုဘေးမှာ ဦးညီပုရဲ့ ရုပ်ရှင်ပြပြီးနောက် မြန်မာတွေကို မြင်ဖူးချင်တယ်ဆိုလို့ ရုံရှေ့မှာ တန်းစီပြခဲ့ရတယ်လို့လည်း ဦးစောက ဆိုပါတယ်။ ကျိုတိုမှာ ရုပ်ရှင်စတူဒီယိုတွေ သွားကြည့် ကြသလို အဲဒီက ဂျပန်ဘုန်းကြီးကျောင်းတကျောင်းမှာလည်း သူတို့ပါလာတဲ့ ရုပ်ရှင်ကားတွေ ပြခဲ့ပါတယ်။ ဒီရုပ်ရှင်တွေနဲ့အတူ မြန်မာပြည်က ရွှေတိဂုံဘုရား၊ ခြင်းပွဲ၊ အကအခုန် စတာတွေ ကြည့်ရလို့ ဂျပန်တွေ သဘောကျကြတယ်လို့လည်း ဦးစောက ရေးပါတယ်။

ဂျပန်မှာ ရှိတုန်း သူတို့အဖွဲ့ကို ဗိုလ်ချုပ်ကြီး တယောက်က ဧည့်ခံပွဲပေးတဲ့အပြင် လေယာဉ်ပျံနဲ့ စစ်သင်္ဘောတွေကို လိုက်ပြခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကနေ ဂျပန့်ရင်သွေး ရိုက်ဖို့ ဖြစ်လာပုံ ရပါတယ်။

ဓာတ်ပုံ မူပိုင် Japan Classic Film Festival
Image caption ဂျပန်မှာ လေယာဉ်ပျံ လေ့ကျင့်တဲ့ မြန်မာညီအစ်ကိုနဲ့ ဂျပန်အချစ်ဇာတ်လမ်း

တခါ ဂျပန်မှာ ဂျပန်အမျိုးသမီးနဲ့ လက်ထပ်လာတဲ့ မောင်ညီပုကို ဇာတ်ကားထဲက ဂျပန်မလေး အေးမိစံကို ယူလာတယ် ဆိုပြီး သတင်းဖြစ်ခဲ့ပါတယ်။ မောင်ညီပုရဲ့ ဂျပန်သူ ဇနီး တာကာကို ဆူဇူကီးက အရပ်သူ ဖြစ်ပြီး မြန်မာလို ဒေါ်စန်းရှင်လို့ ခေါ်ပါတယ်။ အသက် ၁ဝဝ နားနီးမှ ၂ဝဝ၈ ခုနှစ်လောက်မှာ ရန်ကုန်မှာ ကွယ်လွန်သွားပါတယ်။

ဂျပန့်ရင်သွေးပြပြီး ပြန်အလာ အသက် ၃၅ နှစ်အရွယ်မှာ မောင်ညီပု နောက်ထပ် သရုပ်ဆောင် ရိုက်ကူးတာတွေ မလုပ်တော့ပေမယ့် အေဝမ်းကုမ္ပဏီမှာ အုပ်ချုပ်ရေးနဲ့ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တောင်ကိုရီးယား ရုပ်ရှင် အော်စကာဆု ဘာကြောင့် ရရှိ

စစ်ပြီးခေတ်မှာ ရုပ်ရှင်ကောင်စီဥက္ကဋ္ဌဖြစ်ခဲ့ပြီး တူတွေပါဝင်တဲ့ သမန်းကျား ရုပ်ရှင်ကို ၁၉၇ဝ မှာ ရိုက်ကူးခဲ့ပါတယ်။ မောင်ညီပုဟာ အသက် ၉၆ နှစ် အရွယ် ဘိုးညီပုဘဝမှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ခေတ်က တသက်တာ အကယ်ဒမီဆု မပေးသေးတဲ့အတွက် ရမသွားခဲ့ပေမယ့် ပထမမြန်မာမင်းသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဂျပန့်ရင်သွေး ဇာတ်ကားတွေ အထင်အရှား ကျန်ရစ်ခဲ့ပါတယ်။

စစ်အတွင်း ပျောက်ဆုံးခဲ့တဲ့ ဂျပန့်ရင်သွေးကားကို ဂျပန်နိုင်ငံမှာ ၁၉၉၂ က ပြန်လည်တွေ့ရှိပြီး ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။ ဒီကားဟာ စုဆောင်းသိမ်းဆည်းနိုင်ခဲ့တဲ့ မြန်မာရုပ်ရှင် တွေထဲမှာ အစောဆုံး အသံထွက်ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption ပြန်ပြင်ထားတဲ့ မြန်မာအဆွေတိုက်