အနောက်သွား ရဲဘော်သုံးကျိပ်လို့ ခေါ်တဲ့ လေထီးရဲဘော်များ

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
India

ဓာတ်ပုံ ရင်းမြစ်, Michael Ochs Archives

ဓာတ်ပုံ ပုံစာ,

စစ်အတွင်း အာသံနယ်က အမေရိကန်လေတပ်စခန်း

မြန်မာပြည် လွတ်လပ်ရေးမှာ ဂျပန်သွားတဲ့ ရဲဘော်သုံးကျိပ်ရဲ့ ကဏ္ဍကို အရေးတကြီး ထားကြပေမယ့် အိန္ဒိယကိုသွားတဲ့ လေထီးရဲဘော် သုံးကျိပ်သုံးယောက်ကိုတော့ သိသူနည်းကြပါတယ်။

ရဲဘော်သုံးကျိပ်ကို ခေါင်းဆောင်သူက ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး ဒီထဲက ဗိုလ်လက်ျာနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းလို ထင်ရှားတဲ့ ခေါင်းဆောင်တွေ၊ လွှတ်တော် ဥက္ကဋ္ဌနဲ့ အမတ်တွေ ပေါ်ထွက်ခဲ့ပြီး ဗိုလ်ဇေယျနဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောလို ကွန်မြူနစ် ခေါင်းဆောင်တွေလည်း ထင်ရှားခဲ့ပါတယ်။

လေထီးရဲဘော်တွေကို ခေါင်းဆောင်ယူခဲ့သူကတော့ ကွန်မြူနစ် ပါတီမှာ အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့တဲ့ သခင်သိန်းဖေခေါ် သိန်းဖေမြင့် ဖြစ်ပြီး ဒီထဲက သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီး ဦးညိုထွန်းနဲ့ ဦးဘစော၊ နိုင်ငံတော်ကောင်စီဝင် ဦးသာကျော် စတဲ့ နိုင်ငံရေးသမားနဲ့ စစ်အရာရှိတွေ ထွက်ပေါ်ခဲ့တဲ့အပြင် ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်နဲ့ သခင်တင်ရွှေ စတဲ့ နာမည်ကြီး ကွန်မြူနစ်တွေ ထွန်းကားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu collection

ဓာတ်ပုံ ပုံစာ,

အိန္ဒိယရောက် မြန်မာလေထီးရဲဘော်များ

နောက် ရခိုင် လက်နက်ကိုင်သမိုင်းမှာ ထင်ရှားတဲ့ ဗိုလ်စံသာကျော်နဲ့ ဗိုလ်မောင်ကလေး စတဲ့ ခေါင်းဆောင်တွေလည်း ဒီလေထီးသင်တန်းကို တက်ခဲ့ကြပါတယ်။

နောက် လေထီးလှုပ်ရှားမှုရဲ့ ထူးခြားချက်ကတော့ ကျောက်ဆည်က သခင်မ မမြရီဆိုတဲ့ အမျိုးသမီးတဦးပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရဲဘော်သုံးကျိပ်နဲ့ မတူတာကတော့ လေထီးလှုပ်ရှားမှုမှာ သခင်သိန်းဖေ ခေါ်ယူခဲ့တဲ့ လူ ၃၃ ယောက်အပြင် တခြားဘယ်သူတွေ ပါတယ်ဆိုတာ မသိရတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ပညာမင်းကြီး ဦးချိုရဲ့သား စတန်လီချို လေထီးနဲ့ ဆင်းတာကို ဂျပန်မိသွားတဲ့အတွက် အဲဒီအချိန်က အဓိပတိ ဒေါက်တာဘမော်က ကယ်တင်ခဲ့ရပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး လေထီးခုန်ခဲ့တဲ့ မခင်ညွန့်နဲ့ မဖီဆိုတဲ့ အမျိုးသမီးတွေ ရှိတယ်လို့လည်း စစ်ပြီးစမှာ ထုတ်ခဲ့တဲ့ ရဲဘော်စာစောင်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ,

မြန်မာပြည်ထဲ ဝင်လာတဲ့ ဂျပန်တပ်များ

လေထီး ဘယ်ကစ

ဒီလှုပ်ရှားမှုဟာ မြန်မာပြည်ထဲကို ဂျပန်တပ်တွေ ဝင်လာပြီးနောက် ဗြိတိသျှ လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ မြေအောက်ခေါင်းဆောင်တွေ တွေ့ဆုံရာက ဆုံးဖြတ်ခဲ့တဲ့ ရလဒ်ဖြစ်ပါတယ်။ မတတ်သာလို့ ဂျပန်နဲ့ ပူးပေါင်း ခဲ့ရပေမယ့် တချိန်မှာ ပြန်ပြီး တော်လှန်ရမယ်ဆိုတာ အဲဒီအချိန်က သခင်နိုင်ငံရေးသမား လူငယ်တွေ စိတ်ထဲမှာ ရှိကြပါတယ်။

ဒါကြောင့် မန္တလေးထောင်က လွတ်လာတဲ့ သခင်နုနဲ့ သခင်စိုးဟာ သခင်သိန်းဖေ ခေါ် သိန်းဖေမြင့်၊ ကိုကျော်ငြိမ်း စတဲ့ မြေအောက် လှုပ်ရှားမှု ခေါင်းဆောင်တွေနဲ့ တွေ့ပြီး တစုက ပြည်တွင်းမှာ ဂျပန်နဲ့ ပူးပေါင်းလှုပ်ရှားဖို့၊ နောက်တစုက ပြည်တွင်းမှာပဲ မြေအောက်လှုပ်ရှားမှု ဆက်လုပ်ဖို့နဲ့ နောက်ဆုံးတစုက အိန္ဒိယကိုသွားပြီး မဟာမိတ်တွေနဲ့ အဆက်အသွယ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဒီအကြောင်းတွေကို စစ်အတွင်းခရီးသည်နဲ့ မဟာမိတ်နဲ့ဗမာ့တမန် စာအုပ်တွေမှာ သိန်းဖေမြင့်က မှတ်တမ်းတင်ခဲ့လို့ လူသိများခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Win Ko Ko

ဓာတ်ပုံ ပုံစာ,

လေထီးခေတ်ကို မှတ်တမ်းတင်ခဲ့

ဂျပန်ဝင်လာချိန်မှာ သခင်သိန်းဖေဟာ မြေအောက်လှုပ်ရှားမှုတွေ လုပ်ရင်း ဖက်ဆစ်ဆန့်ကျင်ရေး စာတမ်းတွေ ရေးသားခဲ့တဲ့အတွက် သူနဲ့ နာမည်တူတဲ့ တိုင်းချစ်သခင်သိန်းဖေကို ဖမ်းဆီးတာတွေ ဖြစ်လာပါတယ်။ ကပိုင်မှာ ဆွေးနွေးဆုံးဖြတ်ချက်အရလည်း ဖက်ဆစ်တော်လှန်ရေးအတွက် အိန္ဒိယသွားပြီး မဟာမိတ်တွေနဲ့ စေ့စပ်ဖို့ သူပြင်ဆင်ခဲ့ပါတယ်။

ဗြိတိသျှကို ကူတိုက်ပေးရင်း အရေးမလှလို့ မြန်မာပြည်က ဆုတ်ခွာနေတဲ့ တရုတ်တပ်တွေနဲ့ လိုက်သွားဖို့ အစက သူစဉ်းစားခဲ့ပေမယ့် အဆင်မပြေလို့ ရခိုင်ကတဆင့် အိန္ဒိယကို ထွက်သွားပါတယ်။ သခင်သိန်းဖေကို လမ်းတလျှောက်မှာ တွေ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်းနဲ့ ဗိုလ်လက်ျာစတဲ့ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေက လျှို့ဝှက်ကူညီပေးကြတာ ဖြစ်ပြီး သူနဲ့အတူ ကျောက်ဆည်သခင်တင်ရွှေလည်း အိန္ဒိယကို လိုက်ခဲ့ပါတယ်။

သခင်စိုးကတော့ မြစ်ဝကျွန်းပေါ်မှာ မြေအောက် လှုပ်ရှားမှုကို တာဝန်ယူပြီး သခင်နုနဲ့ သခင်သန်းထွန်းတို့က ဂျပန်ရုပ်သေးအစိုးရမှာ တာဝန်ယူပြီး တော်လှန်ရေးကို လျှို့ဝှက်လုပ်ကိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PhotoQuest

ဓာတ်ပုံ ပုံစာ,

ဗမာ့တမန်တွေကို သယ်ဆောင်ခဲ့တဲ့ လေယာဉ်တစီး

ရိုးမချီ ခရီးသည်များ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အိန္ဒိယ ရောက်ခါစမှာ အဖမ်းခံရပေမယ့် နောက် ပြန်လွှတ်ပေးပြီး မဟာမိတ်တွေနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။ သခင်တင်ရွှေကို မြန်မာပြည် ပြန်လွှတ်ပြီး သခင်ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ကာ တော်လှန်ရေးသမားတွေကို ခေါ်ဖို့ လုပ်ကြပါတယ်။

သခင်တင်ရွှေနဲ့အတူ ၁၉၄၃ မှာ တို့ဗမာဆင်းရဲသားအစည်းအရုံးရဲ့ ရခိုင်တိုင်းမှူး ကိုညိုထွန်းနဲ့ သခင်မ မမြရီ လိုက်လာပြီး ၁၉၄၄ မှာတော့ မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင် စတဲ့ တတိယအသုတ် ရဲဘော်တွေ ရောက်လာပါတယ်။

ဒီရဲဘော်တွေကို ကာလကတ္တားနဲ့ သီဟိုဠ်ကျွန်းတွေမှာ စစ်ဘက်သင်တန်း၊ လေထီးသင်တန်းတွေ ပေးသလို နိုင်ငံရေးသင်တန်းတွေကိုလည်း ဗမာပြည်ကွန်မြူနစ်ပါတီက သိန်းဖေမြင့်နဲ့ ဂိုရှယ်က ပို့ချပါတယ်။ သူတို့နေတဲ့ ကာလကတ္တားမြို့စွန်က အိမ်ကိုလည်း ဘုံရိပ်သာလို့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

မြန်မာပြည်ထဲမှာလည်း ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုးနဲ့ တခြားခေါင်းဆောင်တွေ စုစည်းပြီး ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့ပါတယ်။ ဒီအဖွဲ့အောက်မှာ တပ်မတော်၊ ကွန်မြူနစ်နဲ့ ပြည်သူ့အရေးတော်ပုံပါတီတွေအပြင် တခြားနိုင်ငံရေး အင်အားစုတွေလည်း ပါပါတယ်။ စစ်ကြီးအစမှာ ဆုံးဖြတ်ခဲ့တဲ့အတိုင်း အိန္ဒိယက သခင်သိန်းဖေနဲ့ ဆက်သွယ်ပြီး တော်လှန်ရေး ကိစ္စတွေကို ပြည်တွင်းက ဆောင်ရွက်ကြပါတယ်။ အိန္ဒိယနဲ့ ကြားခံ အဖြစ်လည်း ရခိုင်နိုင်ငံရေးသမားတွေက ရခိုင်နဲ့ ရန်ကုန်ကြားမှာ ကူညီပေးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu collection

ဓာတ်ပုံ ပုံစာ,

လေထီးဖူးစာ သခင်တင်ရွှေနဲ့ သခင်မမြရီ

ဒီအချိန်မှာပဲ မဟာမိတ် ထိုးစစ်ဒဏ်ကို ရှေ့တန်းမှာ ရင်ဆိုင်ရတဲ့ ရခိုင်စစ်မျက်နှာက ပြောက်ကျားခေါင်းဆောင်တွေ အိန္ဒိယမှာ လေထီးသင်တန်းတက်ကာ တော်လှန်ရေးအတွက် ပြင်ဆင်ကြပါတယ်။ သူတို့ဟာ မဟာမိတ် တပ်တွေကို တိုက်ဖို့ ဂျပန်က ဖွဲ့ပေးတဲ့ ပြောက်ကျားတွေ ဖြစ်ပေမယ့် မဟာမိတ်ကို ဟန်ပြတိုက်ပြီး အိန္ဒိယနဲ့ ချိတ်နိုင်အောင် ကြိုးစားကြပါတယ်။ အိန္ဒိယရောက်နေတဲ့ ကိုညိုထွန်းကလည်း သူတို့နဲ့ ချိတ်ဖို့ အသက်စွန့်ပြီး ရခိုင်ပြည်ထဲ ပြန်ဝင်လာပါတယ်။

အိန္ဒိယကို လိုက်လာတဲ့ ရခိုင်ရဲဘော်တွေဟာ ကျေးလက်က လယ်သမားလူငယ်တွေများပြီး ကိုဘစောလို သီဟိုဠ်မှာ စာသင်ရင်း စစ်ဖြစ်လို့ မြန်မာပြည် မပြန်နိုင်ဘဲ အိန္ဒိယမှာ လာအလုပ်လုပ်ရင်း လေထီးတပ်ထဲ ရောက်လာ သူလည်း ရှိပါတယ်။ ဒီလူငယ်တွေကို ၁၉၄၄ ဒီဇင်ဘာမှာ ဝိုင်ယာလက် ကြိုးမဲ့ကြေးနန်းစက်ကိုင်တွေ၊ မဟာမိတ်အရာရှိတွေနဲ့အတူ ရခိုင်မြောက်ပိုင်းမှာ လေထီးနဲ့ ချပေးခဲ့ပါတယ်။ ၁၉၄၅ ဇန်နဝါရီ ၁ ရက်မှာ ရခိုင်တိုင်းရဲ့ ဖက်ဆစ်တော်လှန်ရေး စပြီး မြန်မာပြည်မထက် စောပြီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ,

မြန်မာပြည်ပေါ် လေထီးနဲ့ စစ်ကူတွေပို့

လေထီးနဲ့ သေခရီး

ဒီရခိုင်ရဲဘော်တွေဆီက လက်နက်တွေကို မဟာမိတ်တွေက ပြန်သိမ်းဖို့ လုပ်လို့ အိန္ဒိယ ပြန်လာပြီး အရေးဆိုကြသလို မြန်မာပြည်ထဲကို ဒုတိယအကြိမ် လေထီးပြန်ဆင်းကြတဲ့ ရခိုင်ရဲဘော်တွေလည်း ရှိပါတယ်။ နောက် အိန္ဒိယကို ရောက်နေတဲ့ ရခိုင်ရဲဘော် သာထွန်းအောင်ကို ရန်ကုန်က ရဲဘော်တွေ သွားခေါ်ခိုင်းတာလည်း ရှိခဲ့ပါတယ်။

ရဲဘော်သုံးကျိပ် ဂျပန်ခရီးမှာ အနှောင့်အယှက်တွေ တွေ့ရသလို လေထီးရဲဘော်တွေရဲ့ ခရီးမှာလည်း သေဘေးနဲ့ ကြုံကြရပါတယ်။ လမ်းမှာ မဟာမိတ်လေယာဉ်နဲ့တွေ့လို့ စီးလာတဲ့ ကားမီးလောင်တာ၊ ငှက်ဖျားမိလို့ ကျန်နေ ခဲ့တာ၊ ဂျပန်နဲ့ တွေ့လို့ အဖမ်းခံရပြီး ညကျမှ ကြိုးဖြတ်ပြီး ပြေးလာတာ စသဖြင့် မှတ်တမ်းတင်ရေးခဲ့တာတွေ ရှိပါတယ်။

လေထီးဆင်းတဲ့အချိန်မှာလည်း အန္တရာယ်က ပိုကြီးပါတယ်။ အိန္ဒိယက အထွက် လေယာဉ်ပျက်ကျပြီး သခင်ဗိုလ်၊ ဗိုလ်ဘသိန်းနဲ့ ဗိုလ်စောဦးတို့ သေဆုံးခဲ့ပါတယ်။ ဒေးဒရဲမှာ လေထီးဆင်းတဲ့ ကိုဘသောင်းကို ဂျပန် ဖမ်းမိပြီး မဟာမိတ်တပ်က လွတ်အောင် ရဲစခန်းကို ဗုံးကြဲပြီး ကယ်ရတာလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းချိန်မှာ သမ္မတဘဝနဲ့ အဖမ်းခံရတဲ့ မန်းဝင်းမောင်ကတော့ လေထီးဆင်းချိန်မှာ ခြေထောက်တဘက် ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu collection

ဓာတ်ပုံ ပုံစာ,

မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင် စတဲ့ ရဲဘော်တစု

ဒီလို အသက်စွန့်ရပေမယ့် လေထီးရဲဘော်တွေ အကူအညီနဲ့ မြန်မာပြည်သိမ်းတိုက်ပွဲတွေ ဆင်ရာမှာ လျင်မြန်ထိရောက်တယ်လို့ သိရပါတယ်။ ပျဉ်းမနားနယ်မှာ ဖက်ဆစ်ဂျပန်တပ်တွေကို လေထီးရဲဘော်တွေနဲ့ ပူးပေါင်း တော်လှန်နေတဲ့ မျိုးချစ်ဗမာ့တပ်မတော် တိုင်းအမှတ် ၆ ဌာနချုပ်ကို လူတထောင်ကျော်ရှိတဲ့ ဂျပန်တပ်က ဝင်တိုက်တာကို လူတရာပဲရှိတဲ့ အစောင့်တပ်နဲ့ ပြန်ခုခံနိုင်ခဲ့တယ်လို့လည်း လေထီးရဲဘော်သခင်လှကွန်းက လျှို့ဝှက်စစ်ဆင်ရေး တာဝန်ခရီးမှ ပုံရိပ်များ စာအုပ်မှာ ရေးသားခဲ့ပါတယ်။

နောက် ရဲဘော်သုံးကျိပ်ဝင် တပ်မတော်အရာရှိတွေကလည်း ဒီလေထီးရဲဘော်တွေနဲ့ ပူးပေါင်းပြီး ဂျပန်ကို တိုက်ကြပါတယ်။ တကယ်က ဒီရဲဘော်အများစုဟာ တပ်မတော်နဲ့ အာရှလူငယ်၊ တို့ဗမာအစည်းအရုံးစတဲ့ နေရာစုံ ဒေသစုံက လူငယ်တွေ ဖြစ်ကြပါတယ်။ နောက် သူတို့နဲ့ အတူလေထီးဆင်းတဲ့ ဝိုင်ယာလက်စက်ကိုင်တွေထဲမှာ ချင်းလူငယ်တွေလည်း ပါပါတယ်။ နိုင်ငံရေး အားဖြင့်လည်း ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ တခြားအဖွဲ့တွေက ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ,

စစ်ပြီးစမှာ ဗိုလ်မှူးချစ်ကောင်းရေးတဲ့ လေထီးမှတ်တမ်း

လေထီးနဲ့ သေဒဏ်

စစ်ပြီးခေတ်မှာ တော်လှန်ရေးအတွင်းက စုစည်းခဲ့တဲ့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် ညီညွတ်ရေး ပြိုကွဲပြီး ပြည်တွင်းစစ် စရာမှာတော့ လေထီးရဲဘော်တွေလည်း ဘက်တွေ ကွဲပြီး တချို့က အစိုးရတပ်၊ တချို့က ကွန်မြူနစ် တပ်ဝင်ကာ အချင်းချင်း တိုက်ခဲ့ရပါတယ်။ ဒီနေရာမှာတော့ သူတို့ရှေ့က ဂျပန်နဲ့ လေ့ကျင့်ခဲ့တဲ့ ရဲဘော်သုံးကျိပ်တွေ ညီညွတ်မှု ပြိုကွဲပုံနဲ့ တူညီပါတယ်။

၁၉၅ဝ ကျော်မှာ တောထဲက ပြန်ဖမ်းမိခဲ့တဲ့ လေထီးဗိုလ်ချစ်ကောင်းကို သေဒဏ်ပေးရာမှာတော့ လေထီးမမြရီရဲ့ တောင်းဆိုမှုနဲ့ လေထီးသမ္မတ မန်းဝင်းမောင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ၁၉၈ဝ မှာ ရဲဘော်သုံးကျိပ်ဝင် သမ္မတကြီး ဦးနေဝင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တောခိုနေတဲ့ ဗိုလ်မှူးအောင်၊ ဗိုလ်ရန်နိုင်စတဲ့ ရဲဘော်သုံးကျိပ်ဝင်ဟောင်းတွေ၊ ဦးနုစတဲ့ နိုင်ငံရေးသမားတွေ ပြန်ရောက်လာတာကလည်း ဒီအဖြစ်နဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mirrorpix

ဓာတ်ပုံ ပုံစာ,

ဗြိတိန်က အလက်ဇန္ဒရားမင်းသမီးနဲ့အတူ တွေ့ရတဲ့ သမတ မန်းဝင်းမောင်

လွတ်လပ်ပြီးနောက် လေထီးရဲဘော်တချို့ သမ္မတနဲ့ ဝန်ကြီးတွေ ဖြစ်ကြချိန်မှာ တချို့ကတော့ အဖမ်းဆီးခံကြရပါတယ်။ ဒီထဲမှာ တောထဲကမိလာတဲ့ ဗိုလ်အုန်းမောင်တယောက် ကိုကိုးကျွန်းကို စစ်အစိုးရခေတ် နှစ်ခေတ်မှာ အပို့ခံခဲ့ရပါတယ်။ သခင်တင်ရွှေနဲ့ ဗိုလ်မှူးချစ်ကောင်းတို့ကတော့ တောထဲမှာ ကျဆုံးကြပါတယ်။

တချို့ကတော့ အရပ်ဘက်မှာ ဝင်အမှုထမ်းကြသလို တချို့ကလည်း အပြင်အလုပ်လုပ်ကြပါတယ်။ ဒီထဲက ထင်ရှားသူတွေကတော့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဘဝနဲ့ ကွယ်လွန်တဲ့ ရခိုင်ဦးကျော်ရင်နဲ့ စာရေးဆရာ ရှမ်းပြည်စံတင့်တို့ ဖြစ်ကြပါတယ်။

လေထီးရဲဘော်တွေကို အိန္ဒိယခေါ်ယူခဲ့တဲ့ သိန်းဖေမြင့်လည်း နိုင်ငံရေးသံသရာမှာ ကျင်လည်ခဲ့ပြီး ဝန်ကြီးတလှည့် ထောင်တလှည့် ဆိုသလို ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အစိုးရခေတ်မှာ အစိုးရ အတိုင်ပင်ခံ ကော်မတီ ဒုတိယဥက္ကဋ္ဌထိ ဖြစ်ခဲ့ပြီးနောက် သမ္မတလစာနဲ့ ဝတ်စုံစရိတ်ကိစ္စကို ဝေဖန်ဆောင်းပါးရေးလို့ ဘေးဖယ်ခံခဲ့ရပါတယ်။

ဖက်ဆစ်တော်လှန်ရေး ၇၅ နှစ်ပြည့်ချိန်မှာ လေထီးရဲဘော်ဟောင်းတွေ မကျန်တော့သလောက် ဖြစ်ပြီး သူတို့ထဲက ဦးရဲထွန်း မကြာခင်က ကွယ်လွန်ခဲ့ပါတယ်။ ဧပြီလ ၁၉ ရက်က အသက် ၉၈ နှစ်မှာ ကွယ်လွန်တဲ့ ဦးရဲထွန်းဟာ ၁၉၈၈ နောက်ပိုင်း ဦးနုရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်လို့ ထောင်ကျခဲ့တယ်လို့ သူနဲ့ ထောင်ထဲမှာ တွေ့ခဲ့သူ စာရေးဆရာ လန်ထောင်စပ်စုလေးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu collection

ဓာတ်ပုံ ပုံစာ,

လေထီးဆင်းတွေရဲ့ တော်လှန်ရေးနေ့ တွေ့ဆုံပွဲ