ကျောင်းဖတ်စာနဲ့ မြန်မာ့ပညာရေးသင်ရိုးထဲက နိုင်ငံရေး

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ ပုံစာ,

ကျေးလက်သဘာဝနဲ့ ကလေးများကို စွဲဆောင်

မြန်မာနိုင်ငံပညာရေးမှာ သင်ရိုးညွှန်းတမ်းဆိုပြီး ဗြိတိသျှသိမ်းပိုက်ပြီးနောက်မှာ ရှိလာတယ်လို့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းရဲ့ ဖတ်စာအုပ်သမိုင်းစာတမ်းမှာ ဖော်ပြပါတယ်။ အရင်က ဘုန်းကြီးကျောင်းပညာရေးမှာ သင်ပုန်းကြီးကုန်တာနဲ့ ပရိတ်ကြီးနဲ့ ရတနာရွှေချိုင့်စတဲ့ ဗုဒ္ဓကျမ်းဂန်တွေထဲက စာတွေကို သင်ပေးတာပဲ ရှိပါတယ်။

ဒါကြောင့် ပထမ အင်္ဂလိပ်-မြန်မာစစ်အပြီး တနင်္သာရီ၊ ရခိုင်နဲ့ ဒုတိယစစ်အပြီး ပဲခူးဒေသတွေမှာ သာသနာပြုနဲ့ အစိုးရကျောင်းတွေ ဖွင့်ပြီး အနောက်တိုင်းပညာရေးကို စတင်တဲ့အခါမှာ သင်ကြားပေးတဲ့ ဘာသာတွေနဲ့ ပတ်သက်ပြီး ဝေဖန် ကန့်ကွက်တာတွေ ကြုံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေးကို ဗုဒ္ဓဘာသာရဟန်းတော်တွေက တာဝန်ယူ သင်ကြားပေးရာက လူဝတ်ကြောင်နဲ့ နိုင်ငံခြားသားတွေ ဝင်ပြီး နေရာယူလာတဲ့အပြင် ဗုဒ္ဓဘာသာသက်သက်မဟုတ်တဲ့ လောကီပညာရေးနဲ့ စပြီး ထိတွေ့လာတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

အနှစ်တထောင်ကြာ ဘုန်းကြီးကျောင်း ပညာရေး

တိရစ္ဆာနကထာ

ဂဏန်းသင်္ချာ၊ ပထဝီဝင်၊ ခန္ဓာဗေဒ စတဲ့ပညာတွေကို မဂ်ဖိုလ်နိဗ္ဗာန်နဲ့ ဖီလာဖြစ်တဲ့ တိရစ္ဆာနကထာဖြစ်တယ်ဆိုပြီး အစဉ်အလာ သင်ကြားလာတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တွေက ကန့်ကွက်ကြပါတယ်။ ဒီကန့်ကွက်မှု တွေဟာ မြန်မာ တပြည်လုံး သိမ်းပြီးတဲ့အထိ ရှိနေပါတယ်။

ဒါကြောင့် "တစ်နှင့်တစ်ပေါင်းသော် နှစ်ဖြစ်၏၊ ပင်လယ်ထဲတွင် ကျွန်းများရှိ၏ အစရှိသည့်စကားမျိုး၊ နေလ နက္ခတ်တာရာများကို ကမ္ဘာမြေကြီးက လှည့်ပတ်နေသည် အစရှိသည့် အယူအဆမျိုးများသည် အကျိုးမရှိသော အကြောင်းတရားမျိုးသာဖြစ်သည်၊ သင်္ချာ၊ ပထဝီဝင်၊ အင်္ဂလိပ်စာ စသည့်ဘာသာများသည် တိရစ္ဆာနဝိဇ္ဇာ အတတ်ပညာမျိုးပင်ဖြစ်သည်" ဆိုပြီး စိန်ပန်းကျောင်းသစ်ဆရာတော်က တောင်ခွင် သာသနာပိုင်ဆရာတော်ဆီကို ၁၉ဝ၇ မှာ ရေးသားပါတယ်။

ဓာတ်ပုံ ပုံစာ,

၁၈၅၃ က မြန်မာဖတ်စာအုပ်

သိပ္ပံပညာအမြင်က စကြာဝဠာအယူအဆနဲ့ လေးကျွန်းတမြင့်မိုရ်ကို အခြေခံတဲ့ မြန်မာ ဗုဒ္ဓဘာသာအမြင် ကွာခြားမှုကြောင့် ဒီလိုလက်မခံတာတွေ ဖြစ်ခဲ့တာပါ။ သီပေါမင်း ပါတော်မူစက မန္တလေးမြို့မှာ နိုင်ငံခြားပြန်အရာရှိဟောင်းတွေနဲ့ အစဉ်အလာသမား တွေကြား ကမ္ဘာလုံးတယ်ပြားတယ် အငြင်းပွားမှုမှာ လန်ဒန်ကပြန်လာတဲ့ ကင်းဝန်မင်းကြီးက ပြားတယ်ဆိုပြီး ဆုံးဖြတ်ပေးဖူးကြောင်း ရွှေဘိုမိမိကြီးရဲ့ ရွှေရည်မင်းစံ ဆောင်းပါးများမှာ ပါရှိပါတယ်။ ကိုလိုနီခေတ် ဘုန်းကြီးကျောင်းတွေမှာ ပထဝီဝင်အစား ပါဠိကို သင်ခန်းစာအဖြစ် သင်တာလည်း ရှိတယ်လို့ ဒေါက်တာသန်းထွန်းက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

သခင်ကိုယ်တော်မှိုင်းတည်းဖြတ်တဲ့ မြန်မာရာဇဝင်

ဒီကန့်ကွက်မှုတွေအပြင် ခရစ်ယာန်သာသနာပြုကျောင်းတွေမှာ ခရစ်ယာန်ကျမ်း စာသင်တာနဲ့ ဓမ္မတေးဆိုခိုင်းတာ စတာတွေကြောင့် သားသမီးတွေ ဘာသာပြောင်းမှာကို စိုးရိမ်တဲ့မိဘတွေလည်း ရှိလာပါတယ်။ ဒါကြောင့် မော်လမြိုင်မှာ သာသနာ့ဓရအသင်းက ထောင်တဲ့ ရှင်မဟာဗုဒ္ဓဃောသကျောင်း၊ သထုံက ရှင်အရဟံကျောင်းစတဲ့ ဗုဒ္ဓဘာသာကျောင်းတွေ ခရစ်ယာန် စိန့်ကျောင်းတွေနဲ့အပြိုင် (၁၉)ရာစုအကုန်မှာ ထူထောင် ခဲ့ကြပါတယ်။ နောင်မှာ ပထမကျောင်းသား သပိတ်အပြီး အမျိုးသားပညာရေးကောင်စီက ကျောင်းတွေတည်ထောင်ရာမှာလည်း မြန်မာစာ၊ မြန်မာသမိုင်းကို ဦးစားပေးတဲ့ သင်ရိုးတွေ ပြဋ္ဌာန်းခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ကိုလိုနီခေတ်ဦးက လူကျောင်း

မြန်မာကိုနှိမ်တဲ့ မြန်မာတ်စာ

အနောက်တိုင်းပညာရေး မြန်မာပြည်ကို ရောက်ရှိလာရာမှာ အုပ်ချုပ်သူဗြိတိသျှတွေ အလိုကျ ဝါဒဖြန့်ချိရေးတွေကို သင်ရိုးစာအုပ်တွေကနေ သွတ်သွင်းခဲ့ပါတယ်။ ဒီမှာ ပထဝီဝင်၊ သမိုင်းနဲ့ မြန်မာဖတ်စာတွေကနေ ဖြန့်ချိခဲ့ပြီး မြန်မာဘုရင် အုပ်ချုပ်ရေးမကောင်းလို့ ရက်စက်ဖိနှိပ်လို့ ဗြိတိသျှသိမ်းပိုက်ရတယ်ဆိုတဲ့ အရေးအသားတွေ ပါခဲ့ပါတယ်။ ဒီစာအုပ်တွေကို ဗြိတိသျှအရာရှိတွေနဲ့ သာသနာပြုဆရာတွေ ရေးသားတာ များပါတယ်။

ဒီလို မြန်မာဘုရင်ကို ထိပါးတဲ့ ဖတ်စာအုပ်ကို မန္တလေးနန်းတော်ထဲ ယူလာတဲ့ ခရစ်ယာန်ဘုန်းကြီးကို ပြည်နှင်ဒဏ်ပေးတယ်ဆိုပြီး ဖီးလ်ဒင်းဟောရဲ့ မန္တလေးနန်းတွင်းပုံပြင်များမှာ ပါရှိပါတယ်။ အရှင်နန်းမတော်ဘုရားနှင့် ရာဇဝင်ဖတ်စာ ဇာတ်လမ်းဟာ ဟာသဆန်ပြီး ဘုရင်နဲ့ မိဘုရားမကောင်းကြောင်းကို ကာယကံရှင် အရေးခံရသူတွေ ဖတ်ပြီး စိတ်ဆိုးကြတာကို ဇာတ်လမ်းဖွဲ့ရေးတာ ဖြစ်ပါတယ်။ ဘယ်ဘုရင်လက်ထက်ဆိုတာ ပုံပြင်မှာ တိတိကျကျ မရေးပေမယ့် သီပေါမင်း လက်ထက်က မင်းညီမင်းသားတွေကို သတ်တာကို ကိုလိုနီခေတ်ထုတ် မြန်မာသမိုင်းစာအုပ်တွေမှာ ရှုတ်ချစရာအဖြစ် ရေးခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ဖတ်စာတွေမှာ ရှုတ်ချရေးခံရတဲ့ သီပေါမင်းနဲ့ စုဘုရားလတ်

နောက် ဒီလို ဖတ်စာအုပ်တွေမှာ ဗြိတိသျှအင်ပါယာဟာ နေမဝင်အင်ပါယာဖြစ်ကြောင်းနဲ့ ဗြိတိသျှလူမျိုးတွေဟာ တရားဥပဒေကို စောင့်စည်းလိုက်နာလို့ သူတို့သွားလေရာမှာ လွတ်လပ်စွာနေထိုင်ခွင့်ကို လူအပေါင်း ရရှိ ခံစားရအောင် ကြိုးပမ်းတယ်ဆိုတဲ့ အရေးအသားတွေ ပါပါတယ်။ နောက် ပထဝီဝင်မှာလည်း ဗြိတိသျှအင်ပါယာရဲ့ ချမ်းသာကြွယ်ဝပုံ၊ စစ်အင်အားကြီးပုံတွေကို အရေးပေးသင်ပါတယ်။ ဂျော့ဘုရင်ဘုန်းတော်ဘွဲ့ရတုပိုဒ်စုံ ကို ကျောင်းတွေမှာ ရွတ်ဆို သင်ကြားရတဲ့ခေတ် ဖြစ်ပါတယ်။

မြန်မာပြည်ကို ဗြိတိသျှသိမ်းပိုက်ပြီးနောက် တခြားကိုလိုနီတွေမှာလိုပဲ ဗြိတိသျှအုပ်ချုပ်ရေး ကို အထင်ကြီးတဲ့ ကြားခံလူတန်းစား မွေးထုတ်ပေးဖို့ ကြိုးစားရာမှာ ဖတ်စာအုပ်တွေကို အသုံးချခဲ့တာ ထင်ရှားပါတယ်။

အင်ပါယာစွဲကော်မတီ

ဗြိတိသျှကောင်းကြောင်း မြန်မာပြည်ခေတ်နောက်ကျကြောင်း ဖတ်စာတွေ သင်ခဲ့သလိုပဲ ၁၉၁၄ မှာ စတဲ့ ပထမကမ္ဘာစစ်အတွင်းမှာလည်း မြန်မာဘုရင်တွေခေတ်က ရေးတဲ့ လင်္ကာကဗျာတွေကို သုံးပြီး ဗြိတိသျှအင်ပါယာကို ချစ်မြတ်နိုး လာအောင် ကြံစည်ခဲ့ပြန်ပါတယ်။ အစိုးရအပေါ် သစ္စာ ရှိဖို့၊ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်နဲ့ တောတောင်ရေမြေသာယာပုံတွေကို ဖွဲ့ဆိုတဲ့စာတွေကို ရွေးချယ်ပြီး မြန်မာစာညွန့်ပေါင်းကျမ်းအဖြစ် ထုတ်ဝေဖို့ အင်ပါယာစွဲကော်မတီဖွဲ့ပြီး ဆောင်ရွက် ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဦးဝန် ဦးဘ မြန်မာဖတ်စာ

ဒီကျမ်းကို အခြေပြုပြီး ဖတ်စာအုပ်တွေ ရေးဖို့ ရည်ရွယ်ခဲ့သလိုပဲ ကျမ်းပြုစုသူတွေထဲမှာပါတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်နဲ့ သူ့တပည့် ဇော်ဂျီ၊ မင်းသုဝဏ်စတဲ့ ပညာရှင်တွေ ကိုလိုနီခေတ်နဲ့ လွတ်လပ်ပြီးနောက်မှာ ပြုစုတဲ့ မြန်မာ ဖတ်စာတွေထဲမှာလည်း မျိုးချစ်စိတ်နဲ့ တောတောင်ရေမြေ သာယာပုံကို ဖွဲ့တဲ့ တေးကဗျာတွေကို ထည့်သွင်းတာကို တွေ့ရပါတယ်။ မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ဖတ်စာအုပ်တွေမှာလည်း တောကျေးလက်အခြေပြု မျိုးချစ်စိတ်ကို တိုးပွားစေတဲ့ အရေးအသား တွေ ပါတယ်လို့ ထိုင်းသမိုင်းပညာရှင် ဝါဆစ်သီ ချိုင်ရကန်ရဲ့ မဟာထိုင်းဝါဒကို အားပေးတဲ့ ထိုင်းဖတ်စာအုပ်များသမိုင်းမှာ ဖော်ပြပါတယ်။

ဗြိတိသျှအင်ပါယာဝါဒဖြန့်အဖြစ် ပြုစုထုတ်ဝေခဲ့တဲ့ မြန်မာစာညွန့်ပေါင်းကျမ်းကို ၁၉၈၈ နောက်ပိုင်း စစ်အစိုးရရဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးစာစဉ်အနေနဲ့ ပြန်လည် ထုတ်ဝေခဲ့ပါတယ်။

လူထုအောင်သံနဲ့ ဖတ်စာအုပ်နိုင်ငံရေး

ဂျပန်ခေတ်မှာ အင်္ဂလိပ်စာအစား ဂျပန်စာကို သင်ရပြီးနောက် လွတ်လပ်ရေး ရပြီးနောက်မှာတော့ မြန်မာစာကို ဘာသာအားလုံးနီးပါးမှာ သင်ဖို့ လှုပ်ရှားမှုတွေ ရှိလာ ပါတယ်။ အစိုးရကျောင်းတွေမှာ ငါးတန်းမှ အင်္ဂလိပ်စာ စသင်တာနဲ့ သင်ရိုးစာအုပ်တွေကို မြန်မာလိုပြန်ဆိုသင်ကြားတာတွေလည်း လွတ်လပ်ရေးရပြီးနောက် ၁၉၈ဝ လောက်ထိ တွေ့ခဲ့ရပါတယ်။

ဒီခေတ်မှာ ထူးခြားတာက နိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ် ဦးနုရေးတဲ့ပြဇာတ်ကို ကျောင်းသုံးပြဋ္ဌာန်းတာ ဖြစ်ပါတယ်။ ကွန်မြူနစ်ပုန်ကန်မှုကို ရှုတ်ချရေးသားတဲ့ လူထုအောင်သံပြဇာတ်ကို ကျောင်းသုံးပြဋ္ဌာန်းရုံသာမက အမေရိကန် ဟောလီးဝုဒ်က ရုပ်ရှင်ရိုက်ကာ မြန်မာပြည် နေရာအနှံ့မှာ ပြခဲ့ပါတယ်။ ဦးနုဘာသာပြန်တဲ့ မိတ္တဗလဋီကာကိုလည်း ကျောင်းသုံးလုပ်ခဲ့ပါတယ်။ နောက် စာရေးဆရာသာဓုရဲ့ တပ်မတော်ဖွဲ့ တပ်ထဲကမြတ်ကိုကို ဝတ္ထုကို အစိုးရက စာပေဆု ပေးပြီး ကျောင်းသုံးပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီခေတ်ကကျောင်းသင်ရိုးအဖြစ် ပြင်ပစာရေးဆရာတွေရဲ့ လက်ရာတွေကို ပြဋ္ဌာန်းတတ်ပြီး ပြဋ္ဌာန်းစာအုပ်ရေးနိုင်သူတွေ ချမ်းသာသွား တတ်တယ်လို့ ဦးသိုက်ထွန်း (သတိုးထွန်း)ရဲ့ ကျောင်းသုံးစာအုပ်မှသုတစာပေ စာတမ်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ပုံစာ,

နိုင်ငံရေးမှာ သြဇာကြီးတဲ့ မြန်မာသံဃာတွေ

ဘာသာရေးအားပေးတဲ့ ဦးနုလက်ထက် ၁၉၅၄ မှာ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေအကြောင်း ကျောင်းသင်ရိုးမှာ ထည့်သွင်းဖို့ လုပ်ပေမယ့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သမ္မာကျမ်းနဲ့ ကိုရ်အန်ကျမ်း တွေ ကို မသင်ဖို့ ကန့်ကွက်မှုကြောင့် ဦးနုက ဘုန်းတော်ကြီးတွေကို နိုင်ငံရေးနဲ့ ဘာသာရေး ခွဲခြားကြဖို့ ရေဒီယိုက မိန့်ခွန်းပြောခဲ့ကြောင်း လန်ဒန်တက္ကသိုလ် အာရှနဲ့ စစ်သမိုင်းပါမောက္ခ မိုက်ကယ်ချာနီရဲ့ ခေတ်သစ်မြန်မာပြည်သမိုင်းမှာ ပါရှိ ပါတယ်။ ဦးနုရဲ့ ဘာသာပေါင်းစုံ သင်ကြားရေးစီမံကိန်း မအောင်မြင် ခဲ့ပေမယ့် အစိုးရစာသင်ကျောင်းတွေမှာ ဗုဒ္ဓဘာသာ ဘုရားရှိခိုးစာ ရွတ်ဆိုရတဲ့ အလေ့အကျင့် ကျန်နေခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

လွတ်လပ်ရေးခေတ်က အလံကိုဖော်ကျူးတဲ့ဖတ်စာ

နောက် ပြည်ပက သင်ရိုးညွှန်းတမ်းစာအုပ်တွေ ဝယ်ယူရလို့ ဖဆပလခေတ်မှာ လေးနှစ်အတွင်း သိန်းလေးဆယ်လောက် စာအုပ်ဖိုး ကုန်တဲ့နှစ်တွေ ရှိခဲ့တယ်လို့လည်း ဦးသိုက်ထွန်းက ဆိုပါတယ်။ ဦးနုတည်ထောင်တဲ့ စာပေဗိမာန်ခေါ် ဘာသာပြန် စာပေအသင်းက ပညာရှင်တွေရဲ့ စာအုပ်တွေကို ကျောင်းသုံးပြဋ္ဌာန်းတာတွေလည်း ရှိလာပြီး ၁၉၆၂ နောက်ပိုင်းမှာတော့ အခြေခံပညာအဆင့်မှာ အစိုးရရေးသားပြဋ္ဌာန်းတဲ့ ကျောင်းသုံးစာအုပ် တွေကိုပဲ သုံးစွဲခွင့် ပြုပါတော့တယ်။ အဲဒီမတိုင်ခင်အထိ ကိုယ်ပိုင်ကျောင်းတွေမှာ သီးခြားသင်ရိုးပြဋ္ဌာန်းတာတွေ ရှိခဲ့ပြီး (၇)တန်းနဲ့ တက္ကသိုလ်ဝင်တန်းလို အစိုးရစစ် စာမေးပွဲတွေအတွက်သာ အစိုးရသင်ရိုးတွေကို သင်ကြားပေးကြတာ ဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်တဲ့သင်ရိုး

တော်လှန်ရေးကောင်စီခေတ် ၁၉၆၄ နောက်ပိုင်း သာသနာပြုနဲ့ ကိုယ်ပိုင်ကျောင်းတွေ ပြည်သူပိုင်သိမ်းခံရပြီးနောက် အစိုးရကျောင်းတွေပဲ ကျန်ခဲ့ပါတယ်။ အင်္ဂလိပ်လိုသင်တဲ့ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကျောင်း ဆိုတဲ့ သင်ရိုး ကွဲပြားမှုတွေ လည်း ပျောက်သွားပါတယ်။ တချိန်တည်းမှာ အစိုးရကျောင်းတွေရဲ့ သင်ရိုးစံမမီမှုနဲ့ ဆရာအရည်အချင်း ကျဆင်းလာမှုကြောင့် မြန်မာကျောင်းသားတွေ ပညာအရည်အချင်း နိမ့်ကျသွားတယ် ဆိုပြီး ဝေဖန်မှုတွေ တောက်လျှောက် ရှိခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

တော်လှန်ရေးအစိုးရခေတ်ဖတ်စာ

ဆိုရှယ်လစ်ခေတ်ဖြစ်လို့ သိပ္ပံပညာကို ဦးစားပေးပြီး အဆင့်မြင့်ပညာရေးမှာလည်း ဆေး၊ စက်မှုစတဲ့ သက်မွေးဝမ်းကျောင်းပညာတွေသင်ဖို့ တက္ကသိုလ်မှာ အမှတ်နဲ့ခေါ်တဲ့စနစ်ကို စတင် ကျင့်သုံးပါတယ်။ အစဉ်အလာ သင်ကြားခဲ့တဲ့ ကြွက်သေတခုအရင်းပြုပြီး ချမ်းသာသွားတဲ့အကြောင်း ပုံပြင်မျိုးကိုလည်း အရင်းရှင်စနစ်ကို အားပေးတယ်ဆိုပြီး ဖယ်ရှားခဲ့ကြပါတယ်။ ခေတ်ပြိုင်စာရေးဆရာတွေရဲ့ လက်ရာတွေကိုလည်း ကျောင်းသုံး အဖြစ် ထုတ်နုတ်သင်ကြားခဲ့ပါတယ်။ သမိုင်းဆိုင်ရာမှာလည်း အရင်းရှင် ပါလီမန်စနစ်ကြောင့် နိုင်ငံရေးပြိုကွဲမှုတွေဖြစ်လို့ တပ်မတော်က တာဝန်ယူထိန်းသိမ်း ရတဲ့အကြောင်း သင်ကြားပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နဲ့ ကိုက်ညီတဲ့ တိုင်းရင်းသား ဖတ်စာတွေကိုလည်း ပြဋ္ဌာန်းခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

လူမျိုးစု ဘာသာနဲ့ သင်ကြားခွင့်ရဖို့ တောင်းဆိုနေကြ

၁၉၈၈ နောက်ပိုင်းမှာတော့ သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အရေးအသားတွေကို သင်ရိုးမှာ ဆက်လက်ဖော်ပြပေမယ့် မသင်ဘဲ ချန်ရစ်တာ၊ စာမေးပွဲမှာ ထည့်သွင်းမေးမြန်းမှု မလုပ်တာတွေ ရှိလာပါတယ်။ ထိုင်းဆန့်ကျင်ရေး အတွက် ယိုးဒယားနိုင်ငံအကြောင်း သင်ရိုးပြဋ္ဌာန်းတာမျိုးလည်း ရှိခဲ့ပါတယ်။

ရှေးဟောင်းနဲ့ခေတ်သစ်

မြန်မာ့သင်ရိုးဟာ အနှစ် ၂ဝဝ နီးပါးအချိန်အတွင်း ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် တူညီတာတွေလည်း ရှိပါတယ်။ တခြားနိုင်ငံတွေမှာလိုပဲ ရိုးရာအစဉ်အလာတွေကို လူငယ်တွေကို လက်ဆင့်ကမ်းပြီး ခေတ်သစ်အသိပညာတွေကိုလည်း ဖြန့်ဖြူးပါတယ်။ ဒါကြောင့် ပဒေသရာဇ်ခေတ်က စာကဗျာတွေကို ဆုံးမစာတွေအဖြစ် သင်ကြားပေးသလို ကျန်းမာရေးနဲ့ ဇီဝဗေဒဆိုင်ရာပညာရပ်တွေ၊ စက်မှုနည်းပညာတွေကိုလည်း မိတ်ဆက်ပေးပါတယ်။

ဒါကလည်း ကုန်းဘောင် ခေတ်နှောင်းမှာ ဥရောပအသိပညာတွေကို နန်းတွင်းက ပညာရှင်တွေ ထိတွေ့ပြီးနောက် ဘာသာပြန်ဆို မိတ်ဆက်ပေးခဲ့ကြတဲ့ အစဉ်အလာကနေ လာတာ ဖြစ်ပါတယ်။ ဒီလိုမြန်မာဘက်က ပြန်ဆိုတာတွေဟာ အနောက်တိုင်းသားတွေဘက်က သင်ရိုးမိတ်ဆက်တာတွေနဲ့ ခေတ်ပြိုင်ဖြစ်ပါတယ်။

ဒါကြောင့် ချားလ်စ်လိန်းနဲ့ မက္ခရာ မင်းသားကြီးပြုစုတဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်ဟာ အင်္ဂလိပ်စာလေ့လာမှုကို မြန်မာတွေ ဘယ်လောက်အားစိုက်ထုတ်ကြောင်း အနှစ် ၂ဝဝ က သက်သေပြခဲ့တာ ဖြစ်ပြီး ဗြိတိသျှ စွယ်စုံကျမ်းကြီးကို ဘကြီးတော်မင်း လက်ထက်ကတည်းက အင်းဝနန်းတွင်းမှာ ပြန်ဆိုဖတ်ရှုတာတွေ ရှိတယ်လို့လည်း မိုက်ကယ်ချာနီရဲ့ အာဏာဖြင့် လေ့လာခြင်း၊ မြန်မာနောက်ဆုံးမင်းဆက်က ဗုဒ္ဓဘာသာ ပညာရှိများနဲ့ ရာဇပလ္လင်စာအုပ်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ပုံစာ,

ကလေးတွေကို သိပ္ပံနဲ့ ယဉ်ပါးအောင်လေ့ကျင့်

ဒီလိုမိတ်ဆက်ပေးရာမှာ ငှက်သင့်တဲ့အဖြစ်တွေလည်း ရှိခဲ့ပါတယ်။ ၁၈၇၁ က ယောမင်းကြီးဦးဘိုးလှိုင် ပြန်ဆိုတဲ့ ကင်မစ္စတြီကျမ်းမှာ ဗျစ်ရည်သည် ဆေးခါးကြီးနှင့်တူသည်လို့ ရေးသားမှုကြောင့် ခြောက်လအချုပ် ကျခဲ့ရသလို သက်ဦးဆံပိုင်စနစ်ကို ဆန့်ကျင်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်းကြောင့်လည်း ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။ နိုင်ငံတိုးတက်ဖို့ လူကြီးတွေအတွက် စာမိတ်ဆက်တွေ လိုသလို လူငယ်တွေအတွက်လည်း သင်ရိုးကောင်းတွေ လိုပါတယ်။