အလင်္ကာပုလဲပန်း၊ နွတ်စိမ်းပဝါရှာပုံတော်

  • ကိုသိမ်းမြတ်
  • ဘီဘီစီမြန်မာပိုင်း
girl dancing

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရပ်ကြီးသူတို့ဟန်မူပိုမို

နေညိုညချမ်းဆင်မြန်းဆာပါ

အိုလေ ကွမ်းတုံပိန်းငယ်နဲ့

နွတ်စိမ်းပဝါ

လှည်းယာဉ်လေလေ လှုပ်တယ်မေရယ်

သုတ်သုတ်ကလေးလာ။

ဒါကရပ်ကြီးသူတို့ အစချီဆင်ယင်ထုံးဖွဲ့ယိုးဒယားရဲ့ ပထမအပိုဒ်ပါ။

သံစဥ်တူ၊ စာသားအဖုံဖုံ

နန်းသိမ်းယိုးဒယားအလိုက်သီချင်းတွေအများအပြားရှိတဲ့အနက် ရပ်ကြီးသူတို့အစချီတဲ့ ဆင်ယင်ထုံးဖွဲ့ယိုးဒယားဟာလည်း မြန်မာ့မဟာဂီတထဲမှာ လူသိများထင်ရှားကျော်ကြားပါတယ်။ စတီရီယိုခေတ်မှာ အနောက်တိုင်းသီချင်းတွေရဲ့သံစဉ်ကိုယူပြီး မြန်မာစာသားသွင်းတဲ့အခါ အဲဒီသီချင်းတွေကို ကော်ပီ သီချင်းလို့ ခေါ်ကြပါတယ်။ နန်းသိမ်းယိုးဒယားသံစဥ်တေးသွားကို စာသားသွင်းထားတဲ့သီချင်းတွေ တော်တော်များများရှိတယ်လို့ကြားဖူးပါတယ်။ ရေမီးထိန်လျက်အစချီ နန်းသိမ်းယိုးဒယား၊ လျှပ်ပန်းခွေနွဲ့အစချီမိုးဘွဲ့ယိုးဒယားအပြင် အခုရပ်ကြီးသူတို့အစချီတဲ့ ဆင်ယင်ထုံးဖွဲ့ယိုးဒယားဟာသံစဥ်တေးသွားအတူတူတွေပါ။ ရှေးခေတ်ကတော့ တေးသွားသံစဥ်တူမှာ စာသားအသစ်ဖြည့်သွင်းတာကို ဂုဏ်ငယ်စရာလို့ မမှတ်ကြပါဘူး။

နန်းတော်ရှေ့ဆရာတင်ဆိုရင် သူ့သီချင်းတွေကို ဂီတသံစဥ်တူမှာ စာသားအမျိုးမျိုးပြောင်းထည့်တဲ့ အလေ့အကျင့်မျိုးတောင်ရှိခဲ့ပါတယ်။ “လာမယ်လာမယ်မကြည်ရဲ့တကယ်စောင့်တဲ့အချိန်၊ မလွယ်ပေါက်နဲ့အိမ်၊ ဝင်တော်မူပါကိုကလိန်ရယ်၊ ကြည်ကြည်ကိုယ်တိုင်ပြောတော့မှ၊ ဘကြီးသားသဘောက စောကြောရွှေဉာဏ်မချိန်မချိန်”ဆိုတဲ့ ဦးကလိန်သီချင်းစာသားနဲ့ “ကရာမှာပွဲနောက်ကအမြဲရောက်တဲ့ကိုကိုရယ်၊ သူ့ဝက်ခြံညှစ်ရမယ်ဟိုညကခိုင်းလာပါတယ်”ဆိုတဲ့ ဦးသဝန်ကြောင်သီချင်းစာသားရယ်ဟာ သံစဥ်တေးသွား အတူတူလို့တောင် သာမန်ပရိသတ်အများစုက သိပ်သတိမထားမိဘဲ နှစ်ပုဒ်စလုံးကျော်ကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Michael Maslan/Getty Images

ရပ်ကြီးသူတို့ကို ဘယ်သူစပ်ဆိုခဲ့သလဲ

ရပ်ကြီးသူတို့အစချီယိုးဒယားကို လှည်းတန်းဦးလူကလေး ရေးစပ်သီကုံးတယ်လို့ လူအများက မှတ်သားပြောဆိုကြပါတယ်။ တကယ်တော့ ရေးသူအမည်ကို အတည်မပြုနိုင်တဲ့ သီချင်းပါ။

ရပ်ကြီးသူတို့ယိုးဒယားကို ဂီတဝိသောဓနီတို့၊ ဦးပြုံးချို မဟာဂီတတို့လို ရှေးကျတဲ့ မဟာဂီတစာအုပ်တွေထဲမှာ မတွေ့ရဘူး။ နောက်ပိုင်းထုတ်တဲ့ ဗေလုဝဆရာတင်ရဲ့ ဂီတလင်္ကာရဒီပနီနဲ့ ရွှေနန်းသုံးမဟာဂီတို့ထဲမှာကျမှ ပါလာတာတွေ့ရတယ်။ ဒီတော့ ရပ်ကြီးသူတို့ဟာ နောက်ပိုင်းမှရေးခဲ့တဲ့သီချင်းဆိုတာ သေချာသလောက်ပဲ။

ဗေလုဝဆရာတင်ရဲ့ ဂီတလင်္ကာရဒီပနီမှာ ရပ်ကြီးသူတို့ဟာ စန္ဒယားဦးလူကလေး ရေးခဲ့တာလို့ ဆိုထားပါတယ်။ ဒီနေ့ခေတ်မှာ လူအများပြောနေကြတာက လှည်းတန်းဦးလူကလေးရေးတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဂီတလောကမှာ နာမည်ထင်ရှားကျော်ကြားတဲ့ ဦးလူကလေး ၃ ယောက်ဖြစ်ကြတဲ့ စန္ဒယားဦးလူကလေး၊ တရုတ်ဦးလူကလေး၊ လှည်းတန်းဦးလူကလေး ၃ ယောက်စလုံးဟာ ရပ်ကြီးသူတို့ကို ရေးသားသူမဟုတ်တာသေချာတယ်လို့ စစ်ကိုင်းလှရွှေက သူ့ရဲ့ မြန်မာ့မဟာဂီတစာအုပ်ထဲမှာ အထောက်အထားနဲ့ ရေးသားသွားခဲ့ပါတယ်။

လှည်းတန်းဦးလူကလေးရဲ့ သားအကြီး အသံတိတ်ရုပ်ရှင်ခေတ် ဇာတ်ပို့နောက်ခံ အဆိုတော် ဦးသိန်းမောင်က ရပ်ကြီးသူတို့ကို သူ့အဖေရေးတာ မဟုတ်ဘူးလို့ သူ့ကိုပြောကြောင်း စစ်ကိုင်းလှရွှေက ဆိုပါတယ်။ ဦးလူကလေးမဟုတ်ဘူးဆိုရင် ဘယ်သူရေးသလဲဆိုတော့ ဒေါ်စောမြအေးကြည်၊ ဒေါ်ဒေလီညွန့်၊ ဒေါ်အောင်ကြည်တို့လို မဟာဂီတမှာ နှံ့စပ်တဲ့အဆိုကျော်ကြီးတွေအပါအဝင် ဘယ်သူမှ ရပ်ကြီးသူတို့ရဲ့ ဖန်တီးသူ ဘယ်သူဘယ်ဝါဆိုတာ မသိကြဘူးလို့ ဆရာစစ်ကိုင်းလှရွှေက ဆိုထားပါတယ်။

ရပ်ကြီးသူတို့မှာ ဒီလိုရှုပ်ထွေးနေတာလေးတွေရှိသလို စာသားနဲ့ပတ်သက်ပြီး မရှင်းလင်းလို့ မေးမြန်းကြတာတွေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရပ်ကြီးသူတို့ဆိုတာဘာလဲ

ပထမမေးခွန်းက ရပ်ကြီးသူတို့ဆိုတဲ့စာသားပါ။ ဘာလဲလို့ မေးကြပါတယ်။ တချို့သူတွေအတွက် နားမလည်စရာမရှိလောက်အောင် ရှင်းနေတာပဲလို့ ထင်မှာဖြစ်ပေမဲ့ တချို့သူတွေအတွက် အမှန်တကယ်ကို နားမလည်နိုင်လောက်အောင် ခက်ခဲနေပုံရပါတယ်။ ဒါကတော့ ဒီနေ့ခေတ်မှာ မြန်မာစာ၊ မြန်မာစကားကို နားလည်မှုအတိုင်းအတာဟာ လူအချင်းချင်းကြား ကြီးမားမားကွာဟခြားနားလာတာကို ဖော်ပြတဲ့ လက္ခဏာလည်း ဖြစ်ပါလိမ့်မယ်။

မြို့ကြီးသူဆိုရင်တော့ ဘာကိုပြောတာလဲဆိုတာ လူတိုင်းနားလည်ကြမှာပါ။ မြို့ကြီးသူကိုနားလည်ရင် ရပ်ကြီးသူကို ဘာများနားမလည်နိုင်စရာရှိပါသေးသလဲ။ မြို့ကြီးမှာနေတဲ့သူက မြို့ကြီးသူပေါ့။ ရပ်ကြီးမှာနေတဲ့သူက ရပ်ကြီးသူပေါ့။ ရပ်ကြီးဆိုတာ အရပ်ဒေသဆိုတဲ့ စကားလုံးတွဲမှာပါတဲ့ ရပ်ဖြစ်ပါတယ်။ အရပ်ကြီး ဒေသကြီးမှာနေတဲ့သူဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အရပ်ကြီး၊ ဒေသကြီးဆိုတာမြို့ပါ။ တကယ်တော့ ရပ်ကြီးသူဆိုတာ မြို့ကြီးသူလို့ပဲ ပြောချင်တာပါ။ ခရီးဆောင်မြန်မာ အဘိဓာန်မှာတော့ “မြို့ကြီးပြကြီးတွင် မွေးဖွားကြီးပြင်းသူမိန်းမ” လို့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေးထားပါတယ်။

ဆာပါ

ရပ်ကြီးသူတို့ဟန်မူပိုမို၊ နေညိုညချမ်း၊ ဆင်မြန်းဆာပါ ဆိုတဲ့စာသားမှာ ဆာပါဆိုတာ ဘာပါလဲ။ စာရေးဆရာတော်တော်များများက ဆာပါဆိုတာ ဆာပါပဝါအမျိုးအစားလို့ ရေးကြရှင်းပြကြပါတယ်။ သူတို့ပြောတာ မမှားပါဘူး။ ဒါပေမဲ့ မပြည့်စုံဘူး။ တချိန်က ဆာပါပဝါဆိုတဲ့ အသုံးအနှုန်းခေတ်စားခဲ့တော့ ဆာပါဆိုတာ ပဝါအမျိုးအစားလို့ ယူဆကြပုံပေါ်ပါတယ်။ ဆာပါဆိုတာ ပဝါအမျိုးအစားလို့ ယူဆရင်တော့ မပြည့်စုံပါဘူး။ ဆာပါ ဆိုတဲ့စကားလုံးကိုယ်တိုင်က ပဝါလို့ အဓိပ္ပာယ်ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပရောဝါအကြောင်းရှင်းလင်းတင်ပြတဲ့ အလင်္ကာပုလဲပန်းရေဒီယိုအစီအစဥ်မှာ အသေးစိတ်ရှင်းပြခဲ့ဖူးပါတယ်။ “ဆာပါကတော့လွယ်လွယ်ပါပဲ။ ဟိန္ဒီစကားကနေ လာတာပါ။ ပဝါပဲ အဓိပ္ပာယ်ကတော့။ ပိုးလေးလည်းထည့်ပြီး ပိုးဆာပါလို့ပြောချင်ပြောတာပေါ့။ ပိုးဆာပါဆိုရင်တော့ ပိုးပဝါပေါ့” လို့ ဆရာကြီးဦးထွန်းတင့်က ရှင်းပြပါတယ်။

ပရောဝါ

ပဝါကို ပရောဝါလို့လည်းခေါ်ပါတယ်။ ဆရာရွှေပြည်အေးရေးတဲ့ ပရောဝါသီချင်းမှာ၊ “ပရောဝါသလေတော့၊ ပရောဝါသလေတော့၊ ဆာပါကိုလက်မှာပိုက်ပါလို့၊ ဒို့ကကြိုက်ပြန်ရင်း၊ ကျုပ်တို့ကတော့လိုက်ပြန်ရင်း”လို့ ရေးထားပါတယ်။

ပရောဝါကို ဆရာကြီးဦးထွန်းတင့်က ခုလိုရှင်းပြပါတယ်။

“ပရောဝါဆိုတဲ့စကားလေးကတော့၊ ဒါဟုတ်ပါတယ်။ ရှေးတုန်းကသုံးလေ့ရှိတယ်။ ရကောက်နဲ့ရောရမှာပါ။ ပရောဝါဆိုတာက ပဝါကိုပဲပြောတာပါ။ ဒီခြုံတဲ့ပဝါကိုပဲပြောတာပါ။ ပါဠိသက်ပရောဝါပေါ့။ ပရောဝါဆိုတာ တကယ်တော့ပါဠိမှာ ပရောဝါမဟုတ်ဘူး။ ပါဠိမှာတော့ ပါဝါရလို့ရှိတယ်ဗျ။ ပါဝါရဆိုတာကို Spoonerism ပေါ့ဗျာ။ ရှေ့နောက်အက္ခရာဖလှယ်ပြီး ပါဝါရကနေ ပရဝါလို့ဖြစ်သွားတယ်။ ပရဝါကနေ ပရောဝါလို့ဖြစ်သွားတာလည်းရှိသပေါ့။ ပဝါလို့ဖြစ်သွားတာလည်း ရှိသပေါ့။ ရှေးသီချင်းတွေမှာသုံးတဲ့ပရောဝါဆိုတာ အဲဒါပါ။”

Spoonerism ဆိုတာက William Spooner ဆိုသူက အများဆုံးသုံးတတ်၊ ထောက်ပြတတ်လို့ သူ့နာမည်နဲ့တွဲမှတ်ထားတာပါ။ စကားလုံးရှေ့နောက်မှားသုံးတတ်တာမျိုး၊ ချွတ်ချော်ပြောဆိုတတ်တာမျိုးကို ပြောတာပါ။ အင်္ဂလိပ်စကားမှာ lighting a fire ကို fighting a liar လို့မှားပြောတာမျိုး၊ go and take a shower ကို go and shake a tower လို့မှားပြောတာမျိုး၊ the lord is a loving shepherd ကို the lord is a shoving leopard လို့မှားပြောတာမျိုးပါ။ ဗမာစကားမှာတော့ ကုလားပဲဆန်ကို ကုပလဲဆန်လို့ပြောမိတာမျိုး၊ မာလကာသီးကို မာကလာသီးလို့ပြောမိတာမျိုး၊ ဗာဒန်ကို ဗန်ဒါလို့ပြောမိတာမျိုးကို ဆိုလိုတာပါ။ ပါဠိလို အက္ခရာဝိပ္ပလ္လာသလို့ ခေါ်ပါတယ်။ အဲဒီပါဠိစကားကို မြန်မာပြန်ရင်တော့ စကားလုံးဖောက်ပြန်ချွတ်ချော်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ ဗမာလို တိုတိုရှင်းရှင်းပြောရရင် နှုတ်ချော်တာပါ။

တိုတိုပြောရရင်တော့ ပရောဝါဆိုတာလည်းပဝါ၊ ဆာပါဆိုတာလည်း ပဝါပါပဲ။ ဆာပါဆိုတာ ဟန္ဒီဘာသာစကားဖြစ်ပြီး သူ့ရဲ့မြန်မာလို အဓိပ္ပာယ်ဟာ ပဝါလို့ အတိအကျ အဓိပ္ပာယ်ထွက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကွမ်းတုံပိန်း

အိုလေး ကွမ်းတုံပိန်းငယ်နဲ့ဆိုတဲ့ စာသားမှာပါတဲ့ ကွမ်းတုံပိန်းကို နားလည်ဖို့ဆိုရင် ပိန်းကို အရင် သိရပါလိမ့်မယ်။ ပိန်းကို ဗိန်းလို့ အသံထွက်လေ့ရှိပါတယ်။ ဒီတော့ အသံထွက်ဖတ်ရင် ကွမ်းတုံဗိန်းလို့ ဖတ်ရမှာပါ။ ပိန်းသို့မဟုတ် ဗိန်းဆိုတာဘာလဲ။

ပိန်းပိတ်အောင်မှောင်နေတာပဲဆိုတဲ့စကားကို ကြားဖူးကြတယ်မဟုတ်ပါလား။ အခုပိန်းဟာ အဲဒီပိန်းပါပဲ။ အခုအချိန်မှာ အသက် ၇၀၊ ၈၀ ဝန်းကျင်ရှိတဲ့လူကြီးတွေကို မေးကြည့်ရင် သူတို့ခေတ်တုန်းက အဝတ်အစားတွေကို အနီဗိန်း (ပိန်း) လေး၊ အနက်ဗိန်း (ပိန်း) လေး၊ အပြာဗိန်း (ပိန်း) လေး စသည်ဖြင့်သုံးလေ့ရှိခဲ့တယ်ဆိုတာကို ပြန်ပြောပြကြပါလိမ့်မယ်။

ခရီးဆောင်မြန်မာအဘိဓာန်မှာ ပိန်းဆိုတာကို အကြားအလပ်မရှိတပြင်လုံး ဖုံးပိတ်လျက်ရှိသောလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ပိန်းပိတ်အောင်မှောင်တယ်ဆိုတာ အမှောင်ဟာ အကြားအလပ်မရှိအောင်မှောင်နေတယ်၊ အလင်းရောင်တစိုးတစိမှ မရှိဘူးလို့ ပြောတာပါ။ အဝတ်အစားအနီပိန်း၊ အနက်ပိန်းဆိုတာကတော့ အနီဗြောင်၊ အနက်ဗြောင်တွေကိုပြောတာပါပဲ။

ဒီတော့ ကွမ်းတုံပိန်းမှာ ပိန်းဆိုတာကို ရပါပြီ။ ကွမ်းတုံဆိုတာဘာလဲ။ ဒါကတော့ တရုတ်နိုင်ငံထဲကကွမ်းတုံအရပ်ကိုပြောတာပါ။ ဒီတော့ ကွမ်းတုံပိန်းဆိုတာ ကွမ်းတုံကလာတဲ့ ဗြောင်အဝတ်အစားကို ပြောတာဆိုတာ ထင်ရှားလာပါပြီ။ အဲဒါဟာ ဘယ်လိုအဝတ်အစားမျိုးပါလဲ။ ဒါကိုတော့ ဝေါဟာရကိုကြည့်ပြီး ကြံဆလို့မရပါဘူး။ အဲဒီခေတ်ကစာပေတွေကို ပြန်ရှာဖွေကြည့်တော့မှ တွေ့ရပါတယ်။ ကွမ်းတုံပိန်းဆိုတာ ကွမ်းတုံအရပ်ကလာတဲ့ ဗြောင်ဖဲထဘီတွေကိုပြောတာပါ။ ကွမ်းတုံပိန်းဆိုတာ တရုတ်ပြည်ကလာတဲ့ ဗြောင်ဖဲထဘီတွေပါပဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အလှူပွဲအတွက် အလှဆင်ထားတဲ့ နွားလှည်းများ

ကျင်ခပ်ပဝါ

ကျပ်ခပ်ပဝါဆိုတာကလည်း ဟိန္ဒီစကားကနေပဲ ဆင်းသက်လာတာဖြစ်ပါတယ်။ မြန်မာအဘိဓာန်မှာ ကျင်ခပ်ကို ရွှေချည်၊ ငွေချည်တို့နှင့် ရောရက်ထားသောပိုးထည်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဟိန္ဒီစကား ကိမ်ခါဗ်ကနေ လာတယ်လို့ ဆိုထားပါတယ်။ ရွှေချည်ငွေချည်ထိုးထားတဲ့ ခြုံထည်ကြီးတွေ နွားရဲ့ကိုယ်ပေါ်မှာ အလှဆင်လွှမ်းခြုံထားတာကိုပြောတာပါ။ ဒီနေ့ခေတ်ဆိုရင်တော့ အလှူမှာပဲ တွေ့နိုင်ပါတော့မယ်။ အလှူမှာ နွားလှည်းကနွားတွေကို ရွှေချည်ထိုးခြုံထည်တွေ ခြုံထားတာ တွေ့ဖူးကောင်း တွေ့ဖူးကြပါလိမ့်မယ်။ အဲဒါကျင်ခပ်ပဝါပါ။ နွားကိုခြုံတာဆိုတော့ လူခြုံတဲ့ပဝါလို့ သေးသေးလေးတွေမဟုတ်ပါဘူး။ အကြီးကြီးတွေပါ။ ဒါပေမဲ့ကျင်ခပ်ပဝါဆိုတာ လူခြုံခြင်းနွားခြုံခြင်းကို အဓိကအားဖြင့်မဆိုလိုပါဘူး။ ရွှေချည်၊ ငွေချည်ထိုးထားတာကို အဓိကဆိုလိုပါတယ်။ တခါတရံမှာ ကျင်ခပ်ပဝါလို့သာမက ရွှေကျင်ခပ်ပဝါလို့လည်း ခေါ်တတ်ပါတယ်။

နွတ်စိမ်းပဝါ

ပင်ပင်ပန်းပန်းရှာဖွေခဲ့ရတဲ့ စကားလုံးကတော့ နွတ်စိမ်းပဝါပါပဲ။ နွတ်စိမ်းပဝါရှာပုံတော်က တကယ့်စွန့်စားခန်းကြီးလိုပါပဲ။

ရပ်ကြီးသူတို့သီချင်းကို အဆိုပြိုင်ပွဲဝင်ကြတဲ့အခါ နွတ်စိမ်းပဝါကို နွယ်စိမ်းပဝါလို့မှားဆိုရင် အမှတ်လျှော့ခံရပါသတဲ့။ ဆိုတော့ နွတ်စိမ်းပဝါလို့ဆိုမှ အမှန်လို့ဆိုလိုတာပေါ့လေ။ ဒါပေမဲ့ နွတ်စိမ်းပဝါဆိုတာဘာကြီးလဲ။ အဲဒါက တကယ့်အခက်အခဲပါ။ မြန်မာစာဝါသနာပါသူတချို့ တော်တော်ခက်ခက်ခဲခဲ ကြိုးစားရှာဖွေခဲ့ကြရပါတယ်။

ပထမဆုံးနွတ်ဆိုတဲ့စကားနောက်ကို ခြေရာခံကြည့်ပါတယ်။ မြန်မာစကားမှာ နွတ်ဆိုတဲ့စကားလုံးဝရှာမတွေ့ပါဘူး။ ဆရာကြီးဦးထွန်းတင့်ကို ဆက်သွယ်ပြီးမေးကြည့်ပါတယ်။ မြန်မာစကားမှာ နွတ်ဆိုတဲ့စကားမရှိဘူးလို့ ဆရာကြီးရဲ့ အတည်ပြုချက်ရပါတယ်။ ဆိုလိုတာက နွတ်ဆိုတဲ့ကြိယာ၊ နွတ်ဆိုတဲ့ နာမဝိသေသန၊ နွတ်ဆိုတဲ့ကြိယာဝိသေသန လုံးဝမရှိဘူးလို့ ဆိုလိုတာပါ။ အမည်ဆိုတာက ပေးချင်ပေးလို့ရတာဆိုတော့ နာမ်တော့ရှိချင်ရှိနိုင်ပါတယ်။

အဲဒါမျိုးလုံးဝပျောက်နေတာတချို့ ရှိတတ်ပါတယ်။ ဥပမာ ဗမာစကားမှာ Pic ဆိုတဲ့ အသံထွက်ကို ရေးတဲ့ စကားလုံးမရှိပါဘူး။ “ပစ်” ဆိုရင် Pic အသံထွက်ဖို့ကောင်းတယ်လို့ဆိုနိုင်ပေမဲ့ “ပစ်” အားလုံးကို ပြစ်လို့ မြန်မာက အသံထွက်ပါတယ်။ ပါဠိမှာတော့ “Pic” “ပစ်” သံရှိပါတယ်။ ပစ္စယောဆိုရင် Pic လိုအသံမျိုးထွက်ပါတယ်။ မြန်မာမှာ “ပစ်”လို့ရေးသမျှကို “ပြစ်”လို့သာ အသံထွက်တဲ့ ထုံးစံရှိတဲ့ အတွက် အင်္ဂလိပ်စကား Pistol နဲ့ Olympic တို့ကို မြန်မာလို ပစ္စတို၊ အိုလံပစ်လို့ ရေးတဲ့အခါ မြန်မာအများစုက ပြစ်စတို၊ အိုလံပြစ်လို့ အသံထွက်တတ်ကြပါတယ်။ မြန်မာဆန်ဆန် အသံထွက်တဲ့သဘောလို့ ဆိုနိုင်ပါတယ်။

နွတ်ကိုပြန်ကောက်ကြရအောင်ပါ။ နွတ်ဆိုတဲ့စကားမရှိပါဘူး။ ဒီတော့ နွတ်ဆိုတာ ဒေသတခုခုရဲ့ နာမည်များဖြစ်လေမလားလို့ စဥ်းစားပြန်တော့လည်း နွတ်နဲ့ ဆက်စပ်တဲ့ ဒေသကို စဥ်းစားလို့ မရပါဘူး။

အနို့စိမ်းပဝါကနေ နွတ်စိမ်းပဝါများဖြစ်လာတာလားလို့ စဥ်းစားသူက စဥ်းစားပါတယ်။ သူစဥ်းစားပုံလေးက မဆိုးပါဘူး။ ဗမာစကားမှာ အနို့ဆိုတာ အမြိတ်အဖွားတွေကိုပြောတာဆိုတော့ အဲသလို အမြိတ်စိမ်းလေးတွေရှိတဲ့ ပဝါကိုများ နို့စိမ်းပဝါလို့ခေါ်တာဖြစ်လေမလားပေါ့။ နို့စိမ်းပဝါကနေ နွတ်စိမ်းပဝါဖြစ်လာလေသလားပေါ့။ ကြံဆချက်ကောင်းပေမဲ့ အထောက်အထားမရှိပါဘူး။

နွတ်စိမ်းဆိုတာ အရင်က ဘယ်သူများသုံးခဲ့ဖူးလေသလဲလို့ လိုက်ရှာကြည့်တဲ့အခါ စာအုပ်တော်တော်များများ မွှေနှောက်ရှာဖွေပြီးမှ ဆရာကြီးရွှေဥဒေါင်းရဲ့ မောင်စံရှားဝတ္ထုဖြစ်တဲ့ စိန်ဝေလျှံပြိုင်မြင်းပျောက်ဆုံးမှု ဝတ္ထုထဲက စာကြောင်းကို သွားတွေ့တယ်။ အဲဒါကဒီလိုပါ။

ဦးစံရှားသည်မတင်ကိုကြည့်နေရာမှ ရုတ်တရက်မှတ်မိသောမျက်နှာထားနှင့်

ရှား။ ။ ဟာ ခင်ဗျားကို ကျွန်တော်တွေ့ဖူးသားပဲ။ စတူးဝပ်လူကြီး မစ္စတာပါဝဲလ်ရဲ့ မင်္ဂလာဆောင်တုန်းကလေ။

တင်။ ။ မဟုတ်ရပါဘူးရှင်။ မှားပါလိမ့်မယ်။

ရှား။ ။ မမှားပါဘူး။ အဲဒီတုန်းက ခင်ဗျားက ရွှေဝါရောင်ကတ္တီပါ ပန်းကြွထဘီနဲ့၊ နွတ်ပဝါကြီးခြုံလို့။ ကျွန်တော်မှတ်မိပါတယ်။

တင်။ ။ မဟုတ်ရပါဘူးရှင်။ ကျွန်မမှာ ရွှေရောင်ထဘီလည်း မရှိရပါဘူး။ နွတ်ပဝါလည်း မခြုံဖူးပါဘူး။

အင်္ဂလိပ်မူရင်းဝတ္ထုထဲမှာ နွတ်ပဝါဆိုတာကို ဘယ်လိုများရေးထားသလဲဆိုတာသိချင်လို့ မူရင်းပါရှာဖတ်ပါတယ်။ အသေးစိတ်မပြောတော့ပါဘူး။ လိုရင်းကို တိုတိုပြောရရင် မူရင်းဝတ္ထုထဲမှာပါတဲ့ အဝတ်အစားတွေက အဲဒါမျိုးနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဆရာကြီးရွှေဥဒေါင်းက ဘာသာပြန်ထားတာမဟုတ်ဘဲ၊ မြန်မာမှုပြုထားတာသာဖြစ်ပါတယ်။ နွတ်ပဝါဆိုတာ မူရင်းမှာလုံးဝမပါဘဲ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စိတ်ကူးနဲ့ ထည့်သွင်းရေးသားထားတာသာ ဖြစ်ပါတယ်။

တချိန်က နွတ်ပဝါဆိုတဲ့ ပဝါအမျိုးအစားရှိခဲ့တယ်ဆိုတာကိုတော့ သေချာပေါက် အတည်ပြုနိုင်ပါပြီ။ နွတ်စိမ်းပဝါဆိုတာ အစိမ်းရောင်ရှိတဲ့ နွတ်ပဝါကိုခေါ်ကြောင်း ခွဲခြားသိရပါပြီ။ ဒါပေမဲ့ ဘာ့ကြောင့်နွတ်ပဝါလို့ခေါ်သလဲဆိုတာကို တိတိပပမသိရပြန်ပါဘူး။

ရှာရင်းဖွေရင်းနဲ့ ဆရာယုဒသန်ရဲ့ မြန်မာအင်္ဂလိပ်အဘိဓာန်ထဲမှာ နွတ်စက္ကူဆိုတာကို သွားတွေ့ရပါတယ်။ အဲဒီနွတ်စက္ကူဆိုတာက ဘာကိုပြောတာလဲဆိုတော့ ငွေစက္ကူကိုပြောတာပါ။ အင်္ဂလိပ်စကား note ကို မြန်မာလို နွတ်စက္ကူလို့ပြောတာပါ။ တချိန်က အဲသလိုအခေါ်ရှိခဲ့လို့ အဘိဓာန်ထဲမှာ ပါခဲ့တာဖြစ်ပါလိမ့်မယ်။အင်္ဂလပ်မြန်မာအဘိဓာန်မဟုတ်ပါဘူး။ မြန်မာအင်္ဂလိပ်အဘိဓာန်ပါ။ မြန်မာစကားလုံးကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်တာပါ။

နွတ်ပဝါနဲ့ပတ်သက်ပြီး အနီးစပ်ဆုံးအင်္ဂလိပ်စာလုံးတစ်လုံးကိုလည်း တွေ့မိပါတယ်။ အင်္ဂလိပ်မှာခေါ်တဲ့ ရှောစောင် shawl ဆိုတာ ဗမာတွေခေါ်ကြတဲ့ ခြုံထည်တွေ တဘက်တွေကို ပြောတာဆိုတာကိုတော့ အများသိကြပြီး ဖြစ်ပါလိမ့်မယ်။ အင်္ဂလိပ်စကားထဲမှာ Knit Shawl ဆိုတဲ့စကားရှိပါတယ်။ Knit ဆိုတာက တစ်ချောင်းထိုး၊ နှစ်ချောင်းထိုးအပ်နဲ့ ချည်ထိုးတာကိုပြောတာပါ။ Knit Shawl ဆိုတာက အဲသလိုအပ်နဲ့ထိုးထားတဲ့ရှောတဘက်၊ ရှောပဝါကိုပြောတာပါ။ ဒီတော့ Knit Shawl ဆိုတဲ့သိုးမွေးပဝါ၊ ချည်ပဝါတွေကိုများ နွတ်ပဝါလို့ခေါ်ခဲ့တာဖြစ်မလားလို့ တွေးမိပါတယ်။ အဲဒါအနီးစပ်ဆုံးပဲလို့ ထင်ပါတယ်။ သေချာသလောက်ပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါလည်း ဘယ်အချိန်မှာ ၊ ဘယ်သူက စတင်သုံးခဲ့ပါတယ်ဆိုတာမျိုး အထောက်အထားအခိုင်အမာမပြနိုင်သေးပါဘူး။ ဒီတော့ နွတ်ပဝါရဲ့ဇာစ်မြစ်ကို အထောက်အထားပြပြောဆိုနိုင်သူများရှိရင် အလင်္ကာပုလဲပန်းအစီအစဥ်ကို ဆက်သွယ်ဆွေးနွေးကြပါလို့သာ ဖိတ်ခေါ်ကြိုဆိုပါတယ်ခင်ဗျာ။

အသံဖိုင် ပုံစာ,

အလင်္ကာ ပုလဲပန်း