မြန်မာပြည်အလယ်ပိုင်းက ကျွန်ပိုင်ရှင် သူကောင်း လူတန်းစား

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
burma

ဓာတ်ပုံ ရင်းမြစ်, 3xvivr Virtual Reality Production

ဓာတ်ပုံ ပုံစာ,

စကုရုပ်စုံကျောင်းက သူကောင်း ကုသိုလ်များ

စလင်းသူကောင်းဆိုတဲ့နာမည်ဟာ မြန်မာသမိုင်းမှာ ထူးခြားတဲ့ ဂုဏ်ထူးနာမည်တခု ဖြစ်ပါတယ်။ မြန်မာအထက်လွှာမှာ မင်းမျိုးမင်းနွယ်နဲ့ မှူးမတ်မိသားစုတွေကြား ထိပ်ခေါင်တင်၊ ထိပ်တင်၊ ထိပ်စု၊ တင်တင်၊ မောင်မောင်၊ ခင်ခင် စတဲ့ အမည်ရှေ့က ဆက်ပြီး ခေါ်ရတဲ့ ထုံးစံ ရှိသလို ရှမ်းစော်ဘွားနဲ့ မှူးမတ်တွေကြားမှာလည်း စဝ်၊ စော၊ ခွန်စတဲ့ အမည်ရှေ့ဆက်တွေ ရှိပါတယ်။ ဒီအာဏာပိုင် အဝန်းအဝိုင်းက အမည်ရှေ့ဆက်တွေဟာ အာဏာလက်လွတ်ဖြစ်တာနဲ့ တိမ်ကောသွားတတ်ပေမယ့် ကျေးလက်မြေပိုင်ရှင် လူတန်းစား ဖြစ်တဲ့ သူကောင်းတွေရဲ့ အမည်ရှေ့က သူကောင်းနဲ့ ကောင်းထည့်ခေါ်တဲ့ ထုံးစံကတော့ ဒီနေ့ခေတ်ထိ ကျန်ရစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Traditional Culture of Myanmar

ဓာတ်ပုံ ပုံစာ,

သူကောင်းမြို့သူကြီး ဦးအံထော်နီ

သဂေါင်းလို့ အသံထွက်တဲ့ ဒီသူကောင်းမျိုးနွယ်တွေဟာ တကယ်က ကျေးလက်မြေရှင်လူတန်းစားဖြစ်ပြီး ဘုရင် အသိအမှတ်ပြု သူဌေး သူကြွယ်တွေဖြစ်လို့ ခမ်းခမ်းနားနားနေထိုင်သုံးစွဲခွင့်ရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသူကောင်းမကြီးတွေဟာ မိဘုရားနဲ့ သမီးတော် တွေသာ ဝတ်ဆင်ရတဲ့ ရွှေချည်ထိုးအစစ် ချိတ်ထဘီတွေကို ဘုရင်ပေးသနားလို့ ဝတ်ခဲ့ရတယ်လို့ သူကောင်းမ ပါမောက္ခ ဒေါက်တာ ကြော့မှူးအောင်က မောင်သန်းဆွေ (ထားဝယ်)ကို ပြောပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းက တခြားဒေသတွေမှာလည်း အလားတူသူကောင်းပြုခံ သူဌေးမိသားစုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အလယ်ပိုင်းက စလင်းဒေသမှာပဲ မျိုးရိုးစဉ်ဆက် သူကောင်းဘွဲ့ခံတဲ့ မိသားစုတွေ ထွန်းကားခဲ့တာကို ထူးထူးခြားခြား တွေ့ရပါတယ်။ စလင်းသူကောင်း ဆိုပေမယ့်လည်း စလင်းအနီးဝန်းကျင် လောင်းရှည်ယောနယ်နဲ့ စကု၊ လယ်ကိုင်းစတဲ့ မင်းဘူးခရိုင်ထဲက ရေသွင်းစိုက်တဲ့နေရာတွေအပြင် ရခိုင်ရိုးမက စေတုတ္ထရာ ငဖဲထိ ဒီ သူကောင်းမျိုးနွယ်တွေ ကြီးစိုးအုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

မင်းဘူးခြောက်ခရိုန်

မြန်မာနိုင်ငံရဲ့ မူလပထမပြည်တော်ဆိုပြီး သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် တင်စားရေးသားခဲ့တဲ့ ပုဂံ၊ ကျောက်ဆည်၊ မန္တလေးနဲ့ မင်းဘူး လွင်ပြင်တွေဟာ ပုဂံခေတ် မတိုင်မီထဲက လူနေရှိခဲ့တဲ့နယ်မြေတွေလို့လည်း သိရပါတယ်။ မင်းဘူးဒေသမှာ ပလောင်နဲ့ စကြဝ်ခေါ် စကော ကရင်တွေ နေခဲ့နိုင်တယ်လို့လည်း ပါမောက္ခလုစ်နဲ့ တခြားပညာရှင်တွေက ယူဆခဲ့ပါတယ်။ ဒီထဲက အနောက်ဘက်အကျဆုံး မင်းဘူး ဒေသဟာ သုနာပရန္တဆိုပြီး မြန်မာရာဇဝင်တွေမှာ အစဉ်အလာခေါ်ဆိုခဲ့တဲ့ ဧရာဝတီအနောက်ဘက်ကမ်းဒေသတွေထဲမှာ ပါဝင်ပါတယ်။

ရခိုင်နဲ့ဆက်တဲ့ လမ်းကြောင်းမှာ ရှိပြီး ချင်းတောင်နဲ့ ကပ်နေတဲ့ မင်းဘူးနယ်ဟာ ပုဂံ၊ စစ်ကိုင်း၊ အင်းဝ စတဲ့ မြန်မာမင်းမြို့တော်တွေ အတွက် မြစ်ကြောင်းက တက်လာတဲ့ မွန်ထိုးစစ်တွေက ကာကွယ်ပေးတဲ့ စပါးကျီနယ်ကြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခေတ် အဆက်ဆက် မြန်မာဘုရင်တွေရဲ့ နယ်ချဲ့စစ် တွန်းလှန်စစ်တွေမှာ မင်းဘူး စလင်းက သူကောင်းပြုခံ လယ်ရှင် မြို့သူကြီးတွေ ပါဝင်ဆင်နွှဲ ခဲ့ကြပြီး နန်းတော်နဲ့ အရောက်အပေါက် များခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bristol Archives

ဓာတ်ပုံ ပုံစာ,

ရခိုင် ချင်းတောင်တန်းက မျိုးနွယ်စုများ

စကု၊ စလင်း၊ ကျပင်း၊ ဘောင်လင်း၊ မပင်းစရ၊ လယ်ကိုင်း ဆိုတဲ့ ဒီခြောက်ခရိုန်နယ်မြေဟာ ဘုရင်နန်းစိုက်တဲ့ မြို့တွေ မဖြစ်ခဲ့ပေမယ့် ချမ်းသာကြွယ်ဝတဲ့ မြေရှင်လူတန်းစားကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒီလယ်ရှင်တွေဟာ လယ်ဧကတသိန်းကျော်ထိ ပိုင်တဲ့သူတွေလို့လည်း ဒေါ်အုန်းကြည်ရဲ့ စလင်းသူကောင်းသမိုင်းအရ သိရပါတယ်။ ဒီလယ်ရှင်တွေကို သူတို့လယ်စိုက်တဲ့ လယ်သမားတွေနဲ့ သူတို့ပိုင်ကျွန် တွေက ဘုရားထူးရတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ဘဘဘုရား၊ မယ်မယ်ဘုရား၊ ကိုယ်တော်ကြီးဘုရား စတဲ့ ဘုရားထူးသံတွေဟာ စလင်းက သူကောင်းအိမ်တွေမှာ ကြားရလေ့ရှိတဲ့ အသုံးအနှုန်းတွေ ဖြစ်ပါတယ်။

သူကောင်းအစ

သူကောင်းမျိုးတွေ ဘယ်ချိန်က စပြီး ပေါ်ထွန်းတယ်ဆိုတာကတော့ ဒဏ္ဍာရီဆန်ဆန် ရေးသားချက်တွေပဲ ရှိပါတယ်။ ပုဂံခေတ် နရပတိ စည်သူ လက်ထက်က စတယ်ဆိုတဲ့ ဒီသူကောင်းမျိုးတွေဟာ စလင်းနဲ့ အနီးတဝိုက်က ရွာသူကြီးလေးယောက်ကို ဘုရင်က ပြည်စိုးခန့်ပြီး သူကောင်းပြုရာက ဆင်းသက်လာကြတယ် ဆိုပြီး အစဉ်အလာအရ မှတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

သူကောင်းမျိုးလေးမျိုးက ဆင်းသက်လာတဲ့ ဒီလယ်ရှင်မိသားစုတွေဟာ စကု၊ စလင်း၊ လယ်ကိုင်း၊ လောင်းရှည်၊ စေတုတ္တရာ စတဲ့ လယ်စိုက်တဲ့ မြို့တွေကို အုပ်ချုပ်ခဲ့ကြတဲ့ မြို့သူကြီးရိုးတွေလည်း ဖြစ်ပါတယ်။ သူကောင်းမိသားစုတွေရဲ့ မှတ်တမ်းတွေနဲ့ ဘုရင့်စစ်တမ်း တွေအရ အနည်းဆုံး ညောင်ရမ်းခေတ်မှာကတည်းက ဒီ စလင်းဒေသမှာ သူကောင်းဘွဲ့ခံ မြို့သူကြီးတွေ သားစဉ်မြေးဆက် အုပ်ချုပ်ခဲ့ကြ တာ ဖြစ်လို့ သူကောင်းမျိုးတွေ ပေါ်ထွန်းခဲ့တာ အနှစ်လေးရာကျော်ပြီလို့ ပြောနိုင်ပါတယ်။

သူကောင်းအချင်းချင်း လက်ထပ်လေ့ရှိသလို ရေနံချောင်းဘက်က တွင်းရိုးတွင်းစားခေါ် ရေနံတွင်းပိုင်တွေ၊ အနီးဝန်းကျင်က တခြား မြို့သူကြီးမိသားစုတွေနဲ့ ဒီသူကောင်းတွေ လက်ထပ်ပြီး ဆွေမျိုးအင်အား ပိုမိုတောင့်တင်းလာတာ ဖြစ်ပါတယ်။ သူကောင်း မိသားစုထဲ ဝင်လာသူတွေကိုတော့ သူကောင်းအဖြစ် မခေါ်ဆိုဘဲ သူတို့သားသမီးတွေကျမှ သူကောင်းအဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။

ပျောက်ကွယ်သွားတဲ့ကျွန်လူတန်းစား

သူကောင်းတွေရဲ့ ပေပုရပိုက်မှတ်တမ်းတွေအရ ဒီမိသားစုတွေဟာ အနီးဝန်းကျင်က လယ်သမားတွေကို လယ်ပေါင် မြောင်းပေါင်နဲ့ လူပေါင်ခံပြီး ငွေချေးကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သူကောင်းမိသားစုတွေမှာ ငွေဝယ်ကျွန်နဲ့ ကြွေးဆပ်ကျွန် ရာဂဏန်းထိ ရှိခဲ့ပြီး ဒီကျွန်တွေကို စိုက်ပျိုးရေးနဲ့ အိမ်ကိစ္စ၊ ကျောင်းကန်ဘုရားကိစ္စတွေမှာ သုံးတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto

ဓာတ်ပုံ ပုံစာ,

ခေတ်အဆက်ဆက် ရုန်းကန်ရတဲ့ လယ်သူမများ

ဒီကျွန်တွေဟာ မိုးလေဝသမကောင်းလို့ သီးနှံပျက်တဲ့ လယ်သမားတွေအပြင် စားစရာမရှိလို့၊ စစ်သားဆင့်ခေါ်တာ လူစားထည့်ဖို့ ငွေလိုလို့၊ တရားစရိတ်လိုလို့ စတဲ့ အကြောင်းစုံနဲ့ ငွေချေးရသူတွေ ဖြစ်ပြီး တခါတလေ တမိသားစုထဲက လူသုံးယောက် နှစ်ရှည်ကျွန်ခံ ပေးတာတောင် ကြွေးကမကြေတဲ့အဖြစ်တွေ ရှိခဲ့တယ်လို့ မြန်မာသမိုင်းအဖွဲ့ဝင် ဒေါ်အုန်းကြည်က ဆိုပါတယ်။ တခါတလေ အဘိုးကနေ မြေးထိ ကျွန်ခံပြီးမှ ကြွေးကြေလို့ ပြန်နုတ်ယူနိုင်တဲ့ဘဝတွေ ရှိခဲ့ပါတယ်။ တံပြာလက်ဝါး ဆုံးမပိုင်စေ၊ သေခန်းရှင်ခန်းပိုင်စေ ဆိုပြီး တခြားနယ်တွေက လူပေါင်စာချုပ်တွေမှာ ဖော်ပြခဲ့လို့ စလင်းက ကျွန်တွေလည်း အလားတူ ကြမ်းကြမ်းတမ်းတမ်း နေခဲ့ရပုံပေါ်ပါတယ်။

ဒီကျွန်တွေကို သူကောင်းတွေရဲ့ အသုဘအခမ်းအနားတွေမှာ ကျွန်အဖြစ်က လွတ်လပ်ခွင့်ပေးတာလည်း ရှိတယ်လို့ ဆိုပါတယ်။ နောက်ဆုံး သင်္ဂြိုဟ်ခါနီးမှာ အလောင်းကို ဂူကျင်းဝမှာ ဝပ်နေတဲ့ ကျွန်ပေါ်က ကျော်လွှားစေတယ်လို့ အနောက်တံခါးမှူး မောင်မှူးရဲ့ ကိုလိုနီခေတ်မြို့အုပ်ကြီးတစ်ဦးမှတ်တမ်းမှာ ပါရှိပါတယ်။ ဒီထုံးစံတွေဟာ ကျွန်စနစ်ပျောက်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရစထိ ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။

ပုဂံဝန်ထောက်ဦးတင်ရဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းအလိုအရ ကျွန် ၁၅ မျိုး ရှိပြီး ဘုရင်ခေတ်က ကျွန်တယောက်တန်ဖိုးက ငွေ တဆယ်ပဲရှိတယ်လို့ သိရပါတယ်။

ဘုရားပုထိုးမြေကြီးကျိုးမျှ

ဒီကျွန်တွေရဲ့ လုပ်အားနဲ့ လယ်ယာချောင်းမြောင်းတွေ တည်ထောင် ချမ်းသာလာတဲ့ စလင်းသူကောင်းတွေဟာ ဘုရားတည် ကျောင်းဆောက်လုပ်ကြပြီး ဘုရားပုထိုးမြေကြီးကျိုးမျှ ဆိုတဲ့ စာချိုးရှိတဲ့မြို့လို့လည်း ဦးစန္ဒိမာ (စလင်း ) စတဲ့ စလင်းမြို့ခံ စာဆိုတွေက တင်စားကြပါတယ်။ စလင်းဟာ မြို့လေးနဲ့ မမျှ ရုပ်စုံကျောင်းနဲ့ ဘုရားတွေ ပေါများသလို စလင်း ဝန်းကျင်က လယ်ကိုင်း ကျောင်းတော်ရာ နဲ့ မန်းရွှေစက်တော်၊ မင်းဘူးက ရှင်ပင်စက္ကိန်းတဲ စတဲ့ ဘုရားတွေဟာလည်း နိုင်ငံအနှံ့ထင်ရှားတဲ့ ဘုရားတွေ ဖြစ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yannaung Soe

ဓာတ်ပုံ ပုံစာ,

စလင်းက ကိုးဆောင်ကျောင်း

စလင်းပန်းပု စကုပန်းချီဆိုတဲ့ စကားအတိုင်း စလင်းက ရုပ်စုံကျောင်းကြီးတွေရဲ့ ကုန်ကျစရိတ်ဟာ တကျောင်းကို ဘုရင်ခေတ်နဲ့ အင်္ဂလိပ်ခေတ်ငွေဒင်္ဂါး ဆယ်တင်းလောက် ကုန်ခံဆောက်ခဲ့တာ လို့လည်း ဦးစန္ဒိမာက ရေးပါတယ်။ ငွေတတင်းမှာ ဆယ်ပြည်ဝင် တဲ့အတွက် ဆယ်တင်း ငွေတသိန်း ဆိုတဲ့ ပမာဏဟာ ခုခေတ်ငွေတန်ဖိုးနဲ့ဆိုရင် ကျပ်ဘီလျံနဲ့ချီတန်တဲ့ ငွေပမာဏ ဖြစ်ပါတယ်။ ကိုးဆောင်ကျောင်း၊ မြောက်လေးစဉ်ကျောင်း ၊ ရွှေကျောင်း စတဲ့ ကျောင်းကြီးတွေ ထင်ရှားပြီး လူနေရပ်ကွက် ရှစ်ခုမှာ ဘုန်းကြီးကျောင်း ၆ဝ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ၁၈၁၈ မှာ ပြန်ဆောက်တဲ့ အုတ်ခံ ကိုးဆောင်ကျောင်းပေါ်ကပဲ ဗြိတိသျှတပ်တွေကို ဆရာတော် ဗိုလ်ဥတ္တမရဲ့တပ်တွေက ခံချခဲ့ကြတာ ဖြစ်ပြီး မြန်မာဘက်က ၂ဝ ကျော်နဲ့ ဗြိတိသျှဘက်က ၁၅ဝ ကျော်ကျတယ်လို့ သိရပါတယ်။

မြောက်လေးစဉ်ကျောင်းက ရုပ်စုံပန်းပုတွေရဲ့အလှဟာ အသက်ဝင်အနုပညာမြောက်တယ်လို့လည်း ရနောင် (ဒွယ်)က ရေးပါတယ်။ အုတ်လှေကား ခြောက်စင်းတပ်ပြီး တိုင်လုံးရေ ၂၅ဝ နီးပါးနဲ့ ဆောက်ထားတဲ့ ဒီကျောင်းကြီးမှာ ရုပ်စုံ တရာကျော် ထွင်းထုတပ်ဆင် ထားတယ်လို့လည်း သိရပါတယ်။ အပြောက်အမွမ်းမပါဘဲ ကျောင်းအကြမ်းထည်ကိုက ငွေ ခြောက်တင်း အကုန်ခံပြီး (၁၉) ရာစုမှာ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ စလင်းက ကျောင်းကြီးတွေကို လှူဒါန်းသူတွေထဲမှာ အမျိုးသမီး သူကောင်းမကြီးတွေရဲ့ တဦးတည်း ကုသိုလ်တွေလည်း ပါတာကို တွေ့ရပါတယ်။

သင်္ဘောခွေးနဲ့ သူကောင်း

ဗြိတိသျှ အထက်မြန်မာပြည်ကို သိမ်းချိန်မှာ သူကောင်းဗိုလ်ဘိုးဦး မင်းလှခံတပ်တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ သူ့ဆရာရင်း လှေသင်း အတွင်းဝန်မင်းက ဗိုလ်ဘိုးဦးရဲ့သားကို မန္တလေးခေါ် ပြီး စိန်ပီတာကျောင်းမှာ ပညာသင်စေပါတယ်။ ဗိုလ်ဘိုးဦးရဲ့သား သူကောင်း မောင်အောင်ကြီးဟာ သူ့ဘကြီး စလင်းမြို့သူကြီးဦးညို ခြေရာနင်းပြီး မြို့အုပ်ဖြစ်လာသလို ပင်စင်ယူပြီးနောက် ဒေါက်တာဘမော်ရဲ့ မဟာဗမာပါတီ မြို့နယ်ခေါင်းဆောင်ဖြစ်လာပါတယ်။

ဦးအောင်ကြီးလိုပဲ တခြားသူကောင်းမျိုးနွယ်ဝင်တွေရဲ့ သားတွေ ခေတ်ပညာသင်ကြပါတယ်။ နယ်ပိုင်ရုံးစိုက်တဲ့ စလင်းမှာ ဝက်စလီခေါ် အမေရိကန်သာသနာပြုကျောင်းလည်း ရှိပါတယ်။ ဒီကျောင်းထွက်တွေထဲက စလင်းလွှတ်တော်အမတ် ဖြစ်လာသူတွေလည်း ရှိပါတယ်။ စလင်းအမတ်ကြီး သူကောင်းဦးပန်ဟာ ခွေးချစ်တတ်သူဖြစ်လို့ ဂရေးဟောင်းခေါ် နိုင်ငံခြားခွေးကြီးတွေ မွေးတယ်လို့ ဆိုပါတယ်။ ၁၉ဝ၄ ခုနှစ်ကာလတွေဟာ စလင်း လယ်ကိုင်းဘက်က သူကောင်းတွေအတွက် ခေတ်ကောင်းလို့လည်း အနောက် တံခါးမှူး မောင်မှူးက ရေးပါတယ်။ ကျပင်းက မြို့ပိုင်ဦးမောင်မောင်ဘရဲ့ လက်စွဲဇာတ်ဆရာက ဦးဘိုးစိန်နဲ့ အောင်ဗလလို နာမည်ကျော် မင်းသားမင်းသမီးတွေလို့လည်း ဆိုပါတယ်။

စလင်းနဲ့ ခေတ်ပြိုင် ရေနံချောင်း၊ ပခုက္ကူ စတဲ့ တခြားမြို့တွေက တွင်းရှင် မြေရှင် ကုန်သည် လူချမ်းသာတွေလောက် သူကောင်း လယ်ရှင်တွေ နိုင်ငံရေးမှာ မတက်ကြွခဲ့ဘူးလို့လည်း ပြောနိုင်ပါတယ်။ လယ်စိုက်ပျိုးရေးကို အခြေခံတဲ့နယ်ဖြစ်လို့ စက်မှုနဲ့ ကုန်သွယ် လုပ်ငန်းထွန်းကားတဲ့မြို့တွေလောက် မြို့ကြီးနဲ့ အဆက်အသွယ်မများတာကလည်း တကြောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေနံချောင်းက အရှင်ဦးစိုးသိမ်း၊ သခင်ဘိုးလှကြီးနဲ့ တခြားရေနံမြေသခင်များ၊ ပခုက္ကူက ဆရာတော် ဦးဝိစာရနဲ့တခြား သံဃာ့သမဂ္ဂီများ၊ မျိုးမြန်မာနဲ့ အလားတူ ဝံသာနုရက်ကန်းလှုပ်ရှားမှုများ စလင်းဘက်မှာ သိပ်မတွေ့ရတာ ဖြစ်ပါတယ်။ ကျေးရွာ ဝံသာနုအသင်းတွေနဲ့ တို့ဗမာအဖွဲ့ခွဲ တွေတော့ ရှိခဲ့မှာ ဖြစ်ပါတယ်။

သူကောင်းခေတ်ကုန်

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံမှာ မြေရှင်စနစ် ချုပ်ငြိမ်းပါတယ်။ စစ်အတွင်း စပါးစျေးကောင်းတဲ့အတွက် လယ်သမားတွေ လယ်တွေ ပြန်ရွေးနိုင်ကြလို့ နိုင်ငံအဝန်းမှာ ရှိတဲ့ မြေရှင်တွေ ပိုင်တဲ့ လယ်တွေ လျော့လာသလို စစ်ပြီးစမှာ ထွန်းကားလာတဲ့ လက်ဝဲစနစ်ကြောင့် လည်း လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဝန်ကြီးဌာန ပေါ်ထွန်းလာခဲ့ပါတယ်။

စစ်ပြီးစ စကုစလင်းဘက်မှာ ကွန်မြူနစ်တွေ ထကြွလာပြီး ဓားပြတွေလည်း ပေါလာတယ်လို့ မောင်မှူးခေါ် သူကောင်းဦးစိန်ရိုးက ရေးပါတယ်။ ဒီဓားပြတွေဟာ လယ်သမားထဲက အဆင်မပြေသူတွေ ဖြစ်ကြပြီး ကွန်ဗွိုင် အစောင့်ပါတဲ့ကားတန်းနဲ့ သွားရတဲ့အထိ မငြိမ် မသက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက် ကွန်မြူနစ်တွေကလည်း မြေခွန်မပေးရေး၊ မြေငှားခမပေးရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး လွတ်လပ်ရေး ရပြီးနောက်ပိုင်း သူပုန်နယ်တွေ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Sein Yoe

ဓာတ်ပုံ ပုံစာ,

စလင်းက သူကောင်းတိုက်တလုံး

ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ဒီနယ်မြေတွေမှာ ခိုအောင်းနေကြတဲ့ အလံနီ၊ အလံဖြူ၊ ရခိုင် စတဲ့ ကွန်မြူနစ်ပေါင်းစုံနဲ့ ပြည်သူ့ ရဲဘော်တွေ ချုပ်ငြိမ်းပြီး အစိုးရအုပ်ချုပ်ရေး ခိုင်လာသလို ဆိုရှယ်လစ် အုပ်ချုပ်ရေးကြောင့် သူကောင်းတွေရဲ့ ကဏ္ဍလည်း မှေးမှိန် လာပါတယ်။ စစ်အတွင်း စလင်းမှာ ဗုံးဒဏ်ခံလိုက်ရလို့ မြို့ပေါ် ပေါင်းပင်းဇင်းရပ်ကွက်က သူကောင်းအိမ်ကြီးတွေလည်း ပျောက်ကွယ် ကုန်ပြီး သူကောင်းတွေလည်း ရန်ကုန်နဲ့ တခြား မြို့ကြီးတွေကို ရွှေ့ပြောင်းကုန်ပါတယ်။ မြို့ပေါ်မှာ သူကောင်းနှစ်ယောက် သုံးယောက် လောက်ပဲ ကျန်တော့ပေမယ့် သူတို့ကုသိုလ် ကျောင်းကန်ဘုရားပွဲတွေမှာတော့ လှူဒါန်းဆဲလို့လည်း ဦးစန္ဒိမာက ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YOSHIKAZU TSUNO

ဓာတ်ပုံ ပုံစာ,

သူကောင်း ဒေါက်တာကံဇော်

သူကောင်း ဝန်ကြီး

အနှစ် လေးရာကျော် တည်မြဲခဲ့တဲ့ စလင်းသူကောင်းတွေရဲ့ ကမ္ဘာ မှေးမှိန်သွားပေမယ့် သူတို့ အဆက်အနွယ်တွေကတော့ ကျန်ရှိဆဲ ဖြစ်ပါတယ်။ သူတို့ချင်း ငယ်သူက ကြီးသူကို ဘုရားထူးရတဲ့ အလေ့လည်း ရှိသေးသလို သီတင်းကျွတ်မှာ မိဆိုင်ဖဆိုင်နတ်တွေကို တင်သ တာတွေလည်း လုပ်ဆဲ ဖြစ်ပါတယ်။

စလင်းသူကောင်းထဲက ဗြိတိသျှခေတ်နဲ့ လွတ်လပ်ပြီးခေတ်တွေမှာ နေရာရခဲ့တဲ့ အရာရှိနဲ့ ဝန်ကြီးတွေလည်း ထွက်ခဲ့ပါတယ်။ ဒီထဲက ထင်ရှားသူတွေကတော့ သြစတြေးလျမှာ ဘီစီအက် ပထမတန်း ပညာတွေ သင်ခဲ့တဲ့ ဦးချစ်ဖေ မိသားစု ဖြစ်ပါတယ်။ ဦးချစ်ဖေက သူကောင်းမဟုတ်ပေမယ့် သူ့ဇနီး ဒေါ်ခင်စိန်ဒိုင်က သူကောင်းဖြစ်ပါတယ်။ ဦးချစ်ဖေဟာ ၁၉၆ဝ ရွေးကောက်ပွဲမှာ ဦးနုရဲ့ ပြည်ထောင်စု ပါတီက အရွေးခံပြီး ပါလီမန် အတွင်းဝန် ဖြစ်လာပါတယ်။ အစပိုင်းမှာ ဦးအုပ်စုဝင်ဖြစ်ပေမယ့် ပထစပါတီထဲက ဦးဗိုလ်သခင်အကွဲ ပြင်းထန်လာချိန်မှာ ဘယ်ဘက်မှ မလိုက်ဘူးလို့ ဦးချစ်ဖေ ကြုံးဝါးခဲ့တယ်လို့ ၁၉၅၈ -၁၉၆၂ မြန်မာ့နိုင်ငံရေး စာအုပ်မှာ ပါရှိပါတယ်။ ၁၉၆၂ ဖက်ဒရယ်မူဆွေးနွေးပွဲကိုလည်း တခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့အတူ ဦးချစ်ဖေ တက်ရောက်ခဲ့ပါတယ်။

ဦးချစ်ဖေ သားထဲက ကြာညိုချစ်ဖေနဲ့ ရဲချစ်ဖေ ဆိုတဲ့ သူကောင်း ဗိုလ်မှူးချုပ် နှစ်ယောက် ပေါ်ထွက်ခဲ့ပြီး သူတို့ဆွေမျိုးထဲကပဲ ပါမောက္ခ ဒေါက်တာကံဇော်က ဦးသိန်းစိန်အစိုးရမှာ အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ဒီသူကောင်းမိသားစုတွေရဲ့ ဘဝကို သူကောင်းဦးကြာစိုရဲ့မှတ်တမ်း တွေကို ကိုးကားပြီး သားဖြစ်သူက ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။

ဒီရေးသားချက်အရ သူကောင်းတွေရဲ့ နာရေးအခမ်းအနားတွေမှာ အလောင်းပြာသာဒ်စင်ကို လူတထောင်လောက် ထမ်းရပြီး ဆင်တွေ မြင်းတွေနဲ့ ခမ်းခမ်းနားနား ချဆောင်တယ်လို့ ဆိုပါတယ်။ မန္တလေးနေပြည်တော်မှာ မိဘုရားတပါးသောက်တဲ့ ရွှေဆေးတံကို သဘောကျ ပြီး စလင်းက သူကောင်းမကြီးတယောက် ရွှေဆေးတံလုပ်သောက်တာကိုလည်း ကျောင်းအမကြီးမို့ မင်းတုန်းမင်းက အရေးမယူဘဲ ခွင့်ပြုခဲ့တယ်လို့ မောင်မှူးခေါ် သူကောင်း ဦးစိန်ရိုးရဲ့ စာအုပ်အရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Phoe Chon

ဓာတ်ပုံ ပုံစာ,

စလင်းက လေးစဉ်ကျောင်း