အာဏာသိမ်းတာ ဥပဒေနဲ့ညီသလား

ဇန်နဝါရီလ ၂၉ ရက်မှာ ရဲအဖွဲ့နေရာယူထားပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဇန်နဝါရီလ ၂၉ ရက်မှာ ရဲအဖွဲ့နေရာယူထားပုံ

အာဏာသိမ်းတာ ဥပဒေနဲ့ညီမညီဆိုတဲ့မေးခွန်းဟာ အထူးအဆန်းတခုသဖွယ်ဖြစ်နိုင်ပါတယ်။ ဥပဒေသဘောတရား၊ ဥပဒေအတွေးအခေါ်မှာ အာဏာသိမ်းတာဟာ ဥပဒေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေလို့ပါ။ လက်တွေ့မှာလည်း ဘယ်နိုင်ငံမှာဖြစ်ဖြစ် စစ်တပ်ကအာဏာသိမ်းပြီဆိုတာနဲ့ အခြေခံဥပဒေကို ချက်ချင်းဖျက်ပြီး မာရှယ်လော စစ်ဥပဒေနဲ့ အုပ်ချုပ်လေ့ရှိပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်က အာဏာလွှဲပြောင်းရယူနိုင်တဲ့ ပြဋ္ဌာန်းချက်တချို့ပါနေတဲ့အတွက် အခုအာဏာလွှဲပြောင်းရယူမှုဟာ ဥပဒေနဲ့ အညီဖြစ်မဖြစ်ဆိုတဲ့ အမေးပုစ္ဆာပေါ်ပေါက်လာပါတယ်။

အခြေခံဥပဒေပုဒ်မ ၄၀ (ဂ) မှာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစတဲ့ အဓမ္မနည်းနဲ့ရယူဖို့ကြိုးစား လာရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့အညီ ရယူသုံးစွဲခွင့်ရှိတယ်လို့ဆိုပါတယ်။

အခုတပ်မတော်ရဲ့ နိုင်ငံတော်အာဏာရယူမှုဟာ ပုဒ်မ ၄၀ (ဂ) နဲ့ညီညွတ်ပါသလား။

လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက အခုလိုဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နေပြည်တော်လွှတ်တော်အဆောက်အအုံအနီးမှာ တပ်မတော်တင့်ကားများနေရာအသင့်ယူထား

“ဒီပြဋ္ဌာန်းချက်မှာ ပထမလိုအပ်ချက်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဆိုတဲ့ အခြေအနေတစ်ခုလိုအပ်တယ်။ အခုဟာက အဲသလို အခြေအနေမျိုးရှိမှမရှိတာ။

ဒုတိယလိုအပ်ချက်က ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနဲ့အညီ ဆိုတာပါတယ်။ အဲဒါတွေက အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များမှာပြဋ္ဌာန်းထားပါတယ်။”

အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအခန်း ပုဒ်မ ၄၁၀ မှာ ပြဋ္ဌာန်းထားတာက တိုင်းပြည်တွင်းတနေရာရာမှာ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်နိုင်စွမ်းမရှိရင် နိုင်ငံတော်သမ္မတက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုညှိနှိုင်းတိုင်ပင်ပြီး စစ်တပ်ကို အာဏာအပ်နှင်းလို့ရတယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တပ်မတော်က အာဏာရယူအပြီး ရန်ကုန်မြို့တွင်းမှာ စစ်ကားရဲကားတွေနေရာယူထား

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

“အခုဟာက သူ့ဟာနဲ့သူပုံမှန်လည်ပတ်နေတာပဲ။ အခုပြဿနာတက်နေတဲ့ လအနည်းငယ်အတွင်းမှာ ဖွဲ့စည်းပုံဥပဒေပုဒ်မ ၄၁၀ ရဲ့ပြဋ္ဌာန်းချက်အရ ဘယ်နေရာမှာမှ ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီဆောင်ရွက်နိုင်စွမ်းမရှိဘူးဆိုတဲ့ အခြေအနေ ပေါ်မှ မပေါ်ပေါက် ခဲ့တာ။”

စစ်တပ်က အာဏာလွှဲပြောင်းရယူဖို့လိုအပ်တဲ့ အခြေအနေတရပ် မပေါ်ပေါက်ခဲ့ဘူးလို့ လူ့အခွင့်ရေးရှေ့နေ ဦးအောင်ထူးကဆိုပါတယ်။ တကယ်လို့ ပေါ်ပေါက်ခဲ့ရင်တောင်မှ စစ်တပ်ကို အာဏာလွှဲပြောင်းပေးဖို့ အပ်နှင်းရမဲ့သူက နိုင်ငံတော်သမ္မတဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ခေါ်ယူညှိနှိုင်းပြီးမှ အာဏာလွှဲပြောင်းရမှာပါ။ အခုနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို မခေါ်ယူခဲ့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း အာဏာ လွှဲပြောင်းမပေးခဲ့ပါဘူး။ အဲသလို အသာတကြည်လွှဲပြောင်းမပေးအပ်ခဲ့ရုံသာမက သမ္မတဦးဝင်းမြင့်ကိုယ်တိုင်တောင်မှ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရပါသေးတယ်။

ပုဒ်မ ၄၁၇ အရ ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်အာဏာကို ယာယီရယူလို့ရတယ်။ ဒါပေမဲ့ ပုဒ်မ ၄၁၀ ပါလိုအပ်ချက်တွေနဲ့ မကိုက်ညီဘဲနဲ့ ပုဒ်မ ၄၁၇ ကိုအသုံးပြုလို့မရဘူးလို့ဦးအောင်ထူးကဆိုပါတယ်။ အဲသလိုအသုံးပြုခဲ့ရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မကိုက်ညီဘူးလို့ဆိုပါတယ်။

သမ္မတဦးဝင်းမြင့်က အဲဒီအာဏာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မအပ်နှင်းခဲ့ပေမဲ့ သမ္မတဦးမြင့်ဆွေက ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီခေါ်ယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာအပ်နှင်းခဲ့ပါတယ်။

ဒါပေမဲ့ ပေါ်ပေါက်လာတဲ့ မေးခွန်းက ဦးမြင့်ဆွေကို ဘယ်သူက သမ္မတရာထူး အပ်နှင်းလိုက်ပါသလဲ။ ဦးမြင့်ဆွေဟာ ၂၀၀၈ အခြေခံ ဥပဒေနဲ့ အညီပေါ်ပေါက်လာတဲ့ သမ္မတ ဟုတ်ပါသလား။

အခြေခံဥပဒေမှာ သမ္မတရာထူးခန့်ထားခွင့်ရှိသူက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ၃ ခုကသာ မဲပေးရွေးချယ်ခန့်ထားခွင့်ရှိတာပါ။

ဓာတ်ပုံ ရင်းမြစ်, FRANCK ROBICHON

ဓာတ်ပုံ ပုံစာ,

ကာကွယ်ရေးဦးစီးချုပ်ပုံကို ဆုတ်ဖြဲဆန္ဒပြ

“အရေးပေါ်အခြေအနေပေါ်ပေါက်လာချိန်မှာ ဒုတိယသမ္မတက သမ္မတအဖြစ် ယာယီတာဝန်ထမ်းဆောင်ခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုး ဥပဒေမှာ မပါပါဘူး။ ဥပဒေမှာမပါတဲ့အချက်ကို ကိုင်ပြီးဒုသမ္မတက စစ်တပ်နဲ့ညှိပြီး သူ့ဘာသာ သမ္မတရာထူးယူလိုက်တာဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ကို မညီတာ၊ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတဲ့ အချက်ဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေအရ ဦးမြင့်ဆွေသမ္မတ လုပ်တာဟာ လုံးဝတရားမဝင်ဘူး” လို့ ဦးအောင်ထူးကဆိုပါတယ်။

ဦးမြင့်ဆွေ သမ္မတဖြစ်တာဟာ တရားမဝင်ရင် ဦးမြင့်ဆွေကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာလွှဲအပ်မှုကလည်း တရားမဝင် ပါဘူး။ ဒါ့ကြောင့် အခုစစ်တပ်ရဲ့ အာဏာရယူမှုဟာ တရားမဝင်ဘူးလို့ ဦးအောင်ထူးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဆန္ဒမဲပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး သူ့ဘာသာ ဆက်တိုက်အရေးပေါ်အခြေအနေကြေညာ၊ ဥပဒေပြဋ္ဌာန်းချက်မပါဘဲ ဒုသမ္မတကနေ သမ္မတလုပ်သွားတဲ့ကိစ္စတွေအကုန်လုံးဟာ ဥပဒေကို ဆန့်ကျင်တာပဲ။ ဥပဒေကိုဆန့်ကျင်အာဏာသိမ်းရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၁၁ အရ နိုင်ငံတော်ပုန်ကန်မှုပဲ။ ဦးဝင်းမြင့်ကိုဖမ်းတာရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းတာရော၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းတာရော ဖမ်းတာတွေအားလုံးဟာ နိုင်ငံတော်ပုန်ကန်မှုကို လုပ်ဆောင်ဖို့အတွက် လိုအပ်ချက်တွေကို လုပ်တာပဲ။ အခြေခံဥပဒေနဲ့အညီ သမ္မတကို ဖမ်းခွင့်ရှိတယ်ဆိုတာ ကမ္ဘာမှာ ဘယ်တိုင်းပြည်မှာမှ မရှိပါဘူး။ ၂၀၀၈ အရလည်းမရှိဘူး။”

ဒါ့ကြောင့် အခုစစ်တပ်က အာဏာရယူတာဟာ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ အာဏာလွှဲပြောင်းရယူတာမဟုတ်ဘဲ အာဏာသိမ်းတာသာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုလည်း ရေးဆွဲသူတွေကိုယ်တိုင်က မလိုက်နာဘဲ ချိုးဖောက်လိုက်ပြီဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ တရားဝင်မှုဟာ ပျက်ပြယ်သွားပြီလို့ လူ့အခွင့်အရေးရှေ့နေဦးအောင်ထူးကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ခေါင်းဆောင်တွေ သင့်မြတ်ရေး ဖြစ်နိုင်သေးလား