သရဖူမဆောင်းတဲ့မင်းနဲ့ ဦးနေဝင်းချန်ခဲ့တဲ့ နိုင်ငံ

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
burma

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ,

ဘုရင်စနစ်ပြန်ထူထောင်သူလို့ သမုတ်ခံရသူ

သက်ဦးဆံပိုင်ဘုရင်တွေနဲ့ အုပ်စိုးသူ လူတန်းစားတွေဟာ သူတို့မရှိတဲ့နောက်မှာလည်း သူတို့ရဲ့ဆိုးမွေကောင်းမွေတွေကို လူတွေ ကြားထဲမှာ ကျန်ရစ်အောင် ထားတတ်တယ်လို့ ဆိုရိုးရှိပါတယ်။ ဒါကြောင့် မန္တလေးက မင်းတုန်းမင်းကြီးရဲ့ ပိဋကတ်သုံးပုံ ကျောက်စာတွေကို ကမ္ဘာ့ အကြီးဆုံး စာအုပ်ဆိုပြီး ရည်ညွှန်းခံရသလို ပုဂံနဲ့ ရခိုင်က ဂူဘုရားတွေဟာလည်း သက်ဆိုင်ရာဘုရင်တွေရဲ့ လက်ကျန်အမွေတွေ ဖြစ်ကြပါတယ်။ ၁၈၈၅ ကစပြီး မြန်မာပြည်မှာ ဘုရင်စနစ်မရှိတော့ပေမဲ့ အုပ်ချုပ်သူတွေ ထားခဲ့တဲ့ အမွေတွေက ကျန်ရှိနေပါတယ်။

တခါ လက်ရှိ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အုပ်စိုးလာခဲ့တဲ့ ပဒေသရာဇ်လူ့အဖွဲ့အစည်းတွေနဲ့ ကိုလိုနီပြု လွှမ်းမိုးခဲ့တဲ့ ဗြိတိသျှ အုပ်ချုပ်ရေးရဲ့ အမွေတွေ ကျန်ခဲ့တယ်ဆိုပေမဲ့ တကယ်တမ်း မြန်မာနိုင်ငံကို ကိုလိုနီချက်ကြိုးက ဖြတ်ခဲ့သူက ဗိုလ်ချုပ်ကြီး နေဝင်း ဖြစ်တယ်ဆိုပြီး ရေးသားပြောဆိုကြတဲ့ မိုက်ကယ်အောင်သွင် စတဲ့ အနောက်တိုင်းပညာရှင်တွေ ရှိကြပါတယ်။ တကယ်တမ်း စီးပွားရေးနဲ့ ယဉ်ကျေးမှုအရ မြန်မာပြည်ကို ကိုလိုနီဘဝက လွတ်အောင် လုပ်ခဲ့တာဟာ ဦးနေဝင်းဆိုတဲ့ အဆိုမှာ အငြင်းပွားစရာ အချက်တွေ ရှိပေမဲ့ ဦးနေဝင်း မတိုင်ခင်က မြန်မာနိုင်ငံနဲ့ သူ့အလွန် မြန်မာပြည်ကြားမှာ ကွာခြားချက်တွေ တော်တော်ကြီးကြီး ကျန်ရစ်ခဲ့ပါတယ်။ဒီအချက်တွေထဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ယဉ်ကျေးမှုတွေအရ သိသာတဲ့အချက်တွေလည်း အများအစား ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Alex Bowie

ဓာတ်ပုံ ပုံစာ,

ဆိုရှယ်လစ်ခေတ်က ချီတက်ပွဲ

ခေတ်သစ် မြန်မာ ငတပါးမင်း

မြန်မာနိုင်ငံမှာ ကျန်စစ်သားနောက်ပိုင်း လူထုကို အနုနည်းနဲ့ စည်းရုံးနိုင်သူဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းပါမောက္ခလုစ်က ချီးကျူး ဂုဏ်တင်ခဲ့ပါတယ်။ ဗိုလ်ချုပ်နောက်က ဦးနုအုပ်စိုးမှုကို ယိမ်းယိုင်မတည်ငြိမ်တဲ့ အရပ်သား အုပ်ချုပ်ရေးအဖြစ် ဝေဖန်ခံရသလို သူ့နောက် က ဗိုလ်ချုပ်နေဝင်းရဲ့ အုပ်ချုပ်မှုကိုတော့ မြန်မာတွေသိတဲ့ အစဉ်အလာ ပဒေသရာဇ်အုပ်ချုပ်ရေးကို ခေတ်သစ်အာဏာရှင်ပုံစံနဲ့ ပြန်အသက်သွင်းသူဆိုပြီး ဝေဖန်သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်း လက်ထက်မှာ တိုင်းပြည်စီးပွားရေး ပျက်ပြားတာအပြင် ပြည်တွင်းစစ်အရှိန်ပြန်တက်လာတာ၊ နိုင်ငံရေးအရ ဖိနှိပ်တာ စတဲ့ ဆိုးကွက်တွေ များပေမဲ့ သူ့ကြောင့် နိုင်ငံအစိတ်စိတ်အပိုင်းပိုင်း ကွဲထွက်မသွားဘူးဆိုပြီး ရှုမြင် သူတွေလည်း ရှိကြပါတယ်။ ခေတ်အဆက်ဆက် တပ်မတော်ရဲ့ နိုင်ငံရေးကဏ္ဍကို ဖော်ထုတ်ပြောလာကြရင်လည်း နိုင်ငံမပြိုကွဲရေးကို ကာကွယ်သူဆိုတဲ့ အမြင်ကို တပ်ဘက်က အမြဲသုံးနှုန်းလေ့ရှိပါတယ်။ တကယ်တော့ ဗိုလ်ချုပ်ကြီးနေဝင်း ဟာ နိုင်ငံကို သံလက်သီးနဲ့ ထိန်းချုပ်ပြီး အနုနည်းနဲ့ မြန်မာ ပြန်ပြုရေးလမ်းစဉ်ကို ကျင့်သုံးခဲ့သူဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ရဲဘော်သုံးကျိပ်အစဉ်အလာတစ်ခုတည်း ရှိခဲ့တဲ့ဘဝကနေ တပ်မတော်ရဲ့ ကျွေးဖခင်၊ နိုင်ငံရဲ့ ဆိုရှယ်လစ် ဖန်တီးရှင်၊ အမျိုးသမီးတွေခါးပေါ်က ထဘီကို စကတ်နဲ့မလဲအောင် တားမြစ်ခဲ့သူ စတဲ့ ဂုဏ်ပုဒ်တွေ ကျန်ရစ်ခဲ့ ပါတယ်။ တနည်းပြောရရင် အညတရ စာတိုက်စာရေးလေးဘဝကနေ ၂၆ နှစ် အာဏာကို ဆက်တိုက်သိမ်းထားနိုင်ပြီး နောက် ၁ဝ နှစ်လောက် သြဇာညောင်းထားနိုင်တဲ့ စစ်ဗိုလ် အာဏာရှင်ကြီးဘဝကို သခင်ရှုမောင်ခေါ် ဗိုလ်နေဝင်း တပ်မတော်တစ်ခု အရင်းပြုပြီး ရရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, David Levenson

ဓာတ်ပုံ ပုံစာ,

ဥက္ကဋ္ဌကြီးဘဝ ဦးနေဝင်း

မြန်မာ့လမ်းစဉ်နဲ့ ကိုလိုနီချက်ကြိုး

မြန်မာနိုင်ငံဟာ ၁၉၄၈ က လွတ်လပ်တယ် ဆိုပေမဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုမှာ အနောက်လွှမ်းမိုးမှု အများကြီး ကျန်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါ တယ်။ နောက်ဆုံးအဆင့်မှာ နု အက်တလီစာချုပ်၊ လက်ျာ ဖရီးမင်းစာချုပ်တွေနဲ့ စေ့စပ် လွတ်လပ်ရေး ယူခဲ့ရတဲ့အတွက် မစစ်မှန်တဲ့ လွတ်လပ်ရေးဆိုပြီး ကွန်မြူနစ်အုပ်စုတွေက စွပ်စွဲတာ ခံခဲ့ရပါတယ်။ ပြည်တွင်းစစ်ကြောင့် နိုင်ငံပြိုကွဲမတတ် စစ်မီးတောက်ခဲ့ရသလို တပ်အင်အားကြီးလာပြီး နိုင်ငံအာဏာကို နှစ်ကြိမ်သိမ်းထားနိုင်တဲ့အထိ အားရှိလာပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဖဆပလ၊ ပထစနဲ့ ပမညတ ဆိုတဲ့ မြေပေါ် နိုင်ငံရေး အင်အားစုတွေကြားက အားပြိုင်မှုများ၊ ဗကပ၊ ကေအန်ယူနဲ့ မွန်၊ ရခိုင်၊ ပအိုဝ်း၊ ရှမ်း စတဲ့ လူမျိုးစုံ လက်နက်ကိုင် လှုပ်ရှားမှုများ၊ ကေအမ်တီခေါ် တရုတ်ဖြူကျူးကျော်မှုနဲ့ တရုတ် ကွန်မြူနစ် သိမ်းပိုက်မှု အန္တရာယ်စိုးရိမ်မှု တွေကြားက မြန်မာပြည်ဟာ စီးပွားရေး တိုးတက်မှုနဲ့ နိုင်ငံရေးလွတ်လပ်မှု တော်တော်ရှိတယ်ဆိုပေမဲ့ စိတ်မချရတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်က ဗီယက်နမ်မှာ နိုင်ငံနှစ်ခြမ်းကွဲပြီး စစ်ဖြစ်တာ၊ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ အမေရိကန်ဘက်သား စစ်ဗိုလ်ချုပ် တွေ အားကြီးပြီး အာဏာသိမ်း အာဏာပြိုင်လာတာနဲ့ ကိုရီးယား စစ်ပွဲ၊ အာဖရိကနဲ့ လက်တင်အမေရိကက စစ်အေး အုပ်စုကြီးနှစ်ခု အားပြိုင်ပွဲ၊ ကျူးဘားဒုံးပျံ အရေးအခင်းနဲ့ ဘာလင်တံတိုင်းပြဿနာတွေဟာ မြန်မာပြည်သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ နေ့စဉ်ပါနေတဲ့ သတင်းတွေ ဖြစ်ပြီး လူထုကြားမှာ ရိုက်ခတ်ခဲ့ပါတယ်။

တခြားဘက်မှာတော့ အီဂျစ်၊ ယူဂိုဆလားဗီးယားစတဲ့ နိုင်ငံတွေမှာ စစ်ဗိုလ်တွေ ကြီးစိုးတဲ့ ဆိုရှယ်လစ်အစိုးရတွေ တက်နေသလို ဆွီဒင်၊ ဒိန်းမတ်စတဲ့ စကန်ဒီနေးဗီးယား နိုင်ငံတွေက ဆိုရှယ်ဒီမိုကရက်တွေရဲ့ တတိယလမ်းခေါ် အရင်းရှင်နဲ့ ဆိုရှယ်လစ်ကြားက နိုင်ငံရေး စနစ်မျိုးကိုလည်း မြန်မာပြည်က ဆိုရှယ်လစ်အုပ်စုတွေ သဘောကျခဲ့ကြပါတယ်။ ဒါကြောင့် ကိုကိုမောင်ခေါ် မောင်ချစ်လှိုင်ကို အရပ်နဲ့တပ်က လူကြီးတွေက ပါရီ လွှတ်ပြီး ဆိုရှယ်လစ် သဘောတရားတွေ ဆည်းပူးစေသလို တပ်ဝါဒဖြန့် မြဝတီမဂ္ဂဇင်းမှာလည်း ကိုကိုမောင်နဲ့ တခြား စာရေးဆရာ တွေရဲ့ သဘောတရားရေး ဆောင်းပါးတွေ ထည့်သွင်းပြီး ဆိုရှယ်လစ်ဝါဒသစ် ဖော်စပ်ခဲ့ကြပါတယ်။

ဒါကြောင့် ၁၉၄၈ ခုနှစ်နောက်ပိုင်း ကြုံခဲ့တဲ့ နိုင်ငံရေးပြိုကွဲမှု ပြဿနာတွေကို ကုစားတဲ့အနေနဲ့ ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ကြေညာတာနဲ့ နိုင်ငံတံခါးပိတ်တာ၊ အနောက်တိုင်းယဉ်ကျေးမှုနဲ့ စီးပွားရေး အဆက်အသွယ်ဖြတ်တောက် တာတွေ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ဆန်း ပျဉ်းမနားမှာဆုံစဉ်

တပ်မတော်နဲ့ ခေတ်ပြောင်းတော်လှန်ရေး

တပ်က ခေါင်းခံပြီး လုပ်တဲ့ ဆိုရှယ်လစ်စနစ်ဖြစ်လို့ ဒီခေတ်ပြောင်းတော်လှန်ရေးမှာ တပ်အရာရှိတွေက ဝင်ရိုးသဖွယ် ရှိခဲ့ပါတယ်။ ၁၉၅၈ နဲ့ ၁၉၆ဝ ကြားက အိမ်စောင့်အစိုးရခေတ်မှာကတည်းက နိုင်ငံကို ထိန်းချုပ်မောင်းနှင်ရေး လေ့ကျင့်ခန်း ဆင်းထားတဲ့ မြန်မာစစ်ဗိုလ်တွေ ဟာ ဒီတကြိမ်တော်လှန်ရေးမှာလည်း ကျရာအခန်းက ပါဝင်ခဲ့ရပါတယ်။ ဒီတော်လှန်ရေးမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ခေါင်းကိုင်ဖခင် ဖြစ်ပေမယ့် သဘောတရားရေးကို ကိုင်တွယ်သူကတော့ ဗိုလ်မှူးချုပ်နီလို့ အနောက်တိုင်းပညာရှင်တွေ တင်စားကြတဲ့ ဗိုလ်မှူးချုပ်တင်ဖေ ဖြစ်ပါတယ်။ သူနဲ့ ဦးဘညိမ်၊ မောင်စူးစမ်း စတဲ့ လက်ဝဲပညာတတ်တွေ ၊ သခင်တင်မြ၊ သိန်းဖေမြင့် စတဲ့ လက်ဝဲ နိုင်ငံရေးသမားတွေ ဝန်းရံအားပေးမှုနဲ့ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီး မြန်မာပြည်မှာ ခုတ်မောင်းခဲ့ပါတယ်။

ဘဏ်၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်း၊ ဆေးရုံတွေ ပြည်သူပိုင်သိမ်းတာ၊ အတိုက်အခံတွေ ဖမ်းတာနဲ့ သတင်းစာတွေ ပိတ်တာ၊ သံဃာတွေနဲ့ စာပေယဉ်ကျေးမှုဆိုင်ရာက လူတွေကို ထိန်းချုပ်ဖို့ကြိုးစားတာတွေ ဖြစ်လာသလို လူမျိုးစု ခေါင်းဆောင်တွေကို ဖမ်းပြီး သူတို့လှုပ်ရှားမှုတွေနဲ့ ပါတီအဖွဲ့အစည်းတွေကို ဖျက်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ဆိုဗီယက်၊ တရုတ်နဲ့ အရှေ့ဥရောပ နိုင်ငံတွေမှာ ကွန်မြူနစ်စနစ်တည်ထောင်ချိန်တွေမှာ တွေ့ခဲ့ရတဲ့ လှုပ်ရှားမှု မျိုးတွေပဲ ဖြစ်ပြီး မြန်မာအပါအဝင် အာဖရိကနဲ့ လက်တင် အမေရိကက စစ်နဲ့ အရပ်သားခေါင်းဆောင်တွေ တည်ထောင်တဲ့ ကွန်မြူနစ် ဆိုရှယ်လစ်နိုင်ငံတွေမှာလည်း အလားတူ လိုက်လုပ် ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ တရုတ်နဲ့ ဆိုဗီယက်အကွဲအပြဲကြောင့် တရုတ်ဘက်ယိမ်းတဲ့ တောတွင်းကွန်မြူနစ်လှုပ်ရှားမှုတွေ ဖိနှိပ်ခံရပြီး ရုရှားနဲ့ ဆက်စပ်တဲ့ လမ်းစဉ်ပါတီထောက်ခံသူ လက်ဝဲသမားတွေ နေရာရခဲ့ပါတယ်။ ၁၉၇၇ နောက်ပိုင်း မှာတော့ လက်ဝဲသမားတွေကို ဖယ်ရှား ပြီး တပ်ခေါင်းဆောင်တွေနဲ့ အစွယ်အပွားတွေကပဲ လမ်းစဉ်ပါတီကို ချုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၈ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လမ်းစဉ်ပါတီထွက် တပ်ခေါင်းဆောင်တချို့ တည်ထောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ၂ဝ၁ဝ မှာ ပါတီ ဖြစ်လာပြီး ပါတီစုံနိုင်ငံရေး ပြန်စခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone

ဓာတ်ပုံ ပုံစာ,

ဗိုလ်ချုပ်ကြီးနေဝင်း

ခေတ်မပြောင်းတဲ့ မဆလအမွေ

လမ်းစဉ်ပါတီစနစ်ပျက်စီးတာ ၃၃ နှစ်ထဲ ရောက်နေပေမဲ့ အဲဒီခေတ်က ကျန်ခဲ့တဲ့ အရိပ်အငွေ့တွေ စနစ်နဲ့ ဥပဒေတွေ၊ အဖွဲ့အစည်းတွေ ခုထိ ကျန်ရှိနေပါတယ်။ လမ်းစဉ်တဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကျန်သေးသလို ဆိုရှယ်လစ်ခေတ်အမွေ လက်ယာ ကပ်မောင်းစနစ်၊ စစ်တပ်အရာရှိတွေက နိုင်ငံအာဏာကို ထိန်းချုပ်တဲ့စနစ် စတာတွေ ခုထိကျန်နေသေးပြီး နောက်တစ်ကျော့ အာဏာ ပြန်သိမ်းတဲ့ ခေတ်တောင် ရောက်နေပါတယ်။

တူရကီမှာ နိုင်ငံဖခင် ခေါင်းဆောင်ကြီး ကီမားအာတာတပ်က သူ့အမွေသင်္ကေတတွေကို နိုင်ငံအခြေအမြစ်ထဲထိ ချန်ထားခဲ့သလိုပဲ မြန်မာပြည်က ဗိုလ်ချုပ်ကြီးနေဝင်းကလည်း သူ့စိတ်ကူးစိတ်သန်းလက်ရာတွေကို နောက်မျိုးဆက်တွေ အတွက် ချန်ရစ်ခဲ့ပါတယ်။

ဒီထဲက တချို့ကို ပြောရမယ်ဆိုရင်

တိုင်းနဲ့ ပြည်နယ် တန်းတူစေသူ

မြန်မာနိုင်ငံကို ၁၉၄၈ က ပြန်လည်ထူထောင်ချိန်က ပြည်နယ်တွေနဲ့ ပြည်မပေါင်းစည်းတဲ့ ပြည်ထောင်စု စနစ် ဖြစ်ပါတယ်။ ပြည်မမှာ ရခိုင် အပါအဝင် တိုင်း ၇ တိုင်း ရှိပေမယ့် အားလုံးကို ပြည်မအနေနဲ့ပဲ ထားရှိပြီး ပြည်နယ်တွေနဲ့ တန်းတူ မသတ်မှတ်ပါဘူး။ ၁၉၇၄ ခုနှစ် လမ်းစဉ်ပါတီရဲ့ ဆိုရှယ်လစ်နိုင်ငံသစ်မှာတော့ တိုင်းနဲ့ ပြည်နယ် ၇ ခုစီသတ်မှတ်ပြီး တန်းတူဖွဲ့စည်းခဲ့ပါတယ်။

ဒီစနစ်ကို ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ထပ်မံမွမ်းမံလိုက်ပြီးနောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ၊ လွှတ်တော်ဆိုတာတွေအပြင် အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသတွေ ထပ်မံပေါက်ဖွားလာပါတယ်။ ဒါကြောင့် လတ်တလော နိုင်ငံရေး ဖြစ်စဉ်မှာ ဖက်ဒရယ်ဖွဲ့စည်းပုံ ပြောင်း မယ် ဆိုတဲ့အခါမှာ ၁၉၆၂ က စပြီး လူမျိုးစုတွေဘက်က တင်ပြခဲ့တဲ့ ရှစ်ပြည်နယ်မူ၊ ၁ဝ ပြည်နယ်မူ ဆိုတာတွေကို တကယ် ဖော်ဆောင် မှာလား၊ တိုင်းတွေကို ပေါင်းပြီး မြန်မာ ပြည်နယ်အဖြစ် ဖွဲ့စည်း မှာလား ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

တကယ်တော့ ၁၉၇၄ ခုနှစ်မတိုင်မီက ပြည်နယ်မယူသေးတဲ့ ချင်းဝိသေသတိုင်းကလွဲပြီး တိုင်းတွေမှာ မင်းကြီးအဆင့် ဗျူရိုကရေစီ အုပ်ချုပ်ရေးသာ ရှိခဲ့ပြီး တိုင်းကောင်စီ၊ တိုင်းအစိုးရစတဲ့ နိုင်ငံရေး စုဖွဲ့မှုတွေ မရှိခဲ့ပါဘူး။

အဖေကြီး ယဉ်ကျေးမှု

ဗိုလ်ချုပ်နေဝင်းကို ရင်းနှီးတဲ့ တပ်တပည့်တွေက အဖေကြီးလို့ ခေါ်လေ့ရှိပြီး မားဖီးယားပုံစံ ဂိုဏ်းခေါင်းဆောင် အုပ်ချုပ်ရေးကို တပ်ထဲ ယူလာတဲ့ စစ်ဗိုလ်ချုပ်လည်း ဖြစ်ပါတယ်။ သူ့တပ်ရင်း ၄ က တပည့်တွေကို တပ်သားကနေ တပ်ချုပ် ဝန်ကြီး၊ သမ္မတ စတာတွေ ဖြစ်အောင် စောင်မခဲ့တဲ့အတွက် တပည့်များကလည်း သူ့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါတယ်။ ဒါကြောင့် သူ့နေရာဆက်ခံမယ့် ဗိုလ်ချုပ်စန်းယုအပါအဝင် တိုင်းမှူး၊ ဝန်ကြီး စတဲ့ စစ်ဗိုလ်ကြီးတွေဟာ အစိုးရ အစည်းအဝေးတွေမှာ သူပြောတာ လိုက်ရေးတာကလွဲရင် ပြန်လှန်မေးမြန်းဆွေးနွေးဝံ့သူ မရှိဘူးလို့ အဲဒီခေတ်ကို မီလိုက်တဲ့ အရပ်သား ပညာရှင်တယောက်က ပြောပါတယ်။ အစည်းအဝေးမှာ စာပြတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အကျင့်ဟာ သူ့လက်ထွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ညကျောင်းပုံစံ ဝန်ကြီးတွေကို စာသင်တဲ့ အထိ ဖြစ်လာတယ်လို့လည်း ရေးသားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒီအာဏာရှင်ဆန်တဲ့ အမူအကျင့်ဟာ ဒီမိုကရေစီ တစ်စိတ် တစ်ပိုင်းရတဲ့ ခေတ်မှာလည်း ပျောက်မသွားခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထိန်းချုပ်လွန်တဲ့ အစိုးရအဖွဲ့ပုံစံထိ ဆက်ရှိနေခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ,

ဂျပန်ပြည်ရောက် ဦးနေဝင်း

နောက် ဗိုလ်ချုပ်ကြီးနေဝင်းဟာ အရပ်သားပညာတတ်တွေကို မုန်းတီးသူ ဖြစ်ပါတယ်။ ဘဝင်မြင့် ကြီးကျယ်တဲ့ ပညာတတ်တွေ ဆိုပြီး လူကြားမပြောဝံ့တဲ့ စကားတွေနဲ့ ဒီပညာရှင်တွေကို ခိုင်းနှိုင်းဆဲဆိုသူလည်း ဖြစ်တယ်လို့ သူ့လက်ထက်မှာ တာဝန်ယူခဲ့တဲ့ ဝန်ကြီးဟောင်း တစ်ယောက်က ပြောပါတယ်။ ဒီလို လူကြီးမဆန်တဲ့ အမူအကျင့်တွေကို သူ့လက်အောက်က စစ်အရာရှိတွေ အတုခိုးခဲ့ကြပြီး အရပ်ဘက် အရာရှိတွေ၊ အရပ်သားပြည်သူတွေအပေါ် ရိုင်းပြစွာ ဆက်ဆံတာတွေ စစ်အစိုးရခေတ်အဆက်ဆက် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၂ အာဏာ သိမ်းကတည်းက ဗိုလ်မှူးကြီးနဲ့ ဗိုလ်ချုပ်တွေက ဝန်ကြီးလုပ်ပြီး အရပ်သားအရာရှိတွေကို ညွှန်ကြား စေခိုင်းတဲ့ အစိုးရယန္တရား ကလည်း ခေတ်အဆက်ဆက် ပိုကြီးလာ တဲ့အပြင် အရပ်ဘက်ရာထူးတွေမှာပါ စစ်ဗိုလ်အလတ်တန်းအဆင့်တွေကို ပြောင်းရွှေ့နေရာယူစေတဲ့ အဆင့်ထိ ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ တွေ့လာရပါတယ်။

ဦးနေဝင်းလက်ထက် အာဏာရှင်နိုင်ငံဖြစ်လာတဲ့အတွက် မြန်မာပြည်မှာ ထောက်လှမ်းရေးအားပြုမှုကလည်း ကြီးလာပြီး မျက်မှန်တင်ဦး ခေါ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်တင်ဦးကို နံပါတ်တစ်ခွဲလို့ နံပါတ်တစ် ဦးနေဝင်း နောက်မှာ တင်စားပြောလာကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မျက်မှန်ကြီးနောက်က ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် ထောက်လှမ်းရေးအဖွဲ့အဆက်ဆက် တက်လိုက် ကျလိုက် ဖြစ်ခဲ့ပေမဲ့ လျှို့ဝှက်ပုလိပ်ကို အားပြုတဲ့ အုပ်ချုပ်ရေးပုံစံကတော့ ကနေ့ ထက်ထိ ကျန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DEA / A. DAGLI ORTI

ဓာတ်ပုံ ပုံစာ,

ယတြာချေဖို့ ထုတ်တယ်ဆိုတဲ့ ငွေစက္ကူ

ပြည်သူပိုင်နဲ့ ဦးနေဝင်းပိုင်

၁၉၆၃-၆၄ ကစတဲ့ ပြည်သူပိုင် သိမ်းမှုဟာ ဆိုရှယ်လစ်စီးပွားရေးကို တည်ဆောက်ဖို့ သိမ်းတာ ဆိုပေမဲ့ အရပ်သားပိုင် ဥစ္စာဓနအင်အား ကို ဖြိုဖျက်တာ ဖြစ်ကြောင်း ဒေါက်တာမြမောင်စတဲ့ ဘောဂဗေဒပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဦးနုနဲ့ ဦးကျော်ငြိမ်းစတဲ့ အရပ်သား ခေါင်းဆောင်တွေကို ထောက်ခံတဲ့ မြန်မာစက်မှုလုပ်ငန်းရှင်နဲ့ ကုန်သည်လူတန်းစားကို ပြည်သူပိုင်သိမ်းပြီး ဖြိုဖျက်သလို ဓနရှင် ဘူဇွာလူတန်းစားအဖြစ် ဆိုရှယ်လစ် ထောက်ခံတဲ့ စာရေးဆရာ၊ အနုပညာ သမားတွေကို သုံးပြီး ရှုတ်ချခဲ့ပါတယ်။ နောက် ဗိုလ်ချုပ် နေဝင်းဟာ သူ့ဇနီး ဒေါ်ခင်မေသန်းနဲ့ နှုတ်ခမ်းမွေးကြီးလို့ လူသိများတဲ့ ထောက်လှမ်းရေးချုပ် ဗိုလ်မှူးကြီးလွင်ကို လန်ဒန်လွှတ်ပြီး မြန်မာ နိုင်ငံရေးအစိုးရနဲ့ လူချမ်းသာတွေ ပြည်ပကို ပို့ထားတဲ့ ဘဏ်စာရင်းပါငွေတွေနဲ့ ဘီအီးဒီစီခေါ် ဗိုလ်မှူးချုပ်အောင်ကြီးလုပ်ခဲ့တဲ့ တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေက ရတဲ့ငွေတွေကို ပြန်သယ်ခိုင်းတယ်လို့လည်း ကြည်ဝင်းစိန်ရဲ့ တော်လှန်ရေးကောင်စီဗိုလ်ချုပ်များနဲ့ ကျွန်တော် စာအုပ်မှာ ဖော်ပြပါတယ်။ အဲဒီငွေတွေ ဘာဆက်ဖြစ်တယ် မသိရပေမဲ့ ဗိုလ်ချုပ် နေဝင်းငွေတွေကို ဆွစ်ဇာလန်မှာ ထားတယ်ဆိုတဲ့ သတင်းတွေက ၁၉၈၈ ပတ်ဝန်းကျင်မှာ ထွက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၁၉၈၈ ကာလ ပစ်ခတ်ဖြိုခွဲမှုတွေရဲ့ ပုံရိပ်

၁၉၈၈ နောက်ပိုင်း စျေးကွက်စီးပွားရေးခေတ်မှာတော့ ဆိုရှယ်လစ် ဖခင်ကြီး ဗိုလ်ချုပ်နေဝင်းမိသားစု စီးပွားရေးလုပ်ငန်းတွေ လုပ်ကြ သလို စီးပွားရေးလောကမှာ တွင်ကျယ် လာတဲ့ ခရိုနီလူတန်းစားတွေကလည်း အာဏာရ ဗိုလ်ချုပ်ကြီး တွေနဲ့ နီးစပ်သူတွေ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာခဲ့ပါတယ်။ ဒီခေတ်ပေါ်လူချမ်းသာတွေဟာ ပြည်သူပိုင်မသိမ်းခင် ခေတ်က လူချမ်းသာတွေထက် ပိုချမ်းသာလာပြီး ဒေါ်လာ ဘီလျံချီပိုင်ဆိုင်တယ်လို့လည်း အနောက်တိုင်း စာနယ်ဇင်း တွေက ရေးသားကြပါတယ်။ မြန်မာပြည်သူ အများစုရဲ့ တစ်ဦးချင်း ဝင်ငွေနဲ့ လူနေမှု အဆင့်အတန်း တိုးတက်မှုကတော့ ဆိုရှယ်လစ်ခေတ်စတဲ့ ၁၉၆၂ ကနေ ကနေ့အထိ အနှစ် ၆ဝ အတွင်း သိသာတဲ့ ပြောင်းလဲမှု ရှိမလာဘဲ အိမ်နီးချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်း မြန်မာအလုပ်သမား သန်းချီ ရှိလာတာပဲ ထူးလာခဲ့ပါတယ်။

မကြာခင်က ဒေါ်အောင်ဆန်းစုကြည်အစိုးရက မြန်မာနိုင်ငံပိုင် ဒေါ်လာတစ်ဘီလျံတန်ဖိုးရှိတဲ့ ငွေတွေကို အမေရိကန်မှာ ထားတာကို စစ်ကောင်စီအစိုးရ ယူလို့မရအောင် အမေရိကန်က ပိတ်ဆို့လိုက်တာကတော့ ၁၉၆၂ က သမိုင်းဘီးတပတ် ပြန်လည်လာတာ ဖြစ်ပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ,

သံဃာထုကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့

၁၉၆၅ က စပြီး သံဃာဂိုဏ်းကြီးတွေကို စုစည်းပြီး အဖွဲ့အစည်းအဆင့်ဆင့်နဲ့ အုပ်ချုပ်ဖို့ ကြံစည်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာ ၁၉၈ဝ ကျမှ သူတို့ လိုဘပြည့်ခဲ့ကြပါတယ်။ သာသနာတော်သန့်ရှင်းရေးဆိုပြီး ဆေးကုတဲ့ ဝိနည်းလျော့ရဲတဲ့ သံဃာတွေကို လူဝတ်လဲတာတွေ လုပ်ပြီးနောက် သံဃာထုကို ထိန်းဖို့ နိုင်ငံတော်သံဃာ့မဟာနာယကဆိုတဲ့ ဘုန်းကြီးနဲ့ သီလရှင် အုပ်ချုပ်ရေး အဖွဲ့တွေ ထူထောင်ပြီး အစိုးရ သာသနာရေးဌာနက ကြိုးကိုင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဗြိတိသျှ ခန့်တဲ့ သုဓမ္မာသာသနာပိုင် မရှိတဲ့ နောက်ပိုင်း အနှစ် ၄ဝ ကျော် ပြတ်တောက်နေတဲ့ အစိုးရနဲ့ သံဃာထုကြားက တရားဝင်ဆက်ဆံရေးကို ဂိုဏ်းပေါင်းစုံ သံဃာအကြီးအကဲ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နာယကအဖွဲ့ပုံစံနဲ့ ပြန်လည် ထူထောင် ခဲ့တာ ဖြစ်ပါတယ်။

ဘုရင်ခေတ်က ရှိခဲ့တဲ့ သုဓမ္မာဇရပ်မှာ ဗုဒ္ဓသာသနာ့မှုခင်းတွေ ဆုံးဖြတ်တဲ့ ဆရာတော်တွေအဖွဲ့လို ဝိနည်းနဲ့ သံဃာ့ကိစ္စတွေကို ဖြေရှင်းဖို့ တည်ထောင်တာ ဖြစ်ပေမဲ့ သံဃာ့ မဟာနာယကကို သုံးပြီး စစ်အစိုးရကို ဖီဆန်တဲ့ ရွှေဝါရောင်သံဃာ တွေနဲ့ ရွှေညဝါဆရာတော်လို ရဟန်းတော်တွေရဲ့ လှုပ်ရှားမှုတွေကို လည်း ဖိနှိပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်မှာ ဘုရင်မရှိတဲ့နောက် သံဃာတွေကို ဘုရင်နဲ့ သာသနာပိုင် ပူးတွဲထိန်းချုပ်တဲ့ စနစ်ပျက်သွားတာကို အစားထိုးဖို့ ဦးနေဝင်း အစိုးရ ကြိုးစားခဲ့ပေမဲ့လည်း သံဃာထုရဲ့ ဖီဆန်မှုကို ၁၉၈၈နဲ့ ၂ဝဝ၇ ဆန္ဒပြပွဲတွေမှာ တွေ့ခဲ့ရသလို စစ်အစိုးရကို သပိတ်မှောက် ကံဆောင်တာတွေလည်း ကြုံခဲ့ရပါတယ်။ လတ်တလော နိုင်ငံရေးအကျပ်အတည်းမှာလည်း သံဃာ့မဟာနာယကက မြန်မာပြည် နိုင်ငံရေးပြေလည်မှု ရတဲ့အထိ လုပ်ငန်းတွေ နားထားမယ်လို့ ကြေညာတဲ့ သတင်း ထွက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dario Mitidieri

ဓာတ်ပုံ ပုံစာ,

၁၉၉ဝ ကျော်က ရိုဟင်ဂျာဒုက္ခသည်တစု

၁၉၈၂ နိုင်ငံသားဥပဒေ

၁၉၄၈ နိုင်ငံသားဥပဒေအရ မြန်မာပြည်မှာ ငါးနှစ်ထက်မနည်း နေထိုင်ပြီး ကျေးဇူးသစ္စာကို စောင့်သိမယ်လို့ ကျမ်းကျိန်သူတွေ နိုင်ငံသား ဖြစ်နိုင်ပေမယ့် ၁၉၈၂ မှာ ဦးနေဝင်း အစိုးရ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဟာ လူမျိုးဖြစ်မှုကို အခြေခံတဲ့ လူမျိုးရေးခွဲတဲ့ ဥပဒေဖြစ်တယ် ဆိုပြီး နိုင်ငံတကာသုတေသီတွေက ဝေဖန်ရေးသားခဲ့ကြသလို ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကလည်း နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်တဲ့ ဒီဥပဒေကို ပြင်ဖို့ ၂ဝ၁၇ က အကြံပေးခဲ့ပါတယ်။ ဧည့်နဲ့ပြု မဟုတ်တဲ့ မူလနိုင်ငံသားသတ်မှတ်ဖို့အတွက် ၁၈၂၄ ပထမ အင်္ဂလိပ်မြန်မာစစ် မတိုင်ခင် မြန်မာပြည်ထဲ ရောက်နေတဲ့ လူမျိုးစုထဲက ဖြစ်ရမယ်လို့ သတ်မှတ်ထားတဲ့ ဒီဥပဒေဟာ တိုင်းရင်းသား နိုင်ငံခြားသားခွဲခြားမှုကို ပိုမိုပြင်းထန်စေပြီး နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ရသူ တွေအပေါ် ခွဲခြားဖိနှိပ်မှုတွေ ဖြစ်လာစေခဲ့ပါတယ်။ နောက် လူမျိုးခွဲခြားမှုကြောင့် လူမျိုးရောစပ် လက်ထပ်တဲ့ မိသားစုတွေကို သွေးနှော ဆိုပြီး ခွဲခြားမှုတွေ ဖြစ်လာပါတယ်။

ဒီဥပဒေကြောင့်ပဲ ဦးနုအစိုးရလက်ထက်မှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုခံရတဲ့ လူမျိုးစုကို မှတ်ပုံတင်၊ သန်းခေါင်စာရင်းစတဲ့ သက်သေခံအထောက်အထားထုတ်ပေးမှုတွေ ကန့်သတ်တာ၊ လူမျိုးအမည်ဖော်ပြခွင့်မပြုတာ စတဲ့ ဖိနှိပ်မှုတွေ တစထက်တစ တိုးလာ စေပြီး အိုင်စီဂျေခေါ် နိုင်ငံတကာ တရားရုံးကို ရောက်တဲ့အထိ ပြဿနာ ဆိုးရွားသွားခဲ့ပါတယ်။ တကယ်က ဗိုလ်ချုပ်ကြီးအစိုးရ တက်ခါစ ကတည်းက နိုင်ငံတွင်းက တောင်အာရှနဲ့ တရုတ်လူမျိုးတွေကို နှင်ထုတ်တဲ့ ကိစ္စတွေ လူသိန်းနဲ့ချီ ခံစားခဲ့ရပြီး သူတို့စည်းစိမ် ဥစ္စာတွေကို သိမ်းတာတွေ ဖြစ်ခဲ့ပါတယ်။ တခါ ဗုဒ္ဓဘာသာမဟုတ်သူတွေကို တပ်နဲ့ အရပ်ဘက် ရာထူးကြီးတွေကနေ ဖယ်ရှားတာနဲ့ မပေးဘဲ ချန်ရစ် ခဲ့တာတွေကလည်း စစ်အစိုးရခေတ် အဆက်ဆက် ရှိခဲ့ပါတယ်။ ဒါကြောင့် ကိုလိုနီခေတ်ကတည်းက မြန်မာမွတ်ဆလင်အဖြစ် ရပ်တည်ဲခဲ့ သူတွေကို မှတ်ပုံတင်မှာ မြန်မာ အမည်သုံးခွင့်မပေးဘဲ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီစတဲ့ အမည်တွေနဲ့ ဖြည့်စေတာတွေ ဖြစ်ခဲ့ ပါတယ်။ နောက် မြန်မာ မဟုတ်တဲ့ လူမျိုးငယ်တွေရဲ့ မှတ်ပုံတင်ထုတ်ပေးရေးမှာလည်း အမည်မှာ မောင် မ ဇွတ်အတင်း ထည့်ခိုင်းပြီး မြန်မာမှု အတင်း သွတ်သွင်း တာတွေ လုပ်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို လူနည်းစုစီအက်အိုအဖွဲ့တွေ မီဒီယာတွေက တောက်လျှောက် ထောက်ပြ ခဲ့ကြပါတယ်။

နောက် ၁၉၉၁ က စပြီး နဝတအစိုးရက တိုင်းရင်းသား ၁၃၅ မျိုး ဆိုပြီး ကိုလိုနီခေတ် သန်းခေါင်စာရင်းထဲက လူမျိုးစုအမည်တွေကို ယူကာ ဒီစာရင်းမဝင်သူတွေကို ကန့်သတ်တာတွေလည်း ဖြစ်လာပါတယ်။ တကယ်က ဦးနေဝင်း လက်ထက်ထိ မြန်မာတိုင်းရင်းသား စာရင်း ပေါက်သူ ဟာ ဒေါက်တာညီညီရဲ့ မြန်မာနိုင်ငံ အမျိုးသားမော်ကွန်း စာအုပ်အရ ၅ဝ ကျော်နဲ့ ၁၉၇၃ ထုတ် အစိုးရသတင်းစာ အလို အရ ၁၄၃ မျိုး ရှိပါတယ်။ ၁၄၃ မျိုးစာရင်းပါ ရခိုင် စစ်တကောင်း၊ မြန်မာမူဆလင်၊ မြန်မာ တရုတ်စတဲ့ မျိုးနွယ်စုတွေကိုလည်း တိုင်းရင်းသား စာရင်း ကနေ နောက်ပိုင်းမှာ ပယ်ဖျက်ခဲ့ကြပါတယ်။ ဒီလို ရှေ့နောက်မညီတာတွေ ရှိပေမယ့် ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရေးဟာ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာတောင် မဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HOANG DINH NAM

ဓာတ်ပုံ ပုံစာ,

ဦးနေဝင်းရဲ့ လူယုံဆိုတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်

မြန်မာဆန်ချင်သူနဲ့ သတ်ပုံအာဏာရှင်

ဗိုလ်ချုပ်နေဝင်းဟာ အမျိုးသားရေးဆိုရှယ်လစ်ခေါ် နာဇီလမ်းစဉ်ဆန်ဆန် သွားချင်သူဖြစ်တဲ့အတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ထူထောင်ရာမှာ ဦးနုခေတ်ထက်ပိုပြီး မြန်မာစာပေနဲ့ သမိုင်းဆိုင်ရာတွေကို ဖော်ထုတ်ပါတယ်။ ယဉ်ကျေးမှုပိုင်း မှာလည်း မြန်မာ့ရိုးရာ ဆိုတဲ့ တေးသီချင်းအဆိုအကတွေကို ပိုအရေးပေးပြီး ခေတ်ပေါ်ဂီတနဲ့ ဝတ်စားဆင်ယင်မှုဖက်ရှင်တွေကို ကန့်သတ်ပါတယ်။ နောက် ယဥ်ကျေးမှုနဲ့ မညီဘူးဆိုပြီး စုံတွဲပွေ့ဖက်ကတဲ့ ပါတီပွဲတွေ၊ လောင်းကစားဝိုင်းနဲ့ မြင်းပွဲတွေကို ပိတ်ပင်ပြီး သူကိုယ်တိုင်ကျတော့ အင်္ဂလန်မှာ မြင်းသွားလောင်းတယ်ဆိုပြီး ကြေးမုံဦးသောင်းက ရေးခဲ့ပါတယ်။ အပျော်အပါးမက်တဲ့ စစ်ဗိုလ်ချုပ်ဆိုပြီး ဦးနုခေတ်မှာ ရှုမြင်ခံရတဲ့ ဗိုလ်ချုပ်နေဝင်းက ဆိုရှယ်လစ်မျိုးချစ် မူတွေ ချလာပြီးနောက် လူ့အဖွဲ့အစည်းထဲက ရှေးရိုးဆန်တဲ့ ပညာတတ်တွေနဲ့ အနောက်တိုင်းမုန်းတဲ့ လက်ဝဲသမားတချို့ကလည်း သူ့ကို ထောက်ခံမှုပြပါတယ်။

တခြားဘက်မှာတော့ ဆိုရှယ်လစ်နဲ့ မကိုက်တဲ့ နတ်နဲ့ စုန်းတစ္ဆေကားတွေ ရုံတင် ပြသတာတွေကို ပိတ်ပါတယ်။ ကြွက်သေတခု အရင်းပြု လေးလတွင်းဝယ် တသိန်းကြွယ် ပုံပြင်လို အရင်းအနှီးစုဆောင်းပြီး စီးပွားရှာတာကို အားပေးတဲ့ ရိုးရာနီတိ ကျမ်းလာ ပုံပြင်တွေ စာသင် ကျောင်းမှာ သင်ကြားတာကိုလည်း တားမြစ်ပါတယ်။ နောက် တရုတ်ဧကရာဇ်ရှီဟွမ်တီက ရှေးဟောင်းကျမ်းတွေ မီးရှို့ပြီး လူတွေရဲ့ အတိတ်မှတ်ဉာဏ်ကို ဖျက်ဆီးသလိုပဲ ဗိုလ်ချုပ်နေဝင်းကလည်း မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မီရှင်ကို ၁၉၆၃ မှာ တည် ထောင်ပြီး သူ့စိတ်ကြိုက် သတ်ပုံကျမ်းပြုဖို့ ကြိုးစားပါတယ်။ ၁၉၇၆ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသေချိန်မှာ လုပ်သား သတင်းစာပါ ဦးနေဝင်းရေးတဲ့ ဆောင်းပါး ကစပြီး တစ်ခုတစ်ယောက်ဆိုတဲ့ အသုံးအနှုန်းတွေ သုံးလာပြီးနောက် မကြာခင်ပြဋ္ဌာန်းတဲ့ သတ်ပုံကျမ်းမှာ လည်း တခု တယောက်နေရာမှာ တစ်လို့ သုံးစွဲစေပါတယ်။ ဇဝနနဲ့ မောင်သော်က စတဲ့ စာရေးဆရာတွေက ထူးထူးဆန်းဆန်း သတ်ပုံကျမ်းကြီး စတဲ့ ဆောင်းပါးတွေ ရေးပြီး သတ်ပုံကျမ်းကို ဝေဖန်ခဲ့ပေမယ့် ဦးနေဝင်းအမိန့်နဲ့ ဒီသတ်ပုံရေးထုံးတွေ တည်မြဲ ခဲ့ပြီး စစ်အစိုးရ အဆက်ဆက် လက်ထက် မှာလည်း စာပေစိစစ်ရေးရုံး အမိန့်နဲ့ ပိုပြီး တင်းတင်းကျပ်ကျပ် သုံးစွဲစေခဲ့ပါတယ်။ တနဲ့တစ်၊ အသားမဲနဲ့ အသားမည်း၊ ဖြည်းနဲ့ဖြေး၊ ပြည့်နဲ့ပြေ့၊ နည်းနဲ့နဲ ၊ ရှည်နဲ့ရှေလို ကိစ္စတွေမှာ စာသံပေသံနဲ့ ရပ်သံရွာသံ သတ်ပုံနှစ်မျိုးလုံး သုံးလို့ ရတဲ့ နှစ်ချက်သင့် မူကွဲ တွေပြသင့်တယ်လို့ စောလူစတဲ့ မြန်မာစာပညာရှင်တွေက အကြံပေးကြပေမယ့် ဦးနေဝင်းထားခဲ့တဲ့ မြန်မာစာ အဖွဲ့ ကတော့ သတိမူပုံ မရပါဘူး။

ကျောင်းတွေ ပြည်သူပိုင်သိမ်းပြီးနောက် အစိုးရကျောင်းတွေမှာ အဖြူအစိမ်း ကျောင်းဝတ်စုံနဲ့ မြန်မာဘာသာကို မဏ္ဍိုင်ပြုသင်ကြားတဲ့ ပညာရေးစနစ် ၁၉၆၄ နောက်ပိုင်းမှာ အမြစ်တွယ်လာပြီး ၂ဝ၁၂ နောက်ပိုင်း ဆော်သြခဲ့ကြတဲ့ ခေတ်မီ ပညာရေးအတွက် အင်္ဂလိပ်လို သင်ကြားရေးနဲ့ ဖက်ဒရယ်စနစ်အတွက် အင်္ဂလိပ်စာနဲ့ တခြား လူမျိုးစုဘာသာတွေ ရုံးသုံး ကျောင်းသုံး လုပ်ရေးမှာ မြန်မာစာကြီးစိုးမှုက အဟန့်အတား ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Peter Charlesworth

ဓာတ်ပုံ ပုံစာ,

နာမည်ကျော် ဘိန်းဘုရင်ခွန်ဆာ

မော်စီတုန်းကို စိန်ခေါ်သူနဲ့ ရွှေတြိဂံ

မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးမတိုင်ခင်ကတည်းက အစပျိုးပြီး ဦးနုလက်ထက်မှာ ကြီးထွားလာတယ် ဆိုပေမဲ့ အရှေ့မြောက်ဒေသက လူမျိုးစုလက်နက်ကိုင်တပ်တွေ ပေါ်လာမှုကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တရုတ် ဆန့်ကျင်ရေးမူအမှားကြောင့် ဖြစ်ပါတယ်။ ဆန်ပြဿနာဖြေရှင်းဖို့ တရုတ်ဗမာ အရေးအခင်းဖြစ်တာဆိုဆို၊ ယဥ်ကျေးမှုတော်လှန်ရေး မြန်မာပြည်ထဲ ပြန့်တာပြောပြော စစ်အစိုးရရဲ့ သတ်ဖြတ်ဖြိုခွဲမှုတွေကြောင့် တရုတ်နွယ်ဖွားတွေ သေကြေ ပျက်စီးပြီး ပြည်ပထွက်ခွာတာတွေ ရှိလာပြီးနောက် တရုတ် ကွန်မြူနစ် အစိုးရက ဗကပသူပုန်တွေကို လက်နက်ထောက်ပံ့ပြီး အရှေ့မြောက် စစ်မျက်နှာ ဖွင့်ပေးခဲ့ပါတယ်။ ဝ၊ ကိုးကန့်နဲ့ တခြား နယ်ခြားက မျိုးနွယ်စုတွေကို လက်နက် ထောက်ပြီး ဗကပအတွက် မြန်မာအစိုးရတပ်တွေကို တိုက်ပေးဖို့ တရုတ်က စည်းရုံးခဲ့သလို ဗကပ ပြိုကွဲပြီးနောက်လည်း ဒီတပ်တွေနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးက ဆက်လက်ခိုင်မာခဲ့ပါတယ်။

ဒါကြောင့် အေအေ ရခိုင်နဲ့ တီအန်အယ်လ်အေ တအာန်း အပါအဝင် နောက်တိုးလာတဲ့ တပ်တွေပေါင်းပြီး မြောက်ပိုင်းမဟာမိတ်လို့ ဖြစ်လာတာကလည်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်ရေးကျားကွက်အရွှေ့မှားခဲ့တဲ့အချက်က အစပြုပါတယ်။ တခါ ဒီစစ်ပွဲတွေအတွင်း ထောက်ပံ့ရေးအတွက် ဘိန်းနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရေး ရှမ်းနဲ့ ကချင်စတဲ့ တောင်ပေါ်ဒေသတွေမှာ ကြီးထွားလာပြီး အဲဒီ နောက်ဆက် ဒဏ်ကို အခုထိ တနိုင်ငံလုံး ရင်ဆိုင်နေရပါတယ်။

နောက် ဗိုလ်ချုပ်ကြီးနေဝင်းခေတ်ကစပြီး မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးရိုးမမှာ ကွန်မြူနစ်နဲ့ ကရင်သူပုန်တွေ ခြေကုပ်မယူနိုင်တော့ပေမဲ့ ထိုင်းနယ်စပ် မှာတော့ ရှမ်း၊ မွန်၊ ကရင်နဲ့ ကယန်း လက်နက်ကိုင်တွေ ကနေ့ထိ ကြီးစိုးထားဆဲ ဖြစ်ပါတယ်။ ဒီနယ်စုံက လက်နက်ကိုင် တပ်တွေကို ဖက်ဒရယ်တပ်မတော်အဖြစ် ပြောင်းဖို့ လတ်တလောနိုင်ငံရေးမှာ ပြောဆိုနေကြတာကလည်း ၁၉၇ဝ၊ ၁၉၈၈ နှစ်တွေက ဒီနယ်မြေတွေမှာ စစ်အစိုးရကို တော်လှန်တဲ့ မြန်မာနိုင်ငံရေးလှုပ်ရှားသူတွေ ခိုလှုံခဲ့တဲ့ခေတ်နဲ့ ပုံစံတူနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ,

ထိုင်းနယ်စပ်က ကရင်လက်နက်ကိုင်များ

ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ဆိုရှယ်လစ်နည်းနဲ့ ခေတ်မီနိုင်ငံဖြစ်အောင် ကြိုးစားခဲ့ပေမယ့် နိုင်ငံရေးဖိနှိပ်မှုနဲ့ နောက်ဆက်တွဲ ပြည်တွင်းစစ်ကြီးထွားလာမှု၊ စီးပွားရေးကျရှုံးမှု၊ လူမျိုးရေး၊ ဘာသာရေး အစွဲအလမ်းနဲ့ အနောက်တိုင်း ဆန့်ကျင်ရေး တံခါးပိတ်မူ တွေကြောင့် မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ,

တရုတ် ဗမာ အရေးအခင်းမှာ ဗိုလ်ချုပ်နေဝင်း ထောက်ခံသူများ