အန်ဒါဆင်အံ့မောင်၊ ဖြုတ်ထုတ်သတ်ကိုလွန်၍ အမြုတေရှာဖွေခဲ့သူ

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
burma

ဓာတ်ပုံ ရင်းမြစ်, ထွန်းထိန်

ဓာတ်ပုံ ပုံစာ,

လက်ဝဲကဗျာဆရာအံ့မောင်

ကွယ်လွန်သူ ကဗျာဆရာ ဦးအံ့မောင်ကို ပုံပြင်ဘာသာပြန်ဆရာအဖြစ် လူသိများပြီး အန်ဒါဆင်အံ့မောင်လို့ ခေါ်ဆိုကြပါတယ်။ ဒိန်းမတ် ပုံပြင် ဆရာကြီး ဟန်းခရစ်ယာန်အန်ဒါဆင်ရဲ့ ဒဏ္ဍာရီပုံပြင်တွေကို မြန်မာဘာသာကို အပြည့်အစုံပြန်ဆိုသူ အံ့မောင်ဟာ ၁၉၇၃ ခုနှစ်က ဘာသာပြန်ဆု ရတဲ့အထိ ကျော်ကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Universal History Archive

ဓာတ်ပုံ ပုံစာ,

ကလေးချစ်သောပုံပြောဆရာကြီး အန်ဒါဆင်

စတင်ပြန်ဆိုတဲ့ ရေသူမကလေး ပုံဝတ္ထုတွေနဲ့ အမျိုးသားစာပေဆုရခဲ့တဲ့ အံ့မောင်ဟာ စကားပြောနဲ့ ပုံပြင်ကို ပြန်ဆိုရာမှာ ကိုယ်ပိုင်ပုံပြင်အလား ထင်မှတ် ရအောင် ချောညက်ပြေမွတ်တဲ့အပြင် မြန်မာစကားအလှအယဉ်တွေနဲ့ ချယ်မှုန်းပြီး ကလေး လူကြီး ဖတ်ရှုသူအားလုံး စွဲမက်ရအောင် ဘာသာပြန်လက်စွမ်း ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အန်ဒါဆင်ပုံပြင်တွေကို ဒုတိယကမ္ဘာစစ်မဖြစ်ခင် ကိုလိုနီခေတ်ကတည်းက ဦးဖေမောင်တင်ရဲ့ ကျောင်းဖတ်စာထဲက ဘဲရုပ်ဆိုး လေး အဖြစ် မိတ်ဆက်ခဲ့ပြီး ဖြစ်သလို ၁၉၄၁ ကတည်းက အစိုးရ ဘာသာပြန်ဌာနကနေ မာလာငွေဖောနှင့် အခြားဒဏ္ဍာရီပုံပြင်များ ဆိုပြီး ပြန်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ စစ်ပြီးခေတ်မှာလည်း ကြည်အေး၊ မြသန်းတင့် စတဲ့ စာရေးဆရာတွေရဲ့ အန်ဒါဆင်ပုံပြင် ပြန်ဆိုမှုတွေကို မဂ္ဂဇင်းစာစောင်တွေမှာ ဖော်ပြခဲ့ ပါတယ်။

ရှေ့ပိုင်းပြန်ဆိုမှုတွေ ရှိပေမယ့် အန်ဒါဆင်ပုံပြင်တွေကို မြန်မာကလေးငယ်တွေလက်ထဲ တကယ်ထည့်ပေးခဲ့သူကတော့ ဆင်ဟွာဘာသာပြန်ဟောင်း တောပြန် ဦးအံ့မောင် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bert Hardy

ဓာတ်ပုံ ပုံစာ,

မပြောင်းလဲတဲ့ ကျေးလက်မြင်ကွင်း

ကျေးလက်နဲ့ တက္ကသိုလ်

မောင်အံ့မောင်ရဲ့ မြန်မာစာကျွမ်းကျင်မှုဟာ သူကြီးပြင်းခဲ့တဲ့ မုံရွာနားက လယ်ဇင်ရွာ ကျေးလက်မှာ အစပြုခဲ့ပါတယ်။ လယ်တီ ဦးလှသိန်း၊ မုံရွာ ဦးလေးခန့် စတဲ့ နာမည်ကြီးတွေ ထွက်တဲ့ ရွာသား မောင်အံ့မောင်ဟာ ဘုန်းကြီးကျောင်းမှာ စာသင်ခဲ့သလို ဓားပြရန်ကြောင့် မုံရွာမြို့ပေါ် ရွှေ့လာရတဲ့ ကျေးလက်မိသားစုမှာ ကြီးပြင်းခဲ့ပါတယ်။

သူနဲ့ရွယ်တူ လူငယ်အများစုနဲ့အတူ ဒုတိယကမ္ဘာစစ်နဲ့ ပြည်တွင်းစစ် ဆိုတဲ့ စစ်မီးကြီးနှစ်ခုကို မောင်အံ့မောင် ငယ်ဘဝမှာ မျက်ဝါးထင်ထင် ကြုံခဲ့ရပြီး ဒါရဲ့အကျိုးဆက် ငြိမ်းချမ်းရေး လှုပ်ရှားမှုနဲ့ နိုင်ငံရေး နိုးကြားမှု လှိုင်းဂယက်တွေမှာ သူမျောပါခဲ့ပါတယ်။ သူဟာ တက္ကသိုလ်မှာ ဆယ်နှစ်ကျော် နေပြီး ရန်ကုန်မြို့တော်ဟောင်းရဲ့ စာပေ လောကမှာလည်း ကျင်လည်ခဲ့ပါတယ်။ ၁၉၅၃ အောက်တိုဘာ ကျောင်းတလပိတ်အရေးအခင်းမှာလည်း တနှစ်ကျော် ထိန်းသိမ်းခံခဲ့ရပြီး ဒီအတွက် အမေရိကန် ကိုလံဘီယာတက္ကသိုလ်မှာ စာကြည့်တိုက် မဟာဘွဲ့သင်ဖို့ ပညာသင်ဆုကို ပညာရေးဌာနက ပေးပြီးမှ ပြည်ထဲရေး ဌာနက ကန့်ကွက်လို့ မသွားခဲ့ရဘူးလို့ အံ့မောင်ရေးတဲ့ အံ့မောင်အကြောင်းမှာ ပါရှိပါတယ်။ သူစာကြည့်တိုက်ပညာကျမ်းအဖြစ် တင်သွင်း ခဲ့တဲ့ မြန်မာနိုင်ငံသတင်းစာသမိုင်းကိုတော့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြခဲ့ပါတယ်။

ကျောင်းသားဘဝ ကိုအံ့မောင် သိကျွမ်းခဲ့သူတွေထဲ မြသန်းတင့်၊ ကဗျာဆရာ နောင် ခေါ် တေးရေး မောင်မောင်လတ်၊ မုံရွာတင်ရွှေ စသူတွေ ပါပါတယ်။ သမဂ္ဂကနေ ငြိမ်းချမ်းရေး လုပ်ငန်းတွေထဲ ပတ်သက်ခဲ့ရာက ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)မှာ အမြဲတမ်းကော်မတီအဖွဲ့ဝင် ဖြစ်လာ ပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး သခင်ကိုယ်တော်မှိုင်းဆီကို လက်မှတ်ထိုးဖို့ အတည်ပြုဖို့ ကိစ္စတွေနဲ့ ဝင်ထွက်ခဲ့ရပြီး သူအနိစ္စရောက် ချိန်မှာလည်း စျာပနကိစ္စ ဝိုင်းဝန်းသူတွေထဲ ကိုအံ့မောင် ပါခဲ့ပါတယ်။ စျာပနမှာ ပြထားတဲ့ ကိုယ်တော်မှိုင်း ရခဲ့တဲ့ ငြိမ်းချမ်းရေး စတာလင်ဆုကြီး မပျောက်အောင် ဂရုစိုက် ကြည့်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

စွယ်ကျယ်စိမ်းနဲ့ ဖြုတ်ထုတ်သတ်

၁၉၆၇ မှာ တရုတ် ဗမာ အရေးအခင်းဖြစ်ချိန်မှာတော့ ရန်ကုန်မြို့လယ်က တရုတ်ဘုံကျောင်းနဲ့ တရုတ်လုပ်ငန်းတွေကို ဖျက်ဆီးတိုက်ခိုက်တဲ့ အကြမ်းဖက် လူအုပ်ထဲမှာ ရှပ်အင်္ကျီအောက်မှာ စွပ်ကျယ်စိမ်းဝတ်ထားသူတွေ ပါတာကို ကိုအံ့မောင်တွေ့ခဲ့ပါတယ်။ တရုတ်အစိုးရပိုင် ဆင်ဟွာမှာ ဘာသာပြန်လုပ် နေတဲ့ ကိုအံ့မောင်ဟာ သူ့အသက်လုံခြုံရေးအတွက် မြို့ပေါ်မှာ မနေဝံ့တော့လို့ တောမှာ ခိုလှုံခဲ့ရပါတယ်။ ညောင်လေးပင်တောစပ်ကနေ ဗမာပြည် ကွန်မြူနစ်ပါတီရှိတဲ့ စခန်းတွေဆီ သူသွားပြီး ခိုလှုံဖို့ ကြံပေမယ့် ဒီအချိန်မှာ တောထဲမှာ ပြင်းထန်နေတဲ့ ဖြုတ်ထုတ်သတ်လှိုင်းဂယက်၊ တော်လှန်ရေး ကောင်စီရဲ့ ဖြတ်လေးဖြတ်ထိုးစစ်တွေကြောင့် ကိုအံ့မောင်ရဲ့ တောဘဝဟာ အင်မတန် ဆင်းရဲကြမ်းတမ်းခဲ့ပါတယ်။ သူနဲ့ ရွယ်တူ၊ သူ့ထက်ငယ်သူ တက္ကသိုလ်ကျောင်းသားတွေ တောထဲမှာ သတ်ဖြတ်ခံနေရပြီး မြို့ပေါ် မှာလည်း သူ့လို လက်ဝဲလိုလားသူတွေကို စစ်အစိုးရက ဖမ်းပြီး ထောင်ပို့ တကျွန်း ချတာတွေ လုပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ,

အံ့မောင်ရဲ့ တောပြန်ရှင်းလင်းပွဲ

ဒီလိုပင်ပန်းမှုတွေအဆုံး ၁၉၆၉ စက်တင်ဘာမှာ ကိုအံ့မောင်နဲ့အဖွဲ့ စစ်တပ်မှာ လက်နက်ချခဲ့ရပါတယ်။ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တောထဲ ရောက်လာတဲ့ ပညာတတ်တွေကို နေရာမပေးတာတွေ ရှိခဲ့တယ်လို့လည်း စစ်အစိုးရပိုင် ကြေးမုံနဲ့ မေးမြန်းခန်းမှာ သူဖြေကြားခဲ့ပါတယ်။ တောထဲမှာ မျှစ်ချိုး ထင်းခုတ်နေခဲ့ရတဲ့ ကိုအံ့မောင်ဟာ ထမင်းလည်း ရက်ချီငတ်ခဲ့ပါတယ်။ ပဲခူးနဲ့ အရှေ့ရိုးမတောင်တွေမှာ ဆင်းချည်တက်ချည်နဲ့ တောခိုဘဝနေ ခဲ့ချိန်မှာ လယ်သမားတွေရဲ့ဘဝကို သူပိုသိနားလည်လာသလို တော်လှန်ရေးထဲက လူတွေရဲ့စိတ်တွေကိုလည်း ဆင်ခြင်မိလာပါတယ်။ အောက်ခြေက ရဲဘော်တွေ ဘယ်လိုအသက်စွန့်စွန့် ထိပ်က ခေါင်းဆောင်တွေ လမ်းစဉ်ချတာမှားနေရင် တော်လှန်ရေးတွေ ရှုံ့းနိမ့်တတ်တယ်ဆိုတာကို ဗကပ ရိုးမဗဟို ကျရှုံးမှုကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ ကိုအံ့မောင် သိလာခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်အခြေအနေကို လိုက်လျောညီထွေ စဉ်းစားတတ်တဲ့ အတ္တကို ချိုးနှိမ်ထားနိုင်တဲ့ ခေါင်းဆောင်တွေ လိုတယ် ဆိုပြီး သူ့ဘဝမှတ်တမ်းမှာ ရေးသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ,

အံ့မောင်ရဲ့ ဘာသာပြန်ဆုရလက်ရာ

ရေသူမကလေးနဲ့ မေတ္တာချိန်ခွင်

တောထဲက လက်နက်ချလာပေမယ့် မြရာပင်အုပ်စုစတဲ့ လက်နက်ချအုပ်တွေလို စစ်တပ်နဲ့ ပူးပေါင်းတာမျိုး ကိုအံ့မောင် မလုပ်ခဲ့ပါဘူး။ ဇာတိ မုံရွာကို ပြန်ပြီး ဆန်အရောင်းအဝယ်လုပ်တဲ့အပြင် သူ တောမခိုခင်က လုပ်လက်စ အန်ဒါဆင်ပုံပြင်တွေ ဘာသာပြန်တာ ဆက်လုပ်ပါတယ်။ ၁၉၇၃ မှာ စထွက် လာတဲ့ ရေသူမကလေး စာအုပ်ဟာ အဲဒီနှစ်အတွက် အမျိုးသားစာပေ ဘာသာပြန်ဆုရသလို နောက်ထွက်တဲ့ သဲကုန်းမို့မို့ လွမ်းမို့မို့၊ အင်းတော်ရှင့်သမီး၊ မိုးမခပင်ကြီးအောက်မှာ စတဲ့ အန်ဒါဆင်ဘာသာပြန်တွေလည်း ဆက်ပြီး လူကြိုက်များခဲ့ပါတယ်။ ၂ဝဝ၉ မှာ ထုတ်ခဲ့သမျှတွေ စုစည်းပြီး ပေါင်းချုပ် နှစ်တွဲ ထွက်ခဲ့ပြီးနောက် လက်စသိမ်း ဘာသာပြန်ထားတဲ့ အန်ဒါဆင်ပုံပြင်တွေ ဆက်ထွက်လာတာတော့ မတွေ့ရသေးပါဘူး။ သားကို ပြောချင်တဲ့စကား ဆိုတဲ့အမည်နဲ့ စုထုတ်ဖို့ ကြော်ငြာတာပဲ တွေ့ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Culture Club

ဓာတ်ပုံ ပုံစာ,

ဝတ်လဲတော်ထူးပုံပြင်

တောပြန်လက်ဝဲသမား ကိုအံ့မောင်က ဒိန်းမတ်ကလေးပုံပြင်တွေကို ဘာသာပြန်ရာမှာ ရိုးသားသော လူများစုကြီးရဲ့ ညီညွတ်မှု ဖြစ်ထွန်းလာစေတဲ့ စေတနာ ပါတယ်လို့ ဆိုပါတယ်။ လူငယ်လူရွယ် ကလေးသူငယ်တွေအတွက် ကောင်းသောစိတ် စာရိတ္တတွေကို ဖန်တီးရာမှာ ဒီပုံပြင်တွေက ကူညီနိုင်မယ် လို့လည်း ကိုအံ့မောင် ယုံကြည်ပါတယ်။ ဒါကြောင့် ပုံပြင် အပုဒ် ၁၉ဝ နီးပါးကို အချိန်ယူပြီး စေတနာထား ပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။ နောက် ဒိန်းမတ် နိုင်ငံဟာ မြန်မာပြည်လိုပဲ လယ်သမားနိုင်ငံဖြစ်လို့ ပုံပြင်မှာ ပါတဲ့ လယ်သမား၊ ရေလုပ်သား ၊ ဘုန်းကြီး၊ စစ်သား ၊ အဆိုတော် စတဲ့ ဇာတ်ရုပ် တွေဟာ မြန်မာပြည် အောက်ခြေအလွှာက လူတွေနဲ့ ပုံစံဆင်လို့ ပြန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ပုံပြင်ဆရာကြီး အန်ဒါဆင်ဟာ သူလာခဲ့တဲ့ ဆင်းရဲသူ ဆင်းရဲသား ဘဝကို အင်မတန် စာနာမိပြီး မေတ္တာချိန်ခွင် စောက်ထိုးထွက်နေသူလို့လည်း ကိုအံ့မောင်က ယူဆပါတယ်။ ဒါကြောင့် ပဲခူးတောထဲမှာ သူကြုံခဲ့တဲ့ စစ်တပ် ဘေး၊ ကွန်မြူနစ်ဘေး၊ ကရင်ဘေး စတဲ့ ဘေးစုံသင့်နေတဲ့ ဆင်းရဲသားပြည်သူတွေ အမှတ်တရ ဒီပုံပြင်တွေကို ပြန်ဆိုတယ်လို့ ဆိုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

လက်ပံတောင်းကြေးနီတွင်းအရေးမှာ တက်ကြွခဲ့

လက်ပံတောင်းနဲ့ ငြိမ်းချမ်းရေး

လွန်ခဲ့တဲ့ အနှစ် ၅ဝ ကျော်က ရေသူမကလေး၊ ဘဲရုပ်ဆိုးကလေး၊ ဘုရင့်ဝတ်လဲတော်ထူး၊ ဖိနပ်နီကလေး၊ မီးခြစ်သည်လေး စတဲ့ ပုံပြင်တွေကို လက်စွမ်းပြ ပြန်ဆိုခဲ့တဲ့ ဦးအံ့မောင်ဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပြီး ၂ဝ၁ဝ အစောပိုင်းနှစ်တွေမှာ ပေါ်ပေါက်လာတဲ့ လက်ပံတောင်းကြေးနီ အရေး အခင်းမှာတော့ နယ်ခံတွေဘက်က ရပ်တည်ပြီး စာကဗျာတွေ ရေးဖွဲ့ခဲ့ပါတယ်။ အသက် ၈ဝ ကျော် အရွယ်ရောက်နေတဲ့ ဦးအံ့မောင်ဟာ ဒီအရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရပ်တဲ့ ဘက်က မလိုက်ဘဲ သူ့နယ်ခံ လယ်သမားတွေဘက်ကပဲ လိုက်ပြီး မိုင်းစီမံကိန်းတွေ ရပ်ဖို့ တောင်းဆို ခဲ့ပါတယ်။ နောက် သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာလည်း ဝါရင့်စာရေးဆရာတယောက်အနေနဲ့ ဆက်ပြီး ပါဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ အာဏာသိမ်းပြီး တဲ့အထိ အောင်မွန်အမည်နဲ့ သုံးတဲ့ လူမှုကွန်ရက်ကနေ ကဗျာတွေရေးသား ဝေဖန်နေခဲ့ပါတယ်။

ဒီလိုရေးခဲ့တဲ့ ကဗျာတွေထဲ ဒီခေတ်မှာ ယမ်းမှုန့်တွေကို မီးရှို့လို့ သိပ်မရတော့ဘူး၊ မီးရှို့လို့ ရပြန်လည်း မတည်ငြိမ် မတည်မြဲဘူး၊ တိုင်းပြည်က ငြိမ်းချမ်းရေး ငတ်နေတာ ငြိမ်းချမ်းရေးပဲ ပေးကြမှ၊ ယမ်းမှုန့်မီးရှို့တဲ့ ညှော်နံ့တွေတော့ ညော်စော်နံတယ်ပဲ အော်ကြမှာ စတဲ့ ကဗျာမျိုးတွေ ပါပါတယ်။ ကဗျာဆရာမင်းဆွေနှစ်နဲ့ မေးမြန်းခန်းတခုမှာလည်း ကလောင်ဟာ ငိုညည်းတဲ့ ကိရိယာထက် အလှသစ်ဖန်တီးတဲ့ကိရိယာ ဖြစ်ဖို့ လိုပြီဆိုပြီး ဦးအံ့မောင် ထောက်ပြသွားခဲ့ပါတယ်။ ဒိန်းမတ်ကမ်းခြေက ရေသူမကလေးကို မြန်မာကလေးလူကြီးတွေအတွက် သယ်လာပေးခဲ့တဲ့ ဦးအံ့မောင်ဟာ ငြိမ်းချမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စာပေဘက်မှာလည်း အသက် ၉ဝ နားနီးအထိ တာဝန်ယူသွားခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ကိုပင်ဟေဂင်က ရေသူမကလေးရုပ်တု