ဂရိက အမျိုးသမီး မဝင်ရတဲ့ ဘုန်းကြီးကျောင်း

putin ဓာတ်ပုံ မူပိုင် Getty
Image caption ရုရှ သမ္မတ ဗလာဒီမာ ပူတင် ဒီကျောင်းကို လာရောက်

ဂရိ နိုင်ငံ မြောက်ပိုင်း အက်သော့စ် တောင်ပေါ်က ရုရှ အော်သိုဒေါက် ရဟန်းတော်တွေ တည်ထောင်ထားတဲ့ ကျောင်းကြီးဟာ အနှစ် တထောင် ကြာမြင့် နေပြီ ဖြစ်ပါတယ်။

မကြာခင်က ရုရှ သမ္မတ ဗလာဒီမာ ပူတင် ဂရိ နိုင်ငံကို လာရင်း ဒီကျောင်းကို လာရောက် ခဲ့ပါတယ်။

စတုရန်းမိုင် ၁၃ဝ ကျယ်ဝန်းတဲ့ ဒီကျောင်းနယ်မြေဟာ ပင်လယ်ထဲမှာ ထိုးထွက်နေတဲ့ ကျွန်းဆွယ် တခုပေါ်မှာ ရှိပါတယ်။

ဒါဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ မလာရတဲ့ နယ်မြေတွေထဲမှာ အကြီးဆုံး နယ်မြေ ဖြစ်နိုင်ပါတယ်။

လူ အမျိုးသမီးသာ မက တိရစ္ဆာန် အမ တွေကိုပါ အဝင်မခံတဲ့ ဘုန်းကြီး ကျောင်းကြီး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ISTOK
Image caption ပင်လယ်ထဲ ထိုးထွက်နေတဲ့ ကျွန်းဆွယ်ပေါ်မှာ ရှိ
ဝင်ခွင့်လျှောက်ပြီးမှ ဝင်ရ

အက်သော့စ် တောင်ပေါ် သွားလည်ရင် နိုင်ငံကူး လက်မှတ်ပြ ဝင်ခွင့်လျှောက်ပြီးမှ ဝင်ရပါတယ်။

ဒီတောင်ပေါ်မှာ ရှိတဲ့ ကျောင်းပေါင်း ၂ဝ ကို အလည်သွားဖို့ တရက်ကို အော်သိုဒေါက် ဘာသာဝင် အမျိုးသား ၁ဝဝ နဲ့ ဘာသာဝင် မဟုတ်သူ အမျိုးသား ၁ဝဝ ကိုသာ ဝင်ခွင့် ပေးတာပါ။

အမျိုးသားတွေ ဘုန်းကြီးကျောင်းဘက်ကို မော်တော်နဲ့ ကူးသွားရင် အမျိုးသမီးတွေက ဒီဘက်ကမ်းမှာပဲ နေခဲ့ရပါတယ်။

ဒီလို အမျိုးသမီးတွေ မဝင်ရတာဟာ အော်သိုဒေါက် ခရစ်ယာန် တွေရဲ့ ရိုးရာ ထုံးတမ်း တွေနဲ့ ဆက်နွယ်နေပါတယ်။

အေဒီ ၁ဝ ရာစုက ထုတ်ခဲ့တဲ့ ကျောင်းတည် စာချုပ် ထဲမှာ ဒီကျောင်းထဲ တိရစ္ဆာန် အမ တွေ ဝင်ခွင့် မပြု ဆိုတာ ပါတယ်လို့ အက်သော့စ် တောင် သမိုင်းကို ရေးတဲ့ ဒေါက်တာ Graham Speake က ပြောပါတယ်။

အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အဲဒီ စာချုပ်မှာ မပါတာက ယောက်ျားတွေ နေတဲ့ ဘုန်းကြီးကျောင်းထဲ အမျိုးသမီး မဝင်ရတာ အားလုံး သိလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အော်သိုဒေါက် တွေက ဒီတောင်ပေါ်မှာ ခရစ်တော်ရဲ့ မယ်တော် မေရီ နေခဲ့ဖူးတယ်လို့ ယုံကြပါတယ်။ ဒါကြောင့် ဒီနေရာကို ခုထိ ဘုရားသခင် မယ်တော်ရဲ့ ဥယျာဉ် လို့ ခေါ်ဆိုကြပါတယ်။ သူက လွဲလို့ တခြား အမျိုးသမီးတွေ အကြောင်း ဒီတောင်ပေါ်မှာ မတွေ့ရပါဘူး။

ဒါပေမဲ့ ဒီနယ်မြေမှာ ကြွက်ခုတ်ဖို့ ကြောင်မ တွေကိုတော့ ဒီအတိုင်း မသိချင်ယောင် ဆောင်ပြီး ခွင့်ပြုထားတယ် လို့ သိရပါတယ်။

ဒီကျောင်းပေါ်က ဘုန်းကြီးတွေ ဘုဉ်းပေးဖို့ နွားနို့နဲ့ ကြက်ဥ ကိုတောင် ကျောင်းပြင်က သွင်းရတာပါ။

သူတို့ကလည်း ဒိန်ခဲကိုသာ ဘုဉ်းပေးတတ်ပြီး ကျန်တဲ့ နို့ထွက် ပစ္စည်းတွေ သိပ်မကြိုက်ကြဘူးလို့ ဆိုပါတယ်။

ကြက်ဥ ကိုတော့ ခရစ်တော် ပြန်လည် ရှင်သန်ထမြောက်မှုကို အမှတ်ပြုတဲ့ အီစတာ ပွဲတော် ကာလ ကျမှ ဆေးနီသုတ်ပြီး ဘုဉ်းပေးကြပါတယ် ။

ဓာတ်ပုံ မူပိုင် AP
Image caption အက်သော့စ် တောင်ပေါ်က အော်သိုဒေါက် ရဟန်းတွေ

ယောက်ျားလေးတွေ တောင် လူကြီး အဖော်ပါမှ ဒီကျောင်းထဲ ဝင်လို့ရတာပါ။

"အရင်တုန်းက ဆိုရင် မုတ်ဆိတ်မွေး ရှိမှ ယောက်ျားတွေ ဒီတောင်ပေါ် တက်ခွင့်ရတယ် ၊ ဘိုင်ဇင်တိုင်း အင်ပါယာ ခေတ်ကဆို ယောက်ျားလေးတွေနဲ့ သင်းကွပ်တွေ ဒီပေါ် မလာဖို့ တားမြစ်ထားတယ်" လို့ ေဒါက်တာ Speake က ပြောပါတယ်။

အမျိုးသမီးတွေ သင်းကွပ်နဲ့ ယောက်ျားလေး အယောင်ဆောင်ပြီး ဒီထဲ ဝင်မှာ စိုးလို့ ပိတ်ပင်ခဲ့တာပါ။

"ယောက်ျားလေး တွေ တခါတလေ လာပါတယ်၊ အများအားဖြင့် သူတို့ အဖေ တွေနဲ့ လိုက်လာကြတာပါ။ အငယ်ဆုံး ၁ဝ နှစ်လောက်ထိ ကောင်လေးတွေ လာပါတယ်။ ဘုန်းကြီးတွေကလည်း ချာတိတ်တွေ လာတာကို သဘောကျပါတယ် "

ဓာတ်ပုံ မူပိုင် Getty
Image caption အမျိုးသမီးတွေ ကျောင်းထဲ မဝင်ရ ဥပဒေထုတ်
အမျိုးသမီးတွေ လာခဲ့ဖူး

ဒီလို ပိတ်ထားပေမယ့် ဒီကျောင်းထဲ အမျိုးသမီးတွေ လာခဲ့ဖူးတဲ့ ရာဇဝင် တွေ ရှိခဲ့ပါတယ်။

ဂရိ ပြည်တွင်းစစ် အတွင်း ၁၉၄၆ က ၁၉၄၉ ထိ အက်သော့စ် တောင် ဘုန်းကြီးကျောင်းတွေက လယ်သမား တွေရဲ့ သိုးနွား အုပ်တွေကို ခိုလှုံခွင့် ပေးခဲ့တာမို့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေပါ တိရစ္ဆာန်အုပ်နဲ့ ရောနှော ဝင်ပြီး ခိုလှုံကြရပါတယ်။

၁၉၅၃ ခုနှစ်ကလည်း Maria Poimenidou ဆိုတဲ့ ဂရိ အမျိုးသမီး တယောက် ယောက်ျားလို ဝတ်စားပြီး ဒီကျောင်းမှာ ၃ ရက်လောက် နေသွားလို့ အမျိုးသမီးတွေ ဒီကျောင်းထဲ မဝင်ရ ဆိုတဲ့ ဥပဒေ တရပ်ကို ဂရိ အစိုးရက ထုတ်ပြန် ခဲ့ရပါတယ်။

ဒီဥပဒေကို ချိုးဖောက်ခဲ့ရင် အများဆုံး ထောင် တနှစ်ထိ ချလို့ ရပါတယ်။

၂ဝဝ၈ ခုနှစ်ကလည်း မော်လ်ဒိုဗာ လူမျိုး အမျိုးသမီး ၄ ယောက်ကို ယူကရိန်းက လူမှောင်ခို တွေက ဒီကျောင်းမှာ လာပို့ထားခဲ့ပါတယ်။ ရဲက သူတို့ကို ခဏ ဖမ်းဆီးခဲ့ပေမယ့် ဘုန်းကြီးတွေက သူတို့ကို ခွင့်လွှတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသမီး မဝင်ရ တားမြစ်ထားတဲ့ တချို့ နေရာတွေ ထဲမှာ

အိန္ဒိယ တောင်ပိုင်း ကယ်ရာလား ပြည်နယ်က ဆာဘရီယာမာလား ဘုရားကျောင်းမှာ အသက် ၁ဝ နှစ်က ၅ဝ အတွင်း ရာသီလာတဲ့ အရွယ် အမျိုးသမီးတွေ လာခွင့် ပိတ်ထားပါတယ်။ ဒါကို ပယ်ဖျက်ပေးဖို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ တွေက အိန္ဒိယ တရားလွှတ်တော်ချုပ်မှာ တောင်းဆိုနေပါတယ်။

ဂျပန် နိုင်ငံက အိုမီနီ တောင် ဟာ ရှူဂျန်ဒို ဘာသာဝင် တွေ အထွတ်အမြတ် ထားတဲ့ နေရာပါ။ အဲဒီ ဘာသာဝင် အမျိုးသား တွေက ဒီတောင်မှာ လာပြီး ပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှားမှု တွေနဲ့ သူတို့ရဲ့ ယုံကြည် သက်ဝင်မှု ကို စစ်ဆေးကြပါတယ်။

ဂျာမနီ နိုင်ငံ ဟမ်းဘတ် မြို့က Herbertstrasse ဆိုတဲ့ လမ်းဟာ ပြည့်တန်ဆာ လုပ်ငန်းနဲ့ ကျော်စောပြီး အဲဒီ လမ်းထဲမှာ "၁၈ နှစ်အောက်နဲ့ အမျိုးသမီး မဝင်ရ " ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ