ဌာနအကြောင်း

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်

မြန်မာနိုင်ငံသတင်းတွေနဲ့အတူ နိုင်ငံတကာမှာဖြစ်နေတဲ့ သတင်းနဲ့ မျက်မှောက်ရေးရာတွေကို တင်ဆက် ပေးနေပါတယ်။ ဘီဘီစီအနေနဲ့ ဘက်လိုက်မှုမရှိဘဲ ကွဲပြားခြားနားတဲ့ အတွေးအမြင် အစုံစုံ၊ အဓိကကျတဲ့ ရှုထောင့်တွေကနေ လေ့လာဆန်းစစ်ချက်တွေနဲ့ ဝေဝေဆာဆာ တင်ဆက်ပေးနေတာပါ။

မြန်မာဌာနဟာ ဘာသာစကားပေါင်း ၄၂ မျိုးနဲ့ တင်ဆက်နေတဲ့ ဘီဘီစီ ကမ္ဘာတလွှား သတင်းဌာနကြီးရဲ့ ဌာနခွဲတစ်ခု ဖြစ်ပါတယ်။ ဘီဘီစီအနေနဲ့ ဘက်မလိုက်ဖို့၊ သတင်းလွတ်လပ်မှုရှိစေဖို့၊ အရည်အသွေး အမြင့်မားဆုံး တင်ပြနိုင်ဖို့အတွက် အစဉ်တစိုက် ဦးတည်ထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ ဘီဘီစီ သတင်းထောက်တွေရှိသလို မြန်မာနိုင်ငံသတင်းနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံအတွင်းမှာ ရုံးခွဲဖွင့်လှစ်ထားပြီး သတင်းထောက်တွေထားရှိလို့ မျက်မှောက်ရေးရာတွေကို အမြဲမပြတ် စောင့်ကြည့် သတင်းရယူပေးပို့ နေပါတယ်။

နှစ်ပေါင်း ၈၀ နီးပါး ဖြတ်သန်းခဲ့တဲ့ သတင်းအတွေ့အကြုံ

ပထမဦးဆုံး မြန်မာဘာသာ အစီအစဉ်ကို ၁၉၄၀ စက်တင်ဘာလ ၂ရက်နေ့ ကမ္ဘာ့အရှေ့ဖျားမှာ စစ်ဖြစ်နေတဲ့ အချိန်မှာ စတင်ထုတ်လွှင့်ခဲ့တာပါ။ ဘီဘီစီက ပထမဦးဆုံးထုတ်လွှင့်ခဲ့တဲ့ အာရှဘာသာစကား အစီအစဉ် သုံးမျိုးထဲမှာ မြန်မာဘာသာအစီအစဉ် ပါဝင်ခဲ့ပါတယ်။

ဘီဘီစီနဲ့ မြန်မာ့သမိုင်း မှတ်တိုင်များ

မြန်မာ့သမိုင်းတလျှောက် အဓိက ဖြစ်စဉ်တွေ အားလုံးကို ဘီဘီစီက မပြတ်စောင့်ကြည့် သတင်းရယူပြီး သောတရှင်တွေ ပရိသတ်တွေဆီ အမြန်ဆုံးနဲ့ အမှန်ဆုံး တင်ဆက်ပေးခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေး ကြေညာတဲ့အချိန်၊ သမိုင်းစဉ်တလျှောက် ဖြစ်ခဲ့တဲ့ လူထုအုံကြွမှုတွေနဲ့ စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲ၊ မြန်မာ့သမိုင်းမှာ မကြုံစဖူး ဆိုးရွားလှတဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း သဘာဝ ကပ်ဘေးကြီး အကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လွတ်လာတဲ့ သတင်း၊ NLD အနိုင်ရခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲလို အထင်ကရ အဖြစ်အပျက် တွေကို ပြည့်ပြည့်စုံစုံ တင်ဆက် ပေးခဲ့တာပါ။

သတင်းဆုများ

လန်ဒန်အခြေစိုက် The Association for International Broadcasting အဖွဲ့ကြီးက ချီးမြှင့်တဲ့ အကောင်းဆုံး ရေဒီယို သတင်းဆုကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ၂၀၁၅ ရွေးကောက်ပွဲ ကာလ တင်ဆက်ပုံအတွက် ရရှိခဲ့ပါတယ်။ ဘီဘီစီမြန်မာပိုင်း ဌာန အနေနဲ့ အရင်ကလည်း AIB အထူးဆုကို ၂ ကြိမ် ရရှိ ခဲ့ဖူးပါတယ်။

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု သတင်းကို ရယူတင်ဆက်ခဲ့တုန်းကလည်း ခက်ခဲတဲ့ အခြအနေကြားမှာ ထိုးထွင်းတီထွင်မှု ရှိရှိ တင်ပြနိုင်ခဲ့တဲ့အတွက် ဘီဘီစီရဲ့ Global Reith Award ရရှိခဲ့ပါတယ်။

နေ့စဉ် ထုတ်လွှင့်နေတဲ့ အစီအစဉ်များ

ရေဒီယို အစီအစဉ်တွေကို တနေ့ လေးကြိမ် စီစဉ် တင်ဆက်ပေး နေပါတယ်။

နံနက်ပိုင်း အစီအစဉ်ကို မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲက ၆နာရီ ၄၅ အထိ ထုတ်လွှင့်ပြီး၊ အဲဒီ အစီ အစဉ်ကိုပဲ နံနက် ၆နာရီ ၄၅ မှာ ပြန်လည် ထုတ်လွှင့်ပေး နေပါတယ်။

ညပိုင်း အစီအစဉ်ကို မြန်မာ စံတော်ချိန် ည ၈နာရီ ကနေ ၈နာရီ ၁၅ မိနစ်အထိ ထုတ်လွှင့်ပြီး၊ အဲဒီ အစီ အစဉ် တခုလုံးကို ည ၈နာရီ ၁၅မိနစ်မှာ ပြန်လည် ထုတ်လွှင့်ပေး ပါတယ်။

မနက် ၆ နာရီ ၃၀မိနစ်ကနေ ၆ နာရီ ၄၅ မိနစ်အထိ ထုတ်လွှင့်မှုတွေကို

လှိုင်းတို မီတာ ၄၁--- ကီလိုဟတ် ၇၄၆၅၊

လှိုင်းတို မီတာ ၃၁---- ကီလိုဟတ် ၉၅၆၀

လှိုင်းတို မီတာ ၁၉--- ကီလိုဟတ် ၁၅၃၁၀ တို့ကနေ ဖမ်းယူနိုင်ကြပါတယ်။

ညပိုင်း ၈ နာရီ ကနေ ၈ နာရီ ၁၅ မိနစ်အထိ တိုက်ရိုက် ထုတ်လွှင့်ချက်တွေကို

လှိုင်းတို ၄၁ ---ကီလိုဟတ် ၇၄၆၅

လှိုင်းတို ၃၁----ကီလိုဟတ် ၉၅၆၀

လှိုင်းတို ၂၅----ကီလိုဟတ် ၁၁၉၉၅

တို့မှာ ဖမ်းယူနိုင်ကြပါတယ်။

ဘီဘီစီကို ပြည်တွင်း သောတရှင်အများစုက လှိုင်းတိုရေဒီယိုကတဆင့် ဖမ်းယူနားဆင်ကြသလို၊ အင်တာနက် ဝက်ဘ်ဆိုဒ်ကလည်း ဝင်ရောက် ကြည့်ရှု နားဆင် နိုင်ပါတယ်။

ပြောင်းလဲလာနေတဲ့ ခေတ်သစ် နည်းပညာတွေနဲ့ အတူ ဘီဘီစီအစီအစဉ်တွေကို RSS Feed၊ Podcasts တွေနဲ့လည်း ရယူနားဆင်နိုင်ကြပြီ ဖြစ်ပါတယ်။

ဘီဘီစီကို Facebook ကလဲ ဝင်ရောက် ကြည့်ရှု နိုင်ကြပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်မှာ ပရိသတ် ၁၅.၇ သန်းရှိပါတယ်။ ဖေ့စ်ဘုတ်မှာ နေ့စဉ်သတင်း၊ ဗီဒီယို၊ ဓာတ်ပုံဆောင်းပါးတွေကို အချိန်နဲ့ တပြေးညီ တင်ပေးနေပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြု မှတ်ချက်တွေကိုလည်း ပြန်ကြားပေးနေပါတယ်။

နေ့စဉ် ရုပ်သံအစီအစဉ်

ဘီဘီစီမြန်မာပိုင်းက တနင်္လာနေ့က သောကြာနေ့အထိ ညစဉ် ၈ နာရီ ၄၅ မိနစ်က ၉ နာရီအထိ ၁၅ မိနစ်တာ ရုပ်မြင်သံကြား အစီအစဉ်တွေကို တင်ဆက်ပေးနေပါတယ်။ ပြည်တွင်း ပရိသတ်တွေအတွက် ဒီ အစီအစဉ်ကို မဇ္စျိမရုပ်သံကနေ ဖမ်းယူကြည့်ရှုနိုင်ပါတယ်။

တခါ ဘီဘီစီရဲ့ နည်းပညာအထူးအစီအစဉ် Click ကိုလည်း အပတ်စဉ် သောကြာနေ့ ညနေ ၆ နာရီ ၁၅ မိနစ်မှာ မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပေးနေပါတယ်။ အဲဒီအစီအစဉ်ကို တနင်္လာနေ့ ည ၇ နာရီ မိနစ် ၂၀ မှာ ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။

ပြည်တွင်း သတင်းဌာနများနဲ့ ပူးပေါင်းတင်ဆက်မှု

ဘီဘီစီမြန်မာပိုင်းရဲ့ အင်္ဂလိပ်စာသင်ခန်းစာတွေကိုလည်း မြန်မာ့အသံက နေ့စဉ်ထုတ်လွှင့်ပေးနေပါတယ်။ အခြေခံ၊ အလယ်တန်းနဲ့ အထက်တန်းအဆင့် အင်္ဂလိပ်စာသင်ခန်းစာတွေကို အဆင့်အလိုက် လေ့လာနိုင်အောင် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

တခါ နေ့စဉ် မြန်မာနဲ့ နိုင်ငံတကာထိပ်တန်းသတင်း၊ ဆန်းသစ်တီထွင်မှုနဲ့ ဖျော်ဖြေမှုနဲ့ အားကစားသတင်းတွေကို လူငယ် ပရိသတ်တွေအတွက် အထူး ဦးစားပေးပြီး ၂ မိနစ်တာ သတင်းတိုလေးတွေအဖြစ် ပတ္တမြား FM ကနေ တနင်္လာက သောကြာနေ့အထိ နေ့စဉ် မနက် ၁၀ နာရီ၊ နေ့လယ် ၁၂ နာရီ၊ နေ့လယ် ၂ နာရီ၊ ၄ နာရီနဲ့ ညနေ ၆ နာရီတွေမှာ တစ်နေ့ ၅ ကြိမ် တင်ဆက်ပေးနေပါတယ်။

ဘီဘီစီမြန်မာပိုင်း ဝက်ဘ်ဆိုက် bbc.com/burmese က တင်ဆက်နေတဲ့ နောက်ဆုံးရသတင်းတွေရဲ့ သတင်းခေါင်းစဉ်တွေကို Frontier Myanmar ဝက်ဘ်ဆိုက်ရဲ့ ပင်မစာမျက်နှာမှာလည်း ဖတ်ရှုနိုင်ကြပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်မှာ ဖော်ပြတဲ့ ဘီဘီစီသတင်းခေါင်းစဉ် ၁၀ ခု ကတဆင့် သတင်းအပြည့်အစုံကိုလည်း ဆက်လက် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ပလက်ဖောင်းများ

ပြည်တွင်းပြည်ပက ဘီဘီစီ ပရိသတ်တွေရဲ့ သတင်းရယူ သုံးစွဲမှု ပုံစံတွေ ပြောင်းလဲလာတာနဲ့ လိုက်လျော ညီထွေ ဖြစ်စေဖို့ ဘီဘီစီမြန်မာပိုင်းကလည်း ပရိသတ်အများစု အဆင်ပြေပြေ သတင်းတွေရယူနိုင်ဖို့ အတွက် ရည်မှန်းပြီး ပရိသတ်တွေ အများစု ရှိရာ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေမှာ တိုးချဲ့ ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။

ဖေ့စ်ဘုတ်၊ တွစ်တာ၊ အင်စတာဂရမ်၊ ဗိုင်ဗာ၊ ယူကျူတို့မှာ ဘီဘီစီရဲ့ သတင်း၊ သတင်းဓာတ်ပုံ၊ နေ့စဉ် ရုပ်သံသတင်းတွေနဲ့ ဒစ်ဂျစ်တယ်ဗီဒီယိုတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။