မြန်မာနိုင်ငံမှာ အမှောင်ညတွေ ပိုများလာ

ဓာတ်ပုံ မူပိုင် AFP
Image caption လျှပ်စစ်တာဝါတိုင်

မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ များလာတဲ့အတွက် ပြည်သူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။

ဒီလို မကြာမကြာ မီးပြတ်တောက်မှုတွေကြောင့် စက်ရုံ လုပ်ငန်းရှင်တွေလည်း အခက်ကြုံနေရတယ်လို့ ရန်ကုန်တိုင်းအတွင်းက ရွှေလင်ဗန်း စက်မှုဇုန်ရဲ့ ဥက္ကဌ ဦးအေးသောင်းက ပြောပါတယ်။

မြေလတ်ဒေသ မကွေးမြို့မှာလည်း ဧပြီလ လတဝက် နီးပါး တစ်နေ့ကို တစ်နာရီပဲ လျှပ်စစ်မီး ရရှိခဲ့သလို လက်ရှိမှာလည်း လျှပ်စစ်မီး ပုံမှန် ရရှိခြင်း မရှိသေးဘူးလို့ မကွေးမြို့ခံ ဦးမြင့်ဦးက ဖွင့်ဟပါတယ်။

အစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း လျှပ်စစ်မီးလိုအပ်ချက်ကို ပံပို့းပေးနိုင်အောင် ဆောင်ရွက်နေသလို လာမယ့် ၂ဝ၂ဝ - ၂ဝ၂၁ ခုနှစ်မှာ မဂ္ဂဝပ် ၃ ထောင်အထိ တိုးထုတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ လျှပ်စစ်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ဘီဘီစီ ကို ပြောပါတယ်။

အရင်တုန်းက ရှိခဲ့တဲ့ လျှပ်စစ်လိုင်းတွေကို ပြုပြင် ထိန်းသိမ်းရေးတွေ လုပ်ဆောင်နေတာကြောင့် အခုလို မီးပြတ်တောက်မှုတွေ ဖြစ်နေတာလို့လည်း ဦးစိုးမြင့်က ဆိုပါတယ်။

တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရေး နည်းလမ်းရှာ ဆွေးနွေး

ရခိုင်မြောက်ပိုင်း မီးလင်းရေး စီစဉ်

ကျေးလက်လူထုနဲ့ ဒေါ်စု ဒေသဖွံ့ဖြိုးရေး ဆွေးနွေး

တဖက်မှာလည်း နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုမှာ လျှပ်စစ်မီး ပုံမှန်ရရှိရေးကလည်း အဓိက အခန်းကဏ္ဍက ပါဝင်နေတာကြောင့် လျှပ်စစ် မီးလုံလုံလောက်လောက်နဲ့ ပုံမှန် ရရင် ရင်းနှီးမြုပ်နှံမှုတွေ ပိုမို ဝင်လာနိုင်တယ်လို့ မန္တလေးတိုင်း မြို့သာ စက်မှုဥယျာဉ် မြို့တော်ရဲ့ ဥက္ကဌ ဦးအောင်ဝင်းခိုင်က ပြောပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အချိန်မှာ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ နေရာတွေက ရေအားနည်းနေတဲ့ အတွက် မေလအတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နိုင်တယ်လို့ အစိုးရရဲ့ အစီရင်ခံစာတွေကိုလည်း တွေ့နေရပါတယ်။

ပြည်သူတွေကတော့ သမ္မတသစ် ဦးဝင်းမြင့် ကတိပေးထားတဲ့အတိုင်း လက်ရှိ လျှပ်စစ် ထုတ်လုပ်အား မဂ္ဂဝပ် ၃ ထောင် ပြည့်မှီရရှိဖို့နဲ့ လာမယ့် ၃ နှစ်အတွက် နောက်ထပ် မဂ္ဂဝပ် ၃ ထောင် အစိုးရက တိုးထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။