တောင်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး စစ်ပွဲ

တောင်ကိုရီးယားဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး စစ်ပွဲဖြစ်နေပြီလို့ သမ္မတ မွန်ဂျေအင်းပြော

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

တောင်ကိုရီးယားဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး စစ်ပွဲဖြစ်နေပြီလို့ သမ္မတ မွန်ဂျေအင်းပြော

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကိုရိုနာဗိုင်းရပ်စ် Covit 19 ကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ဗိုင်းရပ်စ်တိုက်ဖျက်ရေး စစ်ပွဲ ဆိုပြီး ခေါ်ဆိုလိုက်ပါတယ်။

ဒီရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၂၅ ဘီလျံ သုံးစွဲမယ် လို့လည်း သမ္မတက ပြောပါတယ်။

ဒါ့အပြင် သမ္မတက နိုင်ငံတွင်းမှာ နှာခေါင်းစည်းတွေ အလုံအလောက် မပေးနိုင်သေးတာကို တောင်းပန်တယ်လို့လည်း အင်္ဂါနေ့ သတင်းမီဒီယာတွေမှာ ဖော်ပြကြောင်း တောင်ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ,

ရောဂါတိုက်ဖျက်ရေးအတွက် ဆေးဝန်ထမ်းတွေ အသင့်ပြင်

တောင်ကိုရီယားနိုင်ငံဟာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် ကူးစက်သူ ငါးထောင်ကျော် ရှိနေတဲ့ အတွက် ဗိုင်းရပ်ကူးစက် ဖြစ်ပွားမှု ဒုတိယ အဆိုးဆုံး နိုင်ငံ ဖြစ်ပါတယ်။

အခု အင်္ဂါနေ့တစ်နေ့ထဲမှာ ရောဂါဖြစ်ပွားသူ နောက်ထပ် ၃၇၄ ယောက် တွေ့ရှိရပြီး သေဆုံးသူ လူပေါင်း ၃၁ ယောက် ရှိ သွားပါပြီ။

တောင်ကိုရီးယားတစ်နိုင်ငံလုံးမှာ ရောဂါကူးစက်သူ စုစုပေါင်း ၅၁၈၆ ယောက် ရှိနေပါတယ်။

ရောဂါဖြစ်ပွားမှု အနီရောင် အဆင့် သတ်မှတ်ထားတဲ့ ဒေဂူးမြို့ တစ်မြို့တည်း မှာတင် ကူးစက်သူက လေးထောင်ကျော် ရှိတယ်လို့ တောင်ကိုရီးယား အစိုးရ စာရင်း ဇယားတွေက ဆိုပါတယ်။

အများစုကလည်း Shincheonji ဘာသာရေးဂိုဏ်း အဖွဲ့ဝင်တွေနဲ့ဆက်စပ်ပတ်သက်သူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ,

ဒေဂူးကိုသွားကြမယ့် ကျန်းမာရေးဝန်ထမ်းတွေ

ရောဂါတိုက်ဖျက်ရေး အရေးပေါ် ဥပဒေပြဌာန်း

ရောဂါပြန့်ပွားမှု အခုထက် ပိုဆိုးလာပြီဆိုရင် ဆိုးတဲ့မြို့မှာ တမြို့လုံးကို အဝင်အထွက် ပိတ်ပင်ပြီး လုပ်ငန်း လည်ပတ်မှုတွေ အားလုံးရပ်ဆိုင်းနိုင်တဲ့ Corona 3 ဆိုတဲ့ အရေးပေါ် ဥပဒေတစ်ရပ်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပါလီမန်မှာ အတည်ပြုခဲ့တယ်လို့ ဆိုးလ်မြို့တော်မှာ နေထိုင်နေတဲ့ နိုင်ငံရေး သိပ္ပံ ပါရဂူ ကျောင်းသူ မဇွန်နီလာဋ္ဌေးက ပြောပါတယ်။

အဲဒီ ဥပဒေမှာ ရောဂါကူးစက်နေတယ်လို့ သံသယရှိသူက ကုသခံဖို့ငြင်းရင် အတင်းအကျပ် ကုသပေးနိုင်တယ်၊ အဲဒီလူက ရောဂါဖြစ်ရာဒေသက လာတာ ဒါမှ မဟုတ် ရောဂါဖြစ်ရာ ဒေသကိုဖြတ်သန်းလာတာဆိုရင် သူ့ကို ကျန်းမာရေး ဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ ပိတ်ပင်နိုင်တယ် ဆိုတာ တွေလည်း ပါဝင်ပါတယ်။

နိုင်ငံတဝန်းက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နေရာတွေနဲ့ ရောဂါ အဓိကဖြစ်နေတဲ့ ကျန်းမာရေး ဌာနတွေမှာ နှာခေါင်းစည်း တွေ ထောက်ပံ့ပြီး ဝန်ထမ်းအင်အားဖြည့်ဆည်းဖို့နဲ့ မိသားစုစောင့်ရှောက်ရေး စရိတ်၊ ကလေးစောင့်ရှောက်ရေးစရိတ်တွေ အရေးပေါ် ထောက်ပံ့ဖို့ လိုအပ်တဲ့ အသုံးစရိတ်တွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဥပဒေမှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဒေဂူးမြို့တော်ခမ်းမရှေ့မှာ ရောဂါကာကွယ်ရေး ဝတ်စုံ အပြည့်နဲ့ စစ်သားတွေ ပိုးသတ်ဆေးဖြန်းနေ

ရောဂါဖြစ်ပွားမှု အဆိုးဆုံး ဒေဂူးက အခြေအနေ

လောလောဆယ်မှာတော့ ဒေဂူး တမြို့လုံးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပိုးသတ်ဆေးတွေ လိုက်ကဖြန်းနေတယ်လို့ ဒေဂူးမြို့မှာ နေထိုင်ပြီး ဂယ်မြောင်းတက္ကသိုလ်မှာ စီးပွားရေးဆိုင်ရာ ပညာသင်ကြားရင်း ကိုရီးယား ဇတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်နေတဲ့ မလှယမင်းအိမ်က ပြောပါတယ်။

ဒေဂူးမြို့က စားသောက်ဆိုင်တွေ အတော်များများ ပိတ်ထားပြီး၊ နိုင်ငံတဝန်းလုံးမှာတော့ မတ်လ ၂ ရက်နေ့က ပြန်ဖွင့်ရမယ့် ကျောင်းတွေကိုလည်း ဖွင့်ရင်တွေ ရွှေ့ဆိုင်းထားတယ်လို့ ဒေဂူးမှာ နေထိုင်တဲ့ မလှယမင်းအိမ်က ပြောပါတယ်။

သူတက်ရောက်ပညာသင်နေတဲ့ ဂယ်မြောင်း တက္ကသိုလ်မှာ လာရောက်ပညာသင်နေကြတဲ့ မြန်မာကျောင်းသား ၂၀ နီးပါးထဲမှာ သုံးယောက်လောက်ပဲ တောင်ကိုရီးယားမှာ ကျန်နေပြီး ကျန်သူတွေက မြန်မာနိုင်ငံကို ပြန်သွား ကြပြီလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံကို ပြန်ရောက်သွားပြီး ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံမှာ ၁၄ ရက်ကြာ စောင့်ကြည့် ခံနေရတဲ့ ကျောင်းသားတွေက သူတက်တဲ့ တက္ကသိုလ်က မြန်မာကျောင်းသားတွေ ဖြစ်တယ်လို့ မလှယမင်းအိမ်က ပြောပါတယ်။