Got a TV Licence?

You need one to watch live TV on any channel or device, and BBC programmes on iPlayer. It’s the law.

Find out more
I don’t have a TV Licence.

သတင်း တိုက်ရိုက် ပေးပို့ချက်

time_stated_uk

  1. Post update

    ဒီကနေ့အတွက်တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက် ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်နေတဲ့ ဒီစာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ခဲ့တဲ့ သတင်းတွေကို ဖတ်ရှုခဲ့တဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

  2. NLD ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို တပ်က ဝင်စီး

    NLD ရွှေဂုံတိုင်ရုံးချုပ်
    Image caption: NLD ရွှေဂုံတိုင်ရုံးချုပ်

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို ည ၁၀ နာရီ ဝန်းကျင်ခန့်က တပ်က ဝင်ရောက်စီးနင်း ရှာ‌ဖွေနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ ရုံးချုပ်အနီးမျက်မြင်တွေ့ရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

    NLD ရုံးချုပ်ကို စီးနင်းချိန်မှာ ရုံးမှာ တစ်ဦးတစ်ယောက်မှ မရှိကြောင်းနဲ့ ဖမ်းဆီးခံရသူ မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီ ဖြစ်သလို ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်ပြီး ညအချိန်တစ်ဦး တစ်ယောက်မှ မရှိချိန် အခုလိုဝင်ရောက် စီးနင်းတာဟာ ဥပဒေမဲ့ လုပ်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    NLD ရွှေဂုံတိုင်ရုံးချုပ်အနီး မျက်မြင်တွေ့သူတွေကတော့ အဆောက်အအုံထဲကို လူ ၁၅ ဦးခန့် ဝင်ရောက် ရှာဖွေနေကြောင်းနဲ့ ရုံးချုပ်ရှေ့က ကားအရောင်းပြခန်း အနီးမှာလည်း စစ်တပ်က လုံခြုံ‌ရေး ယူထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    NLD ရုံးချုပ်ရှေ့ ရွေးကောက်ပွဲအောင်ပွဲခံည
    Image caption: NLD ရုံးချုပ်ရှေ့ ရွေးကောက်ပွဲအောင်ပွဲခံည
  3. ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင် မြင်ကွင်းများ

    ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင် မြင်ကွင်းတွေကို ဒီနေ့ ဖေဖော်ဝါရီ ၉ ရက် ည ၇ နာရီ ဝန်းကျင်ခန့်မှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော်က စစ်အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်း ပြုလုပ်နေကြပြီး ရန်ကုန်မှာတော့ ရန်ကုန်မြို့လယ်ခေါင် ဆူးလေစေတီအနီး၊ အနော်ရထာလမ်းက ဆူးလေ ခုံးကျော်တံတား စတဲ့နေရာတွေလည်း ဆန္ဒပြမှုတွေရဲ့ စုရပ်လို ဖြစ်နေတာ ဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ မနက်ကနေ ညနေစောင်းတဲ့အထိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်နေတာ ဒီနေ့နဲ့ဆို လေးရက် ဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။

    Yangon Curfew
    Yangon Curfew
    Yangon Curfew
    Yangon Curfew
    Yangon Curfew
  4. ဆန္ဒပြမှုတွေကို အင်အားသုံး တုံ့ပြန်ခဲ့တာကို လက်မခံဘူးလို့ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ပြော

    မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် ဆန္ဒပြသူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး တချို့ ဒဏ်ရာစိုးရိမ်ရကြောင်းကို နေပြည်တော်၊ မန္တလေးနဲ့တခြား မြို့ကြီးတွေက ရတဲ့ သတင်းတွေအရ သိခဲ့ရတယ်လို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren က “လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်များ အပါအဝင် အခြေခံ လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို လေးစားရန် တောင်းဆိုသည်။ ဆန္ဒပြသူများအပေါ် မမျှတသော အင်အား အသုံးပြုခြင်းကို လက်မခံနိုင်ပါ” လို့ ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောကြားထားချက်အတိုင်း စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူပြည်သားများ၏ ဆန္ဒသဘောထားကို လေးစားရန်နဲ့ ဒီမိုကရေစီစံနှုန်းများကို လေးစားလိုက်နာရန်၊ မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းသော နည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းလိုက်ကြောင်း Mr. Almgren က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ကုလသမဂ္ဂ၊ မြန်မာ၊ စစ်အာဏာသိမ်း
  5. အာဏာသိမ်းစစ်တပ် ထောက်ခံသူအချို့ ရန်ကုန်မှာ ထောက်ခံပွဲလုပ်

    ရန်ကုန်မြို့မှာ တပ်မတော် ထောက်ခံသူ တချို့က ရန်ကုန်မြို့မှာ ဒုတိယနေ့အဖြစ် ကားတွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။

    ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး တပ်မတော်ထောက်ခံသူတွေ ရန်ကုန်မှာ ကားတွေနဲ့ ထွက်လာတာကို တွေ့ရပြီး တပ်မတော် အာဏာသိမ်းတဲ့နေ့မှာလည်း ထောက်ခံပွဲ လုပ်ခဲ့တာတွေ ရှိပါတယ်။

    ဖေဖော်ဝါရီလ ၆ ရက်နေ့က ရခိုင်ပြည်နယ် မြို့တော်စစ်တွေမှာလည်း တပ်မတော် ထောက်ခံသူတွေ လှည့်လည်ခဲ့ကြပါတယ်။

    ရန်ကုန်မှာ ထောက်ခံပွဲလုပ်
    Image caption: ရန်ကုန်မှာ ထောက်ခံပွဲလုပ်
  6. ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးရဲ့ ထုတ်ပြန်ချက်

    “မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး တစ်ရပ်ကို လာမယ့် ကြာသပတေးနေ့ (မြန်မာစံတော်ချိန် သောကြာနေ့) ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ခေါ်ယူ ကျင်းပပေးဖို့ ယူကေနဲ့ အီးယူတို့က မနေ့က ပန်ကြားလိုက်ပါတယ်။ မြန်မာတပ်မတော်ရဲ့ အာဏာသိမ်းမှု၊ ရွေးချယ်တင်မြှောက်ခံ နိုင်ငံရေးသမားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တချို့ကို မတရားဖမ်းဆီးခဲ့မှုတွေအပေါ် ကျွန်တော်တို့ ယူကေအစိုးရအနေနဲ့ ကန့်ကွက် ရှုတ်ချပါတယ်” လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရပ်ဘ် က ပြောကြားလိုက်ကြောင်း ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ယူကေ၊ မြန်မာ၊ စစ်အာဏာသိမ်း
  7. ဒေါ်အောင်ဆန်းစုကြည်ကို ၅ နှစ် ထပ်မံ တာဝန် ပေးတဲ့ အတိုင်ပင်ခံ ဥပဒေ ၂၀၂၁ ပြဋ္ဌာန်း

    ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ၅ နှစ် ထပ်မံ တာဝန်ထမ်းဆောင်နိုင်စေဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြဋ္ဌာန်း လိုက်ကြောင်း ကော်မတီဝင်တစ်ဦး ဖြစ်တဲ့ သံလျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဖေဖော်ဝါရီလ ၉ ရက် ရက်စွဲနဲ့ ဗီဒီယိုကတစ်ဆင့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေ ကို ၂၀၁၆ ခုနှစ်က စတင်ပြဌာန်း
    Image caption: နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေ ကို ၂၀၁၆ ခုနှစ်က စတင်ပြဌာန်းခဲ့
  8. ရခိုင်ပြည်နယ် ဆန္ဒပြမှုတွေမှာ ဌာနဆိုင်ရာနဲ့ နိုင်ငံရေးပါတီတွေ ပါဝင်လာ

    လုံခြုံရေးတပ်ဖွဲ့တွေ စည်းတားထား
    Image caption: လုံခြုံရေးတပ်ဖွဲ့တွေ စည်းတားထား

    ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်၊ ဂွ၊ မာန်အောင် စတဲ့မြို့နယ်တွေမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှု ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၉ ရက် ဒီကနေ့မနက်ပိုင်း ၈ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့ကြပါတယ်။

    တောင်ကုတ်မြို့ပေါ်မှာ သောင်းချီတဲ့လူတွေ ပူးပေါင်း ပါဝင်ခဲ့ကြပြီး ဂွမြို့မှာ လူဦးရေ သုံးထောင်လောက်၊ မာန်အောင်မြို့မှာ လူဦးရေ ငါးရာလောက် ပါဝင် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

    တောင်ကုတ်မြို့ ဆန္ဒပြလူအုပ်ကို တားဆီးမှုတွေ ပြုလုပ်ခဲ့ပြီး လူတွေကို ပြန်ဆုတ်ကြဖို့နဲ့ မဆုတ်ရင် ပုဒ်မ ၁၄၄ ထုတ်ပြန်ရမှာ ဖြစ်တယ်လို့ မြို့နယ် ရဲတပ်ဖွဲ့မှူးက လာရောက် အသိပေး ပြောကြားခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

    ဒီကနေ့ ဆန္ဒပြပွဲမှာ NLD ပါတီဝင်တွေအပြင် နိုင်ငံရေးပါတီတချို့နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြပြီး စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ လူငယ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အင်အားဖြည့်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

    ရခိုင်က ဆန္ဒပြပွဲ
    Image caption: ရခိုင်က ဆန္ဒပြပွဲ
    No tag
  9. မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ဆိုင်းငံ့တော့မယ်လို့ နယူးဇီလန် ထုတ်ဖော်ကြေညာ

    နယူးဇီလန်အစိုးရက မြန်မာနိုင်ငံနဲ့ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးတွေ ဆိုင်းငံ့တော့မယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

    ကမ္ဘာ့နိုင်ငံတွေထဲမှာ နယူးဇီလန်ဟာ စစ်တပ်က အာဏာသိမ်းအပြီး မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ဖြတ်ဖို့ လုပ်ခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။

    "ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်အောင် မြန်မာနိုင်ငံဟာ နှစ်နဲ့ချီ ကြိုးစားအားထုတ်ခဲ့ပြီးကာမှ အခုပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်တပ်က ဦးဆောင်လုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် ဒီလိုအခြေအနေ ရောက်ခဲ့ရတာကို တွေ့ရတဲ့အတွက် နယူးဇီလန်အစိုးရအနေနဲ့ အကြီးအကျယ် ယူကြုံးမရ ဖြစ်မိပါတယ်"လို့ ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်က သတင်းထောက်တွေကို ပြောပါတယ်။

    “နယူးဇီလန်အစိုးရဘက်က တတ်နိုင်သမျှ လုပ်ဆောင်သွားမယ် ဆိုတာကို အခိုင်အမာ သတင်းစကား ပါးလိုပါတယ်”

    နယူးဇီလန်အစိုးရ လုပ်ဆောင်မယ့် အရေးယူပိတ်ဆို့မှုတွေထဲမှာ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်ပိတ်ပင်တာမျိုးတွေ ပါမယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန် က ပန်ကြားလိုက်ပါတယ်။

    နယူးဇီလန်၊ မြန်မာ၊ စစ်အာဏာသိမ်း
    Image caption: နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်
  10. မန္တလေး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲ

    မျက်ရည်ယို ဗုံးနဲ့ ဖြိုခွင်း
    Image caption: မျက်ရည်ယို ဗုံးနဲ့ ဖြိုခွင်း
    သစ်တော ဦးစီးဌာန ဝန်ထမ်းတွေ  မန္တလေးဆန္ဒပြမှုမှာ ပါဝင်လာ
    Image caption: သစ်တော ဦးစီးဌာန ဝန်ထမ်းတွေ မန္တလေးဆန္ဒပြမှုမှာ ပါဝင်လာ

    မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေး ရဲတပ်ဖွဲ့က ဒီကနေ့ နေ့လယ်ပိုင်းမှာ ၃၈ လမ်းပေါ်မှာ စတင် ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

    ဆိုင်းဘုတ် ကိုင်ဆောင်ဆန္ဒပြသူတချို့ စတင်ဖမ်းဆီးခံခဲ့ရပြီးနောက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုကြရာက ရဲတပ်ဖွဲ့က ရေပိုက်နဲ့ ထိုးပက် လူစုခွဲခဲ့ပြီး နောက်ပိုင်းမှာ မျက်ရည်ယိုဗုံးတွေ သုံးခဲ့တယ်လို့လည်း သိရပါတယ်။

    မန္တလေး ၃၈လမ်း လူစုခွဲမှုမှာ ဒဏ်ရာရသူတချို့ ရှိခဲ့ပြီး အဲဒီနောက် ဆန္ဒပြသူတွေဟာ မြို့တွင်းကို ဆက်လက်ချီတက်သွားခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

  11. မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အမေရိကန်ရဲ့ ထုတ်ပြန်ချက်

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်

    "ပြည်သူတွေအတွက် ထုတ်ဖော် ပြောဆိုဖို့ ကြိုးစားအားထုတ်နေကြတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ကျွန်တော်တို့ အတူ ရပ်တည်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရ ချက်ချင်း အပြည့်အဝ ပြန်ရပ်တည်နိုင်ရေး တောင်းဆိုနေမှုတွေမှာ ကျွန်တော်တို့လည်း အတူ ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

    ရွေးကောက်ခံအစိုးရကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်၊ သတင်းအချက်အလက်တွေ လွတ်လပ်စွာ ရယူနိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စတာတွေကို တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေကို ကျွန်တော်တို့ ထောက်ခံအားပေးရင်း မြန်မာပြည်သူတွေဘက်က ကျွန်တော်တို့ ရပ်တည်ပါတယ်။

    လူစုလူဝေး လုပ်တာကို ကန့်သတ်တားမြစ်လိုက်ကြောင်း စစ်တပ်က မကြာသေးခင်က ထုတ်ဖော်ကြေညာလိုက်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိပါတယ်။

    အရင်က ကျွန်တော် ပြောခဲ့သလိုပဲ မြန်မာနိုင်ငံတွင်းနဲ့ ကမ္ဘာတဝန်းမှာ ရှိတဲ့ လူပုဂ္ဂိုလ်အယောက်တိုင်းရဲ့ အခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်တွေ အတွက် ကျွန်တော်တို့ အခိုင်အမာ ထောက်ခံ အားပေးနေပါတယ်"

    အမေရိကန်၊ မြန်မာ၊ စစ်အာဏာသိမ်းမှု
    Image caption: အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်
  12. နေပြည်တော် ပစ်ခတ်လူစုခွဲမှု နောက်ဆုံးအခြေအနေ

    နေပြည်တော် သပြေကုန်းအဝိုင်းအနီးက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့သူတွေကို ရဲတပ်ဖွဲ့က ဒီနေ့ မွန်းလွဲ ၁ နာရီခန့်မှာ သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲလိုက်ပါတယ်။

    ရဲတပ်ဖွဲ့ဟာ အစပိုင်းက ရာဘာကျည်တွေနဲ့ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းမှာ ကျည်အစစ်နဲ့ ပစ်ခတ်တာလည်း ရှိနိုင်တယ်လို့ ဒဏ်ရာရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက ဘီဘီစီကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်လူစုခွဲမှုကြောင့် ဒဏ်ရာရသူ ၇ ဦးခန့်ရှိပြီး နှစ်ဦးက စိုးရိမ်ရတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။ ဒဏ်ရာရရှိသူစာရင်း အတိအကျကိုတော့ ဘီဘီစီက စုံစမ်းနေဆဲဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်လို့ ကျည်ထိမှန်သူတွေထဲမှာ သတင်းထောက်တစ်ဦး ပါဝင်သလို အသက် ၂၀ အရွယ် တက္ကသိုလ် ကျောင်းသားတစ်ဦးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် မနက်ပိုင်းကလည်း ရဲတပ်ဖွဲ့က ဆန္ဒပြသူနေတဲ့သူတွေကို ရေပိုက် (Water canons) နဲ့ ထိုးပက်ခဲ့တဲ့အတွက် ဆန္ဒပြသူ လေးဦးထက်မနည်း ဒဏ်ရာ ရခဲ့တာကိုလည်း ဘီဘီစီက မြင်တွေ့ခဲ့ရပါတယ်။ ဒီကနေ့ နေပြည်တော်က ဆန္ဒပြပွဲကို မူးယစ်တပ်ဖွဲ့ဝင် ရဲအုပ်တစ်ဦး လာရောက် ပူးပေါင်း ပါဝင်ခဲ့သလို ရှေ့နေတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ဝန်ထမ်းတွေ၊ ဒေသခံတွေ ပါဝင်လာတာ တွေ့ရပြီး မနေ့ကထက် လူဦးရေ ပိုများတာ တွေ့ရပါတယ်။ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲလိုက်ပြီးတဲ့နောက်မှာတော့ဆန္ဒပြတဲ့သူတွေ လူစုကွဲသွားခဲ့ပါတယ်။

    Naypyitaw protest crash down
    Image caption: သေနတ်ဒဏ်ရာရသူတစ်ဦးကို ပြုစုနေစဉ်
    NPT protest crash down
    Image caption: သေနတ်ဒဏ်ရာရသူတစ်ဦး
  13. နေပြည်တော်မှာ ဆန္ဒပြသူတွေကို သေနတ်နဲ့စပစ်

    နေပြည်တော်မှာဆန္ဒပြလူအုပ်ကို ရဲတွေက သေနတ်နဲ့စတင်ပစ်ခတ်လူစုခွဲနေပြီလို့ ဘီဘီစီသတင်းထောက်က အခု ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီကျော်မှာပြောကြားပါတယ်။ ထပ်မံရရှိတဲ့သတင်းတွေကိုဘီဘီစီက ဆက်လက်တင်ဆက်ပေးပါမယ်။

    Protest
  14. နေပြည်တော်မှာ ရဲအရာရှိတစ်ဦး ဆန္ဒပြသူများနဲ့ ပူးပေါင်း

    နေပြည်တော်မှာ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြနေသူတွေနဲ့အတူ ရဲအရာရှိတစ်ဦး ပူးပေါင်း ပါဝင်လာပါတယ်။ စစ်တပ်ရုံးချုပ် ရှိတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေ တောက်လျှောက်ရှိနေပြီး ဒီနေ့မနက်ပိုင်းမှာ ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့က ရေပိုက်တွေနဲ့ထိုးပက်ပြီး လူစုခွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ မွန်းလွဲပိုင်းအထိ လူအုပ်က ပိုများလာနေပြီး အခုအခါ ဆန္ဒပြသူတွေနဲ့အတူ ရဲတပ်ဖွဲ့အရာရှိတစ်ဦး ပူးပေါင်းလာတာကို တွေ့ရတာ ဖြစ်ပါတယ်။

    Protest
  15. နေပြည်တော်မှာ ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရ

    ပုဒ်မ ၁၄၄ ထုတ်ပြီးနောက် ဆန္ဒပြပွဲတွေအများစု တားဆီးပိတ်ပင်ခံနေရ

    နေပြည်တော်မှာ ဒီနေ့ဖေဖော်ဝါရီ ၉ ရက်မနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေကို လုံခြုံရေးတွေက ရေပိုက်တွေနဲ့ထိုးပက်ခဲ့လို့ ဒဏ်ရာရသူတချို့ရှိနေပါတယ်။

    မနေ့ကလည်း နေပြည်တော် သပြေကုန်းအဝိုင်းအနီးမှာ ပိတ်ဆို့ ဆန္ဒဖော်ထုတ်နေသူတွေကို ရဲတပ်ဖွဲ့တွေက ရေပိုက်နဲ့ထိုးပက်တာကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင် ကုသနေရတယ်လို့ ပြောပါတယ်။ ဒီနေ့မှာလည်း သပြေကုန်းအဝိုင်းမှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က အခုလို ရေပိုက်နဲ့ထိုးပက်ပြီးလူစုခွဲဖို့ကြိုးစားစဉ်မှာ ထိခိုက်ဒဏ်ရာရသူတချို့ ရှိထားပါတယ်။

    ရန်ကုန်မှာလည်း တက္ကသိုလ်ဆရာဆရာမတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆန္ဒပြ တောင်းဆိုနေကြရာမှာ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ရောက်ရှိ ဆန္ဒပြနေကြပါတယ်။ လှည်းတန်းမှာတော့ ခုံးကျော်တံတားအောက်မှာ ဆန္ဒပြသူတွေအပြည့် ဖြစ်နေပြီး အင်းစိန်လမ်းဘက်က လာတဲ့မော်တော်ကားတွေ ပြန်လှည့်ထွက်ခွာသွားသလို တက္ကသိုလ်ရိပ်သာလမ်းဘက်ခြမ်းမှာ လူစုခွဲရာမှာသုံးတဲ့ ရေကား(Water canons) တစ်စီး ရပ်ထားတာကို တွေ့ရတယ်လို့ အဲဒီကိုရောက်နေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

    ကချင်ပြည်နယ် မြစ်ကြီးနား စီတာပူ မနောအားကစာကွင်းမှာလည်း စစ်အာဏာဖီဆန်ရေး ဆန္ဒထုတ်ဖော်ပွဲကို စစ်တပ်က မနက်ပိုင်းမှာ နာရီပိုင်းလောက် ပိတ်ဆို့ တားဆီးထားတာကို တွေ့ရပါတယ်။ ခဏအကြာမှာတော့ပိတ်ဆို့ထားမှုတွေကို ပြန်ဖွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

    Protest
    Image caption: နေပြည်တော်မြင်ကွင်း
    Protest
    Image caption: နေပြည်တော်မြင်ကွင်း
    Protest
    Image caption: မြစ်ကြီးနားမြင်ကွင်း
    Protest
    Image caption: မြစ်ကြီးနားမြင်ကွင်း
    Protest
    Image caption: ရန်ကုန်မြင်ကွင်း
    Protest
    Image caption: ရန်ကုန် အမေရိကန်သံရုံးရှေ့ မြင်ကွင်း
    Protest
    Image caption: ရန်ကုန် အမေရိကန်သံရုံးရှေ့ မြင်ကွင်း
    Protest
    Image caption: မန္တလေးမြင်ကွင်း
  16. လူငါးဦးနဲ့ အထက် ပိုမစုရ အမိန့်ထုတ်ထားပေမယ့် ဆန္ဒပြပွဲတွေအရှိန်ဆက်မြင့်

    ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လူငါးဦးနဲ့အထက် ပိုမစုရ၊ ညမထွက်ရအမိန့်တွေထုတ်ထားပေမယ့် လူစုလူဝေးနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ရန်ကုန်မှာ မြို့နယ်တချို့ကို ဆက်သွယ်သွားလာတဲ့ တံတားတွေကို ပိတ်ထားပေမယ့် မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တချို့ သွားလာဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လမ်းလျှောက်ထွက်ခွာမယ့် ဆန္ဒပြလူအုပ်ကိုတော့ တားမြစ်တာတွေရှိနေပါတယ်။

    ရန်ကုန်မြို့လယ်ခေါင် ဆူးလေနဲ့အနီးတဝိုက်မှာလည်း ဆန္ဒပြသူတွေရောက်ရှိနေပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ စစ်အာဏာရှင်စနစ်အလိုမရှိ စတဲ့တောင်းဆိုကြွေးကြော်သံတွေနဲ့ တောင်းဆိုနေကြပါတယ်။

    အုပ်ချုပ်ရေးမြို့တော်နေပြည်တော်မှာလည်း ဒီမနက်ပိုင်းကစလို့ လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေအရှိန်မြင့်တက်နေပြီး ဆန္ဒပြလူအုပ်ကို ရဲတွေက ရေပိုက်တွေနဲ့ ထိုးပြီးလူစုခွဲနေတာလည်း တွေ့ရပါတယ်။ မနေ့ကလည်း နေပြည်တော်သပြေကုန်းအဝိုင်းမှာ ဆန္ဒပြလူအုပ်ကို အဲဒီလိုရေပိုက်နဲ့ထိုးပြီး လူစုခွဲဖို့ကြိုးပမ်းချိန်မှာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    Protest
    Protest
    Protest
    Protest
    Protest
  17. ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ရန်ကုန်မြို့လယ် မြင်ကွင်းများ

    ရန်ကုန်မှာ လူငါးဦးနဲ့အထက် ပိုမစုရနဲ့ ည ၈နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့လယ် ဆူးလေကိုမြင်တွေ့ရတာဖြစ်ပါတယ်။

    Protest
    Protest
    Protest
  18. ရန်ကုန်မှာ တံတားတချို့ပိတ်

    ရန်ကုန်မှာ လူငါးဦးနဲ့အထက် ပိုမစုရနဲ့ ည ၈နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့နောက် ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်မနက်ပိုင်းကစလို့ တံတားတချို့ကိုပိတ်ထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိရရှိထားတဲ့သတင်းတွေအရ ရွှေပြည်သာ၊ လှိုင်သာယာ၊ သန်လျင်က တံတားတချို့ကို ပိတ်ထားတယ်လို့ သိရပြီး လှိုင်သာယာနဲ့ အင်းစိန်ကိုဆက်သွယ်ထားတဲ့အောင်ဇေယျတံတား၊ သန်လျင်မြို့နယ်က ကုလားဝဲတံတားတို့ကို ပိတ်ထားတယ်လို့ သိရပါတယ်။

    ဒါပေမဲ့ လက်ရှိမှာတချို့တံတားတွေကို ပြန်ဖွင့်ပေးထားတယ်လို့ သိရပါတယ်။

    ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာကို ဆက်သွယ်ထားတဲ့ ဘုရင့်နောင်တံတားကိုလည်း အခုပြန်ဖွင့်ပေးထားတယ်လို့ သိရပါတယ်။ တံတားတွေကိုပိတ်ထားပေမယ့် စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေတော့ ဆက်လက်ပြုလုပ်နေတာကိုတွေ့ရပြီး ရဲတပ်ဖွဲ့က အဲဒီလူအုပ်ကိုတားမြစ်ထားပါတယ်။

    Protest
    Image caption: ရန်ကုန်မြို့တွင်း ဖေဖော်ဝါရီ ၈ ရက်က ဆန္ဒပြမြင်ကွင်း
  19. မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်တယ်လို့ အောင်လပြော

    “လက်ရှိဖြစ်နေတဲ့အခြေအနေမှာ ကျွန်တော်မြန်မာပြည်သူတွေနဲ့အတူ၊ တသားတည်းရပ်တည်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ လုပ်ရမယ့် အရာတွေကို ထိထိရောက်ရောက် အာရုံစိုက်ပြီး ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အန်တီစုနဲ့အတူ ထိန်းသိမ်းခံထားရတဲ့ ပါတီဝင်တွေ အမြန်ဆုံးလွတ်မြောက်ပြီး မြန်မာပြည်သူတွေ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည်ရရှိပါစေလို့လည်း ဆုတောင်းပါနေပါတယ်။”

    View more on facebook
  20. ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ အမေရိကန်ကန်အစိုးရရဲ့ ပန်ကြားချက် ငြင်းပယ်ခံရ

    ဖေဖော်ဝါရီ၁ရက်ဖြစ်ရပ်ဖြစ်ပြီးမကြာခင်မှာပဲအမေရိကန်အစိုးရကဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်သွယ်ခွင့်ရဖို့ကြိုးစားခဲ့တာကိုငြင်းပယ်ခံခဲ့ရတယ်လို့အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နက်ပရိုက်စ်ကပြောပါတယ်။

    ဒီလို ဆက်သွယ်ခွင့်ကို အစိုးရ လုပ်ထုံးလုပ်နည်းတွေနဲ့ရော တခြားနည်းလမ်းတွေနဲ့ပါ လုပ်ခဲ့ပေမဲ့ ဒီဆက်သွယ်ခွင့်ရဖို့ ပန်ကြားချက်တွေကို ငြင်းပယ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    အမေရိကန်က မြန်မာဒီမိုကရေစီအရေးကို ထောက်ခံပြီး ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားသူတွေနဲ့ ရပ်တည်မယ်လို့ ဆိုပါတယ်။

    ၂၀၁၂ မှာ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာရောက်ခဲ့စဥ်
    Image caption: ၂၀၁၂ မှာ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာရောက်ခဲ့စဥ်
စာမျက်နှာ 1 ရဲ့ 2