Got a TV Licence?

You need one to watch live TV on any channel or device, and BBC programmes on iPlayer. It’s the law.

Find out more
I don’t have a TV Licence.

သတင်း တိုက်ရိုက် ပေးပို့ချက်

time_stated_uk

  1. Post update

    တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ အသစ်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တိုက်ရိုက်တင်ဆက်နေတဲ့ စာမျက်နှာသစ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. တနင်္သာရီဝန်ကြီးချုပ် အမှု တရားလိုကို စစစ်

    စစ်ကောင်စီအာဏာသိမ်းပြီးနောက် တရားစွဲခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်အမှုကို ဧပြီလ ၂၁ ရက်နေ့ ရုံးချိန်းမှာ တရားလို စတင်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

    ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမြင့်မောင်အမှုက တရားလိုဖြစ်တဲ့ ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးကို စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

    အခုရုံးချိန်းမှာ တရားလိုစစ်ဆေးမှု မပြီးတဲ့အတွက် နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ရှေ့နေက ပြောပါတယ်။

    ဦးမြင့်မောင်အမှုကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေတာလည်းဖြစ်ပါတယ်။

    နောက်ရုံးချိန်းကို ဧပြီလ ၂၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပြီးအဆိုပါအမှုမှာ လိုပြသက်သေ ၂ ဦးတင်ပြထားပြီး စွပ်စွဲခံရသူဘက်မှ တင်ပြထားခြင်းမရှိသေးကြောင်း လည်းရှေ့နေက ပြောပါတယ်။

    စစ်ကောင်စီအာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်စောစောပိုင်းမှာ ဦးမြင့်မောင်ကို ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာမှာ နေအိမ်အကျယ်ချုပ်နဲ့ဝန်ကြီးများအိမ်ရာကို ပြန်ပို့ခဲ့ပါတယ်။

    အဲ့ဒီနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ -ခ နဲ့ ထားဝယ်မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

    သတင်းနှင့်ဓာတ်ပုံ Dawei Watch

    No tag
  3. လူ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် ကုလအထူးကိုယ်စားလှယ် ထိတ်လန့်တုန်လှုပ်

    မြန်မာစစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ် ဆိုတဲ့ သတင်းကြောင့် အထူး ထိတ်လန့် တုန်လှုပ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က သူ့ရဲ့ တွစ်တာမှာ ဖော်ပြထားပါတယ်။

    စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူ ၇၃၇ ဦးမက သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်း ၃၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    လူသားချင်းဆိုင်ရာ ဘေးဒုက္ခကြီးကို အမြန်ဆုံး တားဆီးဖြေရှင်းကြဖို့ ကမ္ဘာ့နိုင်ငံတွေကို သူက တိုက်တွန်းလိုက်ပါတယ်။

    View more on twitter
  4. စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေးတက်မယ်လို့ ဂျပန်သတင်းဌာန ဖော်ပြ

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စနေနေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့ ဂျပန်သတင်းဌာန Nikkei Asia review သတင်းဌာနက ဖော်ပြပါတယ်။

    စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေးကို သေချာပေါက် တက်ရောက်ပါလိမ့်မယ်လို့ ဖြေကြားကြောင်း အဆိုပါသတင်းကဖော်ပြပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ အာဆီယံအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံပြင်ပကို ထွက်ခွာတာနဲ့ ဖမ်းဆီးသင့်ကြောင်း Global R2P အဖွဲ့က ညွှန်ကြားရေးမှူး ဒေါက်တာ ဆိုင်မွန်အဒမ်က သူ့ရဲ့ တွစ်တာမှာရေးသားခဲ့ပါတယ်။

    အဲဒီနောက် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ တိုက်တွန်းပြောကြားမှုတွေ ရှိလာခဲ့ပြီး ဒါကြောင့် စစ်ကောင်စီဥက္ကဋ္ဌဟာ အာဆီယံထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေသာ တက်ရောက်မယ်လို့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။

    ခုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျာကာတာမှာ ဧပြီ ၂၄ ရက်မှာကျင်းပမယ့် ဒီအစည်းအဝေးကို သေချာပေါက်တက်ရောက်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာ့အရေးဆွေးနွေးမယ့် ဒီထိပ်သီးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ တက်ရောက်မှာမဟုတ်ဘဲ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးသာ စေလွှတ်သွားမှာဖြစ်ပါတယ်။

    Senior General Min Aung Hlaing
  5. ကိုဗစ်ရောဂါပိုး ကူးစက်မှု အသစ်တွေပြန်တွေ့

    ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဇနီးသည်သေဆုံးပြီးမှ ကျန်ရစ်သူ အမျိုးသားကို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးရာမှာ ရောဂါလက္ခဏာ မပြဘဲ ကိုဗစ်ရောဂါပိုးတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

    ဧပြီလ ၂၀ ရက်နေ့ က ကိုဗစ် -၁၉ ရောဂါ သံသယရှိသူ ၉၂၄ ဦးကို စစ်ဆေးခဲ့ရာမှာ ၁၇ ဦးကို ကိုဗစ်ရောဂါ အတည်ပြုလူနာ အဖြစ် အတည်ပြုနိုင်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားကထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက် အတွင်း ချောင်းသာကမ်းခြေကို သွားခဲ့သူ ၄ ဦးလည်း ရောဂါပိုးကူးစက်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

    ကိုဗစ်လက္ခဏာ ရှိတဲ့သူတွေပြန်တွေ့လာရပြီး Fever Clinic တွေ ပြန်ဖွင့်ဖို့လိုတယ်လို့ တာမွေ Fever Clinic တာဝန်ခံ ဆရာဝန်တစ်ဦးကပြောပါတယ်။

    ကိုဗစ်ကုသပေးရာမှာပါဝင်ခဲ့တဲ့ ဆရာဝန်တွေကို အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်ခံထားရပြီး ဆေးရုံအုပ်အချို့ဟာလည်း ဖမ်းဆီးခံထားရပါတယ်။

    ရခိုင်ပြည်နယ်က စတင်ခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်း အတွင်းမြန်မာနိုင်ငံမှာ လူတစ်သိန်းကျော်ကူးစက်ခံရပြီး လူ၃၀၀၀ ကျော်ကိုဗစ်ရောဂါကြောင့်သေဆုံးခဲ့တာရှိပါတယ်။

    ကိုဗစ် ဒုတိယလှိုင်းကာလ ရန်ကုန်မြို့လှိုင်သာယာက စက်ရုံလုပ်ငန်းခွင်ကိုသွားတဲ့လုပ်သားများ
    Image caption: ကိုဗစ် ဒုတိယလှိုင်းကာလ ရန်ကုန်မြို့လှိုင်သာယာက စက်ရုံလုပ်ငန်းခွင်ကိုသွားတဲ့လုပ်သားများ
  6. ယင်းမာပင်မြို့နယ်ထဲမှာ ပစ်ခတ်မှုကြောင့်သေဆုံးသူ ၁၀ ဦးအထိ ရှိလာ၊ရွာသားအချို့ အဖမ်းခံရ

    ဧပြီလ ၂၀ ရက်နေ့ညနေက စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၀ ဦး အထိရှိလာပြီဖြစ်တယ်လို ကပိုင်ရွာဒေသခံတစ်ဦး ကဘီဘီစီကိုပြောပါတယ်။

    သေဆုံးသူတွေရဲ့ အလောင်းတွေကို မျက်လုံးနဲ့မြင်နေရပေမဲ့ သွားမကောက်ရဲသေးကြောင်းနဲ့ စစ်ကောင်စီတပ်တွေဟာ ကပိုင် သီးကုန်း ရွာထဲမှာရှာဖွေမှုတွေ ဒီနေ့မနက် ဧပြီလ ၂၁ ရက်နေ့မှာ ဆက်လုပ်နေတယ်လို့လည်းသူကပြောပါတယ်။

    ဧပြီလ ၂၁ ရက်နေ့ ထပ်မံ အတည်ပြုစိစစ်ချက်အရ သေဆုံးသူတွေထဲမှာ ၁၀ ဦး မှာ ကပိုင် ရွာက ၆ ဦးနဲ့ သီးကုန်းရွာက ၄ ဦးဖြစ်တယ်လို့ပြောပြီး သီးကုန်းရွာက ကိုဘိုဘိုဝင်း ၂၁ နှစ်ကို စစ်ကောင်စီတပ်တွေက ဖမ်းသွားတယ်လို့ လည်း ကပိုင်ဒေသခံကပြောပါတယ်။

    ကပိုင် နဲ့ သီးကုန်းရွာဘက်ကို အခုလိုပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်က နေ့က မုံရွာဆန္ဒပြ ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့ လဲလှယ်ဖို့ဆိုပြီး အရပ်သားတွေဘက်က ဖမ်းဆီးဖို့ကြိုးစားခဲ့တဲ့ ဗိုလ်မှူးဆိုသူရဲ့ ကားကိုမီးရှို့မှုနဲ့ဆက်စပ်သလို အလောင်းတော်ကသာပ တောထဲမှာသစ်ခုတ်မှာ ကိုကာကွယ်ဖို့ တပ်ချထားတဲ့ စစ်သားတွေကို ရွာက ပိတ်ထားတဲ့ အတွက် အခုလို တိုက်ခိုက်တာဖြစ်နိုင်တယ်လို့လည်း ယင်းမာပင်ဒေသခံကပြောပါတယ်။

    ကပိုင် သီးကုန်းရွာထဲမှာတော့ ရွာသားတွေတစ်ဦးမှ မရှိတော့ကြောင်းနဲ့ အဲ့ဒီရွာတွေနဲ့ အနီးအနားရွာတွေလည်းနီးစပ်ရာတောတွေထဲ မှာထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    No tag
  7. ရန်ကုန်နဲ့ ထားဝယ်က blue shirt campaign သပိတ်တွေ ဖြိုခွဲခံရ၊ ဖမ်းဆီးခံရမှုတွေရှိ

    ရန်ကုန်မြို့မှာ လူငယ်တွေ စုပေါင်းပြီး ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၁၁နာရီခွဲ မှာ blue shirt strike campaign ပြုလုပ်ခဲ့ပါတယ်။ အပြာရောင်အင်္ကျီတွေ ဝတ်ဆင်ပြီး အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့အတူ သပိတ်စစ်ကြောင်းကို ၁နာရီခန့်ကြာ ပြုလုပ်ခဲ့တာပါ။

    သပိတ်စစ်ကြောင်းလူစုခွဲပြီးချိန်မှာပဲ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တွေ ရောက်လာပြီး ဆဲဆိုကာ အသံဗုံး ၃ လုံးခွဲပြီးနောက် သပိတ်ပြုလုပ်ခဲ့တဲ့ အနီးဝန်းကျင်က နေအိမ်တွေပေါ်အထိတက်ပြီး လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးကပြောပါတယ်။

    ဒါ့အပြင် ထားဝယ်မှာလည်း ဒီနေ့ မနက်ပိုင်းမှာ အင်္ကျီအပြာရောင်ဆင်တူဝတ်ဆင်ပြီး နေကြာပန်းကိုယ်စီကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နွေဦးတော်လှန်ရေးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့သူများအားလုံး ပြန်လွှတ်ပေးရေး တောင်းဆိုတဲ့သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ၄ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ရန်ကုန်က blue shirt campaign သပိတ်မှာ ၂ဦးဖမ်းခံရ
    Image caption: ရန်ကုန်က blue shirt campaign သပိတ်မှာ ၂ဦးဖမ်းခံရ
    ထားဝယ်  blue shirt campaign သပိတ်မှာ ၄ ဦးခန့်ဖမ်းခံထားရ
    Image caption: ထားဝယ် blue shirt campaign သပိတ်မှာ ၄ ဦးခန့်ဖမ်းခံထားရ
  8. ကိုဝေမိုးနိုင်ကို စွဲထားတဲ့ လူသတ်မှုအတွက် ရုံးချိန်းကို ဧပြီ၂၃ ရက်ကို ပြန်ချိန်း

    သင်္ကြန်အကြတ်နေ့(ဧပြီ ၁၅ ရက်) က ဖမ်းဆီးခံခဲ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ရဲ (၂)ဦး အသတ်ခံရတဲ့အမှုနဲ့ စွပ်စွဲထားပြီး ဒီနေ့ ဧပြီ ၂၁ ရက်မှာ ရုံးချိန်း ချိန်းဆိုထားတာပါ။ ဒါပေမယ့် ဒီနေ့ရုံးချိန်းမှာ တရားစွဲမတင်နိုင်သေးဘဲ ဧပြီ ၂၃ရက်ကို ရုံးချိန်း ထပ်မံချိန်းဆိုခဲ့ပါတယ်။

    "၂၃ ရက်ကို စောင့်ကြည့်ရမယ်။ အဲဒီနေ့အမှုစွဲတင်ဖြစ်ဖို့များတယ်။ ကိုဝေမိုးနိုင်ကိုပါ အမှုနဲ့စွဲတင်နိုင်ခြေရှိတယ်" လို့ ကိုဝေမိုးနိုင်ဘက်က လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက ဘီဘီစီကိုပြောပါတယ်။

    တရားဝင်ရှေ့နေကိုယ်စားလှယ်လွှဲစာမရသေးတာကြောင့် ရှေ့နေအနေနဲ့တရားခွင်မှာ အမှုသည်ကိုယ်စား ရပ်တည်ခွင့်မရသေးဘဲ ဒီနေ့ ရုံးချိန်းကို Video Conferencing စနစ်နဲ့ စစ်ဆေးမှုမှာ ကိုဝေမိုးနိုင် ပါ၊ မပါ မသိရသေးလို့ သူက ဆက်ပြောပါတယ်။

    ရဲ (၂) ဦး အသတ်ခံရတဲ့အမှုအတွက် ကိုဝေမိုးနိုင်အပါအဝင် အယောက် (၄၀)ကျော်ကို ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပြီး ဒီ (၄၀)ကျော်ထဲမှာ တချို့ကို ရဲစခန်းမှာ ထားရှိပြီး တချို့ကတော့ အကျဉ်းထောင်ထဲမှာ ထားရှိတယ်လို့ သိရပါတယ်။

    ဒါ့အပြင် မုံရွာပင်မသပိတ်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့လည်း စစ်ကောင်စီက တရားစွဲထားပါတယ်။

    ဧပြီ ၁၅ ရက်နေ့က ဆိုင်ကယ်သပိတ် ပြုလုပ်နေတဲ့ သပိတ်လမ်းကြောင်းမှာ ပါဝင်တဲ့ ကိုဝေမိုးနိုင်လိုက်ပါလာတဲ့ ဆိုင်ကယ်ကို စစ်ကောင်စီဘက်က ကလူဂါအနက်ရောင်ယာဉ်နဲ့ ဝင်တိုက်ပြီး ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရချိန် ပြင်းပြင်းထန်ထန်ရိုက်နှက်ခံခဲ့ရတယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောကြားပြီး ဖမ်းပြီးနောက်တစ်ရက်အကြာမှာ ဖူးယောင်နေတဲ့ ဒဏ်ရာတွေနဲ့ ကိုဝေမိုးနိုင်ရဲ့ ဓာတ်ပုံတစ်ပုံဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

    ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) အပြင် လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ပါ တရားစွဲဖို့ ကြိုးစားနေပါတယ်။
    Image caption: ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) အပြင် လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ပါ တရားစွဲဖို့ ကြိုးစားနေပါတယ်။
  9. ဆရာဆရာမတွေ အပါအဝင် အခြေခံပညာက လုပ်သား (၁၉) ဦး ဖမ်းဆီးခံထားရ

    ဒေသအသီးသီးက အခြေခံပညာရေးလုပ်သား (၁၉) ဦး ဖမ်းဆီးခံထားရတယ်လို့ အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများဗဟိုကော်မတီက ဘီဘီစီကိုပြောပါတယ်။

    ရန်ကုန်၊ မြောင်းမြ၊ မတ္တရာစတဲ့ မြို့တွေအပြင် အထက်မြန်မာပြည်ကဒေသတချို့ကနေလည်း ပညာရေးဝန်ထမ်းတွေ ဖမ်းဆီးခံရတာပါ။ "အဲ့ဒီထဲကတချို့က ပုဒ်မ ၅၀၅ (က) ၊ (ခ) ပုဒ်မတွေနဲ့ အဆွဲခံထားရပြီ။ တချို့က ချိတ်ဆက် ဆက်သွယ်လို့မရသေးဘူး။

    မနေ့က ၂ယောက်ထပ်ဖမ်းခံရတော့ ၁၉ယောက်ရှိပြီလို့ စာရင်းရထားတယ်" လို့ အခြေခံပညာ၊ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုကော်မတီဝင်တဦးဆီကနေ သိရပါတယ်။

    ဖမ်းဆီးခံရသူတွေထဲမှာ CDM လှုပ်ရှားမှုကြောင့် ဖမ်းခံရတာလည်းပါသလို စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေကို ဦးဆောင်ပါဝင်တာကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

    ဝရမ်းထုတ်ထားသူတွေထဲကလည်း အဖမ်းခံရသလို နာမည်နဲ့ လာရောက်ရှာဖွေအဖမ်းခံရတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတည်းက စစ်ကောင်စီက ဖမ်းဆီးထားသူပေါင်း ၃၃၀၀ ရှိပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၀၂၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေထဲ အစောဆုံးပါဝင်ခဲ့သူတွေထဲမှာ ပညာရေးမိသားစုတွေလည်း ပါဝင်ပါတယ်။
    Image caption: စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေထဲ အစောဆုံးပါဝင်ခဲ့သူတွေထဲမှာ ပညာရေးမိသားစုတွေလည်း ပါဝင်ပါတယ်။
  10. စစ်ကောင်စီ ဖမ်းထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ Blue Shirt campaign နဲ့ တောင်းဆို

    ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေကိုချက်ချင်းပြန်လွှတ်ပေးဖို့ ဒီနေ့မှာ အပြာရောင်အင်္ကျီတွေဝတ်ဆင်ပြီးလက်ဖဝါးမှာ ထိန်းသိမ်းခံရသူတွေရဲ့အမည်တွေကိုရေးသားကာ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒီနေ့ ဧပြီ ၂၁ ရက်မှာ နိုင်ငံတဝန်း ပြုလုပ်နေကြပါတယ်။

    ဒီအပြာရောင်အင်္ကျီဝတ်ပြီး လက်ဖဝါးမှာ အကျဉ်းသားအမည်ရေးထိုးပြီး လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့လှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ထောင်ထဲမှာ အနှစ် ၂၀ ကျော်ကြာ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီဦးဝင်းတင်က စတင်ခဲ့တဲ့ လှုပ်ရှားမှုလို့လည်း လူသိများပါတယ်။

    ဒီနေ့ ဧပြီ ၂၁ ရက်ဟာလည်း ဦးဝင်းတင်ကွယ်လွန်တာ ၇ နှစ် ပြည့်တဲ့နေ့လည်း ဖြစ်ပြီး သူ့ကို ဂုဏ်ပြုသတိရတဲ့အနေနဲ့ ဒီနေ့ ဒီလှုပ်ရှားမှုကို ပြုလုပ်တာလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ်။ နိုင်ငံတဝန်း ဒီနေ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမှာ အပြာရောင်ပါတဲ့အင်္ကျီတွေကို ဝတ်ဆင်ပြီး ချီတက်ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။

    ဟံသာဝတီဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်သလို အကျဉ်းကျနေစဉ် လွတ်ရက်စေ့ကာနီးတွေမှာ စစ်အစိုးရက အကြောင်းပြချက်အမျိုးမျိုးနဲ့ ထောင်ဒဏ်တွေ အကြိမ်ကြိမ်ထပ်တိုးချမှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

    ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဦးဝင်းတင်ဟာ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး သူဟာ အကျဉ်းထောင်တွင်းကနေ ကွယ်လွန်ခဲ့တဲ့အချိန်အထိ အကျဉ်းသားဝတ်စုံဖြစ်တဲ့ အပြာရောင်ရှပ်အင်္ကျီကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်ခဲ့သူလည်း ဖြစ်ပါတယ်။

    Blue Shirt Campaign
    Blue Shirt Campaign
  11. စစ်အာဏာသိမ်းပြီး ၇၉ ရက်အတွင်း သေဆုံးသူ ၇၃၈ ဦးရှိပြီ

    စစ်အာဏာသိမ်းပြီး ၇၉ ရက်အတွင်း သေဆုံးသူ ၇၃၈ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့ ဧပြီ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ပစ်ခတ်မှုကြောင့်သေဆုံးသူ ၂၄၀ ဦးရှိတယ်လို့ ကြေညာထားပါတယ်။ အဲဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်သာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။

    ဆန္ဒပြနေစဉ် ရောဂါနဲ့ သေဆုံးခဲ့သူတွေ ရှိခဲ့ပြီး အဲဒီထဲမှာ နှလုံးရောဂါနဲ့ ၄ ဦး၊ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ တစ်ဦး ပါဝင်တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြကြတဲ့သူတွေဟာ အကြမ်းဖက် နှိမ်နင်းခံခဲ့ကြရပါတယ်။

    စစ်ကောင်စီရဲ့ ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့ရသူများ

    သေဆုံးသူတွေထဲမှာ လူငယ်တွေအများအပြားပါဝင်သလို တချို့က အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေပါ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းက မြို့တွေမှာ ပြည်သူတချို့က လမ်းပေါ်မှာ၊ တချို့က အိမ်ထဲမှာတောင် ပစ်သတ်ခံရတာတွေ ရှိပါတယ်။

    Casualties
  12. မြန်မာအရေး အာဆီယံဆွေးနွေးပွဲကို လုံခြုံရေးကောင်စီ စောင့်ကြည့်နေ

    မြန်မာ အရေး အာဆီယံ ထိပ်သီး အစည်းအ၀ေးကနေ ထွက်ပေါ် လာမယ့် ရလဒ်တွေကို လုံခြုံရေးကောင်စီက စိတ်အားထက်သန်စွာ စောင့်မျှော် နေတယ် ဆိုပြီး ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် မစ္စ လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်ဒ်က ပြောလာပါတယ်။

    ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ ကြား ဘယ်လိုတွေ ပူးပေါင်း ဆောင်ရွက်နေလဲ ဆိုတဲ့အပေါ် ပြောကြဆိုကြတဲ့ လုံခြုံရေး ကောင်စီရဲ့စကား၀ိုင်းမှာ မစ္စသောမတ်စ်-ဂရင်းဖီးလ်ဒ် က အဲဒီလို ပြောခဲ့တာပါ။

    “နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ဆိုင်ရာ ခြိမ်း‌‌ခြောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တာ၀န်ပဲ ဖြစ်ပါတယ်။ မြန်မာအရေးဟာ အရေးတကြီး သဘောထားပြီး ချက်ခြင်း ကိုင်တွယ်ဖို့ လိုပါတယ်။ ဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံ အစည်းအဝေးကနေ ထွက်ပေါ်လာမယ့်ရလဒ်ကို ၊ လုံခြုံရေးကောင်စီ အနေနဲ့ စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်” ဆိုပြီး မစ္စသောမတ်စ်-ဂရင်းဖီးလ်ဒ် ပြောသွားပါတယ်။

    မစ္စ လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်ဒ်
    Image caption: မြန်မာအရေးဟာ အရေးတကြီး သဘောထားပြီး ချက်ခြင်း ကိုင်တွယ်ဖို့လို
  13. NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုရေး နိုင်ငံတကာ ဘာတွေ ထည့်သွင်း စဥ်းစားနေနိုင်လဲ

    NUG ကိုသာ မြန်မာပြည်ရဲ့ တရား၀င် အစိုးရ အဖြစ် အသိအမှတ် ပြုတယ်ဆိုပြီး ပြောလာဖို့ဆိုရင် နိုင်ငံတတကာ အစိုးရတွေ အနေနဲ့ အတော်လေး ခက်ခက်ခဲခဲ ဆုံးဖြတ်ရလိမ့်မယ်လို့ သံတမန်ရေး ဆိုင်ရာ ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲအရ NLD အစိုးရရဲ့ တရား၀င်မှုနဲ့ ၊ အခု ပေါ်ပေါက်လာတဲ့ NUG ဆိုတာ ပြည်သူအများရဲ့ ဆန္ဒကို ကိုယ်စားပြုမှု ဆိုတဲ့ အချက်တွေ အပေါ် အငြင်းပွားဖွယ် မရှိပေမယ့်၊ NUG ကိုသာ တရား၀င် အစိုးရ အဖြစ် အသိအမှတ်ပြု ကြောင်း ကြေညာဖို့ ဆိုတာ တော့ လွယ်ကူမှာ မဟုတ်ဘူး ဆိုပြီး အင်ဒို- ပစိဖိတ် ဒေသ အပေါ် အထူး အာရုံစိုက်တဲ့ အမေရိကန်၊ ၀ါရှင်တန်မြို့ အခြေစိုက် The Diplomat စာစောင်က ရေးပါတယ်။

    NUG ကိုသာ တရား၀င် အစိုးရ အဖြစ် လက်ခံကြောင်း ကြေညာလိုက်တာနဲ့ တပြိုင်နက် အာဏာသိမ်း စစ်ကောင်စီနဲ့ ကြား သံတမန် ဆက်ဆံရေး လမ်းကြောင်း ဆက်ပြီး ဖွင့်ထားနိုင်ဖို့ ခက်လိမ့်မယ်လို့ ဆိုပါတယ်။

    အထူးသဖြင့် မြန်မာ အရေး ထိပ်သီးဆွေးနွေးပွဲ တစ်ရပ် လာမယ့် ရက်ပိုင်း အတွင်း ကျင်းပတော့မယ့် အာဆီယံ နိုင်ငံတွေ အတွက် NUG ကို ထောက်ခံကြောင်း ပြောပြီဆိုရင် စစ်ကောင်စီနဲ့ကြား ဆက်သွယ်ရေးလမ်း၊ ဆွေးနွေးရေးလမ်းတွေ ပိတ်သွားနိုင်တယ်လို့ The Diplomat ရဲ့ အရှေ့တောင် အာရှ ရေးရာ အယ်ဒီတာ စဘက်စ်ရှန်း စထရန်ဂျီယိုက ဆိုပါတယ်။

    မြန်မာအရေးကို ဒေသတွင်း အာဆီယံ အဖွဲ့က ကမကထ လုပ်ပြီး ဆွေးနွေး အဖြေရှာရေး လမ်းကြောင်းကို ဖော်ဆောင် ပေးဖို့ ဆိုတာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း ဆော်ဩ တိုက်တွန်း နေတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

    လုံခြုံရေး ကောင်စီ ဆိုတာ စစ်ရေးအရ အရေးယူမှုတွေ ချမှတ်နိုင်တဲ့ အဖွဲ့ ဖြစ်ပေမယ့်၊ မြန်မာပြည် စစ်အာဏာသိမ်းခံ ရတဲ့ အရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားသမျှ သဘောထား ကြေညာချက်တွေကို ကြည့်ရင် ဆွေးနွေး အဖြေရှာရေး လမ်းကြောင်းကိုပဲ အခုထက်ထိတော့ တိုက်တွန်း နေပါတယ်။

    စစ်ကောင်စီနဲ့ ဆွေးနွေးနိုင်ရေး NUG ကို အသိအမှတ်ပြုကြောင်း ကြေညာဖို့ခက်
    Image caption: စစ်ကောင်စီနဲ့ ဆွေးနွေးနိုင်ရေး NUG ကို အသိအမှတ်ပြုကြောင်း ကြေညာဖို့ခက်
  14. NUG ရဲ့ ရပ်တည်မှုကို ကြိုဆိုတယ်လို့ ယူကေ၀န်ကြီးပြော

    ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ဒီမိုကရေစီ အတွက် ရပ်တည်ချက်ကို ကြိုဆိုတယ်လို့ ဗြိတိန်ရဲ့ အာရှ ဒေသဆိုင်ရာ နိုင်ငံခြားရေး မူ၀ါဒကို အဓိက တာ၀န်ယူထားတဲ့ နိုင်ဂျယ်အဒမ်စ်က ပြောပါတယ်။

    မစ္စတာ အဒမ်စ်ဟာ ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံဖြိုးတိုးတက်ရေးရုံးရဲ့ ၀န်ကြီး ဖြစ်ပါတယ်။

    NUG ရဲ့အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး ဒေါက်တာဆာဆာနဲ့ ဆွေးနွေးခဲ့အပြီး ၀န်ကြီး အဒမ်စ်ဘက်က အခုလို ပြောလာဖြစ်ပါတယ်။

    NUG က သူတို့ ကြားဖြတ် အစိုးရ ဖွဲ့ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့ပြီး သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း အနောက်နိုင်ငံကြီး တချို့ မကြာခင် ပြောလာဖို့ရှိတယ်လို့ ဆိုထားပါတယ်။

    အခု ဗြိတိန်ရဲ့ နိုင်ငံခြားရေး ထိပ်တန်း တာ၀န် ရှိသူတစ်ဦးက NUG အကြောင်း ပြောလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၀န်ကြီး အဒမ်စ် ရဲ့ ပြောဆိုချက်ဟာ “NUG ကိုပဲ မြန်မာပြည်ရဲ့ တရား၀င် အစိုးရ အဖြစ်သတ်မှတ်တယ်၊ စစ်ကောင်စီကို အသိအမှတ် မပြုဘူး” ဆိုတဲ့ စကားလုံးမျိုးတွေ မပါ၀င်ပါဘူး။

    CRPH ရဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ကြိုဆိုတယ်လို့ တော့ ၀န်ကြီး အဒမ်စ်က ဆိုပါတယ်။ NUG ကို ဖွဲ့စည်းကြေညာတာလည်းပဲ CRPH ရဲ့ လုပ်ဆောင်ချက် တစ်ရပ် ဖြစ်ပါတယ်။

    NUG အကြောင်း ဗြိတိန်၀န်ကြီး တိုက်ရိုက် ပြောတဲ့ အထဲ၊ NUG ထဲမှာ တိုင်းရင်းသား ပေါင်းစုံ ပါ၀င်တဲ့ အတွက် ချီးကျုးတယ်ဆိုတဲ့ အချက် ပါ၀င်ပါတယ်။

    နောက်တစ်ချက်အနေနဲ့ NUG အစိုးရကို လေးစားလိုက်နာဖို့နဲ့၊ ဒီမိုကရေစီ လမ်းကြောင်း ပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင် တွေကို ယူကေအစိုးရ ဆက်လက် တိုက်တွန်းသွားမယ်လို့ ဆိုထားပါတယ်။

    နိုင်ဂျယ်အဒမ်စ်
    Image caption: ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံဖြိုးတိုးတက်ရေးရုံးရဲ့ ၀န်ကြီး နိုင်ဂျယ်အဒမ်စ်
  15. ယင်းမာပင် သီးကုန်းရွာအနီး စစ်ကောင်စီတပ်တွေ တပ်စွဲပြီး ရှာဖွေမှုတွေလုပ်နေ

    အလောင်းတော်ကဿပဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေးဘုရား ရာသီလမ်းဖွင့်ပွဲ
    Image caption: ၂၀၁၉ အလောင်းတော်ကဿပဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေးဘုရား ရာသီလမ်းဖွင့်ပွဲ

    ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီး စစ်ကောင်စီတပ်တွေဟာ တပ်စွဲနေပြီး ရွာအတွင်း ဧပြီ ၂၀ ရက် အခုညပိုင်းရှာဖွေမှုတွေလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း သီးကုန်း၊ကပိုင်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုအပြီးမှာ ရွာအနီးတပ်စွဲကာရှာဖွေမှုတွေလုပ်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။

    အခုပစ်ခတ်မှုတွေကြောင့် ရွာသား သေဆုံး ၉ ဦး သေဆုံးခဲ့တယ်လို့ ရွာခံတစ်ဦးက ဘီဘီစီကိုပြောခဲ့ပါတယ်။

    ရွာသားတွေကို ပစ်ခတ်ရာမှာ နယ်ခံတစ်ဦးကိုလမ်းပြအဖြစ်ခေါ်သွားပြီး ဒရုန်းအသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

    ကပိုင် နဲ့ ဝင်းကုန်း‌ကျေးရွာတွေဟာ အလောင်းတော်ကသာပ အနီးကျေးရွာတွေဖြစ်ပြီး မုံရွာကနေ ကားနဲ့ ၂ နာရီကျော် မောင်းရကြောင်း ကပိုင်ရွာ ကျော်တာနဲ့ တောထဲကိုစရောက်တာဖြစ်ပြီး ကပိုင်ဟာ ဆက်သွယ်ရေးခက်ခဲတဲ့တောစပ်က ရွာဖြစ်တယ်လို့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

  16. နိုင်ကျဥ်းဟောင်း ကိုတင်မောင်ဦးအပါအဝင် ၉ဦးကို ဖမ်းသွား

    no tag
    no tag

    နိုင်ငံရေးအကျဥ်းသားဟောင်းအဖွဲ့ ဦးဆောင်ကော်မတီဝင် ကိုတင်မောင်ဦးနဲ့အတူဗဟန်းမြို့နယ် ဗိုလ်စိန်မှန်လမ်းက သူရိန်အလူမီနီယံလုပ်ငန်းပိုင်ရှင် ဒေါ်နီနီခိုင်၊ ဆိုင်ဝန်ထမ်း၇ယောက်တို့ကို ဒီနေ့မနက် ၁၁နာရီကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးကအတည်ပြုပြောကြားပါတယ်။

    "ဆန္ဒပြတဲ့သူတွေကို ဒိုင်းတွေလုပ်ပေးတယ်ဆိုပြီး ဆိုင်ကိုလာရှာကြ တာ၊ အဲ့ဒီဆိုင်ကိုလာရှာတဲ့ အချိန် ကိုတင်မောင်ဦးကလည်း အဲ့ဒီမှာရောက်နေတာ၊ဆိုင်က ဝန်ထမ်းတွေကို ပြဿနာရှာတော့ သူကဝင်ပြောတာကို မင်းကဘာကောင်လဲ၊ မင်းအိမ်ပါ ငါတို့ရှာမယ်ဆိုပြီး ကားနဲ့တစ်ခါတည်းတင်ပြီးခေါ်ချသွားတာ"လို့လည်းသူကပြော ပါတယ်။

    အခုအချိန် ထိဝန်ထမ်းတွေက ဗဟန်းရဲစခန်းမှာရှိနေတယ်လို့သိရပြီးကိုတင်မောင်ဦးနဲ့ မနီနီခိုင်ကိုတော့ ဘယ်ခေါ်သွားမှန်းမသိဘူးလို့ သူက ဘီဘီစီကိုပြောပါတယ်။

  17. ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီးပစ်ခတ်မှု ၉ ဦးသေဆုံး

    no tag
    ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကနီအပိုင် လည်ရှည်ရွာမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်တွေသုံးခဲ့တဲ့ကျည်ခွံတွေ
    Image caption: ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကနီအပိုင် လည်ရှည်ရွာမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်တွေသုံးခဲ့တဲ့ကျည်ခွံတွေ

    ယင်းမာပင်မြို့နယ် သီးကုန်းရွာအနီး ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်တွေလက်နက်ကြီးနဲ့ လာရောက် ပစ်ခတ်မှုကြောင့် ရွာသား ၉ဦး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ နယ်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဧပြီလ ၂၀ ရက်နေ့ ညနေ ၅ နာ ရီခွဲကနေ ၆ နာရီခွဲ ခန့် အထိ မြေပြင်မှာထောင်ပစ်တဲ့ စိန်ပြောင်းတွေနဲ့ ရွာကိုပစ်ခတ်ခဲ့တာဖြစ်ပြီး သစ်ရာပင်နဲ့ သီးကုန်းလမ်းခွဲ အကြားက ကပိုင်ရွာကို ပစ်ခတ်တာလို့လည်းသူကပြောပါတယ်။

    လက်နက်ကြီးနဲ့ အချက်ပေါင်း ၅၀ ထက်မနည်း ပစ်ခတ်သွားတယ်လို့လည်း ရွာခံတွေကပြောပါတယ်။

    သေဆုံးသူ ၉ ဦးဟာ အမျိုးသားတွေဖြစ်ပြီးတော့ သီးကုန်းရွာသား ၄ ဦး ၊ကြိုပင် ရွာသား ၂ ဦး၊ မိုးကောင်းရွာသား ၃ ဦးဖြစ်ပြီးတော့ အလောင်းတွေ အားလုံးရရှိထားတယ်လို့လည်း သူကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ စစ်ကား ၁၃ စီး ၊စစ်သား အင်အား ၂၀၀ ခန့်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ အခုလိုပစ်ခတ်မှု ကြောင့် သီးကုန်း ကပိုင် ဝင်းကုန်း စတဲ့ ရွာတွေအပါအဝင် ရွာပေါင်း ၁၂ ရွာလောက်လူတွေ ရွာတွေကနေ ထွက်ပြေးနေရကြောင်း လည်းရွာခံတွေကပြောပါတယ်။

    "ပြောက်ကျားပဲသွားတော့မယ်"ဆိုတဲ့ကနီ နယ်သားတွေ

  18. ထားဝယ် တပ်ပေါင်းစု ဆန္ဒပြ

    ထားဝယ်မြို့မှာ ဒီကနေ့ အပူချိန် ၄၀ ဒီဂရီ ထိရှိနေပေမယ့် အင်ဂျင်နီယာ၊ နည်းပညာကျောင်းသား၊ ဆရာ၊ ဆရာမတွေနဲ့ ထားဝယ်မြို့ခံတွေ ပါဝင်တဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

    ထားဝယ် တပ်ပေါင်းစု ဆန္ဒပြ
    ထားဝယ် တပ်ပေါင်းစု ဆန္ဒပြ
  19. အေတီအမ် ကတ် အချို့ တစ်ရက်ကို တစ်သိန်းခွဲသာ ထုတ်နိုင်

    ဧပြီလဆန်းက မြန်မာ ပလာဇာမှာ အေတီအမ်က ‌‌ငွေထုတ်ဖို့ တန်းစီနေကြစဉ်
    Image caption: ဧပြီလဆန်းက မြန်မာ ပလာဇာမှာ အေတီအမ်က ‌‌ငွေထုတ်ဖို့ တန်းစီနေကြစဉ်

    သင်္ကြန်ရုံးပိတ်ရက်အပြီးပြန်ဖွင့်တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်တဲ့ အေဂျီဒီဘဏ် အေတီအမ်ကနေ တစ်ရက်ကို ကျပ်တစ်သိန်းခွဲထုတ်နိုင်တယ်လို့ကြေညာခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကောင်စီ ဗဟိုဘဏ်တာဝန်ရှိသူတွေက တစ်ရက်ကိုအေတီအမ်ကနေ ငါးသိန်းအထိ ထုတ်နိုင်တယ်လို့ပြောခဲ့ပေမဲ့ လက်တွေ့မှာ တော့ ဘဏ်အချို့က နှစ်သိန်း သုံးသိန်းစသဖြင့်သာ ထုတ်ယူခွင့် ပြုနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    ဒီလိုလုပ်ရတာ ပုဂ္ဂလိကဘဏ်တွေတောင့်ခံနိုင်အောင်လုပ်ရတာ လို့လည်း ပုဂ္ဂလိကဘဏ် ဝန်ထမ်းတစ်ဦးကပြောပါတယ်။

    ငွေလေးသိန်းလောက်ထုတ်ဖို့ နာရီနဲ့ချီပြီးတန်းစီနေရပြီး မိုဘိုင်းအင်တာနက်တွေဖြတ်ထားတဲ့ အတွက် အရောင်းအဝယ်လုပ်ရမှာ ‌‌‌ငွေလက်ငင်းချေဖို့ကို အားကိုးနေရတယ်လို့ပြောပါတယ်။

    ငွေအပိုယူပြီး ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုသစ် ပေါ်နေ

  20. NUG အစိုးရသစ်ကို မတရားအသင်းလို့ စစ်ကောင်စီ ကြေညာ

    အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အဲဒီမှာ ပါဝင်သူတွေဟာ မတရားအသင်းနဲ့ မတရားအသင်းမှာပါဝင်သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီ မီဒီယာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ကြေညာပါတယ်။

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ် မတ်လ ကတည်းက ကြေညာထားပြီးဖြစ်လို့ CRPH က ဖွဲ့စည်းတဲ့ NUG ကို အဲဒီလို သတ်မှတ်တာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဆိုပါတယ်။

    CRPH ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီးဖြစ်ပြီး စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုတာမရှိဘူးလို့လည်း ပြောဆိုထားပါတယ်။

    NUG အစိုးရသစ်ကို ဧပြီလ ၁၆ ရက် မှာ စတင်ဖွဲ့စည်းခဲ့ပြီး နောက်တစ်နေ့မှာ အစိုးရအဖွဲ့ရဲ့ ပထမဆုံး အွန်လိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။

    NUG
စာမျက်နှာ 1 ရဲ့ 18