Got a TV Licence?

You need one to watch live TV on any channel or device, and BBC programmes on iPlayer. It’s the law.

Find out more
I don’t have a TV Licence.

သတင်း တိုက်ရိုက် ပေးပို့ချက်

time_stated_uk

  1. Post update

    တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်မယ့် စာမျက်နှာသစ်မှာ လာရောက်ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီရဲ့ သတင်းတွေကို လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. မြန်မာနိုင်ငံကနေ စင်္ကာပူနိုင်ငံ သွားမယ့်သူတွေ ကိုဗစ်ကင်းရှင်းကြောင်း စာပြဖို့လို

    မြန်မာနိုင်ငံကနေ စင်္ကာပူနိုင်ငံထဲ သွားရောက်မယ့်သူတွေ ဒါမှမဟုတ် စင်္ကာပူမှာ လေယာဉ်ခရီးစဉ် တစ်ထောက် နားမယ့်သူတွေအနေနဲ့ ကိုဗစ် ရောဂါပိုး ကင်းရှင်းကြောင်း ခရီးမသွားခင် ၇၂ နာရီအတွင်း စစ်ဆေးထားတဲ့ စာ ပြဖို့ လိုမယ်လို့ စင်္ကာပူလေကြောင်းလိုင်းက ကြေညာထားပါတယ်။

    မြန်မာနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ် ၃ မျိုး ကူးစက်ခံထားရသူ ၁၁ ဦးကို စစ်ဆေးတွေ့ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ အဲဒီ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ်တွေထဲက Alpha နဲ့ Delta ဗီဇပြောင်းပိုးသစ်တွေဟာ ရောဂါပိုး ကူးစက်နိုင်မှုနဲ့ ထပ်မံကူးစက်ပျံ့နှံ့နိုင်မှုပိုမိုမြင့်မားပြီး ဆေးရုံတက်ရောက်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေ မြင့်တက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။

    ရန်ကုန်မြို့အခြေစိုက် သြစတြေးလျသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း မြန်မာနိုင်ငံကနေ သြစတြေးလျနိုင်ငံကို စင်္ကာပူလေကြောင်းပိုင် လေယာဉ်နဲ့ စင်္ကာပူနိုင်ငံကနေတဆင့် သွားမယ့်သူတွေအနေနဲ့ ကိုဗစ်ကင်းရှင်းကြောင်း အထောက်အထားစာတွေ အပြည့်အစုံ ယူသွားကြဖို့ တိုက်တွန်းထားပါတယ်။

    စင်္ကာပူ၊ မြန်မာ၊ ကိုဗစ်
    Image caption: စင်္ကာပူ လေဆိပ်
  3. တရုတ်နိုင်ငံထဲ လမ်းကြောင်းသစ်က ဆန်တင်ပို့

    နယ်စပ်ကုန်သွယ်ရေးကတဆင့် တရုတ်နိုင်ငံထဲ ဆန်နဲ့ဆန်ကွဲတင်ပို့သူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ဂိတ်တွေအပြင် ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်ကတဆင့် လည်း တရုတ်နိုင်ငံထဲ လမ်းကြောင်းပြောင်းလဲတင်ပို့နေရတယ်လို့ကုန်သည်တွေကပြောပါတယ် ဇွန်လဆန်းပိုင်းကစလို့ တရုတ်နိုင်ငံထဲ ဆန်တင်ပို့သူတွေဟာ မန္တလေးကနေ ဗန်းမော်ကို သင်္ဘောနဲ့တင်ပို့ပြီး ဗန်းမော်ကနေ ၅၇ မိုင်သာကွာဝေးတဲ့ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ လွယ်ဂျယ်ဂိတ်ကို ကားနဲ့တင်ပို့ရောင်းချလာကြတာပါ။

    “ မန္တလေး မူဆယ် ဝမ်တိန်ခရီးစဉ်က တလလောက်ကြာတယ်။ မန္တလေး ဗန်းမော် လွယ်ဂျယ်ခရီးစဉ်က ၁၀ ရက်လောက်ပဲကြာတယ်။ နောက်တခါ မန္တလေး မူဆယ် ဝမ်တိန်ခရီးစဉ်က ဆန်တို့ ဆန်ကွဲတို့ရဲ့တန်ဆာခက တစ်ပိဿာကို ၂၄၀ ( ကျပ် ) ရှိတယ်။ ကျွန်တော်တို့မန္တလေး ဗန်းမော်လွယ်ဂျယ်ခရီးစဉ်က တန်ဆာခက တပိဿာ ၁၀၀ ( ကျပ် ) လောက်ပဲရှိတယ်” လို့ ဆန်ကုန်သည် ဦးမင်းသိန်းက ဆိုပါတယ်။

    လက်ရှိမှာတော့ မန္တလေး ဗန်းမော်လွယ်ဂျယ်လမ်းကနေ တရုတ်နိုင်ငံထဲကိုတနေ့ကိုဆန်နဲ့ဆန်ကွဲအိတ် ရေ ၂ သောင်းလောက် တင်ပို့နေရတယ်လို့လဲသူကဆိုပါတယ်။ တရုတ်နိုင်ဖက်ခြမ်းက ဝယ်လို အားများနေတဲ့အတွက်ဆန်နဲ့ဆန်ကွဲဈေးဟာလဲ အရင်နှစ်တွေကထက် ဈေး ပိုရနေတဲ့အတွက်လဲကုန်သည်တွေက လမ်းကြောင်းသစ်ရှာပြီးတရုတ်နိုင်ငံထဲတင်ပို့ရောင်းချနေကြတာပါ။

    တရုတ်နိုင်ငံဖက်ခြမ်းက သတ်မှတ်လိုက်တဲ့ကိုဗစ်စည်းကမ်းတွေကြောင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံရဲ့ အဓိက ဂိတ်တွေပိတ်ခဲ့ရပြီး ဝမ်တိန်ဂိတ်တခုသာဖွင့်ပေးထားတဲ့အတွက် ကုန်ပစ္စည်းတင်ပို့တဲ့အခါ ကြန့်ကြာမူ့တွေဖြစ်လာခဲ့တာပါ။ အဲဒီလို ကြန့်ကြာမူ့တွေရှိနေတဲ့အတွက် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဟာလဲ ပြီးခဲ့တဲ့နှစ် ကာလတူအချိန်နဲ့နှိုင်းယှဉ်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့လဲကုန်သည်တွေကပြောပါတယ်။

    Rice
  4. တနင်္သာရီတိုင်းအတွင်း ကျေးရွာအချို့စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်တွေပြုလုပ်

    View more on facebook
  5. မင်းတပ်စစ်ရှောင်တွေ ကျန်းမာရေးထိခိုက်မှုတွေရှိနေပြီး ရိက္ခာပြတ်လပ်မှုနဲ့ရင်ဆိုင်နေရ

    မင်းတပ်ကစစ်ဘေးရှောင်တွေကျန်းမာရေးထိခိုက်မှုတွေရှိနေပြီး ရိက္ခာပြတ်လပ်မှုလည်းရင်ဆိုင်နေရပြီလို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ဇွန်လ ၁၆ ရက်နေ့ကပြောပါတယ်။

    မင်းတပ်စစ်ဘေးရှောင်တွေအနေနဲ့ လက်ရှိ စစ်ဘေးရှောင်စခန်းတွေထဲမှာ စုစည်းနေနိုင်တဲ့ အနေထားမရှိတော့ဘဲ ဘေးလွတ်ရာတောတွေထဲကို တိမ်းရှောင်နေရပြီး ရိက္ခာပို့ရာလမ်းကြောင်းတွေလည်း ပိတ်ဆို့ခံထားရတယ်လို့ သိရပါတယ်။

    " တော်တော်ဆိုးနေတာကပြီးခဲ့တဲ့မုန်တိုင်းမှာမိုးရွာတော့ စိမ့်ရေစမ်းရေတွေလည်း နောက်ကျိကုန်တော့ ကလေးတွေ ဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေတယ်။ ဖျားတာနာတွေလည်းဖြစ်နေတယ်။ စားနပ်ရိက္ခာပို့ဖို့ လမ်းကြောင်းရှိသမျှကို အကုန်ပိတ်ထားတော့ ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ အစားသောက်ပိုင်းလည်း တော်တော်ခက်နေတယ်။ အဓိက မကွေးတိုင်း၊ ပခုက္ကူဘက်နေ ရိက္ခာပို့ပေးနေတာဆိုတော့ လမ်းတွေမှာ တင်းတင်းကျပ်ကျပ် ပစ္စည်းဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်တော်တော်လေး ခက်နေတယ်။ ချင်းပြည်နယ်မင်းတပ်ဘက်ကို တက်ဖို့အဝင်ပေါက်တွေကိုစစ်ကောင်စီက ပိတ်ထားတဲ့အတွက်တော်တော်လေးခက်နေပါတယ် "လို့ စစ်ဘေးရှောင်တွေကိုကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံအဖွဲ့အစည်းတွေက ဘီဘီစီကိုပြောပါတယ် ။

    လက်ရှိမှာ မင်းတပ်မြို့အနီးနားမှာ ကိုဗစ်ရောဂါအစုလိုက်အပြုံလိုက်ဖြစ်ပွားနေတဲ့အပြင် စစ်ဘေးရှောင်စခန်းတွေထဲမှာပါ နာမကျန်းဖြစ်သူတွေများပြားလာတာကြောင့် လူစုလူဝေးနေတဲ့ ရွှေ့ပြောင်းနေရတဲ့စစ်ရှောင်တွေအတွက် စိုးရိမ်စရာကောင်းတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ် ။ လက်ရှိမှာ မင်းတပ်အနီးတဝိုက် စစ်ရှောင်ဦးရေ လေးသောင်းကျော်လောက်ရှိလာတဲ့အပြင် စစ်ရှောင်ဖို့ နေရာဒေသပိုပြီးကျဉ်းမြောင်းလာတွေ၊ စစ်ရှောင်တွေရဲ့အခက်ခဲတွေကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီနဲ့နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်နားထားတယ်လို့တရားဝင်ကြေညာထုတ်ပြန်ထားပါတယ် ။

    အခုလို ဒေသခံတပ်ဖွဲ့တွေနဲ့ပစ်ခတ်မူတွေအပေါ် စစ်ကောင်စီဘက်က လတ်တလော သတင်းထုတ်ပြန်ထားတာမရှိပေမယ့် မင်းတပ်မြို့နဲ့မြို့ဝင်ရာလမ်းကြောင်း အားလုံး ကိုတော့ ပိတ်ဆို့တပ်စွဲထားတုန်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    Min Dat,Chin
  6. ကျောက်တန်းမြို့နယ်ဒုတိယပညာရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

    းရန်ကုန်၊ ကျောက်တန်းမြို့နယ် ဒုတိယပညာရေးမှူး ဦးအေးထွန်း ဟာ ဒီကနေ့ မနက်ပိုင်းက ကျောက်တန်းမြို့ အထက (၁) နဲ့ စာတိုက်ရုံးကြားမှာ သေနတ် နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ အဲဒီအနီးနေထိုင်သူတွေက အတည်ပြုပါတယ်။ လက်ရှိမှာတော့ ဖြစ်စဉ်ဖြစ်ပွားတဲ့ အဲဒီအနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ရဲတွေ က ပိတ်ဆို့စစ်ဆေးရှာဖွေတာတွေလုပ်နေတယ်လို့ သိရပါတယ်။

    Kyauk Tan, Yangon
  7. လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးသေနတ်ပစ်ခံသေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

    လှိုင်သာယာမြို့နယ် အမှတ် (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦး ဒီကနေ့ ဇွန် ၁၆ရက် မနက်ပိုင်းက သေနတ်ပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ အဲဒီနားနေထိုင်သူတွေကပြောပါတယ်။

    လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခဲ့တာလို့ ဆိုပါတယ်။ သေနတ်နဲ့ပစ်ခတ်သူက ထွက်ပြေးလွတ်မြောက်သွားပြီး အဲဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာတော့ လှိုင်သာယာမြို့နယ်က မြို့ဝင် မြို့ထွက် နေရာအနှံ့အပြား၊ ကား ၊ ဆိုင်ကယ်နဲ့ စက်ဘီးတွေပါမကျန်စစ်ဆေးနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း၎င်းအုပ်ချုပ် ရေးမှူးရဲ့နေအိမ် ယုဝတီပရိဘောဂဆိုင်ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပြီး အထိအခိုက်မရှိခဲ့ဘဲ အခုအကြိမ်မှာတော့ သေနတ်ပစ်ခံပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

    သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်ကောင်စီလက်အောက်ကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးတစ်ယောက်လည်းဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတာ သုံးလပြည့်သွားပြီဖြစ်တဲ့ လိူင်သာယာမြိုနယ်ထဲမှာ ညဘက်စစ်ဆေးမှုတွေ ၊ နေ့ခင်းဘက် ဆိုင်ကယ်စီးလို့ဖမ်းဆီးမှုတွေဆက်တိုက်ဖြစ်နေပြီးဒီနေ့အုပ်ချုပ်ရေးမှူးသေဆုံးတဲ့ဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှာတော့ ပိုပြီးတင်းကျပ်တဲ့ စစ်ဆေးဖမ်းဆီးမှုတွေဖြစ်လာနိုင်တယ်လို့လှိုင်သာယာဒေသခံတွေက ပြောဆိုနေကြပါတယ်။

    Hlaing Thar Yar
  8. ပေါက် ကင်းမရွာတစ်ရွာလုံးမီးလောင်ကျွမ်း

    စစ်ကောင်စီတပ်တွေရဲ့မနေ့က ဇွန် ၁၅ ရက် ညနေပိုင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒီကနေ့ မနက်ပိုင်း ဇွန် ၁၆ ရက်မှာတော့ မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့ ကင်းမရွာတစ်ရွာလုံးမီးလောင်ပြင်ဖြစ်ခဲ့ တယ်လို့ဒေသခံရွာသားတွေကထွက်ပြေးတိမ်းရှောင် နေရတဲ့နေရာတွေကနေဘီဘီစီကိုပြောပါတယ်။

    မနေ့က ဇွန်လ ၁၅ ရက် မနက်ပိုင်း ၁၁နာရီကျော်လောက်က ကင်းမရွာ အရှေ့ဘက်ခြမ်း ရွှေဂူဘက်မှာ ဒေသခံပြောက်ကျား ကာကွယ် ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

    တိုက်ပွဲအတွင်း ပြောက်ကျားတပ်ဖွဲ့ကနောက်ဆုတ်သွားပြီး အချိန်မှာတော့ ကင်းမရွာအတွင်း စစ်ကောင်စီတပ်တွေဘက်ကလိုက်လံပစ်ခတ် တဲ့အပြင် ရွာကိုလည်း မီးရှို့ဖျက် ဆီးတာတွေလုပ်တယ်လို့ ဒေသခံတွေထံကဆက် သွယ် ပြောကြားပါတယ်။

    ကင်းမရွာဟာ အိမ်ခြေ ၂၅၀ ခန့်နဲ့လူဦးရေ ၁၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးစစ်ကောင်စီဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။ ဘီဘီစီမြန်မာပိုင်း

    ပေါက် ကင်းမရွာတစ်ရွာလုံးမီးလောင်ကျွမ်း
    Image caption: ပေါက် ကင်းမရွာတစ်ရွာလုံးမီးလောင်ကျွမ်း
  9. မြစ်ကြီးနားဂျာနယ် သတင်းထောက်အမှုလိုက်တဲ့ရှေ့နေ အဖမ်းခံရ

    မြစ်ကြီးနားဂျာနယ်က သတင်းထောက်တွေရဲ့အမှုတွေအပါအဝင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင် အမှုတွေကိုလိုက်ပါအကျိူုးဆောင်ပေးနေတဲ့ ရှေ့နေဦးသက်ထွန်းဦးဖမ်းခံလိုက်ရပါတယ်။

    ဘာကြောင့် ဖမ်းဆီးခံထားရတယ်ဆိုတာတော့ မသိရသေးပါဘူး။

    အမှုကိုလိုက်ပါဆောင်ရွက်ဖို့ကြိုးစားဆဲမှာ အခုလို ရှေ့နေ ဖမ်းဆီးခံရတဲ့အတွက် စိုးရိမ်နေရကြောင်း ရှေ့နေ ဦးသက်ထွန်းဦး လိုက်ပါဆောင်ရွက်ပေးနေတဲ့ သတင်းထောက်တစ်ဦးရဲ့မိခင်က ပြောပါတယ်။

    အခုကတော့ နောက်ထပ်ရှေ့နေတစ်ယောက်က လိုက်လံ အကျိုးဆောင်ပေးနေတာကြောင့် စိတ်သက်သာရာရတယ်လို့ပြောပါတယ်။

    မြစ်ကြီးနား ဂျာနယ် သတင်းထောက်ဟောင်းဖြစ်တဲ့ အဂျေရဲ့မိခင်က ၂လကျော်ကြာအောင် ထောင်ထဲမှာရှိနေတဲ့သားကို မတွေ့ရသေးဘူးလို့ပြောပါတယ်။

    ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာတော့ မြစ်ကြီးနားဂျာနယ်က သတင်းထောက်၃ယောက်ကိုထောင်ထဲမှာထိန်းသိမ်းထားတာဆိုရင် ၂လကျော်ကြာခဲ့ပြီးဖြစ်ပါတယ်။

  10. အိန္ဒိယကိုဗစ်ဗီဇပြောင်းပိုး အပါအဝင် ပိုးသစ် ၃ မျိုး မြန်မာပြည်မှာတွေ့

    အိန္ဒိယကိုဗစ်ဗီဇပြောင်း အပါအဝင် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှာတွေ့ရှိတဲ့ ဗီဇပြောင်းပိုးတွေ့သူ ၁၁ ဦးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်သွားပါတယ်။

    ဓာတ်ခွဲစစ်ဆေးချက်အဖြေ ကိုဗစ် -၁၉ မျိုးရိုးဗီဇ ပြောင်းလဲသောပိုးတွေ့ရှိသူ (၁၁)ဦးရှိပြီး ကလေးမြို့က(၁)ဦး၊ မြိတ်မြို့က(၃)ဦး၊ မန္တလေးမြို့က(၄)ဦး၊ တမူးမြို့က(၂)ဦး၊ ရန်ကုန်မြို့က ပြည်ပပြန်(၁)ဦး တွေ့ရှိတယ်လို့ပြောပါတယ်။

    စစ်ဆေးချက်များအရ မျိုးရိုးဗီဇပြောင်းလဲတဲ့ အဆိုပါပိုးတွေဟာရောဂါပိုးကူးစက်နိုင်မှုနဲ့ ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားကြောင်း တွေ့ရှိရပြီး ရောဂါပြင်းထန်မှုအနေနဲ့ ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှုရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သုံးသပ်ထားပါတယ်။

    ဒါ့အပြင် ကိုဗစ် -၁၉ ကာကွယ်ဆေးများအပေါ်မှာ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး အချို့သောကာကွယ် ဆေးတွေရဲ့ အကျိုးအာနိသင် အားအနည်းငယ် လျော့နည်းနိုင်တယ်လို့လည်းပြောပါတယ်။

    no tag
  11. မိတ္ထီလာမြို့မှာ ညမထွက်ရအမိန့်ထုတ်

    မိတ္ထီလာမြို့နယ်မှာ မနေ့က ဇွန်လ ၁၄ ရက်နေ့က စတင်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လုက်ပါတယ်။

    မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာ ဇွန်လ ၁၄ ရက်နေ့ ကနေ သြဂုတ်လ ၁၃ ရက်နေ့ အထိ နှစ်လကြာကာလအတွင်း ည ၈ နာရီကနေ မနက် ၄ နာရီအချိန်အတွင်း ညမထွက်ရ လို့ ဖော်ပြထားပါတယ်။

    မိတ္ထီလာ မြို့နယ် နယ်နိမိတ်အတွင်းမှာ အများပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေသူတွေ ရှိတာတွေ့ရတယ်လို့ လည်း ဇွန်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့် ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

    မိတ္ထီလာ မြို့နယ် အတွင်း လမ်းမကြီးတွေနဲ့ အများပြည်သူ သွားလာရာ လမ်းတွေပေါ်မှာ လူ ၅ ယောက်ထက်ပိုပြီး စုဝေးခွင့်ကိုလည်း ဒီအမိန့်အရ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

    အမိန့်စတင် အကျိုးသက်ရောက်တဲ့ ဇွန်လ ၁၄ ရက်နေ့ ညမှာပဲ အောင်ဆန်းမြို့သစ်ရပ်ကွက်ဖက်မှာ ည ၈ နာရီ ခွဲကျော်လောက်က အပြင်ထွက်တဲ့ ဆိုင်ကယ်တစ်စီးကို စစ်သားတွေက တားဆီးတာ ရပ်မပေးလို့ဆိုပြီး ပစ်ခတ်တဲ့ သေနတ်သံ အနည်းဆုံး ၇ ချက်လောက် ကြားခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    no tag
  12. ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ပျက်စေမှု တရားလိုတွေကို စစစ်

    စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပုဒ်မ ၆ ခု၊ အမှု ၇ မှုနဲ့ တရားစွဲ ခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု၃ မှုက တရားလိုတွေကို ဇွန်လ ၁၄ ရက်က ပထမဆုံး စတင် စစ်ဆေးခဲ့ပြီး ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာ ကျန်အမှု ၂ မှုက တရားလိုတွေကို နေပြည်တော်က အထူးတရားရုံးမှာ ‌ဆက်လက်စစ်ဆေးခဲ့ပါတယ်။

    တရားခွင်ကို မနက် ၁၀ နာရီမှ စတင်ပြီး နေ့လယ် ၁၂ နာရီမှာ ထမင်းစားနားကာ နေ့လယ်တစ်နာရီပြန်စပြီး ညနေပိုင်း ၃ နာရီအကျော်ထိ ဆက်စစ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဒီကနေ့ တရားလို ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေနဲ့ ဦးထွန်းထွန်းအောင် ခေါ် ဦးညီညီတို့ကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့် ၊ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားခဲ့တာ ဖြစ်ပါတယ်။

    ဦးထွန်းထွန်းအောင် ခေါ် ဦးညီညီကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ နဲ့တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။

    နောက်တစ်ပတ်မှာတော့ ဒီအမှုက တရားစွဲဆိုထားတဲ့ တရားလိုတွေကို အပြန်အလှန်စစ်မေးမှုတွေ လုပ်ဖို့ရှိတယ်လို့လည်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကောင်းပေမဲ့ တရားခွင်စစ်ဆေးမှု အချိန်ကြာတဲ့ အပေါ်သူတို့ရဲ့ ကျန်းမာရေးကို စိုးရိမ်မှုတွေရှိတယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုတွေ စတင်စစ်ဆေး

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဒေါ်မင်းမင်းစိုး
    Image caption: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဒေါ်မင်းမင်းစိုး
  13. ပေါက်မြို့နယ် ကင်းမရွာ မီးရှို့ခံရ

    မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းက ကင်းမကျေးရွာမှာ ဇွန်လ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ပစ်ခတ်မှုတွေအပြီးမှာ ရွာက နေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ရွာက ဒေသခံ အများစုက ကျေးရွာအပြင်တိမ်းရှောင်နေကြပြီး ရွာနဲ့တစ်မိုင်လောက် အကွာကနေ မီးတောက်တွေကို တွေ့မြင်နေရတယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။

    ကင်းမရွာမှာ လူနေအိမ်ခြေ ၂၄၀ ကျော်ရှိပြီး ညနေ ၄ နာရီခွဲခန့်ထိ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်းရွာက အသက်ကြီးသူနဲ့ မပြေးနိုင်သူတွေအတွက်စိုးရိမ်စရာဖြစ်တယ်လို့ သူကပြောပါတယ်။

    ပြီးခဲ့တဲ့ ၅ ရက်လောက်က အင်းမမှာ ဒေသခံ PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ ရွာကို ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းရောက်လာပြီး အခုလို မီးရှို့ခံရတာလို့လည်းသူ ကပြောပါတယ်။

    ကင်းမရွာဟာ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် ကိုဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

    ပေါက်မြို့နယ် ကင်းမရွာ
    Image caption: ပေါက်မြို့နယ် ကင်းမရွာ
  14. ဒီပဲယင်းတိုက်ပွဲ PDF တစ်ဦးသေဆုံး၊ဒေသခံများထွက်ပြေး

    စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသ PDFတို့ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာမှာ PDF ဘက်က လူငယ်တစ်ဦးသေဆုံးပြီး ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီပြီးထွက်ပြေးရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

    ကြည်ရွာနဲ့ အင်ပင်-ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ မိသားစုဝင် ၃ဦး သတ်ဖြတ်ခံရပြီးနောက် အခုလို တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ဒါ့အပြင် တစ်ဦး ဒဏ်ရာ ရခဲ့ပြီး ၃ ဦး အဖမ်းခံခဲ့ ရတယ်လို့လည်း သူတို့က ပြောပါတယ်။

    ဇွန်လ ၁၃ ရက်နေ့က လူသတ်မှု ဖြစ်ခဲ့တဲ့ အင်ပင်ကျေးရွာမှာ တပ်စွဲထားပြီးအနီးရှိ နဂါးဘို၊အင်ပင်၊ကိုင်းကန်ရွာ ဒေသခံများ တိမ်းရှောင်နေရတယ်လို့ ဒေသခံ PDF ကပြောပါတယ်။

    ဇွန်လ ၁၄ ရက်နေ့ က ဘုတ်ရွာ၊ဆပ်ပြာကျင်းရွာ တိုက်ပွဲမှာလည်းPDFတစ်ဦးဗိုက်ကို ကျည်ထိခဲ့ပြီး ဒေသခံ အချို့အဖမ်းခံခဲ့ရပါတယ်။

    ဇွန်လ ၁၅ ရက်နေ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် မူးခတွင်း၊လက်ယက်ကုန်း၊ညောင်ကြီးကုန်း၊မဲအိုး၊ညောင်လှ၊မရကန်၊အင်ပင်၊ကုန်းတဲ၊မြင်းတန့်ကျေး၊တိုင်နက် စတဲ့ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

    ညောင်လှ ‌ကျေးရွာက ၇ ဦးနဲ့ ဒီပဲယင်းတောင်ရပ်ကွက် ၆ ဦးတို့ကို လည်းဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေတယ်လို့ ဒေသခံ PDF က တစ်ဆင့်သိရပါတယ်။

    ဒီတိုက်ပွဲ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို အတည်ပြုမေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

    no tag
  15. စစ်ကောင်စီက အမှုရုပ်သိမ်းပြန်လွှတ်ခဲ့တဲ့ ကိုနေသန်မောင် အမေရိကန်ပြည်ထောင်စုကို ထွက်ခွာ

    ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ကိုနေသန်မောင်ဟာ ဒီနေ့ ဇွန် ၁၅ ရက်မနက် ၇ နာရီခွဲလေယာဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်လည်ထွက်ခွာသွားတယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    "မိသားစုက လေယာဉ်ကွင်းကို လိုက်ပို့ခွင့်မရှိပါဘူး။ သူ့အတွက် အသုံးအဆောင်ပစ္စည်းတချို့ပဲမိသားစုက ပေးလိုက်နိုင်တယ်။ သူ့အတွက် အသုံးစရိတ်ကိုတော့ သံရုံးက စီစဉ်ပေးတယ်လို့ သိရပါတယ်" လို့ သူက ပြောပါတယ်။ ကမာရွတ်မီဒီယာ တည်ထောင်သူတစ်ဦးဖြစ်တဲ့ အမေရိကန်နိုင်ငံသားကိုနေသန်မောင်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားပြီး သုံးလခန့်အကြာမှာ အမှုကနေ ရုပ်သိမ်းပြီး ဇွန် ၁၄ ရက်မှာ အပြီးအပြတ်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ရှေ့နေတွေကတစ်ဆင့် မိသားစုကိုအကြောင်းကြာလာကြောင်း ၎င်းက ဆက်ပြောပါတယ်။

    ကိုနေသန်မောင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာညိမ်းကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။ ကိုဟံသာညိမ်းဟာ အင်းစိန်အကျဉ်းထောင်ထဲမှာပဲ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ်လို့ ကိုနေသန်မောင်ရဲ့မိသားစုဝင်က ပြောပြပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က ကမာရွတ်မီဒီယာရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ကိုနေသန်မောင်နဲ့ ကိုဟံသာညိမ်းတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    လက်ရှိမှာ အင်းစိန်အကျဉ်းထောင်တွင်းမှာ Frontier Myanmar သတင်းဌာနက အယ်ဒီတာတစ်ဦးဖြစ်တဲ့အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာလည်း ဖမ်းဆီးခံထားရပြီး သူ့ကို ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။

    ကိုနေသန်မောင်
  16. ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်ကား သေနတ်နဲ့ အပစ်ခံရ

    ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင် စီးလာတဲ့ ကားကို ဇွန်လ ၁၄ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ခံရပြီးလုပ်ကြံခံခဲ့ရတယ်လို့ ထားဝယ် အခြေစိုက် Dawei Watch သတင်းကရေးပါတယ်။

    ထားဝယ်မြို့ကနေ ၁၅ မိုင်ခန့်အကွာမှာ ရှိတဲ့ ရမ္မဇူးရွာထိပ်မှာ သေနတ်ပစ်ခတ်ခံရတာဖြစ်ပြီး သူမောင်းလာတဲ့ကားမှာ ကျည်ဆံဖောက်ရာ အနည်းဆုံး အချက် ၂၀ ခန့်ရှိတယ်လို့ လည်းသိရပါတယ်။

    ကားပေါ်မှာ ဦးစိုးလွင်နဲ့ အတူ သားဖြစ်သူလည်း လိုက်ပါလာပြီး ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ပြောပါတယ်။

    ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ မသိရသေးကြောင်းနဲ့ ပစ်ခတ်သူ အနည်းဆုံး ၅ ဦးခန့် ရှိပြီး တော့ ရာဘာတောထဲက နေပစ်ခတ်တာဖြစ်ကြောင်းနဲ့ တာယာ ပေါက်တာထင်ပြီးရပ်ကြည့်ရာကနေ သေနတ်ပစ်တာကိုသိရာကနေ ကားတာယာ အပေါက်နဲ့ထွက်ပြေးလာခဲ့ရတယ်လို့လည်း ဦးစိုးလွင်ကပြောခဲ့ပါတယ်။

    no tag
  17. ကိုဗစ်ကူးစက်မှုတွေကြောင့် လက်ပံတန်းမြို့မဈေးကြီးနဲ့ စာသင်ကျောင်းတွေကို ပိတ်ထား

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက လက်ပံတန်း မြို့ပေါ်ရပ်ကွက်တစ်ခုမှာ ဆေးဖြန်းနေတာဖြစ်ပါတယ်။
    Image caption: ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက လက်ပံတန်း မြို့ပေါ်ရပ်ကွက်တစ်ခုမှာ ဆေးဖြန်းနေတာဖြစ်ပါတယ်။

    ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှာ ကိုဗစ်ကူးစက်မှု ၁၀၀ အထိတွေ့လာတာကြောင့် မြို့မဈေးကြီးကို သီတင်း ၂ ပတ်အထိ ပိတ်ထားလိုက်ပြီဖြစ်ပြီး မြို့ထဲက စာသင်ကျောင်းတွေကိုလည်း အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီလို့ မြို့ခံတွေဆီကနေ သိရပါတယ်။

    ကိုဗစ်နိုင်တင်း ကူးစက်မှုအသစ်တွေဟာ ပြီးခဲ့တဲ့တစ်ပတ်ကျော်ကတည်းက တနေ့ကိုပျမ်းမျှ ၁၀ ဦးကျော်အထိ တွေ့ရှိခဲ့တာဖြစ်ပြီး ကူးစက်ခံရတဲ့အမျိုးသား ၁ ဦးလည်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

    အခုဆို ကူးစက်မှုတွေဟာ မြို့ပေါ်ရပ်ကွက် ၄ ခုအပြင် အနီးနားကျေးရွာတွေမှာပါတွေ့ရှိထားတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ''စ ကူးစက်တာကတော့ မြို့မဈေးကြီးနားက ကယ်ရီသမား။ သူကနေ ထိတွေ့ ဆက်စပ်လိုက်တာ။ သား၊ငါးဈေးတန်းက ဈေးသည်တွေရော ကူးကုန်တာ။ အခုတော့ ဈေးကြီးကို ပိတ်ထားလိုက်ပြီ။ ဈေးထွက်ချင်တဲ့သူတွေကိုတော့ ပိုးစစ်ပေးမယ်၊ မရှိမှ ပြန်ထွက်ခွင့်ပေးမယ့် အသံတော့ ကြားတယ်။''လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာတော့ ပိုးတွေ့သူတွေကို လက်ပံတန်းဆေးရုံမှာ လက်ခံကုသနေပြီး နည်းပညာကောလိပ်(GTC) မှာလည်း ကုသပေးနေတယ်လို့ သိရပါတယ်။

    အဲဒီ ၂ နေရာမှာ လူနာ ၁၃၀ ကျော်ကို လက်ခံထားဖို့ ပြင်ဆင်ထားတာဖြစ်ပြီး လူနာတွေ ထပ်တိုးလာရင် အမှတ် ၁ အထက်တန်းကျောင်းမှာ ထားနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

    လက်ရှိမှာ မြို့ထဲက ရပ်ကွက်အားလုံးနီးပါးမှာ ပိုးတွေ့လူနာတွေ့ထားတာဖြစ်ပေမဲ့ မြို့ခံတွေကြားထဲမှာတော့ အရင်ကိုဗစ်လှိုင်းတွေ တုန်းကလို ကပ်ဘေးကို ဂရုပြုတာမျိုး အားနည်းနေတယ်လို့ မြို့ခံတွေက ပြောဆိုနေကြပါတယ်။

  18. ကနီ နဲ့ မင်းကင်းမြို့နယ်စပ်မှာ တိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ကနီနဲ့ မင်းကင်းမြို့နယ်စပ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေ ဒီကနေ့ ဇွန်လ ၁၅ ရက်နံနက်ပိုင်းကစပြီး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    တိုက်ပွဲဖြစ်တဲ့နေရာဟာ ကနီနဲ့ မင်းကင်းနယ်စပ် ပင်းတင်ရွာမှာဖြစ်ပြီးတော့ မနက် ၁၀ ဝန်းကျင်က ပစ်ခတ်မှုစတင် ဖြစ်ပွားခဲ့ပြီး နေ့လယ်၁၂ နာရီအထိ ပစ်ခတ်နေခဲ့ကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    ရွာတွေထဲကို ဝင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက စတင်ပစ်ခတ်တာကနေ တိုက်ပွဲဖြစ်ကြတာလို့လည်း သူတို့ကပြောပါတယ်။

    အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာဟာ ကနီနယ်စပ်နဲ့နီးတာကြောင့် ကနီနယ်ဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်းသွားပြီး စစ်ကူသွားနေကြတယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က လည်းမင်းကင်းတောင်တွင်းချောင်ရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီးနေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး ‌ငွေနဲ့ကြေးရယူသွားတယ်လို့ဒေသခံတွေဘက်ကပြောပါတယ်။

    ဒီလိုပြောဆိုတာနဲ့ ပတ်သက်လို့ဘီဘီစီက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်က မင်းကင်း ကနီနယ်ထဲမှာ တိုက်ပွဲဖြစ်မှု နဲ့ ရှာဖွေဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

    ဒေသခံ PDF အချို့
    Image caption: ဒေသခံ PDF အချို့
  19. no tag

    ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၃ မှုက တရားလိုတွေက တော့ ရဲမှူးကြည်လင်း နဲ့ ရဲမှူးမြင့်နိုင် တို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြော

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 16