ရခိုင်ရှိ မွတ်ဆလင်လူနည်းစု မျိုးတုံးအောင် လုပ်နေတယ်လို့ UNHCR အရာရှိစွပ်စွဲ

Rohingya refugees

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ

မြန်မာအစိုးရဟာ ရခိုင်ရှိ မွတ်ဆလင် လူနည်းစုတွေကို ပပျောက်အောင် ရည်ရွယ် လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီမှ စွပ်စွဲ လိုက်တာဖြစ်ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ မြန်မာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး ရိုဟင်ဂျာတွေကို အပြစ်ပေးဆောင်ရွက်နေတာ ဖြစ်တယ်၊ အမျိုးသားတွေနဲ့ ကလေးတွေကို သတ်ဖြတ်၊ အမျိုးသမီးတွေကို အဓမ္မကျင့်၊ နေအိမ်တွေကို မီးရှို့တာတွေကြောင့် အဲဒီလူတွေ မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ပြေးကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အကြီးအကဲ Mr McKissick က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် တကယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ်ကိုဖွင့်ပေးပြီး ထွက်ပြေးလာသူတွေကိုလက်ခံမယ်ဆိုရင်လည်း မြန်မာအစိုးရက လူနည်းစု မွတ်ဆလင်တွေ မျိုးတုံးပပျောက်အောင် လုပ်တဲ့ရည်ရွယ်ချက်ကို အားပေးရာ ရောက်သွားနိုင်တယ်လို့သူက စွပ်စွဲလိုက်ပါတယ်။

ဒီလိုစွပ်စွဲချက်နဲ့ ပတ်သက်လို့နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးကတော့ အခုလိုဘာမှ အခြေအမြစ်မရှိပဲ စွပ်စွဲတာဟာ လက်လွတ်စပယ် ပြောရကျကြောင်း မြန်မာအစိုးရဘက်က ဘယ်သူ့ကိုမှ သတ်ဖြတ်တာမရှိကြောင်း နယ်ခြားရှိ ရဲစခန်းတွေကို တိုက်ခိုက်သူတွေကိုဖမ်းရာမှာ ရွာသားတွေ ပြည်သူတွေ ဘယ်သူမှ ထိခိုက်မှုမရှိဘူးလို့ ဘီဘီစီကို ပြောကြား သွားပါတယ်။

မြန်မာနိုင်ငံမှာ နယ်ခြား စခန်းတွေ တိုက်ခိုက်ခံရပြီး စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာမွတ်ဆလင်တွေ နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေး လျက်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်လည်း လက်မခံပဲပြန်မောင်းထုတ်လို့ ဒုက္ခရောက်သူတွေကို လုံခြုံတဲ့ လမ်းဖွင့်ပေးဖို့ တောင်းဆို နေကြတာဖြစ်ပါတယ်။