မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးမယ်လို့ အဖြေအတိအကျပေးမထားသေးကြောင်း ငြင်းဆို
မွန်ပြည်သစ်ပါတီက NCA အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးတော့မယ်လို့ မဆုံးဖြတ်ရသေးကြောင်း မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ဘီဘီစီကို ပြောပါတယ်။
UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က NCA အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးတော့မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်တဲ့ အပေါ် နိုင်ဟံသာကို မေးမြန်းရာမှာ အဲသလို ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဝအမျိုးသားအဖွဲ့ချုပ် (WNO) တို့က လက်မှတ်ရေးထိုးတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သူ့ရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖေ့စ်ဘုတ် စာမျက်နှာမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တနှစ်ပြည့်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ထုတ်ပြန်လိုက်နိုင်တဲ့ မင်္ဂလာ အရှိဆုံး သတင်းကောင်းလို့လည်း ဆိုပါတယ်။ အစိုးရတနှစ်ပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားဖို့ရာ အချိန်မမီလိုက်လို့ ဖြည့်စွက်သတင်းစကားအနေနဲ့ ထပ်မံ ကြေညာတာလို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ အဲသလို လက်မှတ်ရေးထိုးတော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့သလားလို့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာကို မေးတဲ့အခါမှာတော့
"ကျနော်တို့က ထိုးတော့မယ်ဆိုတဲ့ သဘောမျိုးလည်း မဟုတ်သေးဘူးခင်ဗျ။ ကျနော်တို့က လွန်ခဲ့တဲ့ သိပ်မကြာခင်တုန်းက ကျနော်တို့ ဒီပီအန်န် အဖွဲ့က ကိုယ်စားလှယ်တွေ သွားဆွေးနွေးတော့ မူအရတော့ သဘောတူခဲ့တယ်နော်။ အဲဒီမှာ ကျနော်တို့က နည်းနည်းပါးပါး ထပ်မံပြီးတော့ ဖြည့်စွက်ပြင်ဆင်စရာတွေရှိသေးတယ် ခင်ဗျ။ အဲဒါတွေ ဆွေးနွေးလို့ ပြေလည်မှပဲ ထိုးမှာပါ။ အခုဟာတော့ ထိုးတော့မယ်လို့ အတိအကျ ဆုံးဖြတ်ချက်တွေ ဘာတွေ မချရသေးဘူးခင်ဗျ။"
လို့ ပြောပါတယ်။
မွန်ပြည်သစ်ပါတီ အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ ဒီနေ့ ဘာမှ ဆက်သွယ်ပြောကြားခဲ့တာလည်း မရှိဘူးလို့ ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး အနေနဲ့ ဘာ့ကြောင့် အခုလို ပြောသလဲဆိုတာကိုတော့ ပြောရခက်တယ်၊ သူတို့ကို မေးမှပဲ သိနိုင်မယ်လို့ ဆိုပါတယ်။