ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဒုက္ခသည်စခန်းတွေဆီသွား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဒုက္ခသည်စခန်းတွေဆီသွား

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟတ်စီနာက မြန်မာနိုင်ငံဘက်က မြန်မာ ဘက်က တပ်မတော်နဲ့ တခြား လုံခြုံရေးတပ်ဖွဲ့တွေကို အဲဒီဒေသတွင်းက မွတ်စလင် ရွာတွေကို တိုက်ခိုက်ခွင့် မပြုသင့်ဘူးလို့ ဆိုပါတယ်။ သူတို့ဘက်ကို ထွက်ပြေးလာတဲ့သူ ၃ သိန်း ၇ သောင်းလောက်ရှိနေပြီး တချို့က ဒဏ်ရာတော်တော်ရထားတဲ့ လူတွေပါနေတယ်လို့ဆိုပါတယ်။

ဘီဘီစီနဲ့တွေ့ဆုံရာမှာလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က တပ်မတော်ဘက်က စစ်ဆင်မှု တွေကြောင့် သူတို့ဘက်ကို ပြေးလာတဲ့ လူ တွေအများကြီး ဖြစ်လာတာကို ဝေဖန်ပြစ်တင် လိုက်ပါတယ်။ ဒီလူတွေကို မြန်မာဘက်က ပြန်ခေါ်ယူဖို့အသင့်မဖြစ်မချင်းလည်း သူတို့ဘက်မှာပဲ ခေါ်ထားမယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင် အကြီးအကဲက မြန်မာပြည်မှာ လူမျိုးတုံး ရှင်းလင်းမှု ရှိနိုင်တယ်ဆိုတဲ့ ပြောဆိုမှုအပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထင်လင်းက မြန်မာဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဒီနေ့ နယူးယောက်က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

အထောက်အထားခိုင်ခိုင်လုံလုံမရှိဘဲ ပြောဆိုတာဟာ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို လျော့ကျစေပြီး မြေပြင်က အခြေအနေကိုလည်း ဆိုးရွားစေတဲ့အပြင် နိုင်ငံတကာဘက် ကလည်း အထင်အမြင်လွဲမှားစေတယ်လို့ ပြောပါတယ်။

ဒီနေ့ညဦးပိုင်းမှာ မြန်မာအစိုးရ ထုတ်ပြန်ချက် တစ်ခုမှာတော့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့ရဲ့ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ "ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ"ကိုသမ္မတ ဦးထင်ကျော်က ဖွဲ့စည်းပေးလိုက်ပါတယ်။ အဲဒီထဲမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီး ဦးဆောင်ပြီး ရခိုင်ဝန်ကြီးချုပ်နဲ့အတူ အစိုးရအရာရှိ စုစုပေါင်း ၁၅ ဦး ပါဝင်ပါတယ်။