သူရဦးရွှေမန်းနဲ့ ဘီဘီစီမြန်မာပိုင်း အင်တာဗျူး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည်ပုံရိပ် အကြောင်း သူရဦးရွှေမန်းနဲ့ အင်တာဗျူး

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ အစိုးရရဲ့ အားထုတ် ကြိုးပမ်း နေတာတွေ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) တိုင်းပြည်ကို မိန့်ခွန်း ပြောကြားမယ် ဆိုပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ထုတ်ပြန် ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ တိုင်းပြည်တွင်း ဖြစ်ပျက်နေတဲ့ ထိပ်တန်း ကိစ္စတွေ အပေါ် အစိုးရရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို အသိပေးမယ့် နိုင်ငံတော် အခြေပြ မိန့်ခွန်းအဖြစ် အများက ရှုမြင် ထားပါတယ်။

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ် ရဲ့ လုပ်ဆောင် ချက်တွေကို အရှိန်တန့် ဟန့်တားဖို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားပါ ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို မိန့်ခွန်းပြောဖို့ ရှိနေတဲ့ အချိန်မှာပဲ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် နားလည် ထားကြတဲ့ ထိပ်တန်း စစ်ဘက် ခေါင်းဆောင်ဟောင်း သူရ ဦးရွှေမန်းကို ဘီဘီစီက သီးသန့် တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အနေနဲ့ မပြည့်စုံတဲ့ သတင်းတွေပေါ် မူတည်ကာ အခြေအနေမှန်ကို မသိတဲ့ အပြောဆိုတွေ ပြုလုပ် နေတာ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာနဲ့ ပုံရိပ် ကျဆင်းတယ်လို့ မယူဆကြောင်း သူရ ဦးရွှေမန်းက ပြောပါတယ်။

ဒါ့အပြင် အရပ်သားတွေ အပေါ် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အင်အား အလွန်အကျွံ သုံးစွဲတယ်လို့ သူ့ အနေနဲ့ မယူဆကြောင်းနဲ့ အကြမ်းဖက်သမားတွေ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တဲ့ အတွက် ဒေသခံ တိုင်းရင်းသားတွေနဲ့ အရပ်သား မွတ်ဆလင်တွေ သားကောင် ဖြစ်ရတယ် လို့လည်း သူရ ဦးရွှေမန်းက ဆိုပါတယ်။

လုံခြုံရေး အကြောင်းပြချက်ပေါ် အခြေခံပြီး စစ်တပ်က နိုင်ငံရေး ဩဇာအာဏာ ပြန်ရအောင် ပြုလုပ် နေတယ်ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေကိုလည်း သူရ ဦးရွှေမန်းက ငြင်းဆို သွားပါတယ်။

ကိုဖီအာနန် ကော်မရှင်ရဲ့ ရခိုင်ပြည်နယ် အရေး အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ နိုင်ငံတကာရဲ့ တိုက်တွန်းမှု ရှိနေပေမယ့် သူရ ဦးရွှေမန်းကတော့ နိုင်ငံနဲ့ သင့်တော်ပြီး အကျိုး ရှိတာတွေကိုသာ စိစစ် ဆောင်ရွက်ဖို့ လိုတယ် ဆိုပြီး ပြောဆိုပါတယ်။