တရုတ်နယ်စပ် ကုန်သွယ်ရေး ၂၀၁၇  နှစ်ချုပ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်နယ်စပ် ကုန်သွယ်ရေး ၂၀၁၇ နှစ်ချုပ်

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံကြီးဟာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အရေးအကြီးဆုံး၊ ပမာဏအများဆုံး ကုန်သွယ်ရေးဇုန် ဖြစ်သလို မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုတခုလုံးရဲ့ နံပါတ်တစ် အရေးအပါဆုံး၊ ပမာဏအများ ဆုံးသော ကုန်သွယ်မှုဇုန်ကြီး ဖြစ်ပါတယ်။

၂၀၁၆/ ၁၇ ဘဏ္ဍာနှစ်အတွင်းမှာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ တဘီလျံကျော်အထိ တိုးတက် ဆောင်ရွက်နိုင်ခဲ့ပြီး ပင်လယ်ရေကြောင်း အပါအဝင် တရုတ်-မြန်မာ ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ (၁၀. ၈)ဘီလျံကျော် အထိ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပင်လယ်ငါးနဲ့ ရေထွက်ပစ္စည်းစုံ တင်ပို့နေရ

ဒီ ကုန်သွယ်မှုဇုန် ကုန်သွယ်ရေးလမ်းကြောင်းကြီးကနေ တရုတ်နိုင်ငံကို တင်ပို့နေရတဲ့ မြန်မာ့ပို့ကုန်တွေကတော့ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ရာသီကုန်နဲ့ မျှောကုန် အမယ် တော်တော်ကို စုံပါတယ်။

ဒီထဲမှာ တန်ဖိုးအားဖြင့် ပမာဏ အများဆုံးလို့ ပြောရမှာကတော့ ဆန်၊ ပြောင်းနဲ့သကြားတွေပါပဲ။

သကြားကတော့ မြန်မာနိုင်ငံထွက် ပို့ကုန်စစ်စစ် မဟုတ်ပဲ မြန်မာနိုင်ငံကနေ တဆင့်ပို့တဲ့ တဆင့်ခံပို့ကုန်လို့ ဆိုပေမယ့် ပမာဏအားဖြင့် အတော်များသလို အရောင်းအဝယ်အားဖြင့်လဲ တော်တော်လေး သွက်ပါတယ်။

၂၀၁၇ တနှစ်လုံးကို ချုပ်ပြီး ကြည့်မယ်ဆိုရင် ဆန်၊ ပြောင်းနဲ့သကြားတွေဟာ မြန်မာနိုင်ငံရဲ့ ပမာဏအများဆုံး ပို့ကုန်တွေ ဖြစ်ခဲ့ပေမယ့် အဲဒီ ဆန် ပြောင်း သကြားတွေဟာ တရုတ်နိုင်ငံက တရားဝင်လက်ခံ အသိအမှတ်ပြု ထားတဲ့ တရားဝင် သွင်းကုန်တွေ မဟုတ်တဲ့အတွက် မကြာခဏ အဖမ်းအဆီးတွေ ရှိပါတယ်။

လာသမျှ ရောင်းမရသေးရင် မူဆယ်မှာ ဂိုဒေါင်ချ လုပ်ထားရလေ့ရှိရာ ဂိုဒေါင်တွေထဲမှာ ဆန်က ခုချိန်အထိ အိတ်ရေ (၈)သိန်းဝန်းကျင်လောက် ရှိနေပြီး သကြားကလဲ အိတ်ရေ (၄)သိန်းလောက်ရှိနေပါသေးတယ်။

ဒီ ၂၀၁၇ ထဲမှာ တရုတ်ပြည် ဘက်ပို့တဲ့ သကြားဈေးဟာ အလှုပ်အခတ်ကြီးတာ တွေ့ရပြီး အနိမ့်ဆုံး သကြားတအိတ် (၁၇၄)ယွမ်အထိ ကျခဲ့ပြီး အမြင့်ဆုံး တအိတ် (၂၆၅)ယွမ်အထိလဲ ရောက်ခဲ့ဖူးပါတယ်။

ဆန်တွေကတော့ ၂၀၁၇ထဲမှာ မဆိုးလှဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

အကောင်းဆုံးဖြစ်တဲ့ ရေဆင်း နွေရှယ်က ဈေးအရဆုံးအချိန်မှာ တအိတ် (၁၅၁)ယွမ်အထိတောင် ရခဲ့ပြီး ခရမ်းသုံးခွ ငစိန် (၁၄၀)အထိ ရောက်ခဲ့ဖူးသလို ဆန်ကွဲတောင် (၁၂၀)အထိ ရောက်ဖူးခဲ့ပါတယ်။

Image caption စပါးသစ်ပေါ်ချိန်မှာ တရုတ်ပြည် ပို့ဆန်ဈေး ကောင်း

တနှစ်လုံး ချုပ်ကြည့်ရင် လယ်သမားတွေလက်ထဲ စပါးရှိချိန် စပါးသစ်ပေါ်ချိန်မှာ တရုတ်ပြည် ပို့ဆန်ဈေး ကောင်းခဲ့ပါတယ်။

ဒီ ၂၀၁၇ထဲမှာ နယ်စပ်ကုန်သွယ်ရေးမှာ ထူးခြားဖြစ်စဉ်လို့ ပြောရမှာကတော့ ဇွန်လလယ်ထဲမှာ မြန်မာကုန်သည်ကြီးတွေ (၂၀၀)ကျော်ရဲ့ ဘဏ်အကောင့်စာရင်းတွေကို တရုတ်ဘက်ခြမ်းက ရုတ်တရက်ပိတ်လိုက်မှု လို့ပြောရမှာ ဖြစ်သလို တရုတ်-မြန်မာငွေ လဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားမှုဟာ အရင်က တခါမှ မရောက်ခဲ့ဖူးတဲ့ (၅)အောက် ရောက်သွားခဲ့တာ ဩဂုတ်လလယ်က စပြီး ကနေ့အထိပါပဲ။

မြန်မာကျပ်ငွေ (၁၀၀၀)ဟာ တရုတ်ငွေ(၅)ကျပ်တောင် မရှိတော့တာ အခုအထိပါပဲ။

၂၀၁၈ ဒီနှစ်ထဲမှာလဲ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုပမာဏဟာ ဆက်လက် ကြီးနေဦးမှာဖြစ်ပြီး တရုတ်ဘက်က တရားဝင်သွင်းကုန် အဖြစ် သတ်မှတ်ထားခြင်း မခံရသေးတဲ့ ဆန်ပြောင်းတွေကို တရားဝင်အောင် လုပ်နိုင်ပြီး ရာသီကုန် တွေဖြစ်တဲ့ ဖရဲ၊ သခွား၊ သရက် စတဲ့ ကုန်စည်တွေကိုလဲ ဈေးအနှိမ်မခံရအောင်၊ ရောင်းသူ ဝယ်သူ နှစ်ဘက်အကြား မျှတအောင် ဖော်ဆောင်နိုင်မယ် ဆိုပါက နယ်စပ်ကုန်သွယ်မှုပမာဏဟာ မုချ တရှိန်ထိုး တိုးတက်လာမှာ သေချာပါတယ်။