ရုပ်ရှင်မင်းသားကြီး လင်းထင် ကွယ်လွန်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘယ်ပန်းချီရေးလို့ မမီ မင်းသားကြီး ကွယ်လွန်ရှာပြီ

၁၉၇ဝ ပြည့်ကျော် နှစ်တွေမှာ မြန်မာ့ ရုပ်ရှင် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစား လွှမ်းမိုးခဲ့တဲ့ သရုပ်ဆောင် မင်းသားတစ်ယောက် ဖြစ်တဲ့ လင်းထင်ဟာ အသက် ၇၁ နှစ် အရွယ်၊ မန္တလေးမြို့ နေအိမ်မှာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညပိုင်းက ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ရှုမဝ ရုပ်ရှင်ကနေ စင်တင် ပေးလိုက်တဲ့ မင်းသား လင်းထင်ဟာ မြန်မာ မင်းသားတွေကြား အင်မတန် ရှားရှားပါးပါး Method Acting လို့ ခေါ်တဲ့ နည်းစနစ်နဲ့ သရုပ်ဆောင်တတ်သူ ဖြစ်တယ်လို့ မင်းသားကြီးနဲ့ နီးစပ် ကျွမ်းဝင်သူ ကိုဇာဂနာက ဘီဘီစီ ကို ပြောပါတယ်။

Image caption ရှုမဝ ရုပ်ရှင်ကနေ စင်တင် ပေးလိုက်တဲ့ မင်းသား

ရှုမဝ ဦးကျော်ရဲ့ သင်ကြားမှုနဲ့ Method Acting ကို ပိုင်နိုင်ကြတဲ့ လင်းထင်၊ ဇော်ဝမ်းတို့ တပြိုင်တည်းလိုလို အောင်မြင် လာခဲ့ကြတာ ဖြစ်ပါတယ်။

လင်းထင်ရဲ့ ပွဲဦးထွက် စေလိုရာစေမှာ ဇော်ဝမ်းက မင်းသား၊ လင်းထင်က ဗီလိန် ဖြစ်ပေမယ့်လည်း နောက်ပိုင်း မင်းသား နေရာက သရုပ်ဆောင်တဲ့ ကားတွေမှာလည်း ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ကို ဖမ်းစား နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်ပန်းချီရေးလို့မမီ ဇာတ်ကားကတော့ လင်းထင်ရဲ့ မာစတာပိစ်လို့ ခေါ်ရလောက်တဲ့ ဂန္ထဝင်တွင်လောက်အောင် အကောင်းဇာတ်ကားလို့ ပြောနိုင်ပြီး၊ သူတစ်ယောက်တည်း အောင်မြင်ခဲ့တာတင် မက ဇာတ်လမ်း၊ ဇာတ်ပို့၊ မင်းသမီး အားလုံး အပြောင်မြောက်ဆုံး သရုပ်ဆောင် ခဲ့ကြပြီး ဇာတ်ဝင် သီချင်းပါ ခေတ်အဆက်ဆက် တင်ကျန် နိုင်ရစ်ပါတယ်။

၁၉၇ဝနဲ့ ၈ဝ ပြည့်ကျော် နှစ်တွေမှာ ရုပ်ရှင်ဇာတ်ကားပေါင်း ၃ဝ ကျော် ရိုက်ကူး ခဲ့တဲ့ လင်းထင်ဟာ နောက်ပိုင်းမှာတော့ ရုပ်ရှင် လောကကို ကျောခိုင်း သွားပါတယ်။

Image caption လင်းထင် ပွဲဦးထွက် စေလိုရာစေ

ရှားပါးတဲ့ Method Actor လင်းထင် နောက်ပိုင်းအထိ ဘာဖြစ်လို့ ပါမလာ ခဲ့လဲ ဆိုတာကို ကိုဇာဂနာ ပြန်ပြောင်း ပြောတာကတော့ ၈၈ ကာလ နောက်ပိုင်း စစ်အစိုးရ အဆက်ဆက် လက်ထက် ရုပ်ရှင် မရိုက်တော့ဖို့ လင်းထင်က သူ့ ဆုံးဖြတ်ချက်နဲ့သူ ခိုင်ခိုင်မာမာ ရပ်တည် နေထိုင် သွားတာလို့ ဆိုပါတယ်။

နိုင်ငံတကာ ရုပ်ရှင်တွေနဲ့ မကွယ်လွန်ခင် အချိန်ထိ အမြဲ ထိတွေ့ ကျွမ်းဝင် ခဲ့ပေမယ့်လည်း ရုပ်ရှင် လောကထဲ ပြန်ဝင် လာအောင်တော့ တိုက်တွန်းလို့ မရ နိုင်ခဲ့ဘူးလို့ ကိုဇာဂနာ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ