အင်းဒင်ကိစ္စ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ညီကြောင်း တပ်ချုပ်ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်းဒင်ကိစ္စဟာ တပ်မတော်အပေါ်မှာ အပြင်းထန်ဆုံး အဝေဖန်ခံရတဲ့ အကြောင်းအရာတခုဖြစ်

အင်းဒင်ပြဿနာကို ဂျီနီဗာ ကွန်ဗင်းရှင်းနဲ့အညီ တပ်မတော်က ဆောင်ရွက်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဧပြီလ ၂၈ ရက်က ပြင်ဦးလွင်တပ်နယ် တပ်မတော် အုပ်ချုပ်ရေးကျောင်းမှာ ဥပဒေ ဒီပလိုမာ သင်တန်းတက်နေတဲ့ တပ်မတော် အရာကြီးတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ တခြား အဆင်မြင့် တပ်မတော်အရာရှိကြီးတွေလည်း တက်ရောက် ခဲ့ကြပါတယ်။

အင်းဒင်ပြဿနာကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ အညီ တပ်မတော်က ဆောင်ရွက်ခဲ့တယ်လို့ ပြောပေမယ့် လိုက်နာမှုအားနည်းတဲ့ အရာရှိ၊ စစ်သည်တွေကို ဥပဒေနဲ့အညီ အရေးယူခဲ့ရတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

အင်းဒင်မှာ အစုအပြုံလိုက်သတ်ဖြတ် မြှုပ်နှံခံခဲ့ရတဲ့ ရိုဟင်ဂျာ ဆယ်ယောက်ရဲ့ အရေးဟာ မြန်မာ့တပ်မတော်အပေါ်မှာ အပြင်းထန်ဆုံးဝေဖန်ခံရတဲ့ ပြဿနာ တခုဖြစ်ပါတယ်။

အင်းဒင် ကိစ္စဟာ ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဆောင်ရွက်ချက်တွေ မရှိခဲ့ဘူးလို့ တောက်လျှောက်ငြင်းဆိုခဲ့တဲ့ တပ်မတော်နဲ့ အစိုးရတို့ရဲ့ ပြောဆိုချက်တွေ ကျိုးပျက်သွားခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

အင်းဒင်လူသတ်မှုမှာပါဝင်ခဲ့သူ တပ်မတော်အရာရှိနဲ့ အကြပ်စစ်သား ၇ ယောက်တို့ကို တပ်မတော်က ထောင်ဒဏ် ၁ဝ နှစ်စီပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အငြိမ်းစားတပ်မတော် အရာရှိတဦးလည်းဖြစ်ပြီး သမိုင်းပညာရှင်တယောက်လည်း ဖြစ်တဲ့ ဒေါက်တာအောင်မျိုးကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ထုတ်ဖော်ပြောဆိုလာတာဟာ တပ်မတော်သားတွေကို ဂျီနီဗာ ကွန်ဗင်းရှင်းနဲ့ အညီဆောင်ရွက်ကြဖို့နဲ့ ဥပဒေနဲ့ အညီ လုပ်ဆောင်ကြဖို့ တိုက်တွန်းတဲ့ သဘောဖြစ်မယ်လို့ ယူဆကြောင်း သုံးသပ်ပြောဆိုပါတယ်။