မြန်မာ့ပဋိပက္ခ အဖြေရှာဖို့ ဘာသာရေးခေါင်းဆောင်တွေဆုံ

ဓာတ်ပုံ မူပိုင် Reuters
Image caption မီးလောင်ပြာကျနေတဲ့ မွတ်ဆလင်ရွာတွေ

မြန်မာနိုင်ငံ က ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီး နိုင်ငံတကာ က ဘာသာရေးခေါင်းဆောင်တွေ ကို ဖိတ်ခေါ်ကာ ရခိုင်ပြည်နယ်အရေး အပါအဝင် ပြည်နယ်တချို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ကို ကူညီအဖြေရှာ နိုင်ရေး အတွက် ရန်ကုန်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ် ချားလ်ဘို က ကမကထပြု ဦးဆောင်ခဲ့တဲ့ ဒီ ဆွေးနွေးပွဲကို နော်ဝေ၊ ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ က ဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ၂ ရက်တာ ကျင်းပခဲ့ကာ မေလ ၂၄ ရက်က ပြီးဆုံးခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးအပြီးမှာတော့ ကမ္ဘာလုံးဆိုင်ရာ ညီလာခံတရပ်ခေါ်ယူကျင်းပရေးအပါဝင် သဘောတူညီချက်အတော်များများကို ဘာသာရေးခေါင်းဆောင်တွေက ဘုံသဘောတူခဲ့ကြပါတယ်။

ကမ္ဘာလုံး ဆိုင်ရာ ညီလာခံတရပ်ကို ကျင်းပပြီးအဖြေရှာဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်ဘို က ရခိုင်ပြည်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ က နားလည်မှုတွေ လွဲနေကြောင်း နဲ့ သတင်းအမှန်တွေ ကို ပါးချင်တဲ့အတွက် အခုလို နိုင်ငံတကာ ညီလာခံ တခု ကျင်းပဖို့ စီစဉ်တာ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ရိုဟင်ဂျာ မရှိကြောင်း ကမ္ဘာသိအောင် လုပ်ဖို့ လွှတ်တော်မှာ ဆွေးနွေး

မြန်မာနဲ့ ဗာတီကန် သံတမန် ဆက်ဆံရေး ထူထောင်

ဒီဆွေးနွေးမှုကနေ ရရှိခဲ့တဲ့ ဘုံသဘောတူညီချက်စာလွှာမှာ ရခိုင်နဲ့ တခြား ဒေသတွေ မှာဖြစ်ပေါ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စေ့စပ်သေချာတဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ အားပေး ထောက်ခံထားပါတယ်။

ဒီလိုစစ်ဆေးတဲ့အခါမှာ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ ခမီ၊ ကမန် စတဲ့ မျိုးနွယ်စု တွေ အပေါ် ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပါ ထည့်သွင်းအရေးယူပေးဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။

ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်ဘိုဟာ မကြာသေးမီ ရက်ပိုင်း ကလည်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ညီလာခံတရပ်ခေါ်ယူ ကျင်းပပေးဖို့ ကို ပန်ကြား ထားပါတယ်။

ပြည်တွင်းပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ ဒီဆွေးနွေးမှုကနေ ဘုံသဘောတူညီမှု ရရှိခဲ့တဲ့ အချက်တွေကို မေ ၂၅ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ပေးအပ် သွားမယ် လို့လည်း သိရပါတယ်။

နိုင်ငံတကာဘာသာရေးခေါင်းဆောင်အချို့အပါဝင် ပြည်တွင်းဘာသာရေးခေါင်းဆောင်တွေဟာ လာမယ့် မေ ၂၆ ရက်မှာ လက်ရှိအခြေအနေတွေကိုသိနိုင်ဖို့ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောကိုသွား ရောက် လေ့လာသွားဖို့ လည်း ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ