ကမ္ဘာ့ဖလားစမယ့်နေ့ မော်စကို မြင်ကွင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မော်စကိုမြင်ကွင်း ဘီဘီစီမြန်မာပိုင်း သတင်းထောက်ရဲ့ ပြောပြချက်

ဇွန်လ ၁၄ ရက်နေ့ ကြာသပတေးနေ့ ဒီနေ့ဆိုရင်ပဲ၊ ၂ဝ၁၈ ကမ္ဘာ့ဖလားပွဲရဲ့ အဖွင့်ပွဲစဉ် အနေနဲ့ အိမ်ရှင် ရုရှား အသင်းနဲ့ အာရှက ဆော်ဒီ အသင်းတို့ ကစား ကြတော့မှာပါ။

ဘီဘီစီ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုချမ်းဟိန်းလည်း ဖွင့်ပွဲကစားမယ့် မော်စကိုမြို့တော်မှာ ရောက်နေပါပြီ။

သူ လန်ဒန်ကနေ မော်စကို အသွား လေယာဉ်ပေါ်မှာ ကတည်းက ကိုလံဘီယာနဲ့ မက္ကဆီကို တို့လို လက်တင် အမေရိက ဒေသ နိုင်ငံတွေက ဘောလုံး ဝါသနာအိုး တွေဟာ သူတို့ရဲ့ အသင်းတွေကို ကမ္ဘာ့ဖလားပွဲမှာ အားပေးဖို့ သက်ဆိုင်ရာ အားကစား အင်္ကျီတွေ ဝတ်ပြီး မော်စကိုကို ချီတက်လာကြတာ လေယာဉ်နဲ့ အပြည့်ပဲလို့ ဆိုပါတယ်။

ကမ္ဘာ့ဖလားအတွက် နိုင်ငံစုံက လေယာဉ်တွေ မော်စကို လေဆိပ်ကို အဝင်များလွန်းလို့ ကိုချမ်းဟိန်းတို့ လေယာဉ် ဆိုရင် တစ်နာရီကျော် နောက်ကျပြီးမှ ဆင်းခဲ့ပါသတဲ့။

ဓာတ်ပုံ မူပိုင် CHAN WIN HEIN
Image caption လက်တင်အမေရိကက ဘောလုံး ပရိသတ်တွေ

ပုံမှန်ဆိုရင် ရုရှားစာတွေနဲ့ပဲ ရေးသားထားတဲ့ မော်စကိုလေဆိပ်ဟာ နိုင်ငံတကာ ဘောလုံး ပရိသတ်တွေ အတွက် လူဝင်မှု၊ အကောက်ခွန် စသဖြင့် ကောင်တာတွေမှာ အင်္ဂလိပ်လိုတွေလည်း ရေးသား လမ်းညွှန်ထားပြီး ဘယ်နေရာကို ခရီးဆက်ချင်ရင် ဘယ်လေယာဉ်ကို ဘယ် ဂိတ်မှာ ပြောင်းစီး အစသဖြင့် သတင်း အချက်အလက်တွေ ကိုလည်း အင်္ဂလိပ်စာနဲ့ အသိပေး နေတယ်လို့ ကိုချမ်းဟိန်းက သူ့ အတွေ့အကြုံကို ပြောပြပါတယ်။

ဒါ့ကြောင့် ရုရှား တာဝန်ရှိသူတွေ တော်တော်များများ အင်္ဂလိပ်လို မပြောကြပေမယ့်၊ ရောက်လာတဲ့ ဧည့်သည်တွေ အတွက်ကတော့ လိုအပ်တဲ့ သတင်း အချက်အလက် တွေ အလွယ်ရနိုင်ဖို့ မခက်ခဲလှပါဘူး။

လေဆိပ်ထဲ ရောက်ကတည်းက ပြိုင်ပွဲလိုဂို တံဆိပ်တွေ၊ ပိုစတာတွေနဲ့ ကမ္ဘာ့ဖလားပွဲရဲ့ အငွေ့အသက်ကို ရနေပြီး လေဆိပ်အထွက် လမ်းတလျှောက်မှာလည်း ကမ္ဘာ့ဖလားပွဲ အိမ်ရှင်ဆိုတဲ့ ပုံရိပ်တွေဟာ ကြီးစိုးထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် CHAN WIN HEIN
Image caption မော်စကိုလေဆိပ်

မြေပေါ်၊ မြေအောက်သွားတဲ့ ရထားလိုင်းတွေလည်း အများကြီး တိုးချဲ့ထားပြီး ကမ္ဘာ့ဖလား အတွက် လာမယ့် ဧည့်သည်တွေ အတွက် သေချာ ပြင်ဆင် ထားတယ်လို့ ကိုချမ်းဟိန်းက ပြောပါတယ်။

တစ်ခုရှိတာကတော့ လုံခြုံရေးကိုတော့ အထူး တင်းကြပ်ထားပြီး ဘောလုံးပွဲတွေ ကြည့်ဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေ အနေနဲ့ ကိုယ့်ရဲ့ နိုင်ငံကူး စာအုပ်နဲ့ ဘောလုံးပွဲလက်မှတ် ဝယ်တဲ့အခါ FIFA က တပါတည်း ထုတ်ပေးထားတဲ့ ကတ်ပြားကိုတော့ ကိုယ်နဲ့မကွာ တပါတည်း ဆောင်ထားဖို့ သတိပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ