ကျူးလွန်သူကို အပြစ်ပေးရေး တောင်းဆိုသံတွေ ဆူညံနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂျနီဗာ အစည်းအဝေးမှာ မြန်မာအရေး ဘာတွေ ဆွေးနွေးကြလဲ

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောဆန္ဒတွေကို ဆက်လက် မျက်ကွယ်ပြု နေပြီး၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်းမှု မရှိ ဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အမ်ဒါဒူလ် အစ္စလာမ် ချောင်ဒရီက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောခဲ့ပါတယ်။

ဂျနီဗာမှာ ပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၊ မြန်မာအရေး ဆွေးနွေးခန်းမှာ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်က အဲဒီလို ပြင်းထန်တဲ့ စွပ်စွဲမှုတွေ ပြုလုပ်ခဲ့သလို၊ ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ဆန်းစစ်ခွင့် အမြန်ဆုံး ပေးပါ ဆိုပြီးတော့လည်း မြန်မာ အစိုးရကို တောင်းဆို သွားပါတယ်။

Image caption ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အမ်ဒါဒူလ် အစ္စလာမ် ချောင်ဒရီ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီကလည်း ရခိုင်မြောက်ပိုင်းမှာ လက်တွေ့ မြေပြင် အခြေအနေတွေ ဘာမှ တိုးတက်မှု မရှိသေးတဲ့ အတွက်၊ ဒုက္ခသည်တွေ ပြန် ဝင် မလာနိုင် ဖြစ်နေတဲ့ အပြင် အခုနှစ်ထဲမှာကို ဘင်္ဂလားဒေ့ရှ်ဘက် ဆက်လက် ထွက်ခွာ နေကြသူတွေ ရှိနေသေးတယ် ဆိုပြီး ပြစ်တင် စွပ်စွဲခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားတက်တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက အမြဲတမ်း အတွင်းဝန် ဦးမြင့်သူကတော့ မစ္စလီဟာ ဘက်လိုက်မှု ရှိသူတစ်ယောက် ဖြစ်တဲ့ အတွက် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး ဆိုတဲ့ မြန်မာ အစိုးရရဲ့ သဘောထားကို ထပ်လောင်း ပြောဆို ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ကိစ္စတွေမှာ တာဝန်ရှိသူတွေ ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က အဆင့်မြင့် အရာရှိတွေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထိပ်ပိုင်း ပုဂ္ဂိုလ်တွေ အပေါ် ဥရောပ သမဂ္ဂ အဖွဲ့ အီးယူဘက်က အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ကြောင်း အခု သီတင်းပတ် အစောပိုင်းကပဲ ကြေညာခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ရေး၊ အပြစ်ရှိသူတွေကို အရေးယူရေး ဆိုတဲ့ အသံတွေဟာ အခု ကျင်းပနေတဲ့ လူ့အခွင့်အရေး ကောင်စီမှာလည်း ဆူညံ နေပါတယ်။

ဒီတော့ နိုင်ငံတကာနဲ့ မြန်မာကြား ရပ်တည်မှုတွေ ဘယ်လောက် ကွာဟ နေသလဲ၊ ရှေ့ဆက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို ဂျနီဗာ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကို တက်ရောက်နေတဲ့ ညီမျှခြင်း မြန်မာ အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို မေးကြည့်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ